← Chapters

ခင်ဗျားပြောနေတာ ဘယ်လိုမင်းသမီးကိုပြောတာလဲ

Vol. 13 Ch. 183

ခင်ဗျားပြောနေတာ ဘယ်လိုမင်းသမီးကိုပြောတာလဲ

Vol. 13 Ch. 183

"အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ကျန်းမုန့်လောင်ခမျာ မယုံနိုင်စရာကောင်းသော ဒဏ္ဍာရီတစ်ပုဒ်ကို နားထောင်နေရသလို ခံစားလိုက်ရသည်။ တိုက်တန်းနစ်သင်္ဘော နစ်မြုပ်သွားသည့် ကိုဩဒိနိတ်မှာ မြောက်အရပ် 41°43'55.66", အနောက်အရပ်49°56'45.02"ပင်။ ထိုတည်နေရာမှာ မြေအောက်ကြမ်းပြင်အနက် မီတာလေးထောင်နီးပါးရှိ၏။

တိုက်တန်းနစ်သည် ရတနာအပြည့် တင်ဆောင်သွားသည့် သင်္ဘောတစ်စီးဖြစ်ကြောင်း လူတိုင်းသိသည်။ ရာစုနှစ်တစ်ခုကျော်ကာလအတွင်း လူတော်တော်များများက ပင်လယ်အောက်ကြမ်းပြင်မှ "သမုဒ္ဒရာနှလုံးသား"၏ သဲလွန်စကို ရှာဖွေရန် ကြိုးစားခဲ့ကြသော်ငြား လက်ဗလာနှင့်သာ ပြန်ခဲ့ကြရသည်။

နှစ်တစ်ရာကုန်လွန်သွားပြီးနောက် ဤသင်္ဘောပျက်ကြီးမှာ ရေနေသတ္တဝါများအတွက် ကောင်းကင်ဘုံတစ်ခုပင် ဖြစ်လာခဲ့ပြီး တချို့အစိတ်အပိုင်းများဆိုလျှင် နုန်းမြေသားအောက်တွင် နစ်မြုပ်သွားပြီဖြစ်၏။

ထို့ပြင် တိုက်တန်းနစ်သင်္ဘောပျက်ကြီးကား အလွန်ရှုပ်ထွေးလှသည်။ ၎င်း၏တည်နေရာကို သိလျှင်ပင် ထိုအပျက်အစီးများထဲမှ ထိုအရာကို ထုတ်ယူရန်မှာ မဖြစ်နိုင်သောတာဝန်တစ်ခုပင်။ 'ကောက်ရိုးပုံထဲတွင် အပ်ရှာခြင်း'ဟူသော စကားနှင့်ပင် ဖော်ပြ၍မရနိုင်ပေ။

"သူတို့က ရေငုပ်သင်္ဘောအစီးရာဂဏန်းလောက်သုံးပြီး လိုက်ရှာခဲ့လို့များလား"

ကျန်းမုန့်လောင် ဘာသာပြန်ပေးသောစကားကို ကြားပြီးနောက် ဝမ်လင်က ခန့်မှန်းကြည့်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ကျန်းမုန့်လောင်က ယနေ့ပင် တိုက်လေယာဉ်အစီးနှစ်ရာကို ဆင့်ခေါ်လိုက်သည်မဟုတ်လား။ သို့ဖြစ်လေရာ ထိုကဲ့သို့သောကိစ္စမျိုးလည်း ဖြစ်နိုင်ခြေရှိကောင်းရှိနိုင်သည်။

"သေစမ်း… မင်းက နိုင်ငံခြားကနေ မာစတာဘွဲ့ရထားပြီးတာတောင် ဒီလောက်ရူပဗေဒအခြေခံလေးကို မသိဘူးလား"

ကျန်းမုန့်လောင်က အထင်သေးဟန်ဖြင့် ပြောလိုက်သည်။

"အခုအချိန်အထိ အကြီးဆုံးရေငုပ်သင်္ဘောတောင် ပင်လယ်ရေမျက်နှာပြင်အောက် တစ်ကီလိုအထိပဲ ဆင်းနိုင်သေးတယ်။ မင်းက အဲ့ဒီမီတာလေးထောင်အနက်ကို ဆင်းနိုင်မယ်များထင်နေလား။ မင်း စိစိညက်ညက်ကျေအောင် ဖိခြေခံရလိမ့်မယ်"

"ငါက ရူပဗေဒမှမသင်ခဲ့ရတာ။ မင်းက ငါ့ကို ဘာလို့လာဟောက်နေတာလဲ"

ဝမ်လင်က မကျေမနပ်ရေရွတ်လိုက်၏။

"လူမဲ့ရေငုပ်သင်္ဘောအများကြီးကို ကျုပ်တို့ထုတ်လုပ်ခဲ့ကြတယ်လေ။ ပြီးတော့ တိုက်တန်းနစ်သင်္ဘောအောက်က နုန်းမြေတွေထဲကနေ အဲ့ဒါကိုရှာဖွေနိုင်ဖို့အတွက် ၁၇လလောက် အချိန်ယူခဲ့ရတာပေါ့"

စကော်ရိုလိုက ပြောလာသည်။

"ကျုပ်တို့မိသားစုက မင်းတို့ရက်ရောမှုကြောင့် အကျိုးအမြတ်ရခဲ့ပြီး စွမ်းအားရှင်တစ်ခုကို ပြုစုပျိုးထောင်နိုင်ခဲ့ပေမဲ့ သူတို့ရဲ့စွမ်းရည်ကလည်း အကန့်အသတ်ရှိတာပါပဲ။ သူတို့က အများဆုံးမှ မီတာ၂၅၀၀အနက်အထိပဲ ရေငုပ်နိုင်ခဲ့တယ်လေ။ အဲ့ဒါကြောင့် ကျုပ်တို့အနေနဲ့ ဒီလိုဝန်ကျယ်တဲ့နည်းလမ်းမျိုးကိုပဲ သုံးခဲ့ရတာပေါ့"

"ဒါပေမဲ့ ပင်လယ်ထဲမှာ နှစ်တစ်ရာလောက်နစ်မြုပ်နေခဲ့တာဆိုတော့ အစိတ်အပိုင်းတော်တော်များများက အောက်စီဂျင်နဲ့ဓာတ်ပြုပြီး ပျက်စီးသွားပြီလေ။ အဲ့ဒါနဲ့ ကျုပ်တို့လည်း စိန်အဆင်တန်ဆာတွေနဲ့ ပြန်အလှဆင်ထားပြီး မူရင်းပုံစံအတိုင်း ပုံတူပွားဖို့အတွက် အကောင်းဆုံးလက်မှုပညာရှင်တွေကို ခိုင်းခဲ့ရတယ်"

စကော်ရိုလိုက သာမန်ကာလျှံကာပြောပြနေသော်ငြား ၎င်းမှာ မည်မျှအထိ ကြီးကျယ်ခမ်းနားလှသော ပရောဂျက်ကြီးတစ်ခုဖြစ်ကြောင်း ကျန်းမုန့်လောင် ခန့်မှန်းကြည့်နိုင်လေသည်။သို့သော် စကော်ရိုလို၏စကားများမှတစ်ဆင့် တချို့အချက်အလက်များကို သူ သိလိုက်ရသည်။ ဒိုရယ်လာမိသားစုတွင် ယဲ့ရင်လို လူမျိုးများရှိထားပြီး အရေအတွက်အားဖြင့်လည်း အသင့်အတင့်ရှိနိုင်လောက်သည်။

သို့သော် သူတို့မိသားစု၏လွှမ်းမိုးမှုကြောင့် သူတို့ အကျိုးအမြတ်ရခဲ့တယ်ဟုဆိုခြင်းမှာ ဘာအဓိပ္ပာယ်လေလဲ။ ထိုအပိုင်းကိုတော့ ကျန်းမုန့်လောင် သိပ်နားမလည်ပေ။

"ကျွန်တော်တို့ ဒီလက်ဆောင်ကိုလက်ခံပါတယ်။ ခင်ဗျားရဲ့တွေးပေးတတ်မှုကိုလည်း အသိအမှတ်ပြုပါတယ်"

ကျန်းမုန့်လောင်က ထိုသို့ပြောပြီးနောက် သမုဒ္ဒရာနှလုံးသားလည်ဆွဲကိုယူ၍ လုရီယောင်၏လည်တိုင်ထက်တွင် ဆွဲပေးလိုက်၏။ သူ(မ)က သာမန်ဆွယ်တာတစ်ထည်တည်းကိုသာ ဝတ်ဆင်ထားသော်လည်း သမုဒ္ဒရာနှလုံးသားကို ဆင်လိုက်ချိန်မှာ အလှပဆုံးသောမင်းသမီးလေးတစ်ပါးအလားပင်။

"အရမ်းလှတယ်"

"ဒါ..ဒီပစ္စည်းက အရမ်းတန်ဖိုးကြီးလွန်းတယ်။ ငါတို့ သိမ်းထားသင့်တယ်နော်"

လုရီယောင်က ပြောလိုက်သည်။ အမေရိကန်ဒေါ်လာသန်းတစ်ရာတန်သော ပစ္စည်းတစ်ခုကို သူ(မ)၏လည်တိုင်ထက်တွင် ဆွဲထားရသည်ကို ယုံရခက်နေချေသည်။ ယခုလက်ရှိမှာပင် ၎င်း၏သမိုင်းဝင်တန်ဖိုးကား သန်းတစ်ရာထက် ပိုများနေပြီဖြစ်၏။

"အဲ့လောက်လည်း တန်ဖိုးကြီးနေတာ ဘာတစ်ခုမှမရှိပါဘူး။ ပျက်စီးသွားရင်လည်း အသစ်တစ်ခုပြန်ဝယ်ပေးမှာပေါ့"

လုရီယောင်က ဆွဲကြိုးကိုချွတ်ဖို့ ကြိုးစားနေသဖြင့် သူ(မ)၏လက်ကိုလှမ်းတား၍ ကျန်းမုန့်လောင်က ပြောလိုက်သည်။

"မင်းကတော့ ငါ့ကို မနာလိုဖြစ်ပြီးသေစေချင်နေတာပဲ"

ဝမ်လင်က တစ်ဖက်ကို ခေါင်းလှည့်လိုက်သည်။ ချစ်ခင်ကြင်နာပြနေသော ဤမြင်ကွင်းကြောင့် သူ ပြည့်အင့်သွားရလေပြီ။

သူ့ရည်းစား၏မျက်နှာထက်ရှိ မနာလိုအားကျလေဟန်အမူအရာမှာ အစိုင်အခဲအဖြစ်ကိုပင် ပြောင်းလဲလုနီးနီးဖြစ်နေသည်။

...

"မစ္စတာကျန်း တော်တော်နောက်ကျနေပါပြီ။ အခု နေအိမ်ကိုလိုက်ပို့ပေးပါတော့မယ်"

"အင်း"

ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်သည်။ ကြီးမားလွန်းလှသော အချိန်ကွာဟချက်နှင့် ခရီးပန်းမှုတို့ကြောင့် ကျန်းမုန့်လောင် တတ်နိုင်သမျှမြန်မြန်အိပ်စက်ဖို့ လိုနေပြီဖြစ်၏။ ထိုသို့မဟုတ်ပါက နောက်ရက်များတွင် အပြည့်အဝပျော်ရွှင်နိုင်ရန် ခက်ခဲသွားပေလိမ့်မည်။

...

ကျန်းမုန့်လောင်က Frantfurtနိုင်ငံ၏မြို့တော် ပဲရစ်၏ လူသူထူထပ်စည်ကားလှသော လမ်းမများကိုဖြတ်သန်း၍ တိတ်ဆိတ်ငြိမ်သက်သော အိမ်ရာများဆီသို့ ရောက်ရှိလာခဲ့သည်။

ထိုအိမ်ရာမှာ လူခြေတိတ်သောနေရာတွင် တည်ရှိသောကြောင့် မဟုတ်ပါဘဲ ၎င်း၏တည်နေရာမှာ စင်စစ်ထူးခြားနေသောကြောင့်ပင်။ ထိုအိမ်ရာ၏ဘေးတွင်မူ ဆူညံနေသောမြို့ကြီးရှိသော်ငြား ထိုအကြားအလပ်တွင်မူ တိကျရှင်းလင်းစွာ ပိုင်းခြားထားသော နယ်နိမိတ်စည်းတစ်ခုရှိနေဟန်ဖြင့် ဤအိမ်ရာကို တည်ဆောက်ရန်အတွက် ပဲရစ်မြို့၏တစ်စိတ်တစ်ပိုင်းကို သီးသန့်ဖြတ်ထုတ်ထားသည့်အလားပင်။

ဤအိမ်ရာမှာ ဥရောပစတိုင်လ်အပြည့်ပင်။ စုစုပေါင်းတည်ဆောက်ထားသော ဧရိယာကလည်း စတုရန်းမီတာနှစ်သိန်းကျော်မည်ဟု ထင်ရသည်။ မလှမ်းမကမ်းကကြည့်လျှင် ရဲတိုက်သဏ္ဍာန် တည်ဆောက်မှုကြီးက ခမ်းနားပြီး တော်ဝင်ဆန်သောအငွေ့အသက်များ ထုတ်လွှတ်နေ၏။

"ဒါက ၁၈ရာစုတုန်းက မင်းတို့မိသားစုအတွက် အထူးသီးသန့်တည်ဆောက်ပေးထားတာပါ။ ကျန်းမျိုးရိုးတွေကလွဲရင် ဒီနေရာမှာ ဘယ်သူမှနေခွင့်မရှိပါဘူး။ အချိန်အများစုမှာ အခန်းတွေကလွတ်နေပေမဲ့ နေ့တိုင်းသန့်ရှင်းရေးလုပ်ထားတာပါ။ အဲ့ဒါကြောင့် ဘာမှစိတ်ပူစရာမလိုပါဘူး"

ဒိုရယ်လာက ပြောလာလေသည်။

"မဆိုးဘူးပဲ"

ကျန်းမုန့်လောင်က စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။

"မဆိုးဘူးတဲ့လား။ မဆိုးရုံလေးပဲလား။ ငါ့တစ်သက် ဒီလိုရဲတိုက်မျိုးထဲကို တစ်ခါမှခြေမချခဲ့ဖူးဘူးကွ"

ဝမ်လင်က အားကျနေသောအကြည့်များဖြင့် ကြည့်၍ ပြောလာချေသည်။

"ထူးဆန်းလိုက်တာ။ ငါ ဘာလို့သက်သောင့်သက်သာမဖြစ်သလို ခံစားနေရတာပါလိမ့်"

ရဲတိုက်ထဲသို့ ကျန်းမုန့်လောင် ဝင်သွားလိုက်သည့်အချိန်မှာပင် မျက်လုံးပေါင်းများစွာက သူ့ကို စောင့်ကြည့်နေသည့်အလား ခံစားလိုက်ရသည်။

သူလည်း ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်လေရာ အိမ်အကူမိန်းကလေးများအားလုံးကို မြင်လိုက်ရသည်။ သူတို့က တံမြက်စည်းလှည်းသူကလှည်း၊ နံရံကိုသုတ်သူက သုတ်၊ လက်ဖက်ရည်တည်ခင်းသူက တည်ခင်း သို့မဟုတ် ပန်းအိုးများကို ဂရုစိုက်သူက စိုက်နှင့် အလုပ်လုပ်ရင်း သူ့ကိုလည်း တိတ်တဆိတ်စောင့်ကြည့်နေကြသည်။

"လောင်ကျန်း.. မင်းဆီက အိမ်အကူတွေရဲ့အရည်အသွေးက တယ်ကောင်းတာပဲ"

ဝမ်လင်က ဖြတ်လျှောက်သွားသော အိမ်အကူတစ်ယောက်ကို မရိုးသားသောမျက်လုံးများဖြင့်ကြည့်ရင်း ပြောလာလေသည်။ သူ(မ)၏အသားအရေမှာ ဖြူဖွေးပြီး အရပ်ရှည်ရှည်နှင့် တင့်တယ်လှသော သူ(မ)၏ဟန်ပန်နှင့် အလှတရားမှာ ရင်သပ်ရှုမောဖွယ်ရာ ကောင်းလှသည်။ ပို၍ထူးဆန်းသည့်အချက်မှာ သူ(မ)တွင် အိမ်အကူတစ်ယောက် မရှိသင့်သည့် တော်ဝင်ဆန်သော အငွေ့အသက်တစ်မျိုး ရှိနေချေသည်။

"မင်းအိမ်မှာရှိတဲ့ အိမ်အကူတွေကို ရွေးချယ်တဲ့ သတ်မှတ်စံနှုန်းက Miss Worldအဆင့်လောက် ရှိတာများလား"

ဝမ်လင်က နောက်လိုက်သည်။

ကျန်းမုန့်လောင်က ဝမ်လင်၏စကားများကို စကော်ရိုလိုထံသို့ ဘာသာပြန်ပြလိုက်သည်။

စကော်ရိုလိုကလည်း တခစ်ခစ်ရယ်လိုက်၏။

"တကယ်တော့ သူတို့က အိမ်အကူတွေမဟုတ်ပါဘူး။ မင်းသမီးတွေပါ"

"ဘာ? အကုန်လုံးက မင်းသမီးတွေလား"

ကျန်းမုန့်လောင်ခမျာ ကြက်ဥတစ်လုံးဝင်ဆန့်နိုင်လောက်သည်အထိ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

"နေပါဦး။ ခင်ဗျားပြောတဲ့ မင်းသမီးဆိုတာက ကေတီဗီမှာတွေ့ရတတ်တဲ့ မင်းသမီးကိုပြောတာလား။ ဒါမှမဟုတ် တခြားမင်းသမီးကိုပြောတာလား"

စကော်ရိုလိုက ကျန်းမုန့်လောင်၏ဟာသကြောင့် အံ့ဩသွားပြီး ရယ်သည်။

"မစ္စတာကျန်း… သူတို့က ဥရောပတော်ဝင်မိသားစုတွေထဲက မင်းသမီးတွေပါ။ မင်းပြောတဲ့ မင်းသမီးတွေဆိုတာက မင်းရဲ့အိမ်ထဲကိုဝင်နိုင်လောက်တဲ့ အရည်အချင်းမျိုးရှိမှာတဲ့လား"

"သောက်ကျိုးနည်း.. မင်းသမီးတွေက မင်းရဲ့အိမ်မှာ အိမ်အကူအနေနဲ့ လာအလုပ်လုပ်ကြတာလား"

ဝမ်လင်ခမျာ မယုံကြည်နိုင်စွာဖြင့် ဆဲဆိုရင် စွေ့စွေ့ခုန်နေလေတော့သည်။ သူက အင်တာနက်ဆယ်လီအလှပဂေးလေးနှစ်ယောက်လောက်ရှာပြီး သူ့ရည်းစားလုပ်ခိုင်းဖို့ စဉ်းစားနေချိန်မှာ ကျန်းမုန့်လောင်၏အိမ်တွင်မူ မင်းသမီးတစ်စုက အိမ်အကူအဖြစ်ပင် လာအလုပ်လုပ်နေကြသတဲ့။

ဒီထက်ပိုပြီး ကြမ်းနိုင်ဦးမလား။ ဤသည်မှာ မဖြစ်နိုင်ပေ။ ကျန်းမုန့်လောင်၏မိသားစုက ချမ်းသာသည်ဆိုလျှင်ပင် ဤသည်မှာမူ အလွန်ချဲ့ကားလွန်းသွားပြီဖြစ်၏။ သူတို့က သူတို့၏အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ဂရုမစိုက်တော့ဘူးတဲ့လား။

"ဒါက..စကော်ရိုလို ခင်ဗျား ကျွန်တော့်ကိုရှင်းပြလို့ရမလား"

ကျန်းမုန့်လောင်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။

"ကျွန်တော်တို့ ဘာသာပြန်တစ်ယောက်လောက်ရနိုင်မလား"

ဝမ်လင်က လက်မြှောက်လိုက်သည်။ သူ့မှာ ဤတိုက်နယ်ထဲသို့ ခြေချလိုက်သည့်အချိန်ကတည်းက ကျန်းမုန့်လောင် သူ့အတွက် ဘာသာပြန်ပေးသည့်စကားများကလွဲလျှင် ဘာမှနားမလည်ခဲ့ချေ။

"မင်း ကြားချင်တာ သေချာရဲ့လား"

ကျန်းမုန့်လောင်က အပြုံးလေးဖြင့် မေးလိုက်သည်။ ဤမင်းသမီးများက သူ့အိမ်မှာ ဘာကြောင့် အိမ်အကူအဖြစ် အလုပ်လာလုပ်သလဲဆိုသည်ကို သူမသိသော်ငြား ထိုအချက်ကို ထုတ်ဖော်ပြောဆိုလိုက်ပါလျှင် ခံစားရမည့်ထိတ်လန့်မှုကား သူ့အဘိုးဖန်တီးခဲ့သော ကမ္ဘာ့စီးပွားရေးအကျပ်အတည်းထက်တော့ လျော့နိုင်မည်မဟုတ်။

"ဒါက ထပ်ပြီးထိတ်လန့်ရမဲ့ကိစ္စလေးတစ်ခုပဲမလား။ ငါ သည်းခံနိုင်တယ်။ နားမလည်တာကြီးကိုတော့ သည်းမခံနိုင်ဘူးကွာ။ တော်တော်စိတ်ဖိစီးတယ်"

ဝမ်လင်က ပြောလာ၏။

"မင်းတို့ကြားချင်တယ်ဆိုမှတော့ ပြောပြရတာပေါ့"

စကော်ရိုလိုက လက်ဟန်ပြလိုက်ချိန်ဝယ် ဟွာရှားဘာသာစကားကျွမ်းကျင်သော လက်အောက်ငယ်သားတစ်ယောက်က သူတို့အနားသို့ ချက်ချင်းရောက်ချလာသည်။

"ဒီကိစ္စနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် မင်းအဘိုးကနေ စရမှာပဲ"

***********

All Chapters