ဒုံးကျည်ရာဂဏန်းလောက် ကျွန်တော်တို့ဘက်ကိုချိန်ထားတယ်
Vol. 14 Ch. 197
"ကြည့်ရတာတော့ မစ္စတာကျန်းက တော်တော်ယုံကြည်မှုတွေရှိနေတယ်ထင်ပါ့"
ကျန်းမုန့်လောင်၏ တည်ငြိမ်အေးဆေးပြီး တက်ကြွနေသော အမူအရာကိုကြည့်ပြီး မူရေးလည်း စိတ်ထဲ အနည်းငယ်မတုန်လှုပ်ဘဲ မနေနိုင်ပေ။
"ကျုပ်က အမြဲယုံကြည်မှုအပြည့်ရှိနေတာ"
"မစ္စတာကျန်း.. မင်းကချမ်းသာတယ်ဆိုတာတော့ ငါသိပါတယ်။ ပြီးတော့ မကြာသေးခင်ကပဲ ချင်းချိုးနိုင်ငံနဲ့ထိပ်တိုက်တွေ့ခဲ့တယ်ဆိုတာလည်း သိပါတယ်။ ဒါပေမဲ့ ဒါကိုတော့မမေ့နဲ့နော်။ ကျုပ်တို့သာ ချင်းချိုးနိုင်ငံကိုအရေးယူချင်ရင် အများကြီးအားထုတ်စရာတောင် လိုမှာမဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့က ဟိုးအရင်ကတည်းက ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုဖြစ်နေခဲ့တာ။ ချင်းချိုးနိုင်ငံက ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံရဲ့ GDPအဆင့်ကိုရောက်လာတာ သိပ်မကြာသေးဘူး"
မူရေးဆိုလိုချင်သည်မှာ အရှင်းကြီးပင်။ ချင်းချိုးနိုင်ငံကို မင်းကိုင်တွယ်နိုင်ခဲ့တာက အထင်ကြီးဖို့ကောင်းပေမဲ့ ငါတို့က ချင်းချိုးနိုင်ငံမဟုတ်ဘူး။ မင်းချမ်းသာတယ်ဆိုပေမဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကိုဖျက်ဆီးဖို့ဆိုတာ ခက်ခဲတယ်။ အထူးသဖြင့် ကမ္ဘာ့စီးပွားရေးက ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကြောင့် ဟိုးဆယ်စုနှစ်တွေတုန်းကလို အားနည်းမနေတော့ပေ။
"ဒီတော့ ခင်ဗျားပြောနေတဲ့သဘောက ကျုပ် အခုပြန်လို့မရဘူးပေါ့ ဟုတ်လား"
ကျန်းမုန့်လောင်က မူရေးကို ရယ်ချင်ပက်ကျိဟန်ဖြင့် ကြည့်လိုက်လေသည်။
"အဲ့လိုနားလည်လိုက်လို့လည်းရပါတယ် မစ္စတာကျန်း.. ကျုပ်တို့ ဒီကိစ္စကို အသေးစိတ်စုံစမ်းစစ်ဆေးပြီး မင်းမှာ အပြစ်မရှိဘူးလို့ အတည်ပြုပြီးတာနဲ့ မင်း သွားလို့ရပါပြီ"
"ကျုပ်က မရဘူးလို့ပြောမယ်ဆိုရင်ရော"
ကျန်းမုန့်လောင်က တခစ်ခစ်ရယ်လိုက်သည်။
"ဒါဆို ကျုပ်တို့ဘက်ကလည်း ရိုင်းပျတဲ့လုပ်ရပ်တချို့ကို လုပ်ရမှာပေါ့"
မူရေးက လက်ယမ်းပြလိုက်လေရာ လက်နက်ကိုင်ဆောင်ထားသော စစ်သားတစ်စုက ရုတ်တရက်ကြီးဝင်ရောက်လာသည်။
"သောက်ကျိုးနည်း"
မူရေးဘက်က စစ်ကူများခေါ်လာလိမ့်မည်ဟု ကျန်းမုန့်လောင် ထင်မထားပေ။
"သေစမ်း။ ဒါက ဘာသဘောလဲ။ သူတို့က ဟွာရှားလူမျိုးတစ်ယောက်ကို ဒီလောက်အထိ ပြောင်ပြောင်တင်းတင်းဖမ်းဆီးမလို့လား"
"နှစ်နိုင်ငံပဋိပက္ခဖြစ်မှာမကြောက်ကြဘူးလား"
"သောက်ကျိုးနည်းပဲ။ သူတို့က မစ္စတာကျန်းကို သေနတ်ရွယ်ရဲတယ်ပေါ့လေ"
"သူတို့က တကယ်ကြီးလုပ်နေတာပဲ"
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသော ကြည့်ရှုသူများမှာ ရုတ်တရက်ကြီး ကျန်းမုန့်လောင်အတွက် စိတ်ပူသွားကြသည်။ သူက ချမ်းသာသည်ဆိုသော်ငြား စည်းစိမ်ဥစ္စာက ကျည်တောင့်များကိုတော့ မတားဆီးနိုင်ပေ။
"ဟေး.. ခင်ဗျားတို့က ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံမဟုတ်ဘူးလား။ ယူရိုဘီလီယံလေးနည်းနည်းဆုံးရှုံးလိုက်ရရုံလေးနဲ့ ဒီလောက်အထိရုန်းရင်းဆန်ခတ်လုပ်ရသလား။ ခင်ဗျားတို့က တော်တော်ဆင်းရဲတာပဲ"
လူတိုင်း အံ့ဩသွားရသည့်အချက်မှာ ကျန်းမုန့်လောင်က လက်နက်ကိုင်စစ်သားတစ်စုနှင့် ရင်ဆိုင်နေရသည့်တိုင် ကြောက်လန့်မသွားပါဘဲ တရစပ်စကားများနေဆဲပင်။
သို့သော် သူတို့မသိသည်မှာ စစ်မြေပြင်ထဲတွင် တိုက်လေယာဉ်တစ်ဒါဇင်လောက်နှင့် ရင်ဆိုင်ခဲ့ရသည့်တိုင် ကျန်းမုန့်လောင်ကတော့ ယဲ့ရင်ရှိနေသရွေ့ အနည်းငယ်မျှပင် ကြောက်ရွံ့မှုမဟုတ်ကြောင်းကိုပင်။ ယခုလည်း သူ့ခေါင်းကို ချိန်ထားသည့် စနိုက်ပါသေနတ်များစွာရှိပါသော်ငြား သူကတော့ ဘာမှမဖြစ်သည့်အလား ပြုမူနေ၏။
ယူရိုဘီလီယံနှင့်ချီသည့် စီးပွားရေးဆုံးရှုံးမှုကြီးတစ်ခုဖြစ်၏။ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံအနည်းစုထဲမှ တစ်ခုဖြစ်သည့် ပြင်သစ်နိုင်ငံကို ကျန်းမုန့်လောင်တစ်ယောက်သာ ဆင်းရဲသည်ဟု ပြောနိုင်လိမ့်မည်ဖြစ်၏။
"ကြံရာမရဖြစ်နေတယ်ပေါ့လေ"
ကျန်းမုန့်လောင်ကတော့ တတွတ်တွတ်ပြောနေဆဲသာ။
"ဒါက ခင်ဗျားရဲ့ကိုယ်ပိုင်အကြံဉာဏ်လား။ ဒါမှမဟုတ် ခင်ဗျားတို့အထက်လူကြီးရဲ့အကြံဉာဏ်လားဆိုတာတော့ သိချင်မိတယ်"
"မစ္စတာကျန်း မင်းဘက်က စုံစမ်းစစ်ဆေးရေးကို ပူးပေါင်းဆောင်ရွက်ပေးရုံပါပဲ။ တခြားကိစ္စတွေကို ဘာမှပူနေစရာမလိုပါဘူး"
"ကြည့်ရတာတော့ ကမ္ဘာကြီးက ကျန်းမိသားစုရဲ့ဒဏ္ဌာရီကိုမေ့သွားတာ ကြာပြီထင်တယ်"
ကျန်းမုန့်လောင်က အေးတိအေးစက်လှောင်ရယ်လိုက်သည်။ု
"ကဲ.. ကျုပ်ရဲ့အဘိုး သွတ်သွင်းပေးခဲ့တဲ့ အကြောက်တရားကို ခင်ဗျားတို့ကို တစ်ဖန်ပြန်သတိပေးဖို့ အချိန်တန်ပြီထင်တယ်"
"အဲ့ဒါက ဘာအဓိပ္ပာယ်လဲ။ မစ္စတာကျန်းရဲ့အဘိုးသွတ်သွင်းပေးခဲ့တဲ့ အကြောက်တရားတဲ့လား"
"စီးပွားရေးအကျပ်အတည်းကို ပြောတာဖြစ်ရမယ်။ မစ္စတာကျန်းက အကွက်ကြီးကြီးရွှေ့တော့မယ်ထင်တယ်"
"ပွဲကြီးပွဲကောင်းကြည့်ရတော့မယ်ထင်တယ်ဟေ့"
"သောက်ကျိုးနည်း..သူက နောက်ထပ်စီးပွားရေးနှောင့်ယှက်မှုတွေ ထပ်ပေးတော့မှာလား။ ငါတော့ စတော့ရှယ်ယာတွေ မြန်မြန်ပြန်ထုတ်မှပဲ"
စတော့ရှယ်ယာရောင်းဝယ်သူများမှာ ချက်ချင်းဆိုသလို ထိတ်လန့်သွားကြလေသည်။ ချင်းချိုးနိုင်ငံ၏ စီးပွားရေးမှာ နိုင်ငံတကာစီးပွားရေးအခြေအနေအပေါ် ကြီးကြီးမားမားသက်ရောက်မှုမရှိသော်ငြား ပြင်သစ်နိုင်ငံကတော့ မတူပေ။ ထိုကဲ့သို့သော နိုင်ငံကြီးတစ်ခုတွင် အနည်းငယ်မျှသော အနှောင့်အယှက်လေးတစ်ခုခု ပေါ်လာလိုက်လျှင်ပင် ကမ္ဘာ့အခြေအနေများကို သိသိသာသာသက်ရောက်မှုရှိနိုင်သည်။
"မြန်မြန်ကြည့်လိုက်ကြစမ်း။ မစ္စတာကျန်းက ဖုန်းထုတ်နေပြီ"
"အကောင်ကြီးကြီးတွေဆီ ဖုန်းဆက်မလို့များလား"
"အကြီးစားတွေလာပြီဟေ့"
...
"ဟေဂန်.. ခင်ဗျား သတင်းကြည့်နေလား"
ကျန်းမုန့်လောင်က လိုရင်းကိုသာ တည့်ပြောလိုက်သည်။
"ဟုတ်ကဲ့ မစ္စတာကျန်း.. ညွှန်ကြားစရာတစ်ခုခုရှိလို့လား"
ဟေဂန်က တိုက်ရိုက်ဆန်ဆန်ပင် ပြန်ပြောလာသည်။
"ကျွန်တော့်ကို အခုလိုထိန်းသိမ်းတာက မူရေးဆိုတဲ့လူရဲ့ကိုယ်ပိုအကြံလား။ ဒါမှမဟုတ် တခြားတစ်ယောက်ယောက်ရဲ့လက်ချက်လား"
"အဲ့ဒါက မူရေးရဲ့ကိုယ်ပိုင်အကြံပါ"
ဟေဂန်က ပြောလာလေသည်။
"ကျုပ်သိသလောက်ဆိုရင် ဒီလူက တော်တော်မောက်မာပြီး ကိုယ့်ကိုယ်ကိုယ်လည်း သိပ်ယုံကြည်မှုရှိတာ"
"ကောင်းပြီ။ ကျွန်တော်နားလည်ပြီ။ သူတို့နိုင်ငံနဲ့မဆိုင်သရွေ့တော့ တိုက်ပွဲသေးသေးလေးနဲ့တင် ဖြစ်ပါတယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဒါပေမဲ့ ကလေးဘဝကတည်းက ကျွန်တော့်ခေါင်းကို သေနတ်နဲ့အချိန်ခံရတာ ဒါ ပထမဆုံးပဲ။ ဒီတော့ ကျွန်တော် ဒီဒေါသကိုဖြေဖျောက်ဖို့တော့ သေချာပေါက်လိုလိမ့်မယ်။ ကျွန်တော်ပြောတာကို ခင်ဗျားနားလည်တယ်မလား"
"ဟုတ်ကဲ့။ ကျုပ် ချက်ချင်းစီစဉ်လိုက်ပါ့မယ်"
ဟေဂန်ကပြောလိုက်ချေသည်။
တစ်မိနစ်ပင် မကြာသေးခင်မှာပင် ကျန်းမုန့်လောင်က ဖုန်းချလိုက်သည်။ ကျန်းမုန့်လောင် မည်သူနှင့်စကားပြောနေသလဲဆိုသည်ကို လူတိုင်းက သိချင်နေကြသည်။ ထို့ပြင် ဖုန်းခေါ်ဆိုမှုက မြန်လွန်းလှပေ၏။ ကျန်းမုန့်လောင်ဖုန်းခေါ်လိုက်သည့်လူမှာ အကူအညီပေးဖို့အထိ အင်အားမရှိသူတစ်ယောက်လေလား။
...
ထုံးစံအတိုင်း ဘတ်စ်မူက နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနချုပ်ထဲသို့ ဝင်လာလိုက်သည်။ သူသည် အသက်၅၂နှစ်မျှဖြင့် ပြင်သစ်နိုင်ငံသမိုင်းတစ်လျှောက် မကြုံဖူးခဲ့သောအောင်မြင်မှုတစ်ခုဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့သည်။
ငြိမ်းချမ်းမှုရှိသော ဤခေတ်တွင် သူ့အလုပ်ကား အလွန်လွယ်ကူလွန်းလှသည်။ ပြင်သစ်နိုင်ငံ၏ အာရုံစူးစိုက်မှုသည် စီးပွားရေးချဲ့ထွင်မှုသာဖြစ်ပြီး နယ်မြေချဲ့ထွင်ရေး သို့မဟုတ် ကမ္ဘာ့ရဲတပ်ဖွဲ့အဖြစ် ထမ်းဆောင်ခြင်းမျိုး လုပ်တတ်သည့် အခြားနိုင်ငံများနှင့်မတူပေ။
ကမ္ဘာ့စစ်ရေးအခြေအနေများကို အမြဲမပြတ်ဆွေးနွေးပြီး ဗျူဟာမြောက်လက်နက်များ၏ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်ကို စောင့်ကြည့်ရခြင်းမှာ သူ၏နေ့စဉ်လုပ်ငန်းတာဝန်ပင်။
"အရမ်းကောင်းတယ်။ နှစ်ပတ်အတွင်း ပထမဆုံးအကြိမ်စမ်းသပ်ပျံသန်းမှုကို ဆက်လက်လုပ်ဆောင်လိုက်။ ဘာပြဿနာမှမရှိဘူးဆိုရင် ငါတို့ စတင်ထုတ်လုပ်နိုင်ပြီ။ ဒီတစ်ခေါက် ငါတို့နိုင်ငံရဲ့ကာကွယ်ရေးစွမ်းရည်ကို ၂၀ရာခိုင်နှုန်းကျော် တိုးမြှင့်နိုင်ပြီ"
ယနေ့တွင် ဘတ်စ်မူလင်ထံတွင် သတင်းကောင်းတစ်ခု ရှိနေခဲ့သည်။ အဆုံးမှာတော့ နောက်ဆုံးပေါ်တိုက်လေယာဉ်အင်ဂျင်များမှာ အောင်မြင်မှုတစ်ခုရရှိခဲ့ပြီး အသီးအပွင့်ကို ခံစားရမည့်အချိန်ကလည်း မဝေးတော့ပေ။
"ဟုတ်ကဲ့။ ကျွန်တော်တို့ရဲ့"လေပြင်း"တိုက်လေယာဉ်တွေက ကမ္ဘာ့တစ်ဝှမ်းမှာရှိတဲ့ လေကြောင်းကို စိုးမိုးနိုင်တော့မှာပါ။ အနည်းဆုံးတော့ ဥရောပနိုင်ငံတွေအားလုံးမှာ ကျွန်တော်တို့ထက်သာတဲ့ တိုက်လေယာဉ်ရယ်လို့ ရှိမှာမဟုတ်ပါဘူး"
"တော်တယ်။ စမ်းသပ်မှုတွေ ပြီးစီးတာနဲ့ မင်းတို့တွေအားလုံးအတွက် ငါ အောင်ပွဲအခမ်းအနားတစ်ခု ကျင်းပပေးမယ်"
ဘတ်စ်မူလင်က စိတ်ကျေနပ်နေဟန်အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်လေသည်။
"တီ တီ တီ တီ"
ထိုအချိန်မှာပင် အသိပေးအချက်ပြသံတစ်သံက ထိန်းချုပ်ခန်းတစ်ခုလုံးဝယ် မြည်ဟည်းသွားခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ"
ဘတ်စ်မူလင်လည်း ရုတ်ခြည်းတောင့်ခဲသွားရသည်။ ဤဗဟိုထောက်လှမ်းရေးထိန်းချုပ်ခန်းကို တည်ဆောက်ပြီးကတည်းက ဤသတိပေးအချက်ပြသံကို တပ်ဆင်ထားခဲ့သည်။ ဤသည်မှာ ဆယ်နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်မြည်လာခဲ့ခြင်းဖြစ်၏။
"မဟုတ်ဘူး..မဖြစ်နိုင်ဘူး။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ဝန်ထမ်းတစ်ယောက်က ကိရိယာမျာကို တအံ့တဩကြည့်ရှုနေခဲ့သည်။
"သောက်ကျိုးနည်း ဘာတွေဖြစ်နေတာလဲ"
"ဘာဖြစ်တာလဲ"
ဘတ်စ်မူလင်လည်း အပြေးရောက်လာပြီး ထိုကိရိယာ၏မျက်နှာပြင်ကို ညွှန်ပြလိုက်သည်။
"ဒီအနက်ရောင်အစက်တွေက ဘာအဓိပ္ပာယ်လဲ"
"ဝန်ကြီး..ဒါက ဥရောပတစ်ခွင်မှာ တပ်ဆင်ထားတဲ့ ကျွန်တော်တို့ရဲ့လုံခြုံရေးစနစ်အချက်ပြပရိုဂရမ်ပါ"
"အဲ့ဒါက EW-01စနစ်လား"
ဘတ်စ်မူလင်က မေးလိုက်၏။
ဤသည်မှာ လွန်ခဲ့သည့်ငါးနှစ်ခန့်က သူတို့နိုင်ငံမှ လုပ်ဆောင်ပြီးစီးခဲ့သော ပရောဂျက်တစ်ခုပင်။ ဤစနစ်မှတစ်ဆင့် ဥရောပတစ်ခွင်မှာရှိသည့် စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများ၏ အသုံးပြုမှုကို ခြေရာခံနိုင်သည်။ နိုင်ငံတစ်နိုင်ငံက နယ်မြေတစ်ခုခု သို့မဟုတ် နိုင်ငံတစ်ခုခုတွင် ဒုံးကျည်တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပါက သူတို့က ထိုအရာကို အရင်ဦးစွာသိနိုင်မည်ဖြစ်၏။
ဤစနစ်မှာ ဥရောပတစ်ခွင်လုံးရှိ သူတို့၏လုံခြုံရေးစနစ်ကို အုတ်မြစ်ချခဲ့ရုံသာမက သူတို့၏မျက်လုံးတစ်စုံလည်း ဖြစ်လာခဲ့သည်။
"အခုလေးတင် ဥရောပတစ်ခွင်မှာ ဒုံးကျည်အလုံးသုံးရာကို ခြေရာခံမိထားပါတယ်။ ကြားဖြတ်တိုက်ဒုံးကျည်အလုံးငါးဆယ်နီးပါးလည်း ပါပါတယ်"
"အခုဆိုရင် စုစုပေါင်းအလုံးလေးရာကျော်သွားပါပြီ။ ဆက်တိုးနေတုန်းပါပဲ"
"ပစ်မှတ်က ဘယ်သူလဲဆိုတာ မင်းတို့သိရလား"
"အဲ့ဒါ..အဲ့ဒါက ကျွန်တော်တို့ရဲ့သမ္မတအိမ်တော်ပါ"
**********