ဒီနေရာက ပြခင်းပြကွက်ကြီးတစ်ခုဖြစ်လာတော့မှာ
Vol. 13 Ch. 192
"မဖြစ်နိုင်တာ။ သူတို့က အခုလိုမျိုး ဘယ်လိုလုပ်ပြီး ပြောင်းလဲသွားနိုင်မှာလဲ။ မနေ့တုန်းကတောင် သူတို့ အရင်အတိုင်းပဲရှိသေးတာကို"
ဒေါက်တာချီလ်ဒီက သူ အိပ်မက်မက်နေသလားဟုပင် သံသယဖြစ်နေချေသည်။ ဆေးဝါး၏အံ့ဖွယ်ကောင်းမှုက ဤမျှအတိုင်းအတာအထိ အံ့ဖွယ်ကောင်းနိုင်မည်မဟုတ်ပေ။
"ဒေါက်တာချီလ်ဒီ.. အကုန်လုံးရဲ့ရောဂါက ပျောက်ကင်းသွားပြီ။ ကျုပ်တို့ အခု အဖွဲ့လိုက်စုဝေးပွဲအတွက် အပြင်ထွက်လို့ရပြီလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"မရဘူး။ ကျုုပ် သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေကို စစ်ဆေးဖို့လိုတယ်"
ဒေါက်တာချီလ်ဒီက ပြောလာလေသည်။ ထိုလူများထဲတွင် အများစုက ဦးနှောက်မူမမှန်မှုကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ထားသူများဖြစ်၏။
ရောဂါကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ထားခြင်းမျိုးမဟုတ်ဘဲ လှုံ့ဆော်ခံထားရရုံမျှဖြစ်သော လူနာများ ပြန်ကောင်းသွားသည်ဆိုလျှင် သူတို့၏ရောဂါ ရုတ်တရက်ဆန်ဆန်ပျောက်ကင်းသွားခြင်းကို နားလည်ပေးနိုင်သည်။ သီအိုရီပိုင်းဆိုင်ရာအရလည်း ရုတ်တရက်ဆန်ဆန်ပျောက်ကင်းမှုမျိုး ဖြစ်နိုင်သည်။ သို့သော် ဦးနှောက်မူမမှန်မှုကြောင့် ဖျားနာနေသော လူနာများကတော့ သေချာပေါက်မမှန်နိုင်ပေ။
"ယဲ့ရင် ဘာပြဿနာမှမရှိဘူးမလား"
"မစ္စတာကျန်း စိတ်ချပါ။ သူ ဘာမှရှာတွေ့မှာမဟုတ်ပါဘူး"
ယဲ့ရင်က ယုံကြည်မှုရှိရှိ ပြောလိုက်သည်။
"ပြဿနာမရှိပါဘူး။ သူတို့ဘက်က ပူးပေါင်းဖို့လိုလားသရွေ့ စစ်ဆေးမှုကို စလိုက်ကြတာပေါ့"
ကျန်းမုန့်လောင်က ခပ်ကျယ်ကျယ်ပြောလိုက်သည်။
"အားလုံးပဲ.. ခင်ဗျားတို့ ဒီကိုဘာလို့ရောက်နေလဲဆိုတာကို အခုလေးတင် ကျုပ်ရှင်းပြပြီးပါပြီ။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့မိသားစုက ခင်ဗျားတို့ကို ဒီကိုပို့ထားတာပါ"
"ဒါရိုက်တာကျန်း..ကျုပ်တို့ ခင်ဗျားကိုအပြစ်မတင်ပါဘူး"
ရှောင်ယန်က စိတ်အခြေအနေ သာမန်ဖြစ်နေလျှင် အလွန်ယဉ်ကျေးသောအမျိုးသားတစ်ယောက်ဖြစ်သည်။
"အရင်ကကိစ္စတွေကို ကျုပ်တို့မမှတ်မိပေမဲ့ ပတ်ဝန်းကျင်အခြေအနေကို ကြည့်ရသလောက်တော့ ကျုပ်တို့တွေ အခိုက်အတန့်တစ်ခုစာလောက်တော့ တကယ်ပဲ စိတ်ကျန်းမာရေးယိုယွင်းခဲ့ပုံပဲ။ ဒါပေမဲ့ အခု အကုန်လုံးလည်း ပြန်သက်သာသွားပြီဆိုတော့ ကျုပ်တို့တွေ ဒီမှာမနေသင့်တော့ဘူး"
"ကျုပ်နားလည်ပါတယ်။ အဲ့ဒါကြောင့် အားလုံးပဲ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုကို ပူးပေါင်းပါဝင်ပေးဖို့ မျှော်လင့်ပါတယ်။ ဒါက ပြင်သစ်အစိုးရက သတ်မှတ်ထားတဲ့ စည်းမျဉ်းတစ်ခုမို့ ကျုပ်တို့လည်း မတတ်နိုင်ဘူးပေါ့။ ဆေးစစ်ချက်ရလဒ်က ပုံမှန်ဖြစ်နေသရွေ့ ခင်ဗျားတို့တွေ ဆေးရုံကဆင်းရလိမ့်မယ်ဆိုတာ ကျုပ်ရဲ့ဂုဏ်သိက္ခာကိုရင်းပြီး အာမခံပါတယ်"
လူနာများက အသံခပ်နိမ့်နိမ့်ဖြင့် အချင်းချင်းတိုင်ပင်ဆွေးနွေးပြီးနောက် ခပ်မြန်မြန်ပင် သဘောတူလိုက်ကြသည်။
"ကောင်းပြီလေ။ ကျုပ်တို့ အပြည့်အဝပူးပေါင်းပေးမယ်"
...
ဆေးရုံထဲတွင် အလွန်ခေတ်မီသော ဆေးဘက်သုံးကိရိယာများ တပ်ဆင်ထားပြီး ကိုယ်စားပြုလူနာအချို့ကို စမ်းသပ်စစ်ဆေးရန်အတွက် စမ်းသပ်ခန်းထဲသို့ ခေါ်သွားလိုက်သည်။ သို့သော် ရလဒ်များမှာ ဒေါက်တာချီလ်ဒီထင်ထားတာထက် ပိုကောင်းနေခဲ့သည်။
"အံ့ဩဖို့ကောင်းလိုက်တာ။ ယုံတောင်မယုံနိုင်ဘူး။ ပျက်စီးနေတဲ့ သူတို့ရဲ့တစ်ရှူးတွေက လုံးဝပြန်ကောင်းသွားပြီ။ ဒါက... ကျုပ် ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး"
"ဒါက ဒါရိုက်တာကျန်းယူလာခဲ့တဲ့ အံ့ဖွယ်ဆေးဝါးအသစ်ကြောင့်ပါ"
ဆရာဝန်တစ်ယောက်က ပြောလေသည်။
"အံ့ဖွယ်ဆေးဝါးလား"
"ဟုတ်ပါတယ်။ လူနာတွေက အဲ့ဒီဆေးကိုသောက်ပြီး ဆယ်မိနစ်တောင်မပြည့်သေးခင်မှာတင် သက်သာသွားကြတာပါ။ ကျွန်တော်တို့လည်း မျက်စိနဲ့တပ်အပ်မမြင်ရဘူးဆိုရင် ယုံမှာတောင်မဟုတ်ပါဘူး။ ဒါက ဆေးဘက်ဆိုင်ရာအရတော့ အံ့ဖွယ်တစ်ခုပါပဲ"
"ဟားဟား ဒါကလည်း အန္တရာယ်တော့များတာပါပဲ။ တစ်ယောက်ယောက်သာ သေသွားခဲ့ရင် ကျွန်တော် အရှက်တကွဲဖြစ်ရုံတင်မကဘဲ လျော်ကြေးတွေလည်းအများကြီးပေးရမှာလေ"
ကျန်းမုန့်လောင်က ဟာသလုပ်လိုက်သည်။
"ဒါပေမဲ့ ဒီဆေးက စမ်းသပ်ဆဲအဆင့်မှာပဲ ရှိသေးတယ်။ ခဏကြာတဲ့အထိ ဒီလူနာတွေရဲ့အခြေအနေက တည်ငြိမ်နေတုန်းပဲဆိုရင် ကျုပ်တို့တွေလည်း ဆက်သုံးလို့ရပါပြီ"
"ဒေါက်တာ..အခု ကျွန်တော်တို့တွေသွားလို့ရပြီလား"
စမ်းသပ်စစ်ဆေးမှုတွင် ပူးပေါင်းပါဝင်ပေးထားသည့် လူနာများက မေးလာလေသည်။
သူတို့စိတ်ထဲမှာတော့ ယခုလိုစမ်းသပ်စစ်ဆေးမှုမျိုးကို သူတို့ မလုပ်ချင်ပေ။ ထိုအဖြစ်မှာ ယခင်က သူတို့က စိတ်မနှံ့သူများဖြစ်ခဲ့ကြောင်း ဝန်ခံရာရောက်သောကြောင့်ပင်။ မည်သူကများ ယခုလိုကိစ္စမျိုးကို ဝန်ခံချင်မည်တဲ့လဲ။
သို့သော် ရွေးချယ်စရာလည်း မရှိချေ။ ဒေါက်တာချီလ်ဒီက ပြင်သစ်ကိုယ်စားပြုဆရာဝန်တစ်ယောက်ဖြစ်သည့်အတွက် သူတို့အနေနှင့် လေးစားမှုရှိရမည်ဖြစ်၏။ ထို့ပြင် သူတို့ဘက်က ပူးပေါင်းဆောင်ရွက်ပေးပြီး ဘာပြဿနာမှမရှိသရွေ့ သူတို့၏လွတ်လပ်ခွင့်ကို ပြန်ရနိုင်မည်ဖြစ်၏။ သို့သော် ထိုအဓိပ္ပာယ်မှာ ထိုအချက်ကို သူတို့သဘောကျသည်ဟု မဆိုလိုပေ။
လက်ရှိအခြေအနေမှာ ဒေါက်တာချီလ်ဒီထံမှ "မရဘူး"ဟု စကားတစ်ခွန်းထွက်လာသည်နှင့် သူတို့ဘက်ကလည်း လက်သီးလက်မောင်းတန်း၍ တုံ့ပြန်ဖို့ အဆင်သင့်ဖြစ်နေပြီသာ။
"ကောင်းပါပြီ။ ကျုပ်သဘောတူတယ်"
အများကြီးတွေးတောဆင်ခြင်ပြီးနောက် ဒေါက်တာချီလ်ဒီလည်း အဆုံးမှာတော့ ခေါင်းညိတ်ပြလိုက်လေသည်။
"ဂုဏ်ယူပါတယ် အားလုံးပဲ။ အခု ခင်ဗျားတို့တွေ လွတ်လပ်သွားပါပြီ"
ကျန်းမုန့်လောင်က လူနာတစ်ယောက်ကို လက်ကမ်းပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဒါရိုက်တာကျန်း.. ပြီးတော့ ဒီပွဲကိုစီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ထိုလူနာကလည်း ကျန်းမုန့်လောင်ကို အသက်သခင်ကျေးဇူးရှင်အလား သဘောထား၍ ဝမ်းသာအားရလက်ဆွဲနှုတ်ဆက်လိုက်သည်။
"ဒါဆို ကောင်းပြီ။ အားလုံးပဲ။ ဒီညတော့ ကောင်းကောင်းအနားယူလိုက်ပါဦး။ မနက်ဖြန်ကျရင် ခင်ဗျားတို့တွေကို ပြင်သစ်တစ်ခွင် အလည်အပတ်လိုက်ပို့ပေးပါ့မယ်။ ဆေးရုံဆင်းဖို့ လုပ်ထုံးလုပ်နည်းတွေအကုန်လုံး ပြီးစီးသွားရင်တော့ ခင်ဗျားတို့တွေအကုန်လုံးကို အိမ်ပြန်ပို့ဖို့အတွက် စီစဉ်ပေးပါ့မယ်"
...
"သောက်ကျိုးနည်းပဲ ကျန်းမုန့်လောင်.. မင်း ဘာတွေအကွက်ဆင်နေတာလဲ"
နောက်ပိုင်းအခြေအနေများမှာ ဝမ်လင့်အဖို့တော့ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုကို နားထောင်နေရသည့်အလားပင်။
အစတုန်းက ဒီလူနာတွေကို အပြင်လွှတ်ပေးပြီး Champs-Elyseesမှာရှိတဲ့ Springပလာဇာမှာသွားသောင်းကျန်းဖို့ သဘောတူထားတာမဟုတ်လား။ သူက ရုတ်တရက်ကြီး သူတို့ရဲ့ရောဂါတွေကို ဘယ်လိုလုပ်ပြီး ကုပေးလိုက်ရတာလဲ။
စိတ်ကျန်းမာရေးကောင်းမွန်သွားသော လူတစ်စုက ထိုနေရာမှာ ဘယ်လိုလုပ်ပြီး သောင်းကျန်းနိုင်တော့မှာလဲ။ သူတို့ သတ္တိရှိသည်ဆိုလျှင်ပင် အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ခံရပြီး ချက်ချင်းဖမ်းဆီးအရေးယူခံရနိုင်သည်။ စိတ်မနှံ့သူများသာ တစ်စုံတစ်ရာကျူးလွန်ပြီးနောက် အရေးယူမခံရနိုင်ခြင်းပင်။
"မင်း ဘာအကွက်တွေဆင်နေတာလဲ"
"သူတို့တွေအကုန်လုံးကို ဘယ်လိုလုပ်ပြီးကုပေးလိုက်တာလဲ"
"သူတို့ကိုကုမပေးရင် ငါက ဘယ်လိုလုပ်ပြီး အပြင်ခေါ်ထုတ်ရမှာလဲ"
ကျန်းမုန့်လောင်ကလည်း ပြန်ပက်သည်။
"သောက်ကျိုးနည်းဟေ့… သာမန်လူတစ်စုက ဘာလုပ်နိုင်မှာမို့လို့လဲ။ အရောင်းမြှင့်တင်ပေးမလို့လား။ မင်း လာနောက်နေတာလား"
"သူတို့ကို ငါကုပေးလိုက်ပါပြီလို့ ဘယ်သူကပြောလဲ"
ကျန်းမုန့်လောင်က အဓိပ္ပာယ်ပြည့်ဝနေသော အပြုံးတစ်ပွင့်ကို ပြုံးပြလိုက်သည်။
"သောက်ကျိုးနည်း"
ဝမ်လင်လည်း တစ်ဖန်ခေါင်းရှုပ်သွားရပြန်သည်။
"ဒါဆို သူတို့က…"
"တစ်ခါတလေကျရင် မင်းမြင်နေရတဲ့အရာက တကယ်မဟုတ်တတ်ဘူး။ စိတ်ရောဂါဆိုတာ ဒီလောက်လွယ်လွယ်လေးကုလို့ရတဲ့ရောဂါတစ်ခုလို့ ထင်နေလား။ ငါကလည်း ဆေးပညာကျွမ်းကျင်သူတစ်ယောက်မှမဟုတ်တာ"
"သေစမ်း။ မင်း ငါ့ကိုလာလှည့်စားနေတာလား။ ဒါပေမဲ့ ဘယ်လိုလုပ်လိုက်တာလဲ"
"ဟီးဟီး အဲ့ဒါကတော့လျှို့ဝှက်ချက်"
ကျန်းမုန့်လောင်က လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။
"ဒါပေမဲ့ သူတို့တွေက Champs-Elyseesကို တကယ့်ကိုသာမန်ဆန်ဆန်နဲ့ ရောက်သွားမှာဆိုတာတော့ ငါအာမခံတယ်။ အဲ့ဒီနောက် သူတို့ဆက်လုပ်မဲ့ကိစ္စကတော့ ငါလည်း မထိန်းချုပ်နိုင်ဘူး။ ငါ့ရဲ့အံ့ဖွယ်ဆေးဝါးက အဲ့လောက်အထိ အာနိသင်မကောင်းတာလည်း ဖြစ်နိုင်တာပဲ"
"ဟားဟားဟားဟား မင်း မဟုတ်တာလုပ်တော့မယ်မှန်း ငါသိသားပဲ"
နောက်ပိုင်းတွင် တာဝန်ယူရမည်ဆိုလျှင်ပင် စိတ္တဇဝေဒနာရှင်များဖြစ်နေသည့်အတွက် သူတို့ဘက်က ပြင်းပြင်းထန်ထန်အရေးယူမှုမျိုးတော့ မလုပ်လောက်ပေ။ ဆေးရုံအတွက်မူ ဆေးရုံဆင်းခွင့်တောင်းဆိုသူများမှာ လူနာများကိုယ်တိုင်ဖြစ်သည်။ သူတို့ဘက်ကလည်း လူနာများ၏ လူ့အခွင့်အရေးကို ချိုးဖောက်ဖို့မဖြစ်နိုင်ဘူးမဟုတ်လား။ ကျန်းမုန့်လောင်ကလည်း ထိုဖြစ်စဉ်အစအဆုံးကို မှတ်တမ်းတင်ထားပြီးဖြစ်၏။
ကံဆိုးရှာသူ ဒေါက်တာချီလ်ဒီအတွက်မူ ထိုကိရိယာများကို သက်သေအထောက်အထားအဖြစ် ကိုင်ထားပြီးဖြစ်သည့်အတွက် အလွန်ဆုံးရှိလှ အလုပ်ထုတ်ခံရရုံသာဖြစ်ပြီး တရားဥပဒေအရတာဝန်ယူစရာတော့ မလိုလောက်ပေ။ အကယ်၍ ကျန်းမုန့်လောင် အပြစ်ရှိသလိုခံစားနေရလျှင်လည်း သူ့ကို ပိုက်ဆံနည်းနည်းပေးလိုက်ခြင်းမှာ လူသူကင်းမဲ့သောနေရာတစ်ခုတွင် ဆရာဝန်အဖြစ် ဆက်လက်လုပ်ကိုင်ရခြင်းထက်တော့ ပိုကောင်းပေလိမ့်မည်။
ကျန်းမုန့်လောင်တစ်ယောက် ထိုလူနာများကို ပုံမှန်ပြန်ဖြစ်အောင် ဘယ်လိုလုပ်လိုက်သလဲဆိုသည်ကို ဝမ်လင် ဂရုမစိုက်ပေ။ သံသယဖြစ်လာလျှင်လည်း ကွမ်တမ်မက္ကင်းနစ်က သိပ္ပံနည်းကျဖြေရှင်းချက်တချို့ကို ထုတ်ပေးနိုင်ပေသည်။
ရုတ်ခြည်းပင် မနက်ဖြန်တွေ့ရမည့် အံ့ဖွယ်ဖြစ်ရပ်ကြီးကိုမြင်ရဖို့ ဝမ်လင် မျှော်လင့်တကြီးစောင့်စားနေမိတော့သည်။
...
အားလုံး ကြိုတင်ခန့်မှန်းထားသည့်အတိုင်းပင်။ အွန်လိုင်းပေါ်တွင် ကန့်ကွက်ခဲ့ကြသော်လည်း Parisiagaက ဟွာရှားဖောက်သည်များအတွက် အရောင်းဖွင့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် လူတန်းကြီးထဲရှိ ခုနစ်ဆယ်ရာခိုင်နှုန်းကျော်က ဟွာရှားလူမျိုးများ ဖြစ်နေဆဲပင်။
အနီးအနားရှိ နို့လက်ဖက်ရည်ဆိုင်တွင် ကျန်းမုန့်လောင်နှင့် သူ့အဖွဲ့က အေးအေးလူလူ အအေးသောက်နေကြသည်။
"ဒီနေရာမှာ ငါတို့ဟွာရှားရဲ့နို့လက်ဖက်ရည်ကို သောက်နေနိုင်တာ ယုံတောင်မယုံနိုင်ဘူး။ မလွယ်ကူဘူးပဲ"
ဝမ်လင်က စူကာသီးနို့နှစ်ဆဖျော်ရည်ကို အားရပါးရသောက်လိုက်သည်။
"ကျစ် ကျစ် ကျစ်.. မူလလက်ဟောင်းဖျော်စပ်ပုံ။ မူလလက်ဟောင်းအရသာ"
"ဟားဟားဟား မနေ့ညကပဲ ငါ ဒီဆိုင်ကိုဝယ်ထားတာလေ။ ပွဲကြည့်ဖို့အကောင်းဆုံးနေရာလေးပေါ့။ ငါက အပြီးပြည့်စုံဆုံးသောနေရာတစ်ခုကို ဘယ်လိုလုပ်ပြီးလက်လွှတ်ခံမှာလဲ"
ကျန်းမုန့်လောင်က ရယ်လိုက်သည်။
"သေစမ်း..ပွဲကြည့်ဖို့အတွက်နဲ့ ဆိုင်တစ်ဆိုင်ကိုဝယ်လိုက်တာကြီးကတော့ မင်းနဲ့လိုက်ဖက်လွန်းပါတယ်"
ကျန်းမုန့်လောင်၏ ထူးခြားဆန်းပြားလှသော လုပ်ရပ်များကို ဝမ်လင်ကတော့ အသားကျနေပြီဖြစ်၏။
"ငါတကယ်စိတ်တိုတာက လူတွေက အွန်လိုင်းပေါ်မှာသာ အပြင်းအထန်ဝေဖန်နေကြတာ။ အခုကျတော့ ဒီလူလိမ်လူညစ်တွေကို ပိုက်ဆံထပ်ပေးနေကြတုန်းပဲ။ သူတို့တွေကို မင်းရဲ့စိတ္တဇဆေးရုံဆီ ပို့လိုက်ရမှာ"
ဝမ်လင်က ဆဲဆိုလိုက်သည်။
"လူတွေလည်း စားရသောက်ရဦးမယ်လေကွာ။ တအားမကြမ်းတမ်းစမ်းပါနဲ့"
ကျန်းမုန့်လောင်က ရယ်လိုက်သည်။
"သူတို့လာပြီ"
ထိုအချိန်တွင် ကားတစ်ဒါဇင်ခန့်က Champs-Elyseesဝင်ပေါက်ရှေ့တွင် ရပ်တန့်လိုက်ကြသည်။ ကားထဲမှ အဝတ်အစားဒီဇိုင်းမျိုးစုံဝတ်ဆင်ထားသော ပြင်သစ်လူမျိုးတစ်စု ဆင်းလာလေသည်။ သူတို့၏ပုံပန်းသွင်ပြင်မှာ ဆေးရုံကိုမဝင်ခင်ကနှင့် လုံးဝကွာခြားနေသည်။
"လူကြီးမင်းများနဲ့ အမျိုးသမီးများခင်ဗျာ.. ဒီနေ့အတွက် နေ့လယ်စာကို Champs-Elyseesလမ်းပေါ်က Spring Plazaမှာ သုံးဆောင်ရမှာပါ။ ခင်ဗျားတို့စိတ်ကြိုက်သုံးဆောင်လို့ရပါတယ်။ ဒါရိုက်တာကျန်းက ကုန်ကျစရိတ်အားလုံးကို တာဝန်ယူပေးမှာပါ"
ကျန်းမုန့်လောင်စီစဉ်ထားသည့် တာဝန်ခံက ထိုသို့ပြောလိုက်သည်။
"ပြီးတော့ ဒီနေ့အတွက် ကုန်ကျစရိတ်အားလုံးကို ဒါရိုက်တာကျန်းကပဲ ရှင်းပေးသွားမှာပါ"
"ဝိုး"
လူနာများက ဝမ်းသာစွာ အော်ဟစ်လိုက်ကြသည်။
"သူငယ်ချင်းတို့.. ကြည့်လိုက်စမ်း ဟိုနားမှာ Parisiagaဆိုင်ကွ"
"ဘုရားရေ..ရှည်လိုက်တဲ့လူတန်းကြီးပါလား။ လာ..သူတို့ဘာရောင်းနေလဲဆိုတာ သွားကြည့်ကြရအောင်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါရိုက်တာကျန်းက ပိုက်ဆံရှင်းပေးမှာပဲ။ ဒီတော့ ဒီနေ့ သူ့ပိုက်ဆံကို အလွတ်မပေးကြနဲ့ဟေ့"
"ငါ ဒီအရသာကို တအားလွမ်းနေတာ"
...
ဖြတ်သွားဖြတ်လာများအတွက်မူ ထိုလူများက အတန်ငယ်ထူးဆန်းနေသော်ငြား သူတို့၏ဒေသခံလေသံစစ်စစ်ကို ကြားလိုက်ရသောအခါ နိုင်ငံခြားတွင် အလုပ်လုပ်ပြီး သို့မဟုတ် ပညာသင်ပြီး ပြန်ရောက်လာသူများဟုသာ ထင်သွားကြသည်။ သူတို့က နှစ်ခါမျှကြည့်ပြီး ရှေ့ဆက်လျှောက်သွားကြသည်။ ထိုလူများသည် မနေ့ကမှ စိတ္တဇဆေးရုံထဲတွင် ထိန်းသိမ်းခံထားရပြီး ဆေးကုသမှုခံယူနေရသူများဖြစ်ကြောင်း မည်သူမှထင်မည်မဟုတ်ပေ။
"ယဲ့ရင်.. သတိထားနော်။ အချိန်ကျလာရင် ဒီလူတွေကို အဝေးကြီးအထိ အုပ်စုကွဲမသွားစေနဲ့။ အပြစ်ရှိတဲ့လူတွေကိုပဲ အပြစ်ပေးရမှာ။ သူတို့ရဲ့လုပ်ရပ်တွေကို Champs-Elyseesလမ်းပေါ်က Spring Plazaအဆောက်အအုံထဲမှာ ကန့်သတ်ထားလိုက်"
ကျန်းမုန့်လောင်က အမိန့်ပေးလိုက်၏။
"ပြီးတော့ ပစ္စည်းတွေရိုက်ခွဲဖျက်ဆီးတာကလွဲရင် အပြစ်မဲ့တဲ့လူတွေကိုလည်း တစ်ယောက်မှ မထိခိုက်စေနဲ့"
"ဟုတ်ကဲ့ပါ မစ္စတာကျန်း"
"အဆင်သင့်ပြင်ထား သူငယ်ချင်းတို့"
ကျန်းမုန့်လောင် ပြုံးလိုက်မိသည်။
"မကြာခင် ဒီနေရာက ပြခင်းပြကွက်ကြီးတစ်ခုဖြစ်လာတော့မှာ"
**********