ပရမ်းပတာကခုန်နေသော မကောင်းဆိုးဝါးများ
Vol. 13 Ch. 193
Parisiagaဆိုင်ထဲတွင် သက်လတ်ပိုင်းအရွယ်အမျိုးသားနှစ်ယောက်က ဒုတိယထပ်ပြတင်းပေါက်မှတစ်ဆင့် အောက်ဘက်ရှိ Champs-Elyseesလမ်းမကြီးပေါ်တွင်ရှိနေသော စည်ကားပြုံတိုးနေသည့် လူအုပ်ကြီးကို ငုံ့ကြည့်နေသည်။
ပိန်ပါးပါးနှင့်တစ်ယောက်မှာ ဂေါလ်ဆီအန်ဖြစ်ပြီး Champs-Elysees Parisiagaဆိုင်၏ မန်နေဂျာဖြစ်သည်။ ကျန်တစ်ယောက်မှာ ဌာနချုပ်မှ ဗီဒယ်လာဆီဘာဂါဖြစ်ပြီး ဥရောပဌာနပိုင်းဆိုင်ရာ ဒါရိုက်တာတစ်ယောက်ပင်။ သူတို့ကြားတွင် အဆင့်အတန်းကွာခြားမှုကြီးတစ်ခု ရှိနေသော်ငြား ရာထူးကတော့ သိပ်မကွာပုံပင်။
Parisiagaအတွက်တော့ Champs-Elyseesလမ်းမပေါ်ရှိဆိုင်ကား ထူးခြားလှသောအဓိပ္ပာယ်တစ်ခုရှိသည်။ ၎င်းမှာ ဤဘရန်း၏မျက်နှာစာအလားပင်။ သို့ဖြစ်လေရာ ထိုဆိုင်၏မန်နေဂျာမှာ Parisiagaတစ်ခုလုံးတွင် အလွန်အရေးပါသော အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားပေသည်။
"ဂေါလ်.. မနေ့ကလိုကိစ္စမျိုး ဒီနေ့လည်းထပ်မဖြစ်ဖို့ မျှော်လင့်ပါတယ်။ အဲ့ဒီလိုအဖြစ်အပျက်မျိုးက ငါတို့ဘရန်းအတွက် ကြီးမားတဲ့ထိခိုက်မှုကြီးတစ်ခုဖြစ်စေနိုင်ပြီး ဟွာရှားဖောက်သည်တွေကိုလည်း အလွယ်လေးဆုံးရှုံးရနိုင်တယ်"
"ဟားဟားဟား..စိတ်မပူပါနဲ့။ အများဆုံးရှိလှ ပါးစပ်အပြောနဲ့ပဲ ဆန္ဒပြကြရုံပါ။ ကြည့်လိုက်လေ… ဒီနေ့ အပြင်မှာတန်းစီနေတဲ့ လူအများစုက ဟွာရှားလူမျိုးတွေပဲ။ လူတိုင်းက အကျိုးစီးပွားကိုဦးစားပေးကြတဲ့ လုပ်ငန်းရှင်တွေချည်းပဲ။ ပိုက်ဆံနဲ့ပတ်သက်လာရင် ဘယ်သူမှမလွန်ဆန်နိုင်ပါဘူး"
ဂေါလ်က မနေ့က သူ့လုပ်ရပ်အတွက် နောင်တရဟန်မတူပေ။
"ဟွာရှားကို တအားလည်းအထင်မသေးလိုက်နဲ့။ ငါတို့ရဲ့နှစ်စဉ်ရောင်းကြေးထဲက ၃၀ရာခိုင်နှုန်းကနေ ၅၀ရာခိုင်နှုန်းအထိက ဟွာရှာလူမျိုးတွေဆီကရတာ။ ဟွာရှားဖောက်သည်တွေရဲ့ ထောက်ပံ့မှုသာမရှိရင် Parisiagaလည်း ပိတ်သိမ်းပစ်လိုက်ရနိုင်တယ်"
ဗီဒယ်လာက ဆိုလေသည်။
"မနေ့တုန်းက သတင်းကြောင့် ဟွာရှားမှာ အတော်လေးလှုပ်လှုပ်ရှားရှားဖြစ်သွားတာ။ သူတို့ရဲ့ဆန္ဒပြမှုကလည်း တော်တော်သိသာတယ်"
"ကောင်းပါပြီ။ အဲ့ဒီလိုကိစ္စမျိုးဖြစ်လာခဲ့ရင်လည်း အမှားတွေအကုန်လုံးကို လုံခြုံရေးကိုပဲ ပုံချလိုက်ရုံပဲလေ"
ဂေါလ်က ရယ်လိုက်သည်။
"အများဆုံးရှိလှ ငါတို့ဘက်က နည်းနည်းလေးလိုအပ်ချက်ရှိသွားတယ်ပေါ့။ ဘယ်သူကမှလည်း အသေးစိတ်လိုက်စစ်ဆေးနေမှာမှမဟုတ်တာ"
"ငါလည်း အဲ့လိုပဲမျှော်လင့်ရတာပဲ"
ဗီဒယ်လာက ထိုသို့ပြောလိုက်သည်။
"ဒါပေမဲ့ ငါ ဒီစကားကိုတော့ ထပ်ပြောရလိမ့်မယ်။ ဟွာရှားလူမျိုးတွေကို သွားအထင်မသေးနဲ့။ ပြီးတော့ ဟွာရှားလူမျိုးတွေရဲ့ဒေါသကိုလည်း အထင်မသေးမိစေနဲ့"
"ကဲပါ သူငယ်ချင်းကြီးရာ.. စိတ်လျှော့ထားစမ်းပါ။ ကြည့်လိုက်လေ။ ဒီနေ့လာတဲ့ ဖောက်သည်တွေက မနေ့ကထက်တောင် နှစ်ဆပိုများနေတာကို။ မနေ့ကဖြစ်ခဲ့တဲ့ကိစ္စက တစ်နည်းတစ်ဖုံနဲ့ ငါတို့ကို ပိုနာမည်ကြီးအောင် ကြေညာပေးသလိုဖြစ်သွားတယ်လို့ မင်းမထင်ဘူးလား"
ဂေါလ်က အောက်ဘက်ရှိ လူငယ်များကို လက်ညှိုးထိုးပြလိုက်သည်။
"ကြည့်လေ။ သူတို့တွေအကုန်လုံး အရမ်းတွေတက်ကြွနေကြတာ"
"ထူးဆန်းလိုက်တာ။ ရာနဲ့ချီတဲ့ ဒီလူတွေက တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုလုပ်ပြီးသိနေကြတာလဲ"
"အဲဒါ ဘာထူးဆန်းလို့လဲ။ Champs-Elyseesလမ်းပေါ်မှာ ခရီးသွားအဖွဲ့တွေက နေ့တိုင်း ရာနဲ့ချီပြီးရှိနေတာလေ။ ကြည့်ရတာတော့ ခရီးသွားအဖွဲ့ကြီးတစ်ခုထင်တယ်"
"ငါ ဘာလို့ တစ်ချိန်လုံးစိတ်ထင့်နေတာပါလိမ့်"
"အခုတလော မင်း အလုပ်ပိနေလို့ဖြစ်မယ်ထင်တယ်။ မင်း ဒါရိုက်တာရာထူးကို လက်လွှတ်ပြီး ပိုပြီးအေးအေးဆေးဆေးရှိတဲ့ရာထူးတစ်ခုခုကို ရှာလိုက်ပါ့လား"
"နေဦး။ ကြည့်လိုက်.. သူတို့ တစ်ခုခုတော့ထူးဆန်းနေတယ်"
"ဘာထူးဆန်းတာလဲ"
...
စည်ကားနေပါသော Parisiagaဆိုင်ဝင်ပေါက်တွင် ထုတ်ကုန်သစ်မိတ်ဆက်ပွဲက အချိန်နီးကပ်လာပြီဖြစ်၏။ ထိုလူအုပ်ကြီးထဲကို ဝင်ရောက်ပူးပေါင်းဖို့အတွက် အရုဏ်ဦးစိတ္တဇဆေးရုံမှ လူနာအယောက်ခုနစ်ရာကျော်ကလည်း ဝင်တန်းစီလိုက်ကြသည်။ အယောက်သုံးရာကျော်ကတော့ အပြင်မှာပင် စောင့်ဆိုင်းနေကြသည်။
သူတို့က ရယ်ကာမောကာဖြင့် အချင်းချင်းစကားပြောနေကြပြီး ကြည့်ရသည်မှာ ဆေးရုံမှာတုန်းက အမှတ်တရများကို ပြန်အောက်မေ့နေကြဟန်တူသည်။ ထိုအပြုအမူများမှာ သူတို့ပြန်တွေးကြည့်လျှင်တောင် အဓိပ္ပာယ်မရှိလှသည့်အပြုအမူများပင်။
"မစ္စတာကျန်း အချိန်ကျပါပြီ"
ယဲ့ရင်၏အသံက ကျန်းမုန့်လောင်၏နားထဲ ပဲ့တင်ထပ်လာလေသည်။
"နို့လက်ဖက်ရည်နောက်တစ်ခွက်"
ကျန်းမုန့်လောင်က နို့လက်ဖက်ရည်ဆိုင်၏ စားပွဲထိုးလေးကို လှမ်းပြောလိုက်၏။
"သူငယ်ချင်းတို့ရေ..ဖုန်းတွေအဆင်သင့်ထုတ်ထားလိုက်တော့။ အံ့ဖွယ်ဖြစ်ရပ်တစ်ခုကို မျက်မြင်တွေ့ရမဲ့အချိန်ကျပြီ"
မမြင်ရသောလှိုင်းလုံးတစ်ခုက ကျန်းမုန့်လောင်အနားရှိ နေရာတစ်ခုမှ ပျံ့နှံ့သွားခဲ့သည်။ ထိုလှုပ်ရှားမှုသည် ရုပ်ပိုင်းဆိုင်ရာအရ ပုံပန်းသဏ္ဍာန်မရှိသောကြောင့် မြင်လည်းမမြင်နိုင်သလို လက်ဆုပ်လက်ကိုင်လည်း မပြနိုင်သော်ငြား ကြားခံနယ်တစ်ခုမှတစ်ဆင့် လက်ဆုပ်လက်ကိုင်ပြနိုင်သော တည်ရှိမှုတစ်ခုလည်း ဖြစ်ပြန်၏။ စကားတစ်ခွန်းတည်းနှင့် ဖော်ပြရမည်ဆိုလျှင်တော့ ထိုအရာသည် "စိတ်စွမ်းအားဖြင့် အရာဝတ္ထုများကို ထိန်းချုပ်ခြင်း"နှင့် ဆင်တူပေလိမ့်မည်။
ထိုလှိုင်းများက သာမန်လူများ၏ ခန္ဓာကိုယ်ကို ဘာသက်ရောက်မှုမှမရှိဘဲ ဖြတ်သန်းသွားလေသည်။ သို့သော် အရုဏ်ဦးစိတ္တဇဆေးရုံမှ လူနာများထံသို့ ရောက်ရှိသွားချိန်မှာမူ ရုပ်ငြိမ်မန္တန်မန်းမှုတ်ခံလိုက်ရသည့်အလား တောင့်ခဲသွားကြသည်။ မသိလျှင် သူတို့ခန္ဓာကိုယ်ထက်ရှိ ခလုတ်တစ်ခုကို ထိမိသွားသည့်အလားပင်။
လူအယောက်ခုနစ်ရာကျော်တွင် တချို့က စားသောက်နေကြပြီး တချို့က မြူးထူးဆော့ကစားနေကြကာ တချို့ကမူ လှည့်လည်သွားလာနေကြသည်။ သို့သော် သူတို့အားလုံးက ရုတ်တရက်ကြီး လှုပ်ရှားမှုရပ်တန့်သွားချိန်မှာ သူတို့ဘေးနားရှိ လူများကတော့ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြသည်။
လမ်းမပေါ်တွင် ရုတ်တရက်ကြီး လှုပ်ရှားမှုရပ်တန့်သွားသော ရာဂဏန်းနှင့်ချီသည့် လူများကို မြင်လိုက်ရခြင်းထက် ပိုထူးဆန်းသောအရာမျိုး ရှိနိုင်လေသလား။ Champs-Elyseesလမ်းမထက်ရှိ ဖောက်သည်များအားလုံးလည်း ခြေလှမ်းများရပ်တန့်သွားကြပြီး ထူးဆန်းလှသော ထိုလူအုပ်ကြီးကို အသေအချာစိုက်ကြည့်နေမိသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် လူတိုင်း၏စိတ်ထဲ အနည်းငယ်ကြောင့်ကြသွားကြလေ၏။
ခဏအကြာတွင် သူတို့ကိုချုပ်နှောင်ထားသည့် သော့ခလောက်ကို ဖြေလွှတ်လိုက်သည့်အလား သူတို့အားလုံး၏ မျက်နှာပေါ်တွင် အမူအရာအမျိုးမျိုးအဖုံဖုံ ပေါ်ပေါက်လာသည်။ တချို့က ခက်ထန်သွားပြီး တချို့က သုန်မှုန်သွား၏။ တချို့ကမူ အူမြူးနေကြပြီး တချို့က ဝမ်းနည်းနေကာ တချို့ကတော့ သွေးဆာနေဟန်ဖြင့် ကြမ်းတမ်းလာကြလေသည်။
ဗိုင်ဒီလာဟုခေါ်သော လူငယ်လေးက သူ့နောက်ကျောကို အလိုလိုလှည့်ကြည့်လိုက်လေရာ သူ နှစ်နှစ်လုံးလုံး ကိုယ်နှင့်မကွာဆောင်ထားခဲ့သော သူ့သစ်သားပေတံကို ဘယ်မှာမှရှာမတွေ့တော့ချေ။
"ဘယ်သူလဲကွ။ ဘယ်သူက ငါ့ရဲ့ရွှမ်းဓားသွားကို ခိုးသွားတာလဲ။ ဧကရာဇ်ဟန်ထျန်း မင်းလား။ ထွက်လာပြီး ငါနဲ့တိုက်ခိုက်စမ်းပါ။ ငါ ရှောင်ယန်က ဓားသိုင်းတွေအများကြီးတတ်တယ်ကွ"
ရုတ်တရက်ဆန်လှသော ဤအော်သံက လူတိုင်း၏အာရုံစိုက်မှုကို ဆွဲဆောင်လိုက်နိုင်သည်။ ရုတ်တရက်ကြီး ကယောင်ကတမ်းထပြောနေသော ထိုအမျိုးသားနားမှ အလိုလိုနောက်ဆုတ်လိုက်ကြသည်။
"ရှောင်ယန်..ငါ မင်းကိုရှာနေတာ နှစ်ပေါင်းများစွာကြာပြီ။ ငါ့ရဲ့မိုးကြိုးကြာပွတ်က ဘဝဂ်အဆင့်ကိုရောက်သွားပြီ။ ဒီနေ့ မင်းရဲ့ဗုဒ္ဓကြာဖူးနဲ့ ဘယ်သူက အနိုင်ရသူလဲဆိုတာ ဆုံးဖြတ်ကြတာပေါ့"
"လာစမ်းပါ။ ငါ မင်းကို အရင်သတ်ပြီးမှ ဧကရာဇ်ဟန်ထျန်းဆီကိုသွားမယ်"
သူတို့နှစ်ယောက်က ရူးသွပ်သွားသည့်အလား ရုတ်တရက်ကြီး တိုက်ခိုက်ကြပါလေတော့သည်။
"လုံခြုံရေး..လုံခြုံရေးကဘယ်မှာလဲ။ ဒီနားမှာ လူတစ်ယောက်ရူးသွားပြီ"
ပတ်ပတ်လည်ရှိ နိုင်ငံခြားခရီးသွားများမှာ လုံခြုံရေးများကို အော်ဟစ်ပြီး ခေါ်ကြလေတော့သည်။
"ဘာဖြစ်တာလဲ။ ဘာဖြစ်တာလဲ"
လုံခြုံရေးအစောင့်တစ်ယောက်က ကမန်းကတန်းပြေးလာသည်။ ထိုလုံခြုံရေးမှာ မနေ့တုန်းက ဟွာရှားလူငယ်လေးကို ဒေသခံများ အနိုင်ကျင့်သည့်ကိစ္စတွင် ကူညီပေးခဲ့သူဖြစ်၏။
"မသိဘူး။ ဒီနှစ်ယောက်က ရုတ်တရက်ကြီးရန်ထဖြစ်နေကြလို့။ ဧကရာဇ်ဟန်ထျန်းအကြောင်းလည်း အော်နေကြသေးတယ်"
"သူတို့က စိတ်မနှံ့တဲ့လူတွေများလား"
"ဘယ်ဟုတ်ပါ့မလဲ။ ခုနတုန်းက သူတို့ကိုကြည့်ရတာ သာမန်လိုပါပဲ။ ပြဿနာတစ်ခုခုတက်တာများလား"
လုံခြုံရေးကလည်း ရန်ဖြစ်နေကြသော လူနှစ်ယောက်ကို ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူ ဘယ်သူ့ကို သွားကူညီရမလဲဆိုသည်ကို မသိတော့ချေ။
"ဘန်း"
ထိုအချိန်မှာပင် ဂေါက်ရိုက်တံတစ်ချောင်းက ထိုလုံခြုံရေး၏နောက်စေ့ကို အရှိန်ပြင်းပြင်းနှင့် ထုနှက်လိုက်လေရာ ထိုလူခမျာ ကြမ်းပြင်ပေါ်သို့လဲကျပြီး သတိလစ်မေ့မြောသွားသည်။ ပြင်သစ်လူမျိုးလူငယ်လေးတစ်ယောက်က သူ့ခေါင်းကို ဂေါက်ရိုက်တံဖြင့် လွှဲရိုက်လိုက်ခြင်းပင်။ သူက သတိလစ်မေ့မြောသွားသော လုံခြုံရေးအစောင့်ကို စက်ဆုပ်ရွံရှာဟန်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် အထင်သေးလေဟန်လေသံဖြင့် ပြောလိုက်သည်။
"ဟမ့်.. သူတို့တွေထဲမှာ အတိုက်အခိုက်ကျွမ်းတဲ့ကောင် တစ်ယောက်မှလည်းမပါဘူး"
"အား!"
"ဒီမှာ လူတစ်ယောက်လဲကျသွားပြီ။ လုံခြုံရေးဘယ်မှာလဲ။ တစ်ယောက်ယောက် ဒီကို မြန်မြန်လာပါဦး"
"ဘာလုပ်နေတာလဲ ဆရာ.. ခင်ဗျားကိုင်ထားတာကို ပြန်ချထားလိုက်ပါ။ အဲ့လိုမှမဟုတ်ရင် ကျွန်တော်တို့ ရဲခေါ်ရလိမ့်မယ်"
ဆူညံပွက်လောရိုက်နေသော လမ်းမထက်တွင် ရုတ်ခြည်းဝရုန်းသုန်းကားဖြစ်သွားလေတော့သည်။ အော်ဟစ်သံများ၊ ဖန်ကွဲသံများ၊ ဆဲဆိုသံများ၊အကူအညီတောင်းသံများနှင့် ပြည့်နှက်သွားပြီး အုန်းအုန်းကျွက်ကျွက်ညံသွားပေသည်။
"ဟားဟားဟား.. နောက်ဆုံးတော့ ငါ အန္တိမအဆင့်သိုင်းပညာကို ကျွမ်းကျင်တတ်မြောက်သွားပြီ"
"ဆရာ ဆရာ ကျေးဇူးပြုပြီး ခင်ဗျားဝတ်ထားတဲ့အဝတ်ကို ချွတ်လိုက်ပါ။ အဲ့ဒီဝတ်စုံက အရမ်းဈေးကြီးတယ်"
...
"ဗိုဒါမော့.. ခင်ဗျား ကျွန်တော့်မိဘတွေကို သတ်ပစ်ခဲ့တာ။ ဒီနေ့ ကျွန်တော် သွေးကြွေးပြန်ဆပ်မယ်။ လက်နက်ပြုတ်စေ"
"ဆရာ.. ခင်ဗျား မိုးကာနဲ့ ကြောင်ကစားစရာကို အခုထိငွေမချေရသေးဘူးနော်"
...
"ဘီလူးတွေက ဘယ်တော့မှကျွန်ခံမှာမဟုတ်ဘူး"
"ဂူလ်ဒန်"
"အားလုံးပဲ ကြည့်လိုက်စမ်း။ ငါ အလင်းရောင်အဖြစ် ပြောင်းလဲလိုက်ပြီ။ ငါ အလင်းရောင်အဖြစ်ပြောင်းလဲလိုက်ပြီ။ Ultramanဆိုတာ ဒီကမ္ဘာပေါ်မှာ တကယ်မရှိဘူး"
"မင်း ငါ့ချပ်လက်အိတ်ကို မြင်လား။ ငါ လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ မင်းတို့တွေထဲက တစ်ဝက်လောက် ပြာကျသွားလိမ့်မယ်"
"ငါ လူ့သွေးကို ဆာလောင်နေတယ်။ ငါ လူ့သွေးကို ဆာလောင်နေတယ်"
"ဆရာ အဲ့ဒါက ဒေါ်လာနှစ်သိန်းတန်ဝိုင်ပုလင်းကြီးပါ။ လူသွေးမဟုတ်ပါဘူး"
"ငါက ဧကရာဇ်ချင်းရှီဟွမ်ဝင်စားတာကွ။ အခု ငါ အထက်တန်းလွှာစစ်သည်အယောက်သုံးထောင်လောက် လိုအပ်နေတယ်။ ငါ ဥရောပကိုသိမ်းပိုက်ပြီးတာနဲ့ မင်းတို့ကို မှူးမတ်ရာထူးချီးမြှင့်မယ်"
********