← Chapters

မင်းရဲ့ဝင်ရောက်မှုက မိမိုက်နေရမယ်

Vol. 14 Ch. 202

မင်းရဲ့ဝင်ရောက်မှုက မိမိုက်နေရမယ်

Vol. 14 Ch. 202

လေလံပွဲများမှာ အထက်တန်းလွှာများသာ တက်ရောက်နိုင်သော အရာတစ်ခုဖြစ်ကြောင်း ကျန်းမုန့်လောင် နားလည်ထားသည်။ လေလံတင်သည့်ပစ္စည်းများကလည်း သန်းဂဏန်းမဟုတ်လျှင် အနည်းဆုံးသိန်းဂဏန်းလောက်တော့ ရှိပေလိမ့်မည်။

ဆယ်နှစ်မှ တစ်ကြိမ်သာကျင်းပသော ယခုလိုလေလံပွဲတစ်ခုဆိုလျှင် ဈေးအပေါဆုံးပစ္စည်းများကပင် အနည်းဆုံးယူရိုတစ်သန်းလောက် ရှိနိုင်လိမ့်မည်မဟုတ်လား။

ဤလေလံပွဲနှင့်ပတ်သက်ပြီး ကျန်းမုန့်လောင် အများကြီးမျှော်လင့်ထားသည်။

"မစ္စတာကျန်း..လူကြီးမင်းပြင်ခိုင်းထားတဲ့ဝတ်စုံ ရောက်လာပါပြီ"

အိမ်တော်ထိန်းက ကျန်းမုန့်လောင်ရှေ့တွင် ဘူးနှစ်ဘူးကို နေရာချလိုက်သည်။

"ဒါတွေက လူကြီးမင်းနဲ့ မိန်းကလေးလုတို့ မနက်ဖြန် လေလံပွဲတက်ဖို့အတွက် ပြင်ထားတဲ့ဝတ်စုံတွေပါ"

"တစ်ခုခုများမှားနေတာလား။ လေလံပွဲကို ဝတ်စုံပြည့်ဝတ်သွားဖို့လိုတယ်ပေါ့"

ကျန်းမုန့်လောင် ထိုမျှအထိ တွေးမထားမိချေ။

"မင်း နားမလည်ဘူးပဲ"

ဝမ်လင်က ပြောလာသည်။

"ဒီဥရောပသားတွေက သူတို့ကိုယ်သူတို့ လူကြီးလူကောင်းတွေလို့ သတ်မှတ်ထားကြတာ။ ဒီလိုဓလေ့ထုံးစံတွေမပါဘဲ သူတို့ ပွဲမလုပ်ကြဘူးလေ"

ဝမ်လင်၏ခရီးဆောင်အိတ်ထဲတွင် ဝတ်စုံနှစ်စုံ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်၏။

"အပြင်ပန်းလှပြီး အတွင်းမှာပုပ်နေတဲ့ သူတို့က ဝတ်ကောင်းစားလှတွေဝတ်လိုက်တာနဲ့ သူတို့ကိုယ်သူတို့ လူကြီးလူကောင်းတွေဖြစ်သွားပြီလို့ထင်နေတာလား"

ကျန်းမုန့်လောင်က စောဒကတက်လိုက်သည်။ လူကြီးလူကောင်းနှင့် အထက်တန်းစားစစ်စစ်တို့က သူတို့၏မလိုမုန်းထားမှုကို ပေါ်တင်ထုတ်မပြတတ်ချေ။ ဤလူများမှာ လူကြီးလူကောင်းစစ်စစ်များ မဟုတ်ကြသည်မှာ အသိသာချည်းပင်။

သို့သော် ရောမကိုရောက်လျှင် ရောမလိုကျင့်ရမည်ဖြစ်၏။ သူ ထိုဝတ်စုံကို အခန်းထဲသို့ ယူသွားလိုက်သည်။ ဒီဇိုင်းကိုမူ သူ တစ်ချက်မျှပင် မကြည့်ပေ။ သူ့ကိုယ်ပိုင်စတူဒီယိုက ဒီဇိုင်းဆွဲထားသည်ဆိုပါလျှင် ကျန်းမုန့်လောင် ဘယ်တုန်းကမှ စိတ်မကျေနပ်ခြင်းမျိုး မရှိခဲ့ဖူးပေ။

ထိုအခိုက်ဝယ် ကျန်းမုန့်လောင်၏ဖုန်းက ထမြည်လာသည်။

"အိုး.. ပိုလာဒီပါလား"

ကျန်းမုန့်လောင်က သူ့ဖုန်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ထိုညစာစားပွဲပြီးကတည်းက သူတို့ အဆက်အသွယ်မရတော့ခြင်းပင်။ ကြည့်ရသည်မှာ ပိုလာဒီက သူ ဥရောပရောက်နေသည့်သတင်းကို ကြားပြီးသွားပုံပင်။

"မစ္စတာပိုလာဒီ... မတွေ့ရတာကြာပြီနော်"

ကျန်းမုန့်လောင်က ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

"မစ္စတာကျန်း..ကျုပ် အရမ်းစိတ်လှုပ်ရှားနေတာ။ ခင်ဗျားလည်း ဥရောပကို လာလိမ့်မယ်လို့ ကျုပ်ထင်မထားဘူး"

ပိုလာဒီက ပြောလိုက်လေသည်။

"ခင်ဗျားလည်း ဒီကို လေလံပွဲအတွက်ရောက်လာတာလား"

"မစ္စတာပိုလာဒီ...ခင်ဗျားလည်း ဒီကိုရောက်နေတာလား"

"ဆယ်နှစ်မှာ တစ်ကြိမ်ပဲကျင်းပတဲ့ ဒီလိုအခမ်းအနားကြီးကို ကျုပ်က ဘယ်လိုလုပ်လက်လွှတ်ခံမှာတဲ့လဲ"

ပိုလာဒီက ရယ်မောလိုက်သည်။

"ဒီတစ်ခေါက် ကျုပ် ပိုက်ဆံတွေအများကြီးပြင်လာခဲ့တယ်။ ပြန်ယူသွားဖို့ ပစ္စည်းတချို့ဝယ်သွားရမယ်လေ"

"ကြည့်ရတာတော့ မစ္စတာပိုလာဒီရဲ့စီးပွားရေးက ကျွန်တော့်လုပ်ငန်းကြောင့် မထိခိုက်သွားဘူးထင်တယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။ သူကိုယ်တိုင်တောင် ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရသည်ဖြစ်ရာ ပိုလာဒီလို နာမည်ကြီးပုဂ္ဂိုလ်ဆိုလျှင် ပို၍ပင်ခက်ခဲခဲ့မှာ သေချာသည်။

"အစတုန်းကတော့ သေချာပေါက်ခက်ခဲခဲ့တာပေါ့။ ကျုပ်ကုမ္ပဏီရဲ့စတော့ရှယ်ယာတွေလည်း သုံးပုံတစ်ပုံနီးပါးလောက်ထိုးကျသွားခဲ့တယ်။ ကျုပ်လည်း အဲ့ဒီအခွင့်အရေးကိုအသုံးချပြီး ဈေးကွက်ထဲကနေ ရှယ်ယာတွေကို ရနိုင်သလောက်ဝယ်ပစ်လိုက်တယ်"

ပိုလာဒီက ရှင်းပြလာသည်။

"ဒါပေမဲ့ ခင်ဗျား ချင်းချိုးနိုင်ငံကို ဆုံးမလိုက်ပြီးကတည်းက အွန်လိုင်းပေါ်က အဲ့ဒီဝေဖန်စကားတွေလည်း အလိုလိုပျက်စီးကုန်ရော။ ကုမ္ပဏီရဲ့စတော့ရှယ်ယာဈေးကလည်း မူလတန်ဖိုးထက် နှစ်ဆပိုပြီးမြင့်တက်သွားခဲ့တယ်လေ။ ကျုပ်ရဲ့အသားတင်ပိုင်ဆိုင်မှုဆိုရင် လွန်ခဲ့တဲ့နှစ်လတုန်းကထက်တောင် နှစ်ဆပိုများသွားပြီ"

သူက စကားပြောရင်း သူ့ကိုယ်သူကျေနပ်အားရနေပေသည်။

"ခင်ဗျားက အရမ်းရဲတာပဲ။ ဒေဝါလီခံရမှာ မကြောက်ဘူးလား"

ကျန်းမုန့်လောင်မှာ ပိုလာဒီ၏သတ္တိကို မလေးစားဘဲ မနေနိုင်ပေ။

"ဟားဟား.. မစ္စတာကျန်းရဲ့အစွမ်းကို တခြားလူတွေကသာ မသိချင်နေမယ်။ ကျုပ်ကတော့ မသိဘဲနေပါ့မလား။ အဲ့ဒီကိစ္စက ဟွာရှားရဲ့စီးပွားရေးကို ထိခိုက်မှာစိုးလို့ ခင်ဗျား ချင်းချိုးနိုင်ငံကိုပဲ အရေးယူဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတာ ကျုပ်သိပါတယ်။ အဲ့လိုမှမဟုတ်ရင် အမေရိကနိုင်ငံတောင်မှ ခင်ဗျားရဲ့ရိုက်ချက်ကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး"

"ဟားဟားဟား..ခင်ဗျားက လူကဲခတ်တတ်သားပဲ"

ပိုလာဒီက ကျန်းမုန့်လောင်၏ခံယူချက်ကို ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။

"ဒါပေမဲ့ မစ္စတာကျန်းနဲ့ယှဉ်ရင် ကျုပ်ရဲ့ပိုက်ဆံနည်းနည်းလေးက မပြောပလောက်ပါဘူး"

ပိုလာဒီက သူ့အောင်မြင်မှုများကို ဘယ်တုန်းကမှ ထင်ယောင်ထင်မှားဖြစ်ခဲ့ဖူးခြင်းမရှိပေ။ အခြားအရာများကို မဆိုထားနှင့်။ ချင်းချိုးနိုင်ငံတွင်ရှိသော ကျန်းမုန့်လောင်၏ပိုက်ဆံများကတင် သူ့ပိုင်ဆိုင်မှုတန်ဖိုးအားလုံးကို ကျော်လွန်နေပြီဖြစ်၏။

"စီးပွားရေးချီးမွမ်းခန်းကို ခဏလောက်ဘေးချိတ်ထားလိုက်ရအောင်"

ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။

"ခင်ဗျား ဘာပြောချင်လို့ ဖုန်းဆက်လိုက်တာလဲ"

"တရားဝင်လေလံပွဲက မနက်ဖြန်စတာဆိုပေမဲ့ ဒီည ဧည့်ခံပွဲတစ်ခုကျင်းပမှာလေ။ ခင်ဗျားနဲ့တွေ့ပြီး ကြွယ်ဝချမ်းသာရေးနည်းလမ်းတွေ လေ့လာချင်နေကြတဲ့ မိတ်ဆွေတချို့ရှိတယ်"

"ခင်ဗျား တကယ်ပြောနေတာလား"

ကျန်းမုန့််လောင် ထိတ်လန့်သွားရသည်။

"မစ္စတာကျန်း.. ဒါဆို လက်ခံလိုက်ကြရအောင်။ ကျုပ် မနက်ဖြန်ကျရင် ခင်ဗျားကို ခန်းမမှာလာတွေ့မယ်နော်"

"သေစမ်း.. ကျွန်တော် စကားဆုံးအောင်ပြောပါရစေဦး"

ကျန်းမုန့်လောင်က ငြင်းဆန်ချင်နေသော်လည်း ပိုလာဒီကတော့ သူပြောလာမည့်စကားကို ကြိုခန့်မှန်းမိနေဟန်ဖြင့် အလျင်အမြန်ဖုန်းချသွားသည်။ ကျန်းမုန့်လောင်ကတော့ ရယ်ရမလို ငိုရမလိုဖြင့် ကျန်ရစ်နေခဲ့သည်။

ကျန်းမုန့်လောင်အနေနှင့် သင်မပေးချင်သောကြောင့် မဟုတ်ပေ။ သို့သော် ပေါ်လီမာကုန်ကြမ်းပစ္စည်းများအကြောင်း လေ့လာထားသူတစ်ယောက်အနေနှင့် သူသည် ငွေရှာနည်းနှင့်ပတ်သက်ပြီး ဘာမှမသိပေ။ သို့သော် သူ့အား ငွေသုံးနည်း သို့မဟုတ် ကြွားဝါနည်းတို့ကိုသာ လာမေးမည်ဆိုပါက ကျန်းမုန့်လောင်တွင် အတွေ့အကြုံများစွာရှိနိုင်လောက်သည်။

ပိုလာဒီ၏မိတ်ဆွေဖြစ်ဖို့ဆိုလျှင် စီးပွားရေးလောက၏ အထင်ကရပုဂ္ဂိုလ်တစ်ဦး ဖြစ်နေရန် လိုအပ်ပေသည်။ သူတို့ရှေ့တွင် စီးပွားရေးအကြောင်း ဆွေးနွေးရမည်ဆိုပါက ကိုယ့်ဒုက္ခကိုယ်ရှာသလိုသာ ဖြစ်နေချေတော့မည်။

"ကလစ်"

အဝတ်လဲခန်း၏တံခါးက ပွင့်လာသည်။ ပွဲတက်ဝတ်စုံဝတ်ဆင်ထားသည့် လုရီယောင်က အခန်းထဲမှ ဖြည်းဖြည်းချင်းထွက်လာသည်။

ဤသည်မှာ ကျန်းမုန့်လောင်မြင်ဖူးသမျှထဲတွင် အလှပဆုံးသောပွဲတက်ဝတ်စုံပင်။ ချင်းချိုးနိုင်ငံသမ္မတ၏ ဧည့်ခံပွဲတွင် လီဂျီအွန်းဝတ်ဆင်ခဲ့သည့် ဒေါ်လာသန်းချီတန်သော ပွဲတက်ဝတ်စုံပင်လျှင် ဤဝတ်စုံနှင့်ယှဉ်လိုက်သောအခါ မှေးမှိန်သွားရသည်။

လုရီယောင်၏ ငန်းမလေးတစ်ကောင်အလား တင့်တယ်လှပသည့် လည်တိုင်ထက်တွင် "သမုဒ္ဒရာနှလုံးသား"လည်ဆွဲကို ဆင်မြန်းထားသည်။ ထို့ကြောင့် သူ(မ)၏အသွင်အပြင်ကား နတ်သမီးပုံပြင်လေးတစ်ပုဒ်ထဲက ထွက်လာသည့် မင်းသမီးလေးတစ်ပါးနှယ် ထင်မှတ်မှားစေသည်။

"လှလိုက်တာ။ အရမ်းလှတာပဲ"

ကျန်းမုန့်လောင်လည်း ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့ချေ။

ကျန်းမုန့်လောင်၏အမျိုးသမီးဖြစ်သည့်အတွက် လုရီယောင်၏အဆင့်အတန်းကား ကျန်းမုန့်လောင်၏ပတ်ပတ်လည်ရှိ အခြားမိန်းမများအားလုံးထက် သာလွန်ပေသည်။ ပြီးခဲ့သည့်တစ်ခေါက်တုန်းက လီဂျီအွန်းဝတ်ဆင်ခဲ့သော ပွဲတက်ဝတ်စုံမှာ ကျန်းမုန့်လောင်၏ "သာမန်အမျိုးသမီး"စံနှုန်းနှင့်သာ ကိုက်ညီအောင် ချုပ်လုပ်ထားခြင်းဖြစ်သည်။

သူတို့နှင့်ယှဉ်လိုက်လျှင် လုရီယောင်က ဧကရီနှင့် ကိုယ်လုပ်တော်ကြားရှိ ကွာခြားချက်အလားပင်။ သူ(မ)အဝတ်အစားများ၏ အဆင့်အတန်းက ကျန်းမုန့်လောင်ထက် နည်းနည်းလေးမှမနိမ့်ကျပေ။

"သေစမ်း။ မင်းတို့နှစ်ယောက်က လေလံပွဲသွားတက်မှာလား။ နန်းတက်ပွဲသွားကြမှာလား"

ဝမ်လင်နှင့် သူ့ကောင်မလေးက ယခုမှ သူတို့အဝတ်အစားများကို ဝတ်ဆင်ပြီး အဝတ်လဲခန်းထဲမှ ထွက်လာခြင်းဖြစ်သည်။

ဤပွဲတက်ဝတ်စုံရှေ့တွင် ဝမ်လင့်ကောင်မလေး၏ အမေရိကန်ဒေါ်လာရှစ်သိန်းတန် ကိုယ်တိုင်ဒီဇိုင်းအပ်ထားသော ပွဲတက်ဝတ်စုံမှာ မှေးမှိန်သွားရလေသည်။

"ဒီဝတ်စုံက စိန်နဲ့လုပ်ထားတာမဟုတ်ဘူးမလား"

ဝမ်လင်က ပွဲတက်ဝတ်စုံပေါ်ရှိ အရောင်အသွေးစုံလင်လှသော အလှဆင်ပစ္စည်းများကို လက်ညှိုးထိုးပြလိုက်သည်။

"ဟုတ်ပါတယ် မစ္စတာဝမ်"

လုရီယောင်၏ ဝတ်စုံတာဝန်ခံက ဆိုလာလေသည်။

"ဒီပွဲတက်ဝတ်စုံကို စုစုပေါင်းသာမန်စိန်ပွင့်သေးသေးလေးအတုံး၁၇၂၀နဲ့ အလှဆင်ထားတာပါ"

အရွယ်အစားအားဖြင့် တစ်ကာရက်နီးပါးရှိသော စိန်တစ်ပွင့်ကို ဝမ်လင် လက်ညှိုးထိုးပြလိုက်သည်။

"ဒါကို စိန်ပွင့်သေးသေးလေးလို့ လာပြောနေတာလား"

ဝမ်လင်က စိန်ပွင့်များနှင့် မစိမ်းသူဖြစ်၏။ ဤစိန်များ၏အရွယ်အစားက အကြမ်းဖျင်းအားဖြင့် တစ်ပွင့်ကို တစ်ကာရတ်ဝန်းကျင်ရှိပြီး ဖြတ်တောက်မှု၊ အလင်းပြန်မှုနှင့် သန့်စင်မှုတို့ကား ပြီးပြည့်စုံလှသည်။ ဈေးကွက်ထဲတွင် အမေရိကန်ဒေါ်လာသောင်းဂဏန်းအောက်မရောက်ပေ။

ပွဲတက်ဝတ်စုံကို အလှဆင်ရန်အတွက် အသုံးပြုထားသော စိန်ပွင့်များမှာ စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာဆယ်သန်းကျော်သည်။

"ထားလိုက်ပါတော့ ငါဆက်မမေးတော့ဘူး။ ငါ့ရဲ့ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားစိတ်လေး ပျက်စီးသွားမှာစိုးရတယ်"

ဝမ်လင်က လုရီယောင်၏ပွဲတက်ဝတ်စုံကို ထပ်မကြည့်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။

"ငါတို့ အဲ့ဒီကိုဘယ်လိုသွားကြမလဲ"

ပွဲကျင်းပရာနေရာသည် သီးသန့်ကျွန်းတစ်ခုဖြစ်ပြီး ဧည့်သည်များအတွက်လည်း အထူးပြုလုပ်ထားသော သင်္ဘောဆိပ်မရှိသောကြောင့် ဝမ်လင်က မေးလိုက်ခြင်းပင်။

"လှေနဲ့ပေါ့ကွ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ဟယ်လီကော်ပတာက တအားသေးတော့ နေရာလောက်မှာမဟုတ်ဘူး"

...

"သေစမ်း။ ဒီလောက်ရိုးရှင်းမှာမဟုတ်မှန်း ငါသိသားပဲ"

သို့တိုင် ကျန်းမုန့်လောင်ပြောသည့် "လှေ"ကိုမြင်လိုက်ရသောအခါ ဝမ်လင့်ခမျာ မဆဲဘဲမနေနိုင်ချေ။

ဤအရာကြီးမှာ "လှေ"ဟုခေါ်ဆိုရန် ခက်ခဲလွန်းလှသည်။ ဤသည်မှာ ဖျက်သင်္ဘောကြီးတစ်စင်းဖြစ်၏။

ဤဖျက်သင်္ဘောကား အလျား၂၅၀မီတာကျော်ရှိပြီး ရေထုအလေးချိန် ၂၅၀၀၀တန်ကျော်ရှိသည်။ အဓိကအချက်မှာ ၎င်း၏လက်နက်များကို မဖယ်ရှားရသေးခြင်းဖြစ်၏။ ၄.၅ဘကါအချင်းရှိသော အမြောက်များနှင့် လေကြောင်းကာကွယ်ရေးအမြောက်များကြောင့် ဝမ်လင်၏ဦးရေပြားပင် ထုံကျင်သွားရသည်။

"ဒါကို နှစ်ရက်လောက်လည်ပတ်ဖို့အတွက်ဆိုပြီး အင်္ဂလန်သမ္မတဆီက ငှားထားတာ"

ကျန်းမုန့်လောင်က ဆိုလာလေသည်။

"ဒီညဧည့်ခံပွဲမှာ ကမ္ဘာ့အချမ်းသာဆုံးပါဆိုတဲ့လူတွေအများကြီး စုဝေးနေမှာလေ။ လူချမ်းသာတွေအများကြီးရှေ့မှာ ရွက်လှေနဲ့လာတယ်ဆိုရင် ကျန့်မုန့်လောင်ဆိုတဲ့ ငါက တအားအပေါစားဆန်သွားမှာပေါ့။ ဟုတ်တယ်မလား"

"မင်းက ကျွန်းတစ်ကျွန်းလုံးကို ဖောက်ခွဲပစ်ဖို့ ကြံစည်နေတာလား"

ဝမ်လင်မှာတော့ ပြောစရာစကားကင်းမဲ့သွားရသည်။ လေလံပွဲကျင်းပနေသော ကျွန်းပေါ်ရှိလူများမှာ ဤဖျက်သင်္ဘောကိုမြင်ပြီး ဖြစ်ပျက်သွားကြမည့် တအံ့တဩမျက်နှာများကို သူ မြင်ယောင်မိနေပြီဖြစ်၏။

"မင်း ဒီထက်ပိုပြီးဟိတ်ဟန်ထုတ်လို့ရနိုင်သေးလား"

"လူတစ်ယောက်ရဲ့အဝင်ပြကွက်က မိမိုက်နေရမယ်လေ"

ကျန်းမုန့်လောင်က သူ့ဆံပင်ကို အနောက်ကိုသပ်တင်လိုက်သည်။

"ယောကျ်ားတစ်ယောက်က ဟိတ်ဟန်မများဘူးဆိုရင် ငါးဆားနယ်တစ်ကောင်နဲ့ ဘာကွာတော့မှာလဲ"

**********

All Chapters