← Chapters

အဲ့ဒါက ရိုးရှင်းပြီး ကြမ်းတမ်းတယ်

Vol. 14 Ch. 206

အဲ့ဒါက ရိုးရှင်းပြီး ကြမ်းတမ်းတယ်

Vol. 14 Ch. 206

ထိုစကားများက လန့်စရာကောင်းလွန်းသောကြောင့် လူတိုင်း၏အမူအရာကား တောင့်ခဲသွားရလေသည်။ သူတို့၏သိချင်စိတ်ကြောင့် ယခုလိုလျှို့ဝှက်ချက်ကြီးတစ်ခုကို ပေါ်ထွက်လာလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ပေ။ ဤရှယ်ယာပမာဏနှင့်ဆိုလျှင် သူတို့ကုမ္ပဏီတွင် အကြီးဆုံးရှယ်ယာရှင်အဖြစ် သတ်မှတ်ခံရမည်ဖြစ်သော်လည်း သူတို့ကိုယ်တိုင်က ထိုအကြောင်းကို လုံးဝမသိချေ။

"ငါတို့ပြန်ရောက်တာနဲ့ ဒီကိစ္စကို အသေးစိတ်အတည်ပြုရမယ်"

လူတိုင်းက သူတို့စိတ်ထဲတွင် တိတ်တိတ်လေးမှတ်ထားလိုက်ကြသည်။

"ဒီတော့ မစ္စတာကျန်းရေ.. စီးပွားရေးလောကထဲက တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ခင်ဗျား ဘယ်လိုမြင်လဲ။ ဒါမှမဟုတ် နောက်တစ်မျိုးပြောရရင် စီးပွားရေးပြိုင်ဆိုင်မှုနယ်ပယ်မှာ ခင်ဗျားရဲ့ရန်သူတွေကို ဘယ်လိုနည်းလမ်းမျိုးနဲ့ အနိုင်ယူမလဲ"

"အဲ့ဒါ တော်တော်ရိုးရှင်းပါတယ်"

ကျန်းမုန့်လောင်က ပြောပြလိုက်သည်။

"အများပိုင်ကုမ္ပဏီဆိုရင် ရှယ်ယာဝယ်ဖို့ ပိုက်ဆံသာပစ်ပေးလိုက်။ ၁၀ရာခိုင်နှုန်းအပိုပေးလို့မှမရရင် ၂၀ရာခိုင်နှုန်းပေးလိုက်။ ၂၀ရာခိုင်နှုန်းနဲ့မှ မရရင် ၃၀ရာခိုင်နှုန်းပေါ့။ အဲ့ဒါမှမဖြစ်ရင် နှစ်ဆတိုးပေးလိုက်။ ကုမ္ပဏီရဲ့ရှယ်ယာတွေအကုန်လုံးက ခင်ဗျားတို့လက်ထဲရောက်လာရင် ပြိုင်စရာမလိုတော့ဘူးလေ "

သူတို့တစ်သိုက်လည်း ကြောင်အသွားရှာလေသည်။

ဒါက ဘယ်လိုသောက်ကျိုးနည်းနည်းဗျူဟာမျိုးလဲ။ ဤသည်မှာ ပိုက်ဆံအပုံလိုက်ချပေးခြင်းသာ ဖြစ်၏။ သည်လောက်တောင်ရိုးရှင်းပြီး ကြမ်းတမ်းရလေသလား။

"လုံးဝတစ်ဦးတည်းပိုင်ကုမ္ပဏီဆိုရင်ရော"

"ဒါဆို အလုပ်သမားစုဆောင်းလိုက်လေ။ လစာကို နှစ်ဆပေးပြီး အိမ်တစ်လုံးကားတစ်စီးပါ ထည့်ပေးလိုက်။ ပြီးရင် သူတို့ဆီမှာရှိသမျှ ဝန်ထမ်းအားလုံးကို လုယူသွားလိုက်။ အခွံလွတ်ပဲကျန်တော့တဲ့ ကုမ္ပဏီတစ်ခုက ဘာတန်ဖိုးမှမရှိဘူးလေ"

"သေလိုက်ပါတော့"

ကမ္ဘာ့အဆင့်မီ စီးပွားရေးပညာရှင်များမှာ ကျန်းမုန့်လောင်၏မှတ်ချက်များကြောင့် ကြက်သေသေသွားကြလေသည်။ သူ့နည်းလမ်းများသည် သူတို့၏နားလည်နိုင်စွမ်းထက်ပင် ကျော်လွန်နေသည်။

စီးပွားရေးပြိုင်ဆိုင်မှုတွင် လုပ်ငန်းဝယ်ယူခြင်းနှင့် ဝန်ထမ်းလုယူခြင်းတို့မှာ အသုံးအများဆုံးနည်းဗျူဟာများဖြစ်၏။ သို့တိုင် ထိုနည်းလမ်းများသည် ရင်းနှီးမတည်ငွေ လုံလောက်မှုရှိမရှိအပေါ် မူတည်သည်။ တစ်ဖက်လူက လက်ခံ၊မခံဆိုသည်က တစ်ကဏ္ဍပင်။

သို့သော် ဟွာရှားတွင် သင့်တော်သော ဆိုရိုးစကားတစ်ခုရှိသည်။ "ပိုက်ဆံရှိရင် နတ်ဆိုးကိုတောင် အမိန့်ပေးနိုင်တယ်"သတဲ့။ တစ်စုံတစ်ယောက်၏ရှယ်ယာများကို လိုချင်လျှင် အပို၁၀ရာခိုင်နှုန်း သို့မဟုတ် ၂၀ရာခိုင်နှုန်းလောက်က ဆွဲဆောင်မှုမရှိနိုင်လောက်သော်ငြား ထိုပမာဏကို နှစ်ဆမြှင့်ပေးလိုက်ပါက မရောင်းသည့်လူကသာ ရူးနေပြီဟုဆိုနိုင်သည်။

ထိုရှယ်ယာများကို အချိန်အကြာကြီးဆက်ကိုင်ထားမည်ဆိုလျှင် နှစ်ပေါင်းများစွာကြာပြီးလျှင် နှစ်ဆသုံးဆမက ပြန်ရနိုင်သည်ဆိုသော်ငြား ၎င်းမှာ နှစ်ရှည်စီမံကိန်းတစ်ခုသာဖြစ်၏။ ယခုနေသာ ငွေအရင်းအနှီး၏နှစ်ဆသုံးဆလောက် ပိုကိုင်ထားနိုင်ခဲ့ပါက နောက်ထပ်အမြတ်များများရနိုင်မည့် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လုပ်နိုင်ပေသည်။

ဤဒိတ်ဒိတ်ကြဲလုပ်ငန်းပိုင်ရှင်ကြီးများပင် တစ်ယောက်ယောက်သာ သူတို့ရှယ်ယာများကို နှစ်ဆတိုးပေးလာခဲ့ပါက ထိုသွေးဆောင်မှုကို ငြင်းဆန်ရန် ခက်ခဲလှသည်။

ဝန်ထမ်းလုယူခြင်းမှာလည်း ထိုနည်းလည်းကောင်းပင်။ သို့သော် ပုံမှန်ဝန်ထမ်းလုယူခြင်းမှာ အများဆုံးရှိလှ ထင်ရှားကျော်ကြားသည့် အဆင့်အတန်းနှင့် အရေးပါအရာရောက်သော လူတချို့ကိုသာ ရွေးချယ်ခေါ်ယူကြသည်။ ကျန်းမုန့်လောင်ကမူ ကုမ္ပဏီတစ်ခုလုံး၏ ဝန်ထမ်းအင်အားအကုန်လုံးကို ရွေးချယ်ခေါ်ယူရန် ရည်ရွယ်ခဲ့လေသည်။ ဤသည်မှာ စီးပွားပြိုင်ဆိုင်မှုမဟုတ်ပါဘဲ မိုက်ကြေးခွဲနေခြင်းသာ။ သို့သော် ဝန်ထမ်းလုယူ၍မရဟုလည်း ဥပဒေထုတ်ထားခြင်းမျိုးမရှိသလို ဝန်ထမ်းသစ်ခေါ်ယူနိုင်သည့် အရေအတွက်ကိုလည်း ကန့်သတ်မထားပေ။

သို့သော် မည်သည့်နည်းလမ်းမဆို အကျိုးအမြတ်အပေါ် အခြေခံ၍ လုပ်ကိုင်ရသည်သာ။ ယခုလိုအကြမ်းဖက်စီးပွားရေးနည်းဗျူဟာများကို ထုတ်သုံးဖို့အတွက် ပိုက်ဆံရှိသည်ဆိုလျှင်ပင် ထိုရှယ်ယာများနှင့် ဝန်ထမ်းသစ်စုဆောင်းခြင်းတို့အတွက် မိမိပိုက်ဆံကို အကုန်ထုတ်သုံးလိုက်ပါက ကုမ္ပဏီ၏အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုဖြစ်သွားလေမလဲ။

"မစ္စတာကျန်း.. ခင်ဗျားပြောတာကို ကျုပ်တို့တွေအကုန်နားလည်ပါတယ်"

ဘီလ်ဂိတ်က ကိုးရိုးကားရားဟန်ဖြင့် ရယ်မောလျက် ပြောလာချေသည်။ ကျန်းမုန့်လောင်အား ယခုလိုမေးခွန်းမျိုးမေးမိသည့်အတွက် တစ်ခုခုမှားနေသလို သူတို့ ခံစားနေရသည်။ သူ့တွေးခေါ်ပုံမှာ သူတို့နှင့် လုံးဝကွာခြားနေသည်။

"ဒါပေမဲ့ အဲ့လိုစီးပွားပြိုင်မှုမျိုးက တအားအကုန်အကျမများဘူးလား"

ကျန်းမုန့်လောင်ကလည်း ဘွင်းဘွင်းရှင်းရှင်း ပြန်ဖြေလိုက်သည်။

"ခင်ဗျားတို့မှာ ပိုက်ဆံလုံလုံလောက်လောက်ရှိနေရင် ခင်ဗျားတို့ရဲ့အသန်မာဆုံးပြိုင်ဘက်ကို ရှင်းထုတ်ပစ်ဖို့အတွက် ရင်းနှီးမြှုပ်နှံခဲ့တဲ့ငွေတွေ ပြန်မရမှာကို စိုးရိမ်နေစရာမလိုဘူးမလား။ လက်ဝါးကြီးအုပ်ရမဲ့နည်းလမ်းတွေရှိတယ်ဆိုပေမဲ့ ကိုင်တွယ်ဖြေရှင်းလို့ရတဲ့ တခြားနည်းလမ်းတွေလည်း ရှိသေးတယ်မဟုတ်လား"

ကျန်းမုန့်လောင်က ဝမ်ယိဂီတကို သူသိမ်းပိုက်ခဲ့သည့် နည်းဗျူဟာအကြောင်း ပြန်ပြောပြလိုက်ရာ အဆင့်မြင့်စီးပွားရေးသမားအုပ်စုလည်း အံ့ဩမှင်တက်မှုကြောင့် ပါးစပ်အဟောင်းသားဖြစ်နေကြသည်။

ဂီတပညာရှင်များအားလုံး၏ သီချင်းမူပိုင်ခွင့်အားလုံးကို ဝယ်ယူပစ်လိုက်ခြင်းနှင့် ကုမ္ပဏီတစ်ခုလုံး၏ ဝန်ထမ်းအားလုံးကို ရွေးချယ်ခေါ်ယူလိုက်ခြင်း - ဤကဲ့သို့သော ရဲရင့်လှသည့်လုပ်ရပ်များကို လူသားများက တကယ်လုပ်နိုင်လေသလား။

"ဒါပေမဲ့ မစ္စတာကျန်း..မူပိုင်ခွင့်တွေဝယ်ဖို့အတွက်နဲ့ ဒီလောက်ပိုက်ဆံအများကြီးသုံးပစ်ခဲ့ပြီး အလုပ်သမားကုန်ကျစရိတ်ကိုလည်း သိသိသာသာကြီးမြှင့်ပေးလိုက်တော့ ဆယ်နှစ်ကြာအမြတ်ငွေကတောင်မှ ဒီကုန်ကျစရိတ်ကို ကာမိမှာမဟုတ်ဘူး။ ပြီးတော့ အဲဒီကုန်ကျစရိတ်တွေက တစ်နှစ်ပြီးတစ်နှစ်များများလာမှာ။ ခင်ဗျား ဘာအမြတ်မှရမှာမဟုတ်ဘူး"

ဝေါလ်တန်က ကျန်းမုန့်လောင်၏အားနည်းချက်ကို ထိထိမိမိထောက်ပြလိုက်သည်။

အမှန်ပင်။ နှစ်ပေါင်းများစွာကြာပြီးနောက် ကျန်းမုန့်လောင်၏လုပ်ငန်းစုက ဂီတဈေးကွက်တစ်ခုလုံးကို လုံးဝလွှမ်းမိုးထားလိုက်ချိန်မှာ သူတို့က ဈေးကွက်စည်းမျဉ်းကို သတ်မှတ်ပြီး ဈေးကွက်ကို အလွယ်တကူထိန်းချုပ်နိုင်လိမ့်မည်။

သို့သော် ဤသည်မှာလည်း သက်တမ်းတစ်ခုရှိသည်။ ညတွင်းချင်းမရနိုင်ပေ။ အချိန်ဆယ်နှစ်ကြာမည်ဟု ဆိုခြင်းကပင် ဖော့ပြောထားခြင်းဖြစ်၏။ မည်သူကများ ဆယ်စုနှစ်ပေါင်းများစွာ အချိန်ပေးနိုင်မတဲ့လဲ။ ဤသည်မှာ လုံးဝအဓိပ္ပာယ်မရှိပေ။

"ခင်ဗျားတို့တွေ.. တအားမရိုင်းကြနဲ့လေ"

ကျန်းမုန့်လောင်က ရယ်မောလျက်ပြောလိုက်သည်။

"ကျွန်တော် ဝမ်ယိဂီတကို ဘာလို့ဝယ်လိုက်ရလဲဆိုတာ ခင်ဗျားတို့သိလား။ ဘာလို့လဲဆိုတော့ သူတို့သူဌေးက ကျွန်တော့်ကိုစိတ်အနှောင့်အယှက်ပေးခဲ့လို့ပဲ။ သူ့ကုမ္ပဏီကို အရယူလိုက်နိုင်တော့ ကျွန်တော် ခံစားလို့ကောင်းသွားတယ်လေ။ စိတ်အခြေအနေကောင်းရင် ကျွန်တော့်ကျန်းမာရေးလည်းကောင်းတယ်။ ကျန်းမာရေးကောင်းရင် နောက်ဆယ်နှစ်လောက် အသက်ရှည်နေနိုင်တာပေါ့"

"ဒါက ဘယ်လိုလော့ဂျစ်ကြီးလဲ"

ထိုလူတစ်သိုက်မှာ အံ့ဩမှင်တက်သွားလေသည်။

"ပြီးတော့ ကျွန်တော့်မှာ သူတို့ကိုဝယ်ဖို့တောင် ပိုက်ဆံရှိမှတော့ ကုန်ကျစရိတ်ကို ဂရုစိုက်မယ်များထင်နေလား"

ကျန်းမုန့်လောင်က မြေအောက်ဂိုဏ်းစကားများကို စပြောလာလေပြီ။

"လူသားတွေက ငွေနောက်မလိုက်သင့်ဘူး။ ခင်ဗျားတို့ တကယ်မချမ်းသာသေးရင် ကျွန်တော့်ကမ္ဘာအကြောင်း နားလည်နိုင်မှာမဟုတ်ဘူး။ ကျွန်တော့်လိုအဆင့်ရောက်သွားရင် ပိုက်ဆံကိုစိတ်မဝင်စားတော့ဘူး။ နည်းနည်းပဲသုံးသုံး၊ များများပဲသုံးသုံး ဒါမှမဟုတ် နည်းနည်းပဲအမြတ်ရရ၊ များများပဲအမြတ်ရရ ဘာအရေးပါလို့လဲ။ အရေးအကြီးဆုံးက စိတ်ကျေနပ်ဖို့ပဲ"

"အဟွတ် အဟွတ် အဟွတ်"

ဒိတ်ဒိတ်ကြဲစီးပွားရေးလုပ်ငန်းရှင်ကြီးများမှာ "ခင်ဗျားတို့ တကယ်မချမ်းသာသေးဘူး"ဟူသော ကျန်းမုန့်လောင်၏စကားကြောင့် နင်သွားရသည်။ သူတို့အားလုံးမှာ Forbesစာရင်းဝင်များဖြစ်ကြပြီး တချို့ဆိုလျှင် ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာပင် ထိပ်ဆုံးရောက်ခဲ့ဖူးသူများပင်။ သို့သော် ကျန်းမုန့်လောင်ကတော့ သူတို့ကို တကယ်မချမ်းသာသေးဟု ဆိုလာလေသည်။

ထို့ပြင် ကျန်းမုန့်လောင်က ပိုက်ဆံကို လုံးဝစိတ်မဝင်စားဟု ပြောလိုက်သည်။ ဤစကားကို နောက်ဆုံးအကြိမ်ပြောခဲ့သူမှာလည်း ဟွာရှားနိုင်ငံသားတစ်ယောက်ပင်။ ဟွာရှားလူမျိုးများက သည်လောက်အထိချမ်းသာကြွယ်ဝလာကြလေပြီလား။ ဖွံ့ဖြိုးဆဲနိုင်ငံဟူသော သူတို့၏အဆင့်အတန်းမှာ လိမ်ညာထားခြင်းလေလား။ ဟွာရှားလူမျိုးအားလုံးက တိတ်တိတ်ပုန်းလူချမ်းသာများလေလား။

ကျန်းမုန့်လောင်ကတော့ ပေါ့တန်တန်ဆိုလိုက်သော သူ့မှတ်ချက်များကြောင့် ဤဒိတ်ဒိတ်ကြဲစီးပွားရေးလုပ်ငန်းရှင်များ၏ ဟွာရှားနိုင်ငံအပေါ်ထားသော အမြင်များက ပြောင်းလဲသွားလိမ့်မည်ဟု လုံးဝထင်မထားပေ။

"မစ္စတာကျန်းရဲ့စကားတွေက..တကယ့်ကိုမျက်စိပွင့်နားပွင့်ဖြစ်သွားစေတာပဲ…"

"အာ.. ကျုပ် သွားစရာကိစ္စလေးရှိသေးလို့ အရင်သွားနှင့်လိုက်ဦးမယ်နော်"

"ဟုတ်တယ်။ ဟုတ်တယ်။ဟုတ်တယ်။ ကျုပ်လည်း မိတ်ဆွေတချို့နဲ့ သွားတွေ့စရာရှိသေးတယ်။ ကျုပ်တို့ အားတဲ့အချိန်ကျရင် မစ္စတာကျန်းရဲ့အကြံဉာဏ်ကို လာတောင်းဦးမယ်"

အလ္လာပသလ္လာပပြောဆိုပြီးနောက် သူတို့ဟာ သရဲမြင်လိုက်ရသည့်အလား ထွက်ပြေးသွားကြလေတော့သည်။ ဆက်စကားပြောနေပါလျှင် သူတို့ကိုယ်သူတို့ ဆင်းရဲသားများဟုပင် သံသယဖြစ်မိတော့မည်သာ။ Forbesအဆင့်သတ်မှတ်ချက်ဆိုသည်မှာ သူတို့ကို ကစားနေခြင်းသက်သက်လေလား။

"ဒါက.."

ကျန်းမုန့်လောင်လည်း ထွက်ခွာသွားပြီဖြစ်သော ဒိတ်ဒိတ်ကြဲစီးပွားရေးလုပ်ငန်းရှင်များ၏ နောက်ကျောများကို လက်ညှိုးထိုး၍ ပြောလိုက်လေသည်။

"ပိုလာဒီ.. ဒီအတွက်တော့ ခင်‌ဗျား ကျွန်တော့်ကိုအပြစ်တင်လို့မရဘူးနော်။ သူတို့ပဲ ကျွန်တော့်ရဲ့အတွေ့အကြုံတွေကို ကြားချင်နေခဲ့ကြတာလေ။ ကျွန်တော်ကတော့ ရိုးရိုးသားသားပဲ မျှဝေပေးလိုက်တာကို"

ပိုလာဒီမှာ ချက်ချင်းပင် ကူကယ်ရာမဲ့သောအပြုံးမျိုး ပြုံးလိုက်မိသည်။ ကျန်းမုန့်လောင်ပြောသမျှစကားတိုင်းမှာ ချဲ့ကားခြင်းလုံးဝမပါဘဲ အမှန်တရားများသာဖြစ်ကြောင်း ကောင်းစွာသိထားသော်လည်း ထိုအချက်ကိုပင် မည်သူကမှ မခံနိုင်ကြခြင်းဖြစ်၏။

"မစ္စတာပိုလာဒီ.. ခင်ဗျားရဲ့မိတ်ဆွေတွေ တော်တော်စိတ်ထိခိုက်သွားကြပုံပဲ။ ခင်ဗျား သူတို့ကို သွားနှစ်သိမ့်ပေးသင့်တယ်နော်"

ဝမ်လင်က ဘေးမှနေ၍ စနောက်လိုက်သည်။

"ဒါဆို ကျွန်တော့်ကို ခဏလောက်ခွင့်ပြုပါဦး မစ္စတာကျန်းနဲ့မစ္စတာဝမ်တို့ လွတ်လွတ်လပ်လပ်နေကြပါ"

...

"ကျစ် သူတို့က ကမ္ဘာ့အဆင့်Forbesစာရင်းဝင်တွေဖြစ်တာတောင် ဒီလောက်ရန်စတာလေးကို မခံနိုင်ကြဘူးတဲ့"

ဝမ်လင်က စိတ်ပျက်လေဟန်လေသံဖြင့် ပြောလိုက်သည်။

ကျန်းမုန့်လောင်နှင့် တွေ့ပြီးကတည်းက သူသည် ကျန်းမုန့်လောင်၏ ဝင့်ကြွားလွန်းသောအပြုအမူများနှင့် နေသားကျသွားသည်အထိ သူ၏သရော်စကားများနှင့် နေ့တိုင်းထိတွေ့နေခဲ့ရသည်။ မိနစ်ပိုင်းမျှဖြင့် စိတ်ဆိုးသွားကြသူများမှာမူ စိတ်ဓာတ်ကြံ့ခိုင်မှု အလွန်အားနည်းလွန်းလှသည်။

**********

All Chapters