လေယာဉ်တို့ ရွက်လှေတို့ဆိုတာ အဆင့်နိမ့်တယ်
Vol. 14 Ch. 203
ဘန်နယ်ကျွန်းစုမှာ ပြင်သစ်နိုင်ငံ၏ပိုင်ဆိုင်မှုဖြစ်ပြီး မြေထဲပင်လယ်၏ အနောက်မြောက်ဘက်တွင် တည်ရှိသည်။ ထိုကျွန်းများသည် ပြင်သစ်ကမ်းရိုးတန်းမှ ရေမိုင်ငါးဆယ်မိုင်အကွာတွင် တည်ရှိသည်။ အကြမ်းအားဖြင့်ဆိုရလျှင် ကီလိုမီတာ၁၀၀ခန့်ပင်။
ဤကျွန်းစုများ၏ သဘာဝရှုခင်းများမှာ အလွန်လှပလွန်းသောကြောင့် လူချမ်းသာများက ဤကျွန်းများကို သူတို့၏ပုဂ္ဂလိကပိုင်ဆိုင်မှုအဖြစ် ဝယ်ယူပြီး အပန်းဖြေနေရာများအဖြစ်သို့ ပြောင်းလဲပစ်ခဲ့ကြသည်။
ဘန်နယ်ကျွန်းစုများထဲတွင် အလွန်ကြီးမားလှသော ကျွန်းတစ်ကျွန်းရှိပြီး ထိုကျွန်းကို နာမည်ကြီးကျော်ကြားလှသည့် ဥရောပမိသားစုတစ်စုဖြစ်သော ရော့စ်ချိုင်းမိသားစုက ပိုင်ဆိုင်ထားသည်။ ဤကျွန်းပေါ်တွင် သူတို့သည် အလွန်ခေတ်မီလှသော ဟိုတယ်တစ်ခုကို တည်ဆောက်ထားပြီး ထိုဟိုတယ်၏ ကြယ်အဆင့်မှာ ကြယ်ခုနစ်ပွင့်အဆင့်အထိ ရောက်ရှိထားပြီးဖြစ်၏။
ဟိုတယ်ဟုဆိုခြင်းထက် ၎င်းကို အိမ်တော်ကြီးတစ်ခုဟုခေါ်လျှင် ပိုသင့်လျော်ပေသည်။ ပုံမှန်အားဖြင့်ဆိုလျှင် အမေရိကန်ဒေါ်လာသန်းတစ်ရာကျော် ပိုင်ဆိုင်ထားသူများမှာ ဤကျွန်းပေါ်သို့ ခြေချရုံလေးခြေချနိုင်သည့် အရည်အချင်းမျှသာရှိသည်။ ထိုနေရာမှာ ကမ္ဘာ့ထိပ်တန်းအဆင့် အထက်တန်းလွှာများအတွက် စီးပွားရေးဖလှယ်မှုများနှင့် အဆက်အသွယ်များ ပြုလုပ်ရန်အတွက် အကောင်းဆုံးသောနေရာတစ်ခုဖြစ်သည်။
လေလံပွဲကိုလည်း ဤကြယ်ခုနစ်ပွင့်အဆင့်ရှိဟိုတယ်ထဲတွင် ကျင်းပမည်ဖြစ်၏။
ဤလေလံပွဲအတွက် ရော့သ်ချိုင်းမိသားစုက အင်တိုက်အားတိုက်သုံးစွဲထားပြီး သူတို့၏ကိုယ်ပိုင်ရွက်လှေများနှင့် သင်္ဘောဆိပ်များကို မူလအရွယ်အစားထက် နှစ်ဆတိုးမြှင့်ထားသည်။ ထို့ပြင် ရဟတ်ယာဉ်ဆင်းသက်ရာ မြေနေရာများကိုလည်း ထပ်မံဖြည့်စွက်ထားသည်။ ကျွန်းတစ်ကျွန်းလုံးသည် ယခင်ကထက်ပင် ပိုစည်ကားလာခဲ့သည်။
ပင်လယ်ပြင်အနှံ့တွင် အဖြူရောင်လှိုင်းတံပိုးများ ဖြတ်သန်းသွားပြီး အဖြူရောင်ရွက်လှေတစ်စီးက ဆိပ်ကမ်းသို့ ဖြည်းညင်းစွာဝင်ရောက်လာသည်။ ဤရွက်လှေ၏ ပုံပန်းသွင်ပြင်က လူအများအပြား၏အာရုံကို ချက်ချင်းဆွဲဆောင်လိုက်နိုင်သည်။
လူချမ်းသာများ၏ စုဝေးပွဲဖြစ်သော်ငြား လူချမ်းသာများတွင်လည်း အဆင့်အမျိုးမျိုး ခွဲခြားသတ်မှတ်နိုင်သေးသည်။ သူတိုသည် ကမ္ဘာအရပ်ရပ်မှ ရောက်ရှိလာကြခြင်းပင်။ အချို့မှာ သူတို့နိုင်ငံတွင်းတွင် အလွန်အမင်းချမ်းသာလှသော်ငြား နိုင်ငံရပ်ခြားသို့ ရောက်ရှိလာချိန်တွင်မူ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကိုသာ မတတ်သာဘဲ ရွေးချယ်ကြရသည်။
ယနေ့တွင် လူချမ်းသာအယောက်ထောင်ပေါင်းများစွာကို ဖိတ်ကြားထားသော်လည်း သူတို့ထဲရှိ ၉၀ရာခိုင်နှုန်းကျော်ကို ပြင်သစ်ဆိပ်ကမ်းတွင် ပွဲစီစဉ်သူများ ပြင်ပေးထားသော ခရီးသည်တင်သင်္ဘောကြီးများနှင့် ခေါ်ဆောင်လာခြင်းဖြစ်၏။ မိမိဘာသာလာရောက်ကြသူများမှာ သူတို့၏သက်ဆိုင်ရာဒေသများတွင် ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ဟု သတ်မှတ်ခံထားရသူများပင်။
"ဝိုး..Sun Chaserကိုယ်ပိုင်ရွက်လှေကြီးပဲ။ အဲ့ဒါက အကန့်အသတ်နဲ့ထုတ်ထားတာနော်။ အဲ့ဒီတုန်းက ငါ အသည်းအသန်ကြိုးစားခဲ့ပေမဲ့ တစ်စီးတောင်မရခဲ့ဘူး။ ဒီနေ့တော့ မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရပြီပဲ"
"ဒီရွက်လှေရဲ့အခြေခံဈေးက အမေရိကန်ဒေါ်လာ၈၀မီလီယံရှိတယ်လို့ မှတ်မိထားတယ်နော်။ သူတို့က စုစုပေါင်းမှ ငါးစီးပဲရောင်းချခဲ့တာ။ တစ်စီးက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ပိုလာဒီဝယ်သွားပြီး နောက်တစ်စီးက ဟွာရှားက ဆန်းကြယ်တဲ့ဝယ်လက်တစ်ယောက်က ဝယ်သွားခဲ့တယ်။ ကျန်တဲ့သုံးစီးကတော့ ဥရောပကိုရောက်သွားပုံပဲ။ ဒါပေမဲ့ ဒီတစ်စီးက အဲ့ဒီသုံးစီးထဲက ဘယ်ဟာလဲဆိုတာကတော့ မသိနိုင်ဘူး"
ဆိပ်ကမ်းအနီးတွင် လမ်းလျှောက်ထွက်ရင်း စကားပြောနေကြသော လူချမ်းသာများအားလုံးက ထိုရွက်လှေကို စိတ်ဝင်တစားကြည့်နေမိကြသည်။ ယခု ပေါ်လာသူများမှာ အထင်ကရအဆင့်အတန်းတစ်ခုရှိသူများ ဖြစ်ရပေမည်။
Sun Chaserက ဆိပ်ကမ်းသို့ ဆိုက်ကပ်လာပြီးနောက် အသက်ငါးဆယ်အရွယ်ခန့်ရှိဟန်တူသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ဘော်ဒီဂတ်များနှင့် အမျိုးသမီးများစွာ ဝန်းရံလျက် ထွက်လာပေသည်။
"ဒီတော့ အဲ့ဒီလူက မစ္စတာဟေဇာကိုး။ ဥရောပဆေးဝါးလုပ်ငန်းလောကရဲ့ထိပ်တန်းပုဂ္ဂိုလ်လေ"
"ကျစ် ကျစ်..ဆေးဝါးလုပ်ငန်းက ဒီနှစ်နှစ်အတွင်း တော်တော်စီးပွားဖြစ်နေတာနော်။ မစ္စတာဟေဇာရဲ့ပိုင်ဆိုင်မှုက အဆပေါင်းများစွာမြင့်တက်သွားလောက်ပြီမလား။ နောက်နှစ်ကျရင် Forbes ထိပ်တန်း၁၀ဦးစာရင်းထဲတောင် ဝင်လာနိုင်မလားဆိုတာ ဘယ်သူသိမှာလဲ"
ဟေဇာ၏လုပ်ငန်းပါတနာများနှင့် မိတ်ဆွေသူငယ်ချင်းများက ချက်ချင်းပင် သူ့အနားကိုဝိုင်းအုံလာကြပြီး ထိုအုပ်စုကြီးဟာ မကြာခင်မှာပင် သက်ဝင်လှုပ်ရှားစွာ ရယ်ကာမောကာဖြင့် စကားပြောဆိုနေကြတော့သည်။
ညစာစားချိန် နီးကပ်လာသည်နှင့်အမျှ ပင်လယ်ပြင်နှင့် ကောင်းကင်ထက်တွင် ကိုယ်ပိုင်သယ်ယူပို့ဆောင်ရေးယာဉ်အမျိုးမျိုး ထွက်ပေါ်လာချေသည်။
"ဒါက S-92မော်ဒယ်ကိုယ်ပိုင်ရဟတ်ယာဉ်ပဲ။ သူ့တန်ဖိုးက မနှစ်တုန်းကတော့ အမေရိကန်ဒေါ်လာ၂၇သန်းရှိတာပဲ"
"ဒါက အဲဘက်စ်-၃၆၅မော်ဒယ်ကိုယ်ပိုင်ရဟတ်ယာဉ်ပဲ။ သူ့ဈေးနှုန်းက အမေရိကန်ဒေါ်လာဆယ်သန်းလောက်ပဲ ရှိပေမဲ့ ဒီဇိုင်းကတော့ ငါအကြိုက်ဆုံးပုံစံပဲ"
...
သိပ်မကြာခင်မှာပင် အစတုန်းက ဗလာကျင်းနေခဲ့သော ရဟတ်ယာဉ်ကွင်းကြီးထဲတွင် ကိုယ်ပိုင်ရဟတ်ယာဉ်အမျိုးမျိုးဖြင့် ပြည့်နှက်သွားသည်။ ထိုရဟတ်ယာဉ်များထဲမှ ဈေးအပေါဆုံးရဟတ်ယာဉ်ပင်လျှင် အမေရိကန်ဒေါ်လာငါးသန်းကျော် တန်ဖိုးရှိပြီး အဆင့်အမြင့်ဆုံးသော ရဟတ်ယာဉ်များမှာ သန်းရှစ်ဆယ်ကျော် တန်ဖိုးရှိသည်။ အရှိအတိုင်းဆိုရပါလျှင် ကောင်းကင်ထက်ရှိ မြို့ငယ်လေးများအလားပင်။
ရုတ်တရက်ဆိုသလို ဝေးကွာလှသော ပင်လယ်ပြင်ပေါ်တွင် ဧရာမသင်္ဘောကြီးတစ်စင်း ပေါ်ပေါက်လာသည်။ ၎င်းမှာ အလျားပေငါးရာကျော်ရှိပြီး ပင်လယ်ပြင်ထက်ရှိ လွင့်မျောမြို့တော်လေးတစ်ခုအလားပင်။
"အဲ့ဒါက "မိုနာကိုလမ်းမများ"ပဲ"
အုပ်စု၏ရှေ့ဆုံးရှိ လူတစ်ယောက်က ထိုရွက်လှေကို ချက်ချင်းသတိထားမိသွားသည်။
"ဘာ? ဒါက မိုနာကိုလမ်းမများလား"
"ငါ ဒါကို သတင်းထဲမှာပဲ ကြားဖူးခဲ့တာ။ ဒီနေ့ လူကိုယ်တိုင်မြင်ရလိမ့်မယ်လို့ ထင်မထားဘူး။ ငါ တော်တော်ကံကောင်းတာပဲ"
ဤရွက်လှေကြီး၏ပုံပန်းသဏ္ဌာန်မှာ ဆိပ်ကမ်းရှိ ဘီလျံနာများအားလုံးနီးပါးကို စိတ်လှုပ်ရှားသွားစေခဲ့သည်။ သူတို့ထဲမှာပင် ထိုရွက်လှေမျိုးကို လူတိုင်းမဝယ်နိုင်ပေ။
"မိုနာကိုလမ်းမများ"ကို မိုရိုကန်ပန်းခြံများကို အခြေခံ၍ ဖန်တီးထားပြီး ထိုရွက်လှေထဲတွင် ဇိမ်ခံအခန်းများသာမက ဇိမ်ခံအဆောက်အဦးများတွင် မဖြစ်မနေပါဝင်ရသော ရေကူးကန်များနှင့် ချွေးထုတ်ခန်းများလည်း ပါရှိသည်။ သို့သော် ဤရွက်လှေထဲတွင် ကာစီနိုကစားဝိုင်းများ၊ ဟိုတယ်များ၊ ရေကန်များနှင့် ရေတံခွန်အသေးစားလေးများလည်း အပြည့်အစုံပါရှိသည်။
ဟယ်လီကော်ပတာလိုချင်သလား။ ဤရွက်လှေပေါ်တွင် ရှိပြီးသားပင်။
ရေငုပ်သင်္ဘောလိုချင်လား။ ထိုအရာလည်း ရှိသည်။
"မိုနာကိုလမ်းမများ"ပေါ်တွင် ကိုယ်စိတ်ကူးကြည့်နိုင်သော အရာအားလုံးပါဝင်သည်။
သို့သော် ဈေးနှုန်းကလည်း ကြောက်စရာကောင်းလှ၏။ တည်ဆောက်မှုစရိတ်ကတင် အမေရိကန်ဒေါ်လာ၁.၁ဘီလီယံရှိသည်။ ရွက်လှေကုမ္ပဏီက ဒီဇိုင်းနမူနာပုံစံကို ပထမဆုံးအကြိမ်ချပြလာခဲ့တုန်းက သုံးနှစ်ကြာသည်အထိ ထိုဈေးနှုန်းအတွက် ဘယ်သူကမှ မတည်ငွေမထည့်ရဲခဲ့ကြပေ။ ဆောက်လုပ်ရေးအတွက်လည်း မည်သူကမှ ရန်ပုံငွေမထည့်ဝင်ရဲကြချေ။
ရှစ်နှစ်ကြာစောင့်ဆိုင်းပြီးနောက်တွင် အဆုံးမှာတော့ လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်ကမှ ထိုရွက်လှေ၏ပိုင်ရှင်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုလူမှာ ဒူဘိုင်းက အလွန့်အလွန်ချမ်းသာလှသော လူချမ်းသာအမျိုးသားတစ်ယောက်ပင်။ ထိုလူ၏နာမည်မှာ ဆာမာဖြစ်ပြီး လက်ရှိဘုရင်၏အငယ်ဆုံးသား ဖြစ်သည်။ ဤသင်္ဘောမှာ သူ၏အရွယ်ရောက်အခမ်းအနားအတွက် ပေးခဲ့သည့် လက်ဆောင်တစ်ခုဖြစ်၏။ ရေနံပေါကြွယ်ရာနယ်မြေထဲရှိ တစ်စုံတစ်ယောက်သာ ယခုလိုတန်ဖိုးကြီးရွက်လှေမျိုးကို ဝယ်ယူနိုင်လောက်မည်သာ။
ဘီလျံနာရာပေါင်းများစွာက ထိုရွက်လှေကို အားကျသည့်မျက်ဝန်းများဖြင့် ကြည့်နေကြသည်။ သူတို့အတွက်ပင်လျှင် ထိုရွက်လှေမှာ အလွန်အမင်းတန်ဖိုးကြီးလှသည်။ မည်သို့ပင်ဖြစ်စေ ကမ္ဘာတစ်ဝှမ်းတွင် အမေရိကန်ဒေါ်လာ၁ဘီလီယံကျော် ပိုင်ဆိုင်မှုရှိသူဟူ၍ အရေအတွက်နှစ်ထောင်ကျော်ကျော်လေးသာ ရှိ၏။
ထို့ပြင် မည်သူကများ ဤမျှဝင့်ကြွားလို့ကောင်းသော ပစ္စည်းတစ်ခုကို စည်းစိမ်အကုန်သုံး၍ ဝယ်လေမလဲ။ သူတို့တွင် ပိုက်ဆံအမြောက်အများပိုနေမှသာ ဖြစ်နိုင်လိမ့်မည်။
သူတို့၏ အံ့အားသင့်မှုများ ပြေပျောက်သွားချိန်ဝယ် "မိုနာကိုလမ်းမများ"၏ဘေးနားမှ အရိပ်တစ်ခု ရုတ်တရက်ပေါ်ပေါက်လာသည်။ ၎င်းမှာ အလျား၂၅၀မီတာရှိသော သံမဏိသားရဲကြီးတစ်ကောင်ဖြစ်၏။ ၎င်း၏ အမြောက်များမှာ အေးစက်စက်နိုင်စွာ ရွှန်းစိုတောက်ပနေပြီး ပင်လယ်၏အရှင်သခင်အဖြစ် လွှမ်းမိုးထားပေသည်။
"အဲ့ဒါက ဘာလဲဟ"
"ကြီးလိုက်တာ။ "မိုနာကိုလမ်းမများ"ထက်တောင် ပိုကြီးသေးတယ်။ အဲ့ဒါက ကုမ္ပဏီတစ်ခုကထုတ်ထားတဲ့ ရွက်လှေအသစ်ရဲ့ နောက်ဆုံးထွက်မော်ဒယ်များလား"
"အဲ့ဒါက ရွက်လှေမဟုတ်ဘူး။ အဲ့ဒါ..အဲ့ဒါက စစ်သင်္ဘောကြီး"
ဘီလျံနာတစ်ယောက်က သူ့မှန်ပြောင်းကို တုန်ယင်နေသောလက်ဖြင့် ကိုင်ထားရင်း တအံ့တဩရေရွတ်လိုက်သည်။
"သေစမ်း။ အဲ့ဒါက ဖျက်သင်္ဘောကြီးတစ်စင်းဟ"
"သောက်ကျိုးနည်း.. အဲ့ဒါကဘာကြီးတုန်း"
"အဲ့ဒါက ဒီအတိုင်းဖြတ်သွားတဲ့ စစ်ဆင်ရေးဖျက်သင်္ဘောပဲဖြစ်မှာပါ။ ဟုတ်တယ်မလား"
"မဟုတ်ဘူး။ အဲ့ဒါက ငါတို့ဘက်ကိုလာနေတာ"
လူတစ်ယောက်က အော်ဟစ်လိုက်သည်။
"ကြည့်လိုက်။ ကုန်းပတ်ပေါ်မှာ လူတချို့ရှိနေတယ်ကွ။ ဝတ်စုံပြည့်ဝတ်ထားတဲ့လူတွေ"
လူတိုင်းက မှန်ပြောင်းဖြင့် လက်ဆင့်ကမ်းကြည့်ရှုလိုက်ကြသည်။ စင်စစ်ပင်။ ဖျက်သင်္ဘောပေါ်တွင် အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက် ပါသည်။ လူငယ်လေးယောက်မှာ တန်ဖိုးကြီးပွဲတက်ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး လက်ထဲတွင်လည်း ဝိုင်ခွက်များကိုင်ထားရင်း နေဝင်ဆည်းဆာ၏အလှကိုခံစားနေကြသည်။
"မင်းတို့ ယုံနိုင်ကြရဲ့လား။ တချို့လူတွေက ဖျက်သင်္ဘောနဲ့ လေလံပွဲကိုလာတာတဲ့"
"ဒီအကြောင်းကို အရင်ကသာ လာပြောမယ်ဆိုရင် ငါကတော့ သူတို့ရူးနေပြီလို့ထင်မိမှာပဲ။ ဒါပေမဲ့ အခုတော့ ငါ့မျက်စိနဲ့တပ်အပ်မြင်နေရပြီ"
"ဒီပစ္စည်းကြီးက ဘယ်လောက်တန်ဖိုးရှိတာပါလိမ့်။ တစ်ဆယ်ဘီလီယံလား။ နှစ်ဆယ်ဘီလီယံလား။ ဒါမှမဟုတ် သုံးဆယ်ဘီလီယံလား"
"ဒီသင်္ဘောကြီးက ဘယ်လောက်တန်လဲဆိုတာတော့ ငါမသိဘူး။ ငါသိတာဆိုလို့ ဒီစစ်သင်္ဘောနဲ့ယှဉ်လိုက်ရင် ကိုယ်ပိုင်လေယာဉ်တွေနဲ့ ကိုယ်ပိုင်ရွက်လှေတွေအကုန်လုံးက လုံးဝသာမညောင်ညဖြစ်သွားတယ်ဆိုတာပဲ"
***********