← Chapters

အချမ်းသာဆုံးပုဂ္ဂိုလ်အစစ်က ဘယ်သူလဲ

Vol. 14 Ch. 204

အချမ်းသာဆုံးပုဂ္ဂိုလ်အစစ်က ဘယ်သူလဲ

Vol. 14 Ch. 204

ကျန်းမုန့်လောင်၏ ဖျက်သင်္ဘောကြီးက ထိုပွဲ၏ အာရုံစိုက်မှုဗဟိုချက်တစ်ခု ဖြစ်လာပြီး လူတိုင်းကလည်း ထိုနိုင်ငံခြားသားလူငယ်လေးအကြောင်း သိချင်နေကြသည်။ ဤမျှမြင့်မားလှသောအသွင်အပြင်မျိုးဖြင့် ထွက်ပေါ်လာသူမှာ ဘယ်သူလေလဲ။

"မိုနာကိုလမ်းမများ"ရွက်လှေနှင့်ယှဉ်လိုက်လျှင် ဖျက်သင်္ဘော၏ကုန်ကျစရိတ်မှာ သိပ်မများလှသော်လည်း ရွက်လှေတစ်စီးဆိုသည်မှာ ပိုက်ဆံရှိသူတိုင်း ဝယ်ယူနိုင်သည်။ ဖျက်သင်္ဘောတစ်စီးကတော့ မိမိမှာ ပိုက်ဆံရှိလျှင်ပင် ဘယ်နိုင်ငံကများ ထိုကဲ့သို့သောသင်္ဘောမျိုး ဆောက်ခွင့်ပေးမှာတဲ့လဲ။ ဖျက်သင်္ဘောတစ်စီးပိုင်ဆိုင်မှု၏ နောက်ကွယ်ရှိအဓိပ္ပာယ်မှာ အခြားအရာများနှင့် အဆင့်အတန်းချင်းမတူပေ။

"ကြည့်ရတာ အဲ့ဒီသင်္ဘောပေါ်မှာ အရှေ့တိုင်းသားတချို့ရှိနေပုံပဲ"

ဖျက်သင်္ဘောကြီးက အနားကပ်လာလေလေ လူတစ်ယောက်က ကျန်းမုန့်လောင်နှင့် သူ့အဖော်များ၏ မျက်နှာများကို မြင်ရလေလေပင်။

"အရှေ့တိုင်းသားတွေလား။ သူတို့က ဟွာရှားကလား"

သူတို့စိတ်ထဲတွင် အရှေ့နိုင်ငံများအားလုံးထဲတွင် ဟွာရှားကသာ ထူးခြားဆန်းကြယ်သောစွမ်းအားမျိုး ပိုင်ဆိုင်ထားသည်ဟု ထင်ကြသည်။ သို့သော် သူတို့က ဥရောပကိုရောက်နေခြင်း ဖြစ်သည့်အတွက် ၎င်းမှာ ဥရောပဖျက်သင်္ဘောတစ်စင်းဆိုသည်မှာ သိသာလှ၏။ သူတို့ ထိုသင်္ဘောကို မည်သို့ရယူခဲ့လေသလဲ။

"သူတို့လာနေပြီ"

ဖျက်သင်္ဘော၏ ဧရာမအရွယ်အစားနှင့် ရေနက်ပိုင်းစီးဆင်းမှုကြောင့် ကျွန်းပတ်ပတ်လည်ရှိ ရေပြင်မှာ ရေတိမ်ပိုင်းနယ်မြေဖြစ်သည့်အတွက် ယခုလိုဧရာမသင်္ဘောကြီးများ ချဉ်းကပ်၍မရနိုင်ပေ။ ထို့ကြောင့် "မိုနာကိုလမ်းမများ"ရွက်လှေနှင့် ဖျက်သင်္ဘောကြီးတို့နှစ်စင်းလုံးက ကျွန်းနှင့် မီတာရာချီဝေးသော နေရာတွင် ရပ်ထားခဲ့ရသည်။

ကျယ်လောင်လှသော စက်သံကြီးတစ်ခုနှင့်အတူ ရဟတ်ယာဉ်နှစ်စင်းကလည်း ဘန်နယ်ကျွန်းစု၏ ပင်မကျွန်းကြီးဆီသို့ ဦးတည်သွားသည်။ ထိုအထဲက တစ်စင်းမှာ "မိုနာကိုလမ်းမများ"ရွက်လှေ၏ ပိုင်ရှင်ဖြစ်ပြီး ထိုကိုယ်ပိုင်ရဟတ်ယာဉ်မှာ အမေရိကန်ဒေါ်လာသန်းသုံးဆယ်‌ကျော် တန်ဖိုးရှိသည်။

ကျန်ရဟတ်ယာဉ်မှာ လက်နက်တပ်ဆင်ထားသော ရဟတ်ယာဉ်တစ်စီးဖြစ်သည်။ နှစ်ဖက်စလုံးတွင် ချိတ်ဆွဲထားသော ဒုံးကျည်များနှင့် စက်သေနတ်များမှာ ကြည့်ရှုသူများအား နေမထိထိုင်မသာဖြစ်စေသည်။

အားလုံးသိထားကြသည့်အတိုင်း အထူးနယ်မြေအချို့ကလွဲလျှင် ထိုကဲ့သို့သောကိုယ်ပိုင်လက်နက်မျိုးကို ပိုင်ဆိုင်ရန်မှာ မဖြစ်နိုင်ချေ။ ပယ်ဖျက်ထားသော ဖျက်သင်္ဘောများနှင့် လက်နက်တပ်ဆင်ထားသော ဟယ်လီကော်ပတာများကိုပင် သူတို့၏လက်နက်စနစ်ကို ဖယ်ရှားပြီးမှသာ ရောင်းချလေ့ရှိသည်။ ဤသည်မှာ ကိစ္စမဟုတ်ပေ။

ဖြစ်နိုင်ခြေတစ်ခုတည်းသာ ရှိသည်။ ဖျက်သင်္ဘောပိုင်သည့် နိုင်ငံတစ်နိုင်ငံက သူတို့ ယခုလေးတင်မြင်လိုက်ရသော လူငယ်လေးကို ငှားရမ်းလိုက်ခြင်းပင်။ သို့သော် ထိုကဲ့သို့သော နိုင်ငံတော်အဆင့်ဗျူဟာမြောက်လက်နက်များကို ငှားရမ်း၍ရနိုင်မည်လား။ စစ်တိုက်ဖို့အတွက် မဟုတ်ဘဲ ကြွားဝါးဖို့အတွက်သက်သက် ငှားရမ်းလာခြင်းမှာ သာမန်စိတ်ကူးယဉ်နိုင်စွမ်းကိုပင် ကျော်လွန်နေလေပြီ။

ရဟတ်ယာဉ်နှစ်စင်းက ရဟတ်ယာဉ်ကွင်းထဲသို့ တစ်ပြိုင်တည်းဆင်းသက်လိုက်သည်။ ဒူဘိုင်းမှ အသက်နှစ်ဆယ့်နှစ်နှစ်အရွယ် လူငယ်လေးတစ်ယောက်က ရွှေရောင်ရဟတ်ယာဉ်ထဲက ဆင်းလာပြီး သူ့ဝတ်စုံနှင့် အဆင်တန်ဆာပစ္စည်းများမှာ ချမ်းသာကြွယ်ဝခြင်း၏ အငွေ့အသက်များကို ထုတ်လွှတ်နေပေသည်။ သူ့ဘော်ဒီဂတ်များနှင့် အိမ်အကူများကပင် လွန်စွာထူးခြားနေသည်။

အခြားရဟတ်ယာဉ်ထဲတွင် အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက်ပါရှိသည်။ သူတို့လေးယောက်စလုံးက အစောပိုင်းက သူတို့မြင်လိုက်ရသည့် အရှေ့တိုင်းသားများပင်။

"သူငယ်ချင်း မင်းရဲ့ဖျက်သင်္ဘောကြီးနဲ့ လက်နက်တပ်ဆင်ထားတဲ့ရဟတ်ယာဉ်ကြီးက တကယ်မိုက်တယ်နော်"

ဒူဘိုင်းမှ လူငယ်လေးက ကျန်းမုန့်လောင်အနားသို့ ချဉ်းကပ်၍ နှုတ်ဆက်လိုက်သည်။ ထိုအချိန်မှာ ထိုလေးယောက်၏ ကိုယ်နေဟန်ထားနှင့် ဝတ်စုံများမှတစ်ဆင့် ကျန်းမုန့်လောင်က ဩဇာအာဏာလွှမ်းမိုးမှုရှိသူဖြစ်ကြောင်း သတိထားလိုက်မိသည်။

"ဟားဟားဟား..သာမန်ပါပဲ။ သာမန်ပါပဲ။ မင်းရဲ့သင်္ဘောနဲ့ရဟတ်ယာဉ်ကလည်း မဆိုးပါဘူး"

ကျန်းမုန့်လောင်က ယဉ်ယဉ်ကျေးကျေးပြန်ပြောလိုက်သည်။

"သောက်ကျိုးနည်း.. မင်းက ဒူဘိုင်းစကားလည်း နားလည်တာပဲလား"

ဝမ်လင်က ကျန်းမုန့်လောင်ကို တအံ့တဩကြည့်လိုက်မိသည်။

"အသံထိန်းထား။ ငါက ကမ္ဘာ့ဘာသာစကားအားလုံးကို ကျွမ်းကျင်တယ်လေ။ ဒါက အခြေခံလေးတွေပါကွာ။ တအားအံ့ဩမနေစမ်းပါနဲ့"

ကျန်းမုန့်လောင်က ကြွားလိုက်လေ၏။

သူက ရွက်လှေကို အားကျစွာ တစ်ချက်လှမ်းကြည့်လိုက်သည်။ အမှန်အတိုင်းပြောရလျှင် ကျန်းမုန့်လောင်လည်း "မိုနာကိုလမ်းမများ"ရွက်လှေကို အလွန်စိတ်ဝင်စားမိသည်။ အကယ်၍ ထိုရွက်လှေကိုသာ ဟွာရှားသို့ ပြန်ယူသွားနိုင်ပါက စတိုင်လည်းကျသလို ဝင့်ကြွားလို့လည်းရနိုင်လိမ့်မည်။

သူက အလွန်ချမ်းသာသည့်အတွက် ထိုကုမ္ပဏီများမှ သီးသန့်ထုတ်လုပ်ထားသော ရွက်လှေနောက်တစ်စီးကို ရယူရန်မှာ ကိစ္စကြီးတစ်ခုမဟုတ်သော်ငြား ယခုလိုရွက်လှေတစ်စင်းကို ဆောက်လုပ်ရန် သုံးနှစ်လောက် အချိန်ယူရသည်ဟု ဆိုကြသည်။ ကျန်းမုန့်လောင်ကတော့ ထိုမျှအထိ မစောင့်ချင်ပေ။

"ဟေး..ကိုယ့်လူ.. မိတ်ဆက်ကြရအောင်လေ။ ငါ့နာမည်က အာရှစ်ဆာမာပါ။ ဒူဘိုင်းဘုရင်ရဲ့အငယ်ဆုံးသားလေ"

အာရှစ်က သူ့ကိုယ်သူမိတ်ဆက်လာသည်။

"မင်းက ဟွာရှားဧကရာဇ်ရဲ့သားတော်လား"

သူက ဟွာရှားစကားနားမလည်သော်လည်း တစ်ဖက်လူ၏ အသံထွက်နှင့် လေသံမှတစ်ဆင့် ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့ပြောနေသော ဘာသာစကားမှာ ဟွာရှားဘာသာစကားဖြစ်ကြောင်း အာရှစ် အကြမ်းဖျင်းသိလိုက်သည်။ အာရှစ်၏စိတ်ထဲတွင် ယခုလိုအရာမျိုးကို စွမ်းနိုင်သူမှာ နိုင်ငံတစ်နိုင်ငံ၏ တော်ဝင်မိသားစုတစ်စုသာ ဖြစ်ရမည်ဟု ယူဆထားသည်။

"ဟားဟားဟား"

ကျန်းမုန့်လောင်က မရယ်ဘဲမနေနိုင်တော့ပေ။

"ငါတို့နိုင်ငံက ဘုရင်စနစ်ကို ဟိုးအရင်နှစ်ပေါင်းတစ်ရာကျော်ကတည်းက ဖျက်သိမ်းလိုက်ပြီ။ ငါက ဟွာရှားနိုင်ငံရဲ့ သာမန်နိုင်ငံသားတစ်ယောက်ပါပဲ"

"သာမန်နိုင်ငံသားတဲ့လား"

အာရှစ် မျက်လုံးပြူးသွားရသည်။

"ဒါဆို ဒီစစ်သင်္ဘောကြီးကို ဘယ်ကရလာတာလဲ"

"အိုး..အင်္ဂလန်ဘုရင်မကြီးဆီက ငှားလာတာလေ"

ကျန်းမုန့်လောင် ညာနေခြင်းမဟုတ်။ ဤဖျက်သင်္ဘောကြီးမှာ အင်္ဂလန်ဘုရင်မကြီးထံမှတစ်ဆင့် ဟေဂန်ပြင်ဆင်ပေးထားခြင်းဖြစ်၏။

"အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူတို့က ဒီလိုပစ္စည်းမျိုးကို ဘယ်လိုလုပ်ပြီး မင်းကိုငှားပေးမှာတဲ့လဲ"

အာရှစ် တအံ့တဩရေရွတ်လိုက်သည်။ ဤဖျက်သင်္ဘောကြီးကို ကျန်းမုန့်လောင်က ဟွာရှားအထိယူပြီး မောင်းသွားလျှင်ပင် အင်္ဂလန်ဘုရင်မကြီးက ဘာတစ်ခွန်းမှပြောရဲမည်မဟုတ်ကြောင်း သူမသိပေ။

"အဲ့ဒါက ဘာတွေများခက်ခဲနေလို့လဲ။ လောင်စာဆီဖြည့်ပေးပြီး ပြန်ပို့လိုက်ရုံပဲကို"

ကျန်းမုန့်လောင်က ပေါ့ပေါ့တန်တန်ပြောလိုက်လေသည်။

အာရှစ်၏နဖူးထက်တွင် အနက်ရောင်မျဉ်းများ ပေါ်ပေါက်လာသည်။

လောင်စာဖြည့်ပေးလိုက်တဲ့လား...

ဤသည်မှာ ဖျက်သင်္ဘော၊ စစ်သင်္ဘောကြီးတစ်စင်းပင်။ ကားတစ်စီးမဟုတ်ချေ။ ဤသည်မှာ ဟာသလုပ်နေခြင်းလေလား။

သို့သော် ကျန်းမုန့်လောင်က တကယ့်အကြောင်းအရင်းအစစ်ကို ထုတ်ဖော်ပြောဆိုချင်မည်မဟုတ်လောက်ကြောင်း သူသိသည်။ ထို့ကြောင့် သူ့ဘက်ကလည်း ထိုအကြောင်းကို ဘာမှဆက်မမေးနေတော့ပေ။

သူ့စိတ်ထဲတွင်မူ ဟွာရှား၏ဆန်းကြယ်မှုက အဆင့်ပေါင်းများစွာအထိ မြင့်တက်သွားရသည်။ ကျန်းမုန့်လောင်က သာမန်ဟွာရှားနိုင်ငံသားတစ်ယောက်ဆိုသည်ကို သူမယုံပေ။ ဟွာရှားရှိ ပုန်းကွယ်နေသောနဂါးများနှင့် ငုပ်လျှိုးနေသောကျားများအကြောင်း ယခုတော့ သူ နက်နက်နဲနဲသဘောပေါက်လိုက်ပြီဖြစ်၏။

"စကားမစပ် ကိုယ့်လူ"

ကျန်းမုန့်လောင်က အနားသို့ ကိုင်းညွတ်လိုက်သည်။

"အိုး. စကားမစပ် ငါ့နာမည်က ကျန်းမုန့်လောင်ပါ"

"ကျန်း..တွေ့ရတာဝမ်းသာမိပါတယ်။ ငါတို့ရဲ့လှပတဲ့ဒူဘိုင်းကနေ မင်းကို အချိန်မရွေးကြိုဆိုနေပါတယ်ကွာ"

အာရှစ်က ကျန်းမုန့်လောင်နှင့် လက်ချင်းဆွဲ၍ နှုတ်ဆက်လိုက်သည်။

"မင်းလာရင် ငါ မင်းအတွက် အကောင်းဆုံးဧည့်ခန်းနဲ့ အကောင်းဆုံးအစားအသောက်တွေပြင်ထားပေးမယ်"

ကျန်းမုန့်လောင်လိုလူတစ်ယောက်နှင့် သိကျွမ်းရခြင်းမှာ အာရှစ်ကို အလွန်ပျော်ရွှင်သွားစေသည်။

"ဒါပေါ့"

ကျန်းမုန့်လောင်က ရယ်သည်။

"စကားမစပ် အာရှစ်.. မင်းရဲ့ရွက်လှေက တော်တော်အထင်ကြီးဖို့ကောင်းတာပဲ"

"ဟားဟားဟား ဒီသေးသေးလေးက ငွေတွေအများကြီးကုန်လိုက်တာ"

အာရှစ်ကလည်း စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် စပြောလေတော့သည်။

"ဒါက င့ါအဖေ ငါ့ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက အရွယ်ရောက်လက်ဆောင်အနေနဲ့ ပေးခဲ့တာလေ။ တည်ဆောက်ဖို့အတွက် ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ၁.၁ဘီလီယံရှိတာ။ အတွင်းပိုင်းအပြင်အဆင်တွေကလည်း စုစုပေါင်း ၂ဘီလီယံကျော်တယ်။ ဒါက တကယ့်ကို ဒီကမ္ဘာမှာ ရှာမှရှားတဲ့ရွက်လှေပဲ"

"ကျစ် ကျစ် ကျစ်"

ကျန်းမုန့်လောင်က လက်ဖျားခါမိသည်။

"ငါတို့ တစ်ခုလောက်ဆွေးနွေးကြည့်ကြရင်ရော ဘယ်လိုလဲ"

"ကျန်း..ပြောမှာသာပြောလိုက်ပါ"

"ဒီရွက်လှေကို ရောင်းမလား"

အာရှစ်ခမျာ ရုတ်တရက်ကြီး ကြက်သေသေသွားရသည်။ ယခုအချိန်အထိတိုင် မည်သူကမှ ဤရွက်လှေကို ဝယ်ယူမည့်အကြောင်း စကားမဟရဲခဲ့ပေ။

"ကျန်း.. မင်း ဘာပြောလိုက်တယ်"

"ငါ မင်းရဲ့ရွက်လှေကို ဝယ်ချင်လို့။ ဈေးလည်းနှိမ်မှာမဟုတ်ပါဘူး။ အဲ့ဒါက အမေရိကန်ဒေါ်လာ၂ဘီလီယံတန်တယ်မလား။ ဒေါ်လာ၃ဘီလီယံပေးမယ်ဆိုရင်ရော"

"အဲ့လိုမဟုတ်..မင်း.."

အာရှစ်ခမျာ ရုတ်တရက်ကြီး စကားပြောနိုင်စွမ်းပျောက်ဆုံးသွားရသည်။

သူက ဒူဘိုင်းနိုင်ငံသားတစ်ယောက်ပင်။ ရေပိုက်ခေါင်းထဲမှ ရေနံများစီးဆင်းရာနေရာတစ်ခုပင်။ ချမ်းသာလှသောနိုင်ငံတစ်နိုင်ငံက ဘုရင်ကြီး၏ အချစ်ဆုံးသားတော်ဖြစ်သည့်အတွက် သူ့ချမ်းသာကြွယ်ဝမှုကို အမြဲကြွားဝါးခဲ့သူဖြစ်၏။ မည်သူကများ သူ့ရှေ့မှာ ချမ်းသာကြွယ်ဝမှုအကြောင်း လာကြွားရဲခဲ့လေသလဲ။

ကျန်းမုန့်လောင်က ဒေါ်လာတစ်ဘီလီယံကို ပွင့်ပွင့်လင်းလင်းထပ်ဖြည့်ပေးလာသည်။ ဤသည်မှာ သူတို့ဒူဘိုင်း၏ ချမ်းသာကြွယ်ဝမှုကို စိန်ခေါ်လိုက်ခြင်းပင်။

"အဲ့ဒါမှမလောက်သေးရင် လေးဘီလီယံဆိုလည်း အဆင်ပြေတယ်။ဒါမှမဟုတ် ငါးဘီလီယံပေါ့"

ကျန်းမုန့်လောင်က အာရှစ်ငြင်းလိုက်မည်ကို စိုးရိမ်နေသည့်အလား ဈေးကို ဆက်တင်နေပေသည်။

"အဲ့လိုမှမဟုတ်ရင်လည်း မင်းလိုချင်တဲ့ဈေးကို ပြောကြည့်လေ။ ငါ သေချာပေါက်ဈေးမဆစ်ဘူး"

"ဒီစကားဝိုင်းက ရှေ့ဆက်လို့မဖြစ်တော့ဘူး"

အာရှစ်က သူဘယ်သူလဲ၊ ဘယ်ရောက်နေလဲ သို့မဟုတ် သူဘာလုပ်နေလဲဆိုသည်ကိုပင် ရုတ်တရက်မသိတော့ချေ။

လူတစ်ယောက်နှင့် ခဏမျှစကားပြောဆိုနေရင်း သူ့ကို ငွေနှင့်ပစ်ပေါက်လာသည့်အတွက် လုံးဝမှင်တက်သွားရသည်။ ဤနေရာတွင် အချမ်းသာဆုံးပုဂ္ဂိုလ်အစစ်က ဘယ်သူလဲဟုပင် သူ ကျန်းမုန့်လောင်ကို မေးလိုက်ချင်သည်။

**********

All Chapters