← Chapters

  ငါက ဘယ်သူ့ကိုကြောက်ရမှာလဲ

Vol. 14 Ch. 196

  ငါက ဘယ်သူ့ကိုကြောက်ရမှာလဲ

Vol. 14 Ch. 196

"ဟားဟားဟား"

ကျန်းမုန့်လောင်၏စကားများကို ကြားပြီးနောက် ဟွာရှားနိုင်ငံသားများသာမက မီဒီယာဝန်ထမ်းများအားလုံးကပါ အားရပါးရအော်ရယ်လိုက်လေသည်။

ထိုစိတ္တဇဝေဒနာရှင်များ၏အခြေအနေကို မြေပြင်စောင့်ကြည့်မှတ်တမ်းများနှင့် ဗီဒီယိုများမှတစ်ဆင့် ရှင်းရှင်းလင်းလင်းပြသထားပြီးဖြစ်၏။ သူတို့၏ရောဂါမှာ ထိန်းချုပ်ရခက်သော အနေအထားတစ်ခုကို ရောက်ရှိလုနီးပါးဖြစ်နေပြီး နောက်ပိုင်းတွင် အကူအညီများရောက်လာသည့်တိုင် လူနာတစ်ဦးကို ငါးယောက်နီးပါးသုံး၍ မနည်းထိန်းချုပ်ခဲ့ရသည်။

တစ်နည်းဆိုရသော် ထိုလူနာများကိုထိန်းချုပ်ပြီး အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့မည်ဆိုပါလျှင် အနည်းဆုံး‌တော့ လူအယောက်ထောင်ဂဏန်းလောက် လိုပေလိမ့်မည်။ သို့ဖြစ်လေရာ ထိုသို့လုပ်ရန် မဖြစ်နိုင်ပေ။ အကြောင်းမှာ အရုဏ်ဦးနိုင်ငံတကာစိတ်ရောဂါကုဆေးရုံတွင် ဆရာဝန်များ၊ သူနာပြုများနှင့် အခြားအလုပ်သမားများအားလုံးပေါင်းမှ ဝန်ထမ်းအရေအတွက်နှစ်ထောင်မှ သုံးထောင်မျှသာ ရှိသောကြောင့်ပင်။

ဤဆေးရုံထဲရှိ လူနာအရေအတွက်ကား အယောက်၇၀၀မကပေ။ ဆေးရုံ၏အခြေအနေကို ထိန်းသိမ်းရန်အတွက်ပင် သူတို့အဖို့ ခက်ခဲနေပြီဖြစ်ရာ ထိုကဲ့သို့သောလုပ်ရပ်မျိုး လုပ်ဖို့ဆိုသည်မှာ ပို၍ပင်မဖြစ်နိုင်ချေ။

ထို့ပြင် အစတုန်းက ထိုလူနာများသည် ပုံမှန်အတိုင်းပြုမူနေပြီး ရုတ်တရက်ကြီး ရောဂါလက္ခဏာပြလာကြောင်း မျက်စိပါသူတိုင်း မြင်နိုင်လေသည်။ ထိုလူနာများကို ထိန်းချုပ်ဖို့အတွက် ကျန်းမုန့်လောင်က မှော်နက်ပညာတစ်ခုခုကို သုံးခဲ့ခြင်းမျိုးလည်း မဖြစ်နိုင်ပေ။ ထိုသို့ဆိုပါလျှင် ကိစ္စများက ပို၍ပင် ယုတ္တိမတန်တော့ပေ။

"ခင်ဗျားရဲ့ဦးနှောက်က တစ်ခုခုများမှားနေသလားဆိုတာ ကျုပ် တကယ်သံသယဖြစ်မိတယ်။ ခင်ဗျား CTဓာတ်မှန်လေးဘာ‌လေးသွားရိုက်လိုက်ပါ့လား။ ဆေးကုသစရိတ်ကို ကျုပ်ထုတ်ပေးပါ့မယ်။ ပိုက်ဆံက အရေးမကြီးဘူး။ ကျုပ်က ပရဟိတလုပ်ရတာကို သဘောကျတယ်လေ။ အထူးသဖြင့် ဉာဏ်ရည်မမီတဲ့လူတွေကိုပေါ့"

ရယ်မောသံများက ဤနေရာတစ်ခုလုံးတွင် ပြည့်နှက်သွားပြီး မူရေး၏မျက်နှာထက်တွင်လည်း ဒေါသလှိုင်းထန်သွားရသည်။

ကျန်းမုန့်လောင်ထံမှာ ယခုလိုအပြောအဆိုခံလိုက်ရလျှင် သည်းအခံနိုင်ဆုံးသောလူပင် စိတ်ခံစားချက်များကို ထိန်းချုပ်ရန် ခက်ခဲနိုင်ပေသည်။

သို့သော် ယခုအချိန်မှာတော့ သူဟာ ထိုဒေါသကို ထုတ်ပြမည်မဟုတ်။ သူက ဤနိုင်ငံ၏ကိုယ်စားပြုဖြစ်သည့်အတွက် စိတ်ငြိမ်ငြိမ်ထားမှဖြစ်ပေလိမ့်မည်။

"ကောင်းပြီလေ။ မစ္စတာကျန်း.. ဒါဆို ဒီလူနာတွေက ဒီနေရာကို ဘာလို့ရောက်လာတာလဲဆိုတာလေး ပြောကြရအောင်"

မူရေးက ဆက်ပြောလိုက်၏။

"ကိုင်း..အဲ့ဒါတော့ ကျုပ်လည်းမတတ်နိုင်ဘူး။ သူတို့ကိုယ်တိုင်တောင်းဆိုထားတာဆိုတော့လေ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ကျုပ်က ခင်ဗျားတို့ဥရောပရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေနဲ့ ဥပဒေတွေကို လေးစားပါတယ်လို့ တစ်ချိန်လုံးပြောနေခဲ့တာလေ။ ခင်ဗျားတို့က လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကို တန်ဖိုးထားတယ်ဆိုတာ ကျုပ်သိတာပေါ့။ သူတို့က အပြင်ထွက်ချင်တယ်ဆိုမှတော့ ကျုပ်လည်း ဘယ်တတ်နိုင်မလဲ"

ကျန်းမုန့်လောင်က USBဒရိုက်တစ်ခုကို လှမ်းပစ်ပေးလာသည်။

"ခင်ဗျားကိုယ်တိုင် ကြည့်ကြည့်လိုက်။ မနေ့ညက သူတို့တွေ တစ်ညလုံးဆန္ဒပြနေခဲ့ကြတာ"

စင်စစ်ပင်။ ဗီဒီယိုထဲရှိ အကြောင်းအရာမှာ ကျန်းမုန့်လောင်ပြောသည့်အတိုင်း ကွက်တိပင်။ လူနာများမှာ ထိုစဉ်တုန်းက အလွန်ဆင်ခြင်တုံတရားရှိပြီး ကျန်းမာနေပေသည်။ ယနေ့ဖြစ်ပျက်ခဲ့သည့် အခြေအနေနှင့် တခြားစီပင်။ သူတို့က ထူးခြားသည့်လူအုပ်စုဖြစ်မှန်း မည်သူမှတွေးမိမည်မဟုတ်။

"ဗီဒီယိုက ပြုပြင်ထားတာမဟုတ်ပါဘူး။ အစစ်ကြီးပါ"

တစ်စုံတစ်ယောက်က မူရေးကို တီးတိုးကပ်ပြောလိုက်သည်။

"တွေ့လား။ သူတို့က အပြင်ထွက်ဖို့ ဆန္ဒပြနေကြတာ။ ဒီတော့ ကျုပ်လည်း ဘာမှမတတ်နိုင်ခဲ့ဘူးပေါ့။ ဒီမှာရော့.. ဒါက ဆေးစစ်ချက်ရလဒ်တွေ"

ကျန်းမုန့်လောင်က နောက်ထပ်စာရွက်စာတမ်းကို ညွှန်ပြလိုက်သည်။

ထိုစာရွက်စာတမ်းမှာ လက်မှတ်ရေးထိုးထားသော ဆေးစစ်ချက်အစီရင်ခံစာဖြစ်ပြီး ထိုအထဲတွင် ဤလူနာများ၏ ဦးနှောက်လုပ်ဆောင်မှုက ပုံမှန်ပြန်ဖြစ်နေပြီး ဆက်သွယ်ပြောဆိုမှု၊ ဘာသာစကားနှင့် လှုပ်ရှားမှုစွမ်းရည်များကလည်း သာမန်လူများ၏စံနှုန်းနှင့် ကိုက်ညီနေသည့်အတွက် သူတို့ကို ဆေးရုံဆင်းခွင့်ပြုကြောင်း ဖော်ပြထားသည်။

"ဒါပေမဲ့ မစ္စတာကျန်း ကျုပ်တို့ရဲ့စုံစမ်းစစ်ဆေးမှုအရ ခင်ဗျားက ဒီလူနာတွေအကုန်လုံးကို ဆေးဝါးတစ်မျိုး ကြိုတိုက်ထားခဲ့တယ်တဲ့။ ဒီဆေးဝါးက သူတို့တွေကို ယာယီပြန်ကောင်းစေခဲ့တာပဲ ဖြစ်နိုင်လောက်တယ်"

မူရေးက စွပ်စွဲပြောဆိုလာသည်။

"သောက်ကျိုးနည်း..ဒီလူက ဒီတစ်ခုကိုတော့ မှန်အောင်ခန့်မှန်းနိုင်ခဲ့တာပဲ"

သို့သော် ကျန်းမုန့်လောင်ကတော့ မတုန်မလှုပ်သာ။

"ဒီဆေးက စမ်းသပ်ဆဲအဆင့်မှာပဲ ရှိသေးတာဆိုတော့ တစ်ခါတလေကျရင် မတည်မငြိမ်ဖြစ်တတ်တယ်။ ဒါပေမဲ့ ကျုပ်တို့ဘက်က လူနာရှင်တွေဆီက သဘောတူညီချက်ယူထားပြီးသားပါ။ အကုန်လုံးက တရားဥပဒေနဲ့အညီပါပဲ။ ကျုပ်တို့ဆေးရုံက လုံးဝစံမီတန်းမီပဲ"

"ဒါ သက်သက်ဆင်ခြေပေးနေတာ"

မူရေးကတော့ ကျန်းမုန့်လောင်၏စကားများကို မယုံရေးချ မယုံပေ။

"ဆေးဝါးမတည်ငြိမ်မှု"မှာ အလွန်ဝေဝါးလှသော ဆင်ခြေတစ်ခုပင်။ သို့သော် သူတို့ဘက်က တာဝန်ရှိကြောင်း အဆိုပြုချင်ပါသည့်တိုင် သူတို့တွင် သင့်တော်သောစာရွက်စာတမ်းများနှင့် မိသားစုဘက်က သဘောတူညီချက်များကို လက်ဝယ်ကိုင်ဆောင်ထားသည်ဖြစ်ရာ သက်သေအထောက်အထားများကလည်း ခိုင်လုံနေပေသည်။ သက်သေလိုချင်လျှင်တောင် တစ်ခုမှမရှိပေ။

ထို့ပြင် ဆေးက ပြဿနာဖြစ်နေသည်ဆိုလျှင်ပင် ဆေးရုံထဲက ထွက်ခွင့်တောင်းဆိုသူမှာ ထိုလူနာများပင် ဖြစ်၏။ သူတို့ အပြင်ထွက်သွားသည့်အချိန်ကစ၍ တင်းတင်းကျပ်ကျပ်ပြောရပါလျှင် ထိုကိစ္စမှာ ကျန်းမုန့်လောင်နှင့် မသက်ဆိုင်တော့ပေ။ သူ့တွင် ဘာမှတာဝန်ယူတာဝန်ခံစရာမရှိ။

"ကျုပ်က ဘယ်လိုလုပ်ပြီး ဆင်ခြေပေးနေတာများ ဖြစ်ရသေးတာလဲ"

ကျန်းမုန့်လောင်က မူရေးတစ်ယောက် သောကရောက်နေသည်ကို မြင်သောအခါ ရယ်မောလိုက်လေသည်။

"မင်းက မနေ့ကဖြစ်ခဲ့တဲ့ကိစ္စအတွက် လက်စားချေနေတာ အသိသာချည်းကို"

"အိုး? ခင်ဗျားဘက်က အဲ့လိုထင်တယ်ဆိုရင် ကျုပ်လည်းမတတ်နိုင်ဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒါပေမဲ့ အဲ့ဒီကိစ္စကိုပဲ ခင်ဗျားအတင်းအကြောင်းပြနေဦးမယ်ဆိုရင် ကျုပ်လည်း မေးပါဦးမယ်။ ကျုပ်တို့နိုင်ငံသားတွေက လေးလေးစားစားနဲ့ သေချာတန်းစီနေတဲ့အချိန်မှာ ခင်ဗျားတို့နိုင်ငံသားတွေက ကြားဖြတ်ဝင်ပြီး အကြမ်းဖက်ခဲ့တယ်။ အဲ့ဒါတောင် သူတို့ကိုတားဆီးရမဲ့အစား Champs-Elyseesလုံခြုံရေးက အရိုက်ခံခဲ့ရတဲ့လူကို ဖိနှိပ်ဖို့ ဘာလို့ရွေးချယ်ခဲ့တာလဲ။ မစ္စတာမူရေး.. ကျုပ်ကို အဖြေတစ်ခုပေးစမ်းပါဦး"

"အဲ့ဒါက မင်းဘက်က တစ်ဖက်သတ်အမြင်လေ"

မူရေးက ပြောလေသည်။

"မင်းတို့လူဘက်က နိုင်ငံကြီးသားပီပီ တန်းစီနေတာကို အရင်လာဖျက်ဆီးတာမှန်း အသိသာကြီးပဲ။ ပြီးတော့ ကျုပ်တို့ အခုဆွေးနွေးနေတာ အဲ့ဒီကိစ္စမဟုတ်ဘူး"

"အိုး..ဒါဆို ခုနတုန်းက မစ္စတာမူရေးပြောလိုက်တဲ့စကားကလည်း အရမ်းတစ်ဖက်သတ်ဆန်နေတယ်။ ဘာသက်သေမှလည်း မရှိဘူး။ အဲ့ဒါကြောင့် ကျုပ် ခင်ဗျားကို အသရေဖျက်မှုနဲ့ တရားစွဲမယ်"

"ဟားဟားဟား"

တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ မှတ်ဉာဏ်ကဏ္ဍထဲမှာတော့ တဟားဟားအော်ရယ်နေကြသည်။

"အရမ်းမိုက်တာပဲ"

"အံ့ဩဖို့ကောင်းလိုက်တာ"

"ဟားဟားဟား ငါတို့ဘက်က ယုတ္တိရှိရှိပြောတုန်းက သူတို့က ညစ်ပတ်ချင်ကြတယ်။ အခုတော့ သူတို့ တကယ့်ထိပ်တန်းအဆင့်ငညစ်ကစားသမားနဲ့တွေ့သွားရှာပြီ"

"ခင်ဗျား သံသယဖြစ်တော့ရော ဘာဖြစ်သေးလဲ။ သက်သေမှမရှိတာ"

"ဟားဟားဟား ဒါက မစ္စတာကျန်းရဲ့လုပ်ရပ်မှန်း လူတိုင်းသိတယ်။ ဒါပေမဲ့ သူကတော့ ဝန်ခံမှာမဟုတ်ဘူး။ မင်းဘာသာ စိတ်တိုတိုမတိုတို ဘာမှလည်းလုပ်လို့မရဘူး"

"ဒူးထောက်ခစားခြင်းစီးရီးကြီးပါဟေ့"

"ကျန်း.. ကျွန်မ ရှင့်အတွက် မျောက်လောင်းလေးတွေမွေးပေးချင်တယ်"

ကျန်းမုန့်လောင်၏စကားများကြောင့် မူရေးမှာ ပြောစရာစကားပျောက်ရှသွားရသည်။ ဤကိစ္စကို ကျန်းမုန့်လောင်က တမင်သက်သက်ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း လူတိုင်းသိထားသော်ငြား သူတို့မှာ သက်သေမရှိပေ။

"မစ္စတာကျန်းက မနေ့ကမှ ဒီဆေးရုံကိုဝယ်ခဲ့တာ။ ဒီနေ့ကျတော့ ဒီလူနာတွေက Champs-Elyseesမှာ ပေါ်လာတယ်။ ဒါက တော်တော်တိုက်ဆိုင်လွန်းတယ်လို့ မင်းတို့မထင်ကြဘူးလား"

မူရေးက အသနားခံလေဟန် မျက်ဝန်းများဖြင့် ပတ်ပတ်လည်ကိုကြည့်ကာ အကူအညီတောင်းလိုက်သည်။

"ဟုတ်တယ်။ အဲ့ဒါက တော်တော်တိုက်ဆိုင်တာပဲ"

ကျန်းမုန့်လောင်က ပြုံးရယ်လျက် ပြောလာလေသည်။

"ဒါပေမဲ့ ကျုပ်ရဲ့အတွေးက ဒီလိုပါ။ လူတိုင်း ဆေးရုံကဆင်းကြရတော့မှာဆိုတော့ သူတို့တွေလည်း ဆေးရုံမှာ မိတ်ဆွေတွေအများကြီးရထားကြပြီလေ။ ဒီတော့ လူတိုင်းအတွက် နှုတ်ဆက်ပွဲလေးတစ်ခုလုပ်ပေးဖို့ အဖွဲ့လိုက်စုဝေးပွဲတစ်ခု ကျုပ်စီစဉ်ပေးခဲ့တာ။ အဲ့ဒါက ဘာမှားလို့လဲ"

"သောက်ရမ်းကြီးမြတ်လွန်းပါတယ်။ မင်းကြောင့် ငါတကယ်ယုံမိတော့မလို့"

"ဆက်ဖြီးနေလိုက်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့လည်း မင်းရဲ့လှည့်ကွက်တွေကြောင့် အရှက်ရပြီးပြီပဲ"

"ဒီလိုစကားပြောစွမ်းရည်မျိုးနဲ့ သံတမန်တစ်ယောက်ဖြစ်မလာတာ နှမြောဖို့ကောင်းလိုက်တာ"

"ငါ အခုလေးတင် ငါ့အိမ်အောက်က စာအုပ်ဆိုင်ကို ရိုက်ချိုးလာတာ။ ဘာလို့လဲဆိုတော့ ကျန်းမုန့်လောင်ရဲ့လက်ရာစာအုပ်တွေကိုမတွေ့ခဲ့လို့"

"@ချင်းပေတက္ကသိုလ်တရုတ်စာဌာန.. မဟာဘွဲ့နဲ့ပါရဂူဘွဲ့အတွက် တိုက်ရိုက်လက်ခံပေးဖို့ အကြံပြုချင်ပါတယ်"

"ကောင်းပြီလေ။ တခြားဘာကိစ္စမှမရှိရင် ကျုပ်သွားနှင့်လိုက်တော့မယ်။ ကျုပ်ရဲ့ဆေးရုံကိစ္စတွေကို ကိုင်တွယ်ရဦးမယ်"

ကျန်းမုန့်လောင်က နာကျင်နေလေဟန်အမူအရာဖြင့် ပြောလာသည်။

"အာ..ကျုပ် သူတို့ကို အပြီးတိုင်ကုသပေးပြီးသွားရင် နောက်တစ်ခေါက် အဖွဲ့လိုက်တွေ့ဆုံပွဲအတွက် ဘယ်နေရာကိုခေါ်သွားပေးလိုက်ရမလဲ။ သမ္မတအိမ်တော်ကို သွားလည်မယ်ဆိုရင်‌ရော ဘယ်လိုနေလဲ"

"ဟားဟားဟား..လိမ္မာပါးနပ်လိုက်တဲ့အကွက်ကွာ။ သူထပ်လုပ်ပြန်ပြီ"

"မစ္စတာကျန်းက ရှယ်စွမ်းတာပဲ။ ဒါကြီးက မျက်နှာရှေ့တည့်တည့်မှာတင် အားပါးတရခြိမ်းခြောက်ပစ်လိုက်တာ"

"နောက်တစ်ခါ ဟွာရှာနိုင်ငံသားတွေကို အနိုင်ကျင့်ရဲမလားဆိုတာ ကြည့်ကြသေးတာပေါ့။ နောက်တစ်ခါဆိုတာ ရှိလာခဲ့ရင်..ကျစ် ကျစ် ကျစ်.. တော်တော်စိတ်လှုပ်ရှားဖို့ကောင်းမှာပဲ"

"သမ္မတအိမ်တော်ကို ရိုက်ချိုးပစ်မပစ်က အရေးမကြီးဘူး။ အဓိကက အနိုင်ကျင့်ခံရတာကို သာယာနေဖို့ပဲ"

"အပေါ်ထပ်က နှိပ်စက်ခံရတာကို တကယ်သဘောကျတဲ့လူပဲ။ လူတွေ့အတည်ပြုပြီး!"

ဤစကားကိုကြားလိုက်ရသောအခါ မူရေး၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။

"ခဏနေဦး"

မူရေးက ကြားဖြတ်ပြောလိုက်သည်။

"မစ္စတာကျန်း.. ဒီကိစ္စက ဒီမှာတင်ပြီးမသွားပါဘူး။ ကျုပ်တို့တွေ ခင်ဗျားကို စုံစမ်းစစ်ဆေးရေးဗဟိုမှာ ဧည့်သည်အနေနဲ့ ဖိတ်ကြားရလိမ့်မယ်ထင်တယ်"

မူရေးက မှတ်စုစာအုပ်အသေးလေးတစ်အုပ်ကို ထုတ်ယူလိုက်သည်။ ၎င်းမှာ ဒေသခံဖမ်းဝရမ်းစာအုပ်ပင်။

ဤဖြစ်ရပ်အတွက် တစ်စုံတစ်ယောက်ကတော့ တာဝန်ယူရပေလိမ့်မည်။ ထိုသို့မဟုတ်ပါက သူတို့အနေနှင့် လူ့အဖွဲ့အစည်းကို ရှင်းပြနိုင်မည်မဟုတ်ပေ။

"သောက်ကျိုးနည်း..ငါတို့လူမျိုးကို နိုင်ငံခြားမှာဖမ်းဆီးမှာတဲ့လား"

"သွားသေလိုက်ကြစမ်း"

"စကားနဲ့ပြိုင်မငြင်းနိုင်ဘူး။ အကွက်တွေထုတ်မသုံးတတ်တော့ဘူးဆိုတော့ ရွံစရာကောင်းတဲ့နည်းဗျူဟာတွေကို ထုတ်သုံးလာပြီပေါ့"

"ခင်ဗျားသေချာလား"

ကျန်းမုန့်လောင်၏မျက်နှာထက်တွင် အန္တရာယ်များလှသော အမူအရာတစ်ခုကို တပ်ဆင်ထားသည်။ ချောင်ပိတ်မိနေသော ခွေးတစ်ကောင်က နံရံကိုခုန်တက်လာလိမ့်မည်ဟု သူ လုံးဝထင်မထားပေ။

"မင်းတို့နိုင်ငံအတွက် လိုအပ်တဲ့လုပ်ထုံးလုပ်နည်းတွေကို ကျုပ်တို့လျှောက်ထားသွားမှာပါ။ ဒါပေမဲ့ အခုလောလောဆယ်တော့ မင်း ဒီနေရာကပြန်လို့မရဘူး။ ကျေးဇူးပြုပြီး ကျုပ်တို့နဲ့ပူးပေါင်းဆောင်ရွက်ပေးပါ။ အဲ့လိုမှမဟုတ်ရင် ကျုပ်တို့ဘက်ကလည်း အတင်းအကျပ်လုပ်ဆောင်ရလိမ့်မယ်"

မူရေးက ပြောလိုက်သည်။

"မိုက်မဲလိုက်တာ"

ကျန်းမုန့်လောင် ရယ်လိုက်မိသည်။

"ကောင်းပြီလေ။ ကျုပ်ကတော့ လုံးဝကိစ္စမရှိပါဘူး။ ကျုပ်အတွက်တော့ ဒီမှာဆက်နေရတာက လွယ်လွယ်လေးပါ။ ဒါပေမဲ့ ကျုပ်ကိုပြန်ခိုင်းဖို့ကတော့ အဲ့လောက်လွယ်ကူမှာမဟုတ်ဘူး"

**********

All Chapters