စိတ္တဇဝေဒနာရှင်အယောက်၇၀၀ကို ထိန်းနိုင်လို့လား ကြည့်ကြသေးတာပေါ့
Vol. 13 Ch. 195
"ရဲတွေရောက်လာပြီ။ ရဲတွေရောက်လာပြီ"
နာရီဝက်ကြာအောင် အဓိကရုဏ်းဖြစ်ပြီးနောက် Champs-Elyseesအနားရှိ ရဲအရာရှိများက အဆုံးမှာတော့ ရဲတပ်ဖွဲ့ကို အင်အားစုဆောင်းပြီး ရောက်လာကြသည်။
ဤရဲအရာရှိများကို မြင်သောအခါ ဇိမ်ခံပစ္စည်းလုယက်သူများလည်း ထွက်ပြေးသွားကြတော့သည်။ နာရီဝက်အတွင်းမှာပင် သူတို့ဟာ လုယူနိုင်သမျှပစ္စည်းများကို အကုန်လုယူထားပြီးဖြစ်၏။ မရောင်းရသေးသောပစ္စည်းများကိုမူ လမ်းဘေးဆိုင်တန်းလေးတစ်ခုဖွင့်၍ ချရောင်းလျှင် မဆိုးလှပေ။
ဤတစ်ခေါက်တွင် ရဲအရာရှိတစ်ထောင်ကျော် စေလွှတ်ခံလိုက်ရသည်။ တစ်အုပ်စုကို ဆယ်ယောက်နှုန်းဖြင့် ထိုလူအုပ်ကြီးကို မနည်းကြိုးစားအားထုတ်၍ ထိန်းသိမ်းလိုက်ပြီးနောက် အဆုံးမှာတော့ ရုပ်ပျက်ဆင်းပျက်အဖြစ်အပျက်ကြီးကို အဆုံးသတ်လိုက်နိုင်သည်။
ယနေ့ဆုံးရှုံးနစ်နာမှုများကို ချက်ချင်းစစ်ဆေးအကဲဖြတ်ကြည့်လိုက်ရာ ဤအဓိကရုဏ်းတွင် ဒဏ်ရာရရှိသူ မရှိသလောက်နီးပါးဖြစ်ပြီး ကံဆိုးရှာသူ လုံခြုံရေးအစောင့်သာ အနည်းငယ်ဒဏ်ရာရခဲ့သည်။
Champs-Elysees Springပလာဇာကြီးတစ်ခုလုံးက ပကတိအတိုင်း လက်ရာခြေရာမပျက်ပေ။ Parisiagaတစ်ဆိုင်တည်းသာ အတွင်းရောအပြင်ပါ ကြေမွပျက်စီးသွားခဲ့သည်။ ဤလူနာများက ဤဆိုင်တစ်ခုတည်းကိုသာ အဓိကပစ်မှတ်ထားခဲ့သည်ဟုပင် တချို့က ထင်နေကြသည်။
ဆိုင်အများစု၏ ငွေကြေးဆုံးရှုံးမှုသည် သန်းနှင့်ချီပြီး Parisiagaဆိုင်ကတော့ သိုလှောင်ထားသော ဖိနပ်များကတင် ဆယ်သန်းနီးပါး ဆုံးရှုံးခဲ့ရသည်။ အခြားပစ္စည်းဆုံးရှုံးမှုမှာ သန်းတစ်ရာပင် ကျော်လေသည်။
Champs-Elysees Spring၏ စုစုပေါင်းဆုံးရှုံးမှုမှာ ယူရိုသန်းရာဂဏန်းပင် ရှိသည်။ ဤသည်မှာ မနှစ်တုန်းက ဥရောပတွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းများထက်ပင် ပိုမိုပြင်းထန်သည့် ဆုံးရှုံးမှုတစ်ခုဖြစ်သည်။
အကြွေးနှင့် ကပ်ဘေးဒုက္ခများအတွက် တစ်စုံတစ်ဦးကတော့ အပြစ်ဖို့ခံရစမြဲပင်။ အဓိကရုဏ်းအများစုတွင် လှုံ့ဆော်သူတစ်ယောက်တော့ ရှိတတ်သော်ငြား ရဲအရာရှိများလည်း စိတ်မနှံ့သူများနှင့် ရင်ဆိုင်ရသည့်အခါ တစ်ပန်းရှုံးရချေသည်။ သူတို့ ထိုလူများထံမှ မည်သို့နှယ် လျော်ကြေးတောင်းရလေမလဲ။
သို့သော် ဤမျှကြီးမားသော ဆုံးရှုံးမှုအတွက် တစ်စုံတစ်ဦးကတော့ တာဝန်ယူရမည်မဟုတ်လော။ Champs-Elysees Springရှိ ကုန်သည်များမှာ ချက်ချင်းပင် Champs-Elysees Spring၏ကုမ္ပဏီအပေါ် အပြစ်ဖို့ကြသည်။ သူတို့၏ လုံခြုံရေးဝန်ထမ်းများက ပစ္စည်းများကို ကာကွယ်နိုင်ခြင်းမရှိသဖြင့် ကုန်သည်များကလည်း ဤဆုံးရှုံးမှုအားလုံးအတွက် လျော်ကြေးတောင်းဆိုလိုက်ကြသည်။
ထိုညနေတွင် ဒေါသထွက်နေကြသော ကုန်သည်များက Champs-Elysees Springကုမ္ပဏီ၏ အမှုဆောင်ရုံးခန်းကို ဝိုင်းရံထားလိုက်ကြသဖြင့် မည်သူမှ အဝင်အထွက်မလုပ်ရဲသည်အထိ ဖြစ်သွားလေသည်။ သို့သော် ယူရိုသန်းရာချီလျော်ကြေးတောင်းမှုကို ရင်ဆိုင်ရသည့်အခါ သူတို့လည်း ကူကယ်ရာမဲ့ကြရသည်။
ညှိနှိုင်းဆွေးနွေးပြီးနောက် ဇိမ်ခံပစ္စည်းဆိုင်တစ်ဆိုင်လျှင် ယူရိုတစ်သန်း လျော်ကြေးပေးရန် သဘောတူခဲ့ကြသည်။ ဤသည်မှာ သူတို့တတ်နိုင်သော အများဆုံးပမာဏပင်။
သို့တိုင် ဤအဖြေမှာ အားနည်းလွန်းလှသည်။
"ဟားဟားဟား သူတို့နဲ့တန်တယ်"
"ဒေသခံတွေကိုပဲ ရောင်းပေးမှာပါဆို။ အခု ဒေသခံတွေက မင်းတို့ဆီလာပြီး စီးပွားဖြစ်အောင်လုပ်ပေးသွားတာပဲ"
"မနေ့က ဟွာရှားခရီးသွားတွေကို ယဉ်ကျေးမှုမရှိဘူးလို့ လူတစ်ယောက်ပြောခဲ့တာ ငါမှတ်မိပါသေးတယ်။ အဲဒီစကားကို ဘယ်သူပြောခဲ့လဲဆိုတာ တစ်ယောက်ယောက် ငါ့ကိုပြောပြကြပါဦး"
"အားလုံးပဲ..ဒီကိစ္စက တစ်ခုခုတော့မသင်္ကာစရာကောင်းတယ်လို့ ငါထင်တယ်။ မနေ့ကမှ ဒီလိုကိစ္စမျိုးဖြစ်ထားတာ။ ဒီနေ့လည်း ဒီလိုပဲဆက်ဖြစ်ပြန်တယ်။ ဒါက လက်စားချေမှုတစ်ခုနဲ့ တူနေတယ်"
"ဘယ်သူလက်စားချေလဲဆိုတာ ဘယ်သူကဂရုစိုက်မှာလဲ။ ဘယ်သူလဲဆိုတာသာ ငါသိရင် ငါ့ရဲ့သွားကိုးချောင်းထွန်ခြစ်နဲ့ သူတို့ဆံပင်ကို ဖြီးပေးလိုက်ဦးမယ်"
"ဟားဟားဟား ငါကတော့ မီတာလေးဆယ်ရှည်တဲ့ ငါ့ဓားနဲ့ ဓားလှီးခေါက်ဆွဲလုပ်ပြီး ဒီသူရဲကောင်းကိုလုပ်ကျွေးမယ်!"
"ငါကတော့ အဲ့ဒီလူအတွက် ငါ့ရဲ့ဧကရာဇ်ကျောက်စိမ်းတံဆိပ်နဲ့ သစ်ကြားသီးခွဲပေးမယ်"
"ဒီကိစ္စက ဒါရိုက်တာကျန်းနဲ့ ပတ်သက်နေတယ်လို့ ငါ တကယ်သံသယရှိတယ်။ ဒီအဖြစ်အပျက် ဖြစ်နေတဲ့အချိန်မှာပဲ သူက တိုက်ရိုက်ထုတ်လွှင့်မှုစတင်လိုက်တာကြီးက ဒီကိစ္စကြီးဖြစ်လိမ့်မယ်ဆိုတာကို ကြိုသိထားသလိုပဲ"
"ဟားဟားဟား ညီအစ်ကိုရေ.. မင်းအကောင့်တော့သွားပြီ။ တချို့ကိစ္စတွေက ထုတ်မပြောတာပိုကောင်းတယ်ကွ"
"စိတ္တဇဝေဒနာရှင် အယောက်၇၀၀ကျော်ကို သူ ဘယ်လိုရှာခဲ့တာလဲ။ ဒါက သိပ္ပံနည်းမကျဘူး!"
...
"သက်ဆိုင်ရာအာဏာပိုင်များရဲ့ စုံစမ်းစစ်ဆေးမှုအရ စိတ္တဇဝေဒနာရှင်များရဲ့ အဓိကရုဏ်းနဲ့ပတ်သက်ပြီး သဲလွန်စတစ်ခု ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီလူနာတွေက 'အရုဏ်ဦးနိုင်ငံတကာစိတ်ရောဂါကုဆေးရုံဥရောပဌာနခွဲ'က ရောက်လာတာဖြစ်ပါတယ်။ ဒီဆေးရုံက ပြင်းထန်တဲ့ စိတ်ရောဂါဝေဒနာရှင်တွေကို အထူးကုသပေးပြီး ကမ္ဘာ့အကောင်းဆုံး ကုသမှုစနစ်တွေနဲ့ ဆရာဝန်တွေလည်းရှိတယ်လို့ သိရပါတယ်"
"အရုဏ်ဦးနိုင်ငံတကာစိတ်ရောဂါကုဆေးရုံရဲ့ တည်ထောင်သူက ဖန်းကြွယ်ယွီဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပေမဲ့ လွန်ခဲ့တဲ့တစ်ရက်ကပဲ ဒီဆေးရုံရဲ့ပိုင်ဆိုင်မှုကို ဟွာရှားနိုင်ငံက ကျန်းမုန့်လောင်ထံ လွှဲပြောင်းပေးထားပါတယ်။ ဒီအကြောင်းကို နှိုက်နှိုက်ချွတ်ချွတ်စုံစမ်းစစ်ဆေးသွားမှာဖြစ်ပါတယ်"
ထိုညနေခင်းတွင် Global Dailyက ဤသတင်းကို အရေးပေါ်ထုတ်ပြန်ခဲ့ပြီးနောက် လူထုအကြားတွင် လှုပ်ခတ်မှုကြီးတစ်ခု ဖြစ်သွားခဲ့သည်။
ဤဖြစ်ရပ်မှာ တကယ်ပင် ကျန်းမုန့်လောင်၏လှုံ့ဆော်မှုပင်။
"ဒါရိုက်တာကျန်း..ဒီနေ့ကစပြီး ငါက မင်းရဲ့အမာခံပရိသတ်ဖြစ်သွားပြီ"
"အိုး..တရားမျှတမှုရဲ့အလင်းရောင်ပဲ!"
"ပြီးသွားပြီ။ ဒီတစ်ခါတော့ မစ္စတာကျန်းတစ်ယောက် အရှုံးပေးရတော့မယ်လို့ မင်းတို့ထင်ကြလား"
"ပြောရခက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက တိုင်းတစ်ပါးကို ရောက်နေတာလေ။ Champs-Elysees Springကလည်း ဒီကိစ္စကို လွယ်လွယ်နဲ့ လက်လျှော့မှာမဟုတ်ဘူး။"
...
လူတိုင်းထင်လိုက်သည်မှာ ကျန်းမုန့်လောင်တော့ ထွက်ပြေးဖို့ပြင်ဆင်ရင်း အာရုံများနေလိမ့်မည်ဟုပင်။ အကြောင်းမှာ ဤဖြစ်ရပ်ကို ငွေတစ်ခုတည်းနှင့် ဖြေရှင်းနိုင်မည်မဟုတ်သောကြောင့်ပင်။ ပိုပြင်းထန်စွာပြောရလျှင် ဤသည်မှာ အကြမ်းဖက်သည့်သဘောပင် သက်ရောက်နေသည်။
သို့သော် ကျန်းမုန့်လောင်က ဒေသခံအာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုကို လက်ခံပြီး မီဒီယာအားလုံးနှင့်ပင် တွေ့ဆုံမေးမြန်းခံလိမ့်မည်ဟု မည်သူမှထင်မထားပေ။ ဤကိစ္စနှင့်ပတ်သက်၍ သူ့တွင် ဘာမှကြောက်ရွံ့စရာမရှိဘူးဟုပင် ထင်ရသည်။
နောက်တစ်နေ့တွင် မျှော်လင့်စောင့်စားနေသည့် ဉာဏ်ရည်တိုက်ပွဲကား Champs-Elyseesလမ်းမအနီးရှိ စုံစမ်းစစ်ဆေးရေးရုံးတွင် ကျင်းပခဲ့သည်။ ကျန်းမုန့်လောင်က စုံစမ်းစစ်ဆေးခံရမည့်သူသက်သက်သာ ဖြစ်၏။ သူရောက်လာချိန်တွင် ကင်မရာများအားလုံးက သူကိုချိန်ထားလိုက်ကြသည်။
"သောက်ကျိုးနည်း! သူက ဒီကို ဘာလာလုပ်တာလဲ။ ဂါလာပွဲတက်ဖို့လား"
ထိုအချိန်တွင် ပြည်တွင်းရှိ ကြည့်ရှုသူများစွာက ဤအဖြစ်အပျက်ကို အနီးကပ်စောင့်ကြည့်နေကြပြီး တော်တော်များများက ကျန်းမုန့်လောင်၏ အခြေအနေကို စိုးရိမ်နေကြလေသည်။
သို့သော် ယခုတွင်မူ သူတို့ မလိုအပ်ဘဲ စိုးရိမ်နေမိသလို ခံစားလိုက်ရသည်။
ကျန်းမုန့်လောင်က ယနေ့မှာ ဝတ်စုံပြည့်ဝတ်စား၍ နေကာမျက်မှန်တပ်ကာ ကမ္ဘာကျော်စူပါစတားတစ်ဦးအလား စုံစမ်းစစ်ဆေးမှုအတွက် ရောက်ရှိလာခဲ့သည်။ ထို့ပြင် သတင်းထောက်များအားလုံးကိုပင် ပြုံးပြုံးလေးခေါင်းညိတ်ပြလိုက်သေးသည်။
"အရှေ့တိုင်းမိတ်ဆွေတို့... နေကောင်းရဲ့လား"
"အနောက်တိုင်းမိတ်ဆွေတွေရော ငါ့ကိုလွမ်းနေကြလား"
ကျန်းမုန့်လောင် စုံစမ်းစစ်ဆေးခံရမည့်သတင်းကို ကြားလိုက်ရသောအခါ ဟွာရှားနိုင်ငံသားတော်တော်များများက အပြေးအလွှားလာရောက်ခဲ့ကြသည်။ ဤသို့ဖြင့် စုံစမ်းစစ်ဆေးမှုဟု ရည်ရွယ်ထားသော ကြားနာမှုကြီးက ပရိသတ်တွေ့ဆုံပွဲကြီးတစ်ခု ဖြစ်သွားခဲ့သည်။
"မစ္စတာကျန်းမုန့်လောင် ဒါက စုံစမ်းစစ်ဆေးရေးကြားနာမှုပါ။ အပြုအမူဆင်ခြင်ပေးပါ"
ဤအမှုကို တာဝန်ယူထားသည့် စုံစမ်းစစ်ဆေးရေးမှူးက ကျန်းမုန့်လောင်၏သဘောထားကို အလွန်အမင်းမကျေမနပ်ဖြစ်နေသည်။
"ခင်ဗျားကဘယ်သူလဲ"
ကျန်းမုန့်လောင်က သရော်သံတစ်ချက်ပြု၍ ပြောလိုက်သည်။
"ကျုပ်က ဒီအမှုရဲ့ စုံစမ်းစစ်ဆေးရေးမှူး မူရေးပဲ။ မစ္စတာကျန်း..အခုကစပြီး မင်းပြောတဲ့စကားတိုင်းအတွက် မင်းမှာ တာဝန်ရှိတယ်နော်"
မူရေးက သူ့ဩဇာအာဏာဖြင့် ကျန်းမုန့်လောင်ကို ဖိအားပေးရန် ကြိုးစားခဲ့သော်လည်း ထိုဩဇာအာဏာမှာ ကျန်းမုန့်လောင်အပေါ် ဘာသက်ရောက်မှုမှမရှိခဲ့ချေ။
"မစ္စတာမူရေး.. တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဒီစုံစမ်းစစ်ဆေးမှုမှာ ကူညီဖို့သက်သက်ရောက်လာတာပါ။ ကျွန်တော်က ခင်ဗျားရဲ့ရာဇဝတ်သားမဟုတ်ပါဘူး။ ခင်ဗျားကိုယ်တိုင်လည်း အပြုအမူဆင်ခြင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"
"မင်း!"
မူရေးက ဒေါသထွက်လွယ်သူဟု နာမည်ကြီးသူတစ်ယောက်ဖြစ်၏။
"ကောင်းပြီလေ မစ္စတာကျန်း.. မင်းက ပြင်သစ်ကမဟုတ်ဘူးဆိုတာနဲ့ပဲ ကျုပ်တို့ဥပဒေက မင်းကိုမထိပါးနိုင်ပါဘူးလို့ မထင်လိုက်လေနဲ့"
"တောင်းပန်ပါတယ်။ ကျွန်တော် ဘယ်ဥပဒေကို ချိုးဖောက်မိလဲဆိုတာ ပြောပြပေးနိုင်မလား"
ကျန်းမုန့်လောင်က လက်နှစ်ဖက်ကို ကားပြလိုက်သည်။
"ကျွန်တော် မနေ့တုန်းက နို့လက်ဖက်ရည်နှစ်ခွက်သောက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုလေးတစ်ခု လုပ်ခဲ့တာပဲရှိတာလေ။ ခင်ဗျားတို့ရဲ့စွဲချက်က အဲဒါဆိုရင် ကျွန်တော်လည်း မတတ်နိုင်ဘူးပေါ့"
"မစ္စတာကျန်း.. မနေ့က အဓိကရုဏ်းဖြစ်စဉ်မှာ မင်းပါဝင်နေတယ်ဆိုပြီး ကျုပ်တို့ ခိုင်လုံတဲ့သက်သေအထောက်အထားရထားတယ်"
"အိုး? ပြောစမ်းပါဦး"
"ကျုပ်တို့ရဲ့စုံစမ်းစစ်ဆေးမှုအရ အရုဏ်ဦးနိုင်ငံတကာစိတ်ရောဂါကုဆေးရုံကို မင်းပိုင်တယ်။ ပြီးတော့ မနေ့က အဓိကရုဏ်းဖြစ်စေခဲ့တဲ့ လူနာတွေကလည်း အဲဒီဆေးရုံက လူနာတွေပဲ"
"ပြီးတော့ရော"
"မင်း ဒီလူနာတွေကို ထိန်းချုပ်ပြီး တမင်တကာ လက်စားချေတဲ့လုပ်ရပ်တစ်ခု ဖန်တီးခဲ့တယ်လို့ ကျုပ်တို့သံသယရှိတယ်"
"ခင်ဗျားရူးနေလား"
ကျန်းမုန့်လောင်က ချက်ချင်းပင် ခုခံပြောဆိုလိုက်သည်။
"မစ္စတာကျန်း..မင်းရဲ့စကားနဲ့အပြုအမူကို ဆင်ခြင်ပေးပါ"
"ကျုပ်က နှုတ်ဆိတ်နေရမယ်ပေါ့"
ကျန်းမုန့်လောင်ကလည်း ပြန်ပက်သည်။
"ခင်ဗျားကိုယ်တိုင်ပဲ စိတ္တဇဝေဒနာရှင်အယောက်၇၀၀ကျော်ကို ထိန်းချုပ်ကြည့်ပါ့လား။ ခင်ဗျား ဦးနှောက်သွေးယိုစီးမှု ဖြစ်နေတာပဲဖြစ်ရမယ်။ ဒီလိုလုပ်ပါ့လား။ ကျုပ်တို့ဆေးရုံမှာ လူနာဆောင်တွေနဲ့ လူနာခုတင်တွေအများကြီးရှိသေးတယ်။ ဒီရောဂါက ကုသလို့ရပါတယ်။ လုံးဝလက်မလျှော့လိုက်နဲ့"
*******