အံ့ဖွယ်ဖြစ်ရပ် ပေါ်ပေါက်လာခြင်း
Vol. 13 Ch. 182
ယခုလိုဒူးထောက်ခစားခြင်းအခမ်းအနားမှာ အဆင့်မြင့်ယဉ်ကျေးမှုခေတ်တွင် ပျောက်ကွယ်သွားပြီဖြစ်၏။ အလွန်ဆုံးရှိလှ ဟွာရှားရိုးရာမင်္ဂလာပွဲများတွင်သာ တွေ့ရတော့သည်။ လူပျိုလှည့်ပိုးပန်းသည့်ကာလမျိုးတွင် ကီးဘုတ်ရှေ့ ဒူးထောက်ခစားခြင်းမျိုးကိုတော့ ထည့်မတွက်ပေ။
ဝမ်လင်က ထိုလူများ၏ အမူအရာကို သေချာအကဲခတ်ကြည့်လိုက်သည်။ သူတို့သည် အလွန်တရာ စိတ်ရင်းစစ်မှန်နေပြီး မကျေမနပ်ဖြစ်ဟန်တို့၊ အင်တင်တင်ဖြစ်နေဟန်တို့ မပြသပေ။ သူတို့အတွက်မူ ဒူးထောက်ရခြင်းကား အလိုလိုဖြစ်ပေါ်လာသည့်အလားပင်။
"မင်းရဲ့ဘိုးဘေးက ဧကရာဇ်တစ်ပါးတော့မဟုတ်ဘူးမလား"
ဝမ်လင်က ပြောမိလေတော့သည်။
"အဲ့ဒါတော့ ငါမသိဘူး။ ဒါပေမဲ့ ဧကရာဇ်တော်တော်များများက ငါ့မိသားစုဆီက ပိုက်ဆံချေးခဲ့တယ်ဆိုတာတော့ သိတယ်"
ကျန်းမုန့်လောင်ကလည်း ဤသို့နှယ် ပြန်ဖြေလိုက်သည်။
"မုန့်လောင်.. သူတို့ကို ပြန်ထခိုင်းလိုက်စမ်းပါ။ သူတို့ အအေးဒဏ်ကို ခံနိုင်မှာမဟုတ်ဘူး"
လုရီယောင်က စိုးရိမ်ပူပန်စွာ ဆိုလာသည်။ ယခုတော့ သူ့အနေနှင့် ကျန်းမုန့်လောင်၏နောက်ခံကို ပိုသိချင်သွားရပြီဖြစ်၏။ သူ့လွှမ်းမိုးမှုကား ကျယ်ပြောလွန်းလှသည်။ ဟွာရှားတင်မက ဥရောပတိုက်အထိပင် ပေါက်ရောက်ပေသည်။
ဝမ်လင်၏ရည်းစား အင်တာနက်ဆယ်လီကတော့ ကျန်းမုန့်လောင်ကို သဘာဝလွန်လူသားတစ်ယောက်နှယ် ကြည့်နေချေသည်။
"အိုး ဟုတ်သားပဲ။ ဟုတ်သားပဲ"
ဤလူများ ဒူးထောက်နေဆဲဖြစ်ကြောင်း ကျန်းမုန့်လောင် သတိထားမိသွားသည်။ ထိုစက္ကန့်ပိုင်းစာလောက်လေးမျှဖြင့် အာရုံစိုက်မှုတော်တော်များများကို ဖမ်းစားလိုက်နိုင်သည်။ ကျန်းမုန့်လောင်က ဤနေရာကို ပျော်ပါးရန်အတွက် ရောက်လာခြင်းဖြစ်သည်။ ဤနေရာတွင် အင်တာနက်ဆယ်လီတစ်ဦး ဖြစ်လာစေရန် ရည်ရွယ်ခြင်းမဟုတ်။
"ချစ်လှစွာသောငယ်သားတို့ ထကြလော့..အာ မဟုတ်သေးပါဘူး။ မြန်မြန်ထကြ အားလုံးပဲ။ ကျွန်တော်တို့က ခင်ဗျားတို့လို သူသူကိုယ်ကိုယ်ပါပဲ။ စကော်ရိုလို..ခင်ဗျားရဲ့အသက်က ကျွန်တော့်အဖေလောက်ရှိတယ်။ မသင့်တော်ပါဘူးဗျာ"
"အားလုံးပဲ ထကြပါ"
စကော်ရိုလိုက ပြောလိုက်လေသည်။
"သခင်လေး.. မင်းရှေ့မှာ ကျုပ်တို့တွေ အသက်အရွယ်ကို ဦးစားမပေးရဲပါဘူး။ ကျုပ်တို့အတွက် မင်းကိုဒူးထောက်ရတာက သင့်တော်ပါတယ်။ ပြီးတော့ ဒါက ကျုပ်တို့ရဲ့ရိုးရာအစဉ်အလာမိသားစုစည်းကမ်းလေ။ မင်းကို မရိုမသေပြုရဲတဲ့လူကို ဒိုရယ်လာမိသားစုထဲက နှင်ထုတ်ပြီး ပြင်းထန်တဲ့ပြစ်ဒဏ်ချမှတ်ပစ်မှာ"
"ဘယ်လိုအပြစ်ပေးမှုမျိုးလဲ"
ကျန်းမုန့်လောင်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
"ဒိုရယ်လာမိသားစုက ရရှိနေတဲ့ စီးပွားရေးအထောက်အပံ့တွေအားလုံးကို ဖြတ်တောက်ခံရမယ်။ သေတဲ့အထိ တစ်လကို ယူရိုနှစ်သိန်းပဲ လစာရမယ်"
စကော်ရိုလိုက အလွန်အမင်းရွံရှာဖွယ်ရာကောင်းသော အရာတစ်ခုကို ထွေးထုတ်လိုက်ရသည့်အလား ပြောလာလေသည်။
"သေစမ်း"
ကျန်းမုန့်လောင်မှာ မဆဲဘဲ မနေနိုင်တော့ချေ။ တစ်လကို ယူရိုနှစ်သိန်းတဲ့လား။ ယခုလိုလစာမျိုးမှာ ဟွာရှားတွင် ချမ်းသာသည်ဟုပင် ယူဆနိုင်နေပြီဖြစ်၏။ ဒိုရယ်လာမိသားစုထဲမှာတော့ "အခြေခံလုပ်အားခ"လောက်ပဲ သတ်မှတ်ထားသတဲ့လား။
သို့သော် ဤအချက်မှတစ်ဆင့် ဒိုရယ်လာမိသားစု၏ အစွမ်းကို ကျန်းမုန့်လောင်က အနည်းအကျဉ်းနားလည်လိုက်သည်။ သူတို့က ဥရောပ၏စစ်ရေးအရင်းအမြစ်များအားလုံးကို ထိန်းချုပ်နိုင်ရုံသာမက သူတို့၏ဘဏ္ဍာရေးအင်အားကလည်း မယုံနိုင်စရာကောင်းလောက်အောင် သန်မာပေသည်။
"စကားမစပ် စကော်ရိုလို.. ခင်ဗျားအဖေ နေထိုင်မကောင်းဘူးလို့ ကျွန်တော်ကြားထားတယ်။ သူ အဆင်ပြေရဲ့လား"
သူတို့က သူ့မိသားစုအတွက် တက်တက်ကြွကြွအလုပ်လုပ်ပေးနေသောကြောင့် ကျန်းမုန့်လောင်လည်း မေးကြည့်လိုက်သည်။ သူ့အနေနှင့် သူတို့ကို စိတ်ပျက်အားငယ်ခြင်းမျိုး မဖြစ်စေလိုပေ။
"စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး..တကယ်ဆိုရင် ကျုပ်အဖေက မင်းကို ဒီနေ့ ကိုယ်တိုင်ကိုယ်ကျလာကြိုပေးရမှာပါ။ ဒါပေမဲ့ သူက အသက်လည်းကြီးပြီး ကျန်းမာရေးလည်းမကောင်းတော့ ဝှီးချဲလ်နဲ့ပဲ သွားနိုင်လာနိုင်တော့တယ်လေ။ အဲ့ဒါကြောင့် သူ့အစား ကျုပ်ကိုလွှတ်လိုက်တာပါ။ မင်း သူ့ကို အပြစ်မမြင်ဖို့ မျှော်လင့်ပါတယ်"
"သူ့မှာ စိတ်စေတနာလေးပဲရှိရင်တောင် လုံလောက်ပါပြီ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဘာမှကြီးကြီးမားမားမဟုတ်ဘူးမလား"
"အစာအိမ်ကင်ဆာလေးပါပဲ။ အသေးအဖွဲကိစ္စလေးပါ"
စကော်ရိုလိုက တည်တည်ငြိမ်ငြိမ်ပြောလာလေသည်။
"အိုး.. အစာအိမ်ကင်ဆာလေးပဲကို"
ကျန်းမုန့်လောင်၏အမူအရာ ပြောင်းလဲသွားရလေသည်။
"ဘာ..အစာအိမ်ကင်ဆာလား။ အဲ့ဒါလေးပဲတဲ့လား။ ခင်ဗျားက ဘယ်လိုသားမျိုးလဲ"
စကော်ရိုလိုမှာ မတရားစွပ်စွဲခံလိုက်ရသည့်အလား ဖြစ်သွားလေသည်။ တကယ်လည်း အစာအိမ်ကင်ဆာလေးပဲလေ။ အစာအိမ်ကင်ဆာဆိုသည်မှာ သာမန်ဆေးဝါးများဖြင့် မကုသနိုင်သော်ငြား သူတို့အတွက်တော့ သာမန်အအေးမိခြင်းထက် အနည်းငယ်ဒုက္ခများသွားရခြင်းမျှသာ ဖြစ်၏။ ကျန်းမုန့်လောင်က ဒါကိုမသိဘူးလား။
သို့သော် ကျန်းမုန့်လောင်၏ ဒေါသထွက်နေသော အမူအရာကို မြင်လိုက်ရသောအခါ စကော်ရိုလိုလည်း ကျန်းမုန့်လောင်က တချို့အရာများအကြောင်း မသိထားလေကြောင်း သဘောပေါက်လိုက်သည်။ ကျန်းမုန့်လောင်က မကြာသေးခင်ကမှ သူ့အဖေဆီက မိသားစုအမွေကို ဆက်ခံထားကြောင်း သူ ရုတ်တရက်အမှတ်ရလိုက်သည်။ ကျန်းရှောင်ယွင်က သူတို့မိသားစု၏ ခွန်အားအစစ်အမှန်ကို ကျန်းမုန့်လောင်ရှေ့တွင် ဖော်ထုတ်ပြသခဲ့ဖူခြင်းမရှိဟု ဆိုသည်။ ထို့ကြောင့် ယခုလိုကိစ္စမျိုးကု သူမသိထားခြင်းမှာ သဘာဝကျပေသည်။
"သခင်လေး… စိတ်ချပါ။ ဒီလိုအသေးအဖွဲကိစ္စလေးတွေကို ကျုပ်တို့ဘာသာ ကိုင်တွယ်နိုင်ပါတယ်။ အခုလောက်ဆိုရင် ဒီကမ္ဘာပေါ်မှာ အရမ်းထူးခြားတဲ့လူတွေအများကြီးရှိတယ်ဆိုတာ မင်းသိပြီးလောက်ရောပေါ့"
စကော်ရိုလိုက ပြောလိုက်သည်။
"အရမ်းထူးခြားတဲ့လူလား"
ကျန်းမုန့်လောင်၏စိတ်က ချက်ချင်းဆိုသလို ယဲ့ရင်ထံရောက်သွားပြီး မျက်ဝန်းများ တောက်ပသွားလေသည်။ ဟုတ်ပေသည်။ ယဲ့ရင်လို အံ့ဖွယ်ကောင်းသောလူတစ်ယောက် ရှိနိုင်သည်ဆိုပါလျှင် သူတို့က ကင်ဆာရောဂါကို မကုနိုင်ဘဲနေမည်တဲ့လား။
"ကောင်းပြီ။ အခုကစပြီး ကျွန်တော့်ကို မစ္စတာကျန်းလို့ပဲခေါ်ပါ။ သခင်လေးလို့ခေါ်တာကို ကျွန်တော် အသားမကျဘူး"
စကော်ရိုလို စကားပြောတော့မည့်ဟန်ပြင်နေသည်ကို မြင်သောအခါ ကျန်းမုန့်လောင်က ခပ်မြန်မြန်ထပ်ဖြည့်ပြောလိုက်သည်။
"ဒါ အမိန့်ပဲ"
"ဟုတ်ကဲ့။ နားလည်ပါပြီ"
စကော်ရိုလိုကလည်း တလေးတစားခေါင်းညိတ်ပြသည်။
"အိုး ဟုတ်သားပဲ။ ခင်ဗျားကို မိတ်ဆက်ပေးပါရစေ။ ဒါက ကျွန်တော့်ကောင်မလေး လုရီယောင်တဲ့။ ဒါကတော့ ကျွန်တော့်သူငယ်ချင်းဝမ်လင်နဲ့ သူ့ကောင်မလေး လီယွဲ့ရှီတဲ့"
"ဒီတစ်ခေါက် မစ္စတာကျန်း လာလည်ရတဲ့ရည်ရွယ်ချက်ကို ကျုပ်တို့ ကောင်းကောင်းသိထားပါတယ်"
စကော်ရိုလိုက ပြောလိုက်သည်။
"မင်းနဲ့ မင်းရဲ့သူငယ်ချင်းတွေ နေထိုင်ဖို့အတွက် နေရာကို စီစဉ်ထားပေးပြီးပါပြီ။ ဥရောပမှာ နေနေတဲ့အချိန်အတောအတွင်း ပြဿနာတစ်ခုခုရှိခဲ့ရင် ကျုပ်ဆီကို တိုက်ရိုက်လာခဲ့လို့ရပါတယ်"
"အဲ့လိုဆိုရင် ကောင်းတာပေါ့။ ကျေးဇူးတင်ပါတယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဒါ ကျုပ်ရဲ့တာဝန်ပါ"
စကော်ရိုလိုက အနက်ရောင်ဝတ်အမျိုးသားတစ်ယောက်ကို အချက်ပြလိုက်သည်။ ထိုဝတ်စုံပြည့်ဝတ်ဆင်ထားသော လူကလည်း ရွှေရောင်စာအိတ်တစ်လုံးကို လှမ်းပေးလာသည်။ ၎င်းမှာ ရွှေအစစ်ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ရွှေရောင်ဆေးခြယ်ထားခြင်းမျိုးမဟုတ်။
"မစ္စဟုန်းရီက မင်းအတွက် Frantfurt Royalလေလံအိမ်က ကျင်းပမဲ့ လေလံပွဲကို တက်ရောက်ဖို့အတွက် ပြင်ဆင်ပေးထားပါတယ်။ ဒါကအဲ့ဒီလေလံပွဲအတွက် ထိပ်တန်းအဆင့် ဝင်ခွင့်လက်မှတ်ပါ။ မင်းရဲ့သူငယ်ချင်းတွေကိုပါ ခေါ်သွားလို့ရပါတယ်"
"မဖြစ်နိုင်တာ"
ဝမ်လင်က ကျန်းမုန့်လောင်၏လက်ထဲက လက်မှတ်ကို ဆွဲယူလိုက်သည်။
"ဒီလိုလက်မှတ်မျိုးဆယ်ခုပဲရှိတာလို့ ငါကြားဖူးတယ်။ မင်းက ထိပ်တန်းအဆင့်စီးပွားရေးလုပ်ငန်းရှင် မဟုတ်ဘူးဆိုရင် ဒီလိုလက်မှတ်မျိုးရဖို့ မဖြစ်နိုင်ဘူး"
ဝမ်လင်က ကျန်းမုန့်လောင်ကို လှည့်ကြည့်လိုက်ပြီးနောက် သူ့မျက်ဝန်းထဲရှိ စိတ်လှုပ်ရှားမှုတို့မှာ ခဏတွင်းချင်းပျောက်ကွယ်သွားလေတော့သည်။
"ထိပ်တန်းအဆင့်စီးပွားရေးလုပ်ငန်းရှင်ဆိုတာလည်း မင်းရှေ့ရောက်သွားရင် ဘာမှမဟုတ်တော့ဘူးမလား"
"ပြီးတော့ ဒါလေးရောပဲ"
စကော်ရိုလိုက နောက်ထပ်လက်ဟန်ပြလိုက်ပြန်သည်။
"မင်း အနာဂတ်ဇနီးလောင်းကိုပါ ခေါ်လာမယ်လို့ ကြားထားတဲ့အတွက် စကော်ရိုလိုမိသားစုက လက်ဆောင်သေးသေးလေးတစ်ခုကို ပြင်ဆင်ထားပါတယ်"
ဤတစ်ခေါက်တွင် သယ်ဆောင်လာသောအရာမှာ လင်ပန်းတစ်ခုဖြစ်သည်။ စကော်ရိုလိုက ဖဲပဝါစကို လှပ်လိုက်သည့်အခါ အပြာရောင်အလင်းတန်းတစ်ခုက လျှပ်တပြက်ပေါ်ပေါက်လာပြီး မြင်သူတိုင်းကို အံ့အားသင့်သွားစေသည်။
"သမုဒ္ဒရာရဲ့နှလုံးသား"
"ဒါ..ဒါက သမုဒ္ဒရာရဲ့နှလုံးသားအစစ်လား"
ဝမ်လင်က အလောတကြီးမေးခွန်းထုတ်လိုက်သည်။
"သမုဒ္ဒရာ၏နှလုံးသား"မှာ အလွန်အဖိုးတန်လှသော ကျောက်မျက်ရတနာတစ်ခုဖြစ်ပြီး အမေရိကန်ဒေါ်လာသန်းတစ်ရာနီးပါး တန်ဖိုးရှိသော်လည်း ကျန်းမုန့်လောင်အတွက်တော့ ဤသည်မှာ သိပ်အရေးမပါကြောင်း ဝမ်လင်သိသည်။ သိပ်မကြာခင်ကပင် သူက ချင်ဂန်တောင်တန်းနယ်မြေမှာ အပူပေးပိုက်လိုင်းများကို တပ်ဆင်ခိုင်းခဲ့သည်။ ၎င်းနှင့်ယှဉ်လျှင် အမေရိကန်ဒေါ်လာသန်းတစ်ရာဆိုသည်မှာ မပြောပလောက်ပေ။
သို့သော် အရေးအကြီးဆုံးအရာမှာ သမုဒ္ဒရာ၏နှလုံးသားသည် ဟိုးတုန်းကတည်းက တိုက်တန်းနစ်သင်္ဘောနှင့်အတူ အတ္တလန္တိတ်သမုဒ္ဒရာထဲတွင် နစ်မြုပ်ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ ၎င်းမှာ ဘယ်လိုလုပ်ပြီး ဤနေရာတွင် ပေါ်လာနိုင်မည်တဲ့လဲ။ ဤသည်မှာ မယုံနိုင်စရာကောင်းလှသည်။
"စကော်ရိုလို..ဒါက ပုံတူပွားထားတဲ့အတုလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။ ယခုလိုကြီးမားလှသော အပြာရောင်စိန်မှာ ရှားပါးလှသော်ငြား သူ့အတွင် စိန်တွင်းအမြောက်အများရှိကြောင်း ကျန်းမုန့်လောင်သိထားသည်။ထို့ကြောင့် ယခုလိုကြီးမားသော စိန်တစ်လုံးကို ရှာတွေ့နိုင်ခြေလည်းရှိသည်။ စကော်ရိုလိုက သူ့အတွက် ပုံစံတူတစ်ခုကို လုပ်ပေးထားခြင်းမျိုးလေလား။ သို့သော် ဤသည်ကပင် အလွန်ကျေးဇူးတင်ဖို့ကောင်းနေပြီဖြစ်၏။
"မဟုတ်ပါဘူး။ မစ္စတာကျန်း.. ဒါက သမုဒ္ဒရာရဲ့နှလုံးသားအစစ်ပါ။ အတုမဟုတ်ပါဘူး။ ကျုပ်တို့ ဒါကို အတ္တလန္တိတ်သမုဒ္ဒရာထဲက ဆယ်ယူထားခဲ့တာပါ။ ဒီအဖိုးတန်ရတနာက မင်းနဲ့မစ္စလုတို့ကို လှပတဲ့အနာဂတ်လေး ဆောင်ကြဉ်းပေးနိုင်ဖို့ မျှော်လင့်ပါတယ်"
***********