← Chapters

ရော့စ်ချိုင်းမိသားစုခေါင်းဆောင်

Vol. 14 Ch. 207

ရော့စ်ချိုင်းမိသားစုခေါင်းဆောင်

Vol. 14 Ch. 207

ကျန်းမုန့်လောင်နှင့် ထိုလူချမ်းသာစီးပွားရေးသမားများ၏ စကားဝိုင်းက ပွဲကြည့်သူတချို့ကို စိတ်ဝင်စားစေခဲ့သော်လည်း ဘာသာစကားကွဲပြားမှုနှင့် အကွာအဝေးကြောင့် ပွဲကြည့်သူများမှာ သူတို့ ဘာပြောနေခဲ့သလဲဆိုသည်ကို တိတိကျကျနားမလည်နိုင်ခဲ့ပေ။

သို့သော် ထိုလူတစ်စုက ရှက်ရွံနေဟန်အမူအရာဖြင့် သုတ်သီးသုတ်ပျာထွက်ခွာသွားကြသည်ကို မြင်သော် အချို့လူများက သူတို့တစ်တွေလည်း ကျန်းမုန့်လောင်၏လက်ချက်ဖြင့် ထိခိုက်ခံစားသွားရလေသလားဟု တွေးမိသွားကြသည်။

"အခုမှမှတ်မိတယ်။ သူက ကျန်းမုန့်လောင်ဆိုတဲ့ အဲ့ဒီဟွာရှားလူငယ်လေးပဲ"

အဆုံးမှာတော့ တစ်စုံတစ်ယောက်က ကျန်းမုန့်လောင်ကို မှတ်မိသွားသည်။

"သူက ချင်းချိုးနိုင်ငံရဲ့စီးပွားရေးကို ဖျက်ဆီးပစ်တော့မတတ်လုပ်ခဲ့တဲ့ အဲ့ဒီဟွာရှားလူငယ်လေးလား။ ဒါပေမဲ့ တော်တော်ငယ်‌သေးသလားလို့"

"ဟားဟားဟား ငါ အဲ့ဒီသီချင်းကိုတောင် မှတ်မိနေသေးတယ်။ "ဒီလိုနဲ့ပဲ ငါဟာ မင်းဆီမှာ အပြုတ်ခံလိုက်ရပါပြီ"တဲ့"

"သူငယ်ချင်း မင်းဆိုတာမှားနေပြီ။ 'ဒီနေရောင်ကြောင့် ငါ့ကို မင်း အနိုင်ယူလိုက်နိုင်ပါပြီ'လို့ဖြစ်ရမှာ"

"မဟုတ်သေးဘူး။ မဟုတ်သေးဘူး။ ဒီမိန်းမလှလေးကြောင့် ငါ မင်းကိုအရှုံးပေးလိုက်ရပြီ"လို့ဖြစ်ရမှာ"

...

ကျန်းမုန့်လောင်၏သရုပ်မှန်ကို အတည်ပြုပြီးနောက် ဖျက်သင်္ဘောတစ်စီးကို အရယူလာနိုင်ပြီး ကမ္ဘာ့ထိပ်တန်းအဆင့် သူဌေးကြီးများကို ဝမ်းနည်းပက်လက်ဖြစ်အောင် လုပ်နိုင်ခဲ့သည်ဆိုခြင်းမှာလည်း မဆန်းတော့ပေ။

သို့သော် ဤအဖြစ်က ကျန်းမုန့်လောင်ကို ပိုအာရုံစိုက်မိစေသည်။ "ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စစ်စစ်"ဟူသော ရောင်ဝါကြောင့် သူ ဘယ်သွားသွား အာရုံစိုက်မှု၏ဗဟိုချက်ဖြစ်နေမည်သာ။

"သွားကြစို့။ ငါတို့ ခန်းမထဲကိုသွားသင့်ပြီ"

ကျန်းမုန့်လောင်လည်း ထိုအကြည့်များကြောင့် နည်းနည်းရှက်လာသလို ခံစားလိုက်ရသည်။

"ကောင်းပြီလေ"

သူတို့တစ်သိုက်လည်း ခေါင်းညိတ်ပြလိုက်ပြီး ရော့စ်ချိုင်းမိသားစုမှ ဝန်ထမ်းတစ်ဦး၏ လမ်းပြမှုအတိုင်း လိုက်သွားလိုက်ပြီး ဟိုတယ်နှင့်ဆိပ်ကမ်းကြားရှိ သယ်ယူပို့ဆောင်ရေးယာဉ်ကိုစီး၍ ဟိုတယ်ဆီသို့ ထွက်လာခဲ့လိုက်ကြသည်။

"ငါတို့လည်းသွားကြစို့"

"ဟုတ်တယ်။ အထူးပုဂ္ဂိုလ်တွေ ထပ်ရောက်လာလိမ့်မယ်လို့ ငါတော့မထင်ဘူး"

ယခုလိုအဝင်ပြကွက်မျိုးကို မြင်ပြီးနောက် အခြားမည်သည့်နည်းလမ်းများ ရှိသေးသည်ဟုဆိုဆို ဤလူချမ်းသာများကို အံ့ဩအောင်လုပ်နိုင်တော့မည်မဟုတ်ပေ။ ညနေခင်းအစီအစဉ်ကလည်း စတင်တော့မည်ဖြစ်လေရာ အားလုံးလည်း ဟိုတယ်သို့ ပြန်လာခဲ့လိုက်ကြသည်။

ယခုအချိန်လောက်ဆိုလျှင် ဟိုတယ်ထဲ၌ လူစည်နေလောက်ပြီ။ လေလံပွဲလာတက်သော ဧည့်သည်များမှာ သူတို့အခန်းကို ပြင်ဆင်ရှင်းလင်းပြီးနောက် ဟိုတယ်၏သီးသန့်ကမ်းခြေတွင် အကုန်စုဝေးနေကြသည်။

အရည်အသွေးမြင့်ဝိုင်များ၊ စားကောင်းသောက်ဖွယ်များ၊ ဂီတနှင့် အလင်းရောင်များရှိနေသော်လည်း ဘားတစ်ခုလိုမျိုး ဆူညံပွက်လောရိုက်နေခြင်းမျိုးမရှိပေ။ ကောင်းမွန်စွာဝတ်စားဆင်ယင်ထားသော ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များနှင့် သူတို့၏အမျိုးသမီးအဖော်များဖြင့်သာ ပြည့်နေသဖြင့် ဤနေရာကား အဆင့်မြင့်ထိပ်တန်းအဆင့်လူမှုတွေ့ဆုံရေးပွဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ကျန်းမုန့်လောင်နှင့် ကျန်လူများလည်း နေရာတစ်ခုရှာပြီး သူတို့ပတ်ပတ်လည်ရှိ ကြော့ရှင်းခမ်းနားလှသော လေထုထဲတွင် ဖြည်းဖြည်းချင်းပျော်ဝင်လိုက်သည်။

"ဝိုး..လူတွေက တကယ်များတာပဲ"

ဝမ်လင်က ပတ်ပတ်လည်ရှိ လူအုပ်ကြီးကိုကြည့်လိုက်သည်။

"ဟေးဟေးဟေး.. ကြည့်လိုက်ဦး။ အဲ့ဒါက Twilightမြို့တော်က ခရစ်စတင်းမလား"

ကျန်းမုန့်လောင်လည်း ဝမ်လင်၏အကြည့်အတိုင်း လိုက်ကြည့်လိုက်လေရာ မလှမ်းမကမ်းတွင် ရွှေအိုရောင်ဆံနွယ်ပိုင်ရှင် အလှပဂေးလေးတစ်ယောက်က ဒိတ်ဒိတ်ကြဲစီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် ရယ်မောလျက် စကားလက်ဆုံကျနေသည်ကို မြင်လိုက်ရသည်။ ထိုလုပ်ငန်းရှင်ကြီးများထဲမှ တစ်ယောက်က သူနှင့် အလွန်ရင်းနှီးနေသည်ဟု ဝိုးတိုးဝါးတားထင်နေမိသည်။ ကြည့်ရပုံထောက်သော် စွမ်းအင်လုပ်ငန်းမှ အထင်ကရပုဂ္ဂိုလ်တစ်ယောက်ပင် ဖြစ်လိမ့်မည်။

"ဘာတွေများထူးဆန်းလို့လဲ"

ကျန်းမုန့်လောင် ရယ်လိုက်သည်။

"ဒီလိုပတ်ဝန်းကျင်မျိုးမှာ ပွဲတိုးတဲ့အမျိုးသမီးတစ်ယောက်ကို အဖော်ခေါ်လာတာ ပုံမှန်ပါပဲ။ မင်းမှာသာ ပိုက်ဆံရှိရင် နိုင်ငံတကာရုပ်ရှင်စတားတွေကိုတောင် ခေါင်းခေါက်ပြီးရွေးလို့ရတယ်မဟုတ်ဘူးလား"

"ဟိုမှာကြည့်လိုက်"

ကျန်းမုန့်လောင် နောက်တစ်နေရာကို လက်ညှိုးထိုးပြပြန်သည်။

"ဟယ်ရီပေါ်တာဇာတ်လမ်းတွဲထဲက အမ်မာပဲ။ ပြီးတော့ အန်နာဆိုဖီယာရော…"

"သူကတော့တကယ်ပါပဲ။ လူကိုယ်တိုင်တွေ့တော့ ကင်မရာထဲမှာထက်တောင် ပိုလှသေးတယ်"

ဝမ်လင်က သူ့လေးစားအားကျမှုကို မဖုံးကွယ်ထားပေ။ အနောက်နိုင်ငံများတွင် တစ်စုံတစ်ယောက်ကို ခိုးကြောင်ခိုးဝှက်ချီးကျူးခြင်းမှာ ကျောချမ်းဖွယ်ကောင်းသောအပြုအမူတစ်ခုဟု သတ်မှတ်ကြသည်။

"လာပြီ"

ထိုအချိန်မှာပင် သူတို့ပတ်ပတ်လည်၌ ရုတ်ရုတ်သဲသဲဖြစ်သွားပြီး လူအုပ်ကြီးထဲတွင် လူငါးယောက်စာ ဖြတ်လျှောက်နိုင်လောက်သည့် လမ်းကြောင်းတစ်ခု ပေါ်လာခဲ့သည်။ အသက်လေးဆယ်မျှသာရှိမည့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က အနီးအနားရှိဟိုတယ်ထဲမှ ပြုံးရွှင်စွာထွက်လာလေသည်။

"အဲ့ဒါက ဘယ်သူလဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"ခမ်းနားလိုက်တဲ့ဝင်ရောက်မှုပါလား"

"ငါလည်းသူ့ကိုမမှတ်မိဘူး"

ထိုမျက်နှာကို ယခင်က ဘယ်မှာမြင်ဖူးမှန်း ဝမ်လင် သတိမရပေ။ ယုတ္တိကျကျပြောရလျှင် ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးများကို လမ်းဖယ်ပေးအောင်လုပ်နိုင်သူတစ်ယောက်မှာ သာမန်လူတော့မဟုတ်တန်ရာ။

"မစ္စတာကျန်း..ဒါက ဘီရို့စ်ရော့စ်ချိုင်းပါ။ ရော့စ်ချိုင်းမိသားစုလက်ရှိခေါင်းဆောင်ရဲ့ ဒုတိယသားပါ။ သူက ဒီလေလံပွဲရဲ့တာဝန်ခံလေ"

ယဲ့ရင်က ကျန်းမုန့်လောင်ကို ချက်ချင်းမိတ်ဆက်ပေးလိုက်သည်။

"အိုး.. ရော့စ်ချိုင်းမိသားစုဝင်တစ်ယောက်ကိုး။ မထူးဆန်းတော့ပါဘူး"

ကျန်းမုန့်လောင်က သဘောပေါက်သွားဟန်ဖြင့် ပြောလိုက်သည်။ ရော့စ်ချိုင်းမိသားစုဝင်တစ်ယောက်မှ Forbesစာရင်းထဲတွင် ပေါ်မလာခဲ့သော်ငြား ၎င်းမှာ ဘာအဓိပ္ပာယ်မှမရှိပေ။ ဤမိသားစု၏ ကြွယ်ဝချမ်းသာမှုနှင့် အာဏာက နိုင်ငံတစ်နိုင်ငံနှင့်ပင် ယှဉ်နိုင်လေသည်။

ထောင်ပေါင်းများစွာသော အကြည့်များအောက်တွင် ဘီရို့စ်သည် ဥက္ကဋ္ဌစင်မြင့်ဆီသို့ တိုက်ရိုက်မသွားဘဲ ကျန်းမုန့်လောင်ရှိရာသို့ တည့်တည့်လျှောက်လာလေသည်။

"ကြည့်လိုက်ဦး။ မစ္စတာဘီရို့စ်က ဟိုနားက အရှေ့တိုင်းသားဆီကိုသွားနေပြီ"

"အဲ့ဒီမျက်နှာကို ရင်းနှီးနေသလိုပဲ။ သူ့ကို တစ်နေရာရာမှာမြင်ဖူးတယ်လို့ ငါဘာလို့ထင်နေမိပါလိမ့်"

"အဲ့ဒါ ကျန်းမုန့်လောင်လေ။ မင်းမေ့သွားပြီလား။ သူက သိပ်မကြာသေးခင်တုန်းကပဲ နိုင်ငံတကာသတင်းထဲမှာ ပါခဲ့တာကို။ သူ့အဘိုးက ၂၀ရာစုတုန်းက အဲ့ဒီစီးပွားရေးအကျပ်အတည်းကို ဖန်တီးခဲ့တာတဲ့လေ"

"တကယ်လား။ အဲ့ဒါ အမှန်ပဲလား"

"ရှူး.. တော်တော်ဖြစ်နိုင်ခြေရှိတယ်ကွ။ အဲ့ဒီအချိန်တုန်းက နိုင်ငံတော်တော်များများက အဲ့ဒီကိစ္စကို မေးခွန်းထုတ်ခဲ့ကြသေးတယ်။ တချို့ဆိုရင် လှောင်ပြောင်သရော်ပြီး စော်ကားခဲ့ကြတာ။ နောက်ပိုင်းကျတော့ အဲဒီနိုင်ငံတွေလည်း စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်လိုက်ရပါလေရော။ အထူးသဖြင့် ချင်းချိုးနိုင်ငံပေါ့။ မင်းလည်း သူတို့ပြဿနာအကြောင်း ကြားမှာပါ"

"ဟွာရှားမှာ အဲ့လောက်အာဏာပြင်းတဲ့လူတစ်ယောက် တကယ်ရှိတယ်ပေါ့"

...

ရုတ်ခြည်းပင် ပတ်ဝန်းကျင်တစ်ခုလုံး စကားသံများ ဆူညံလာပြီး အချို့က ကျန်းမုန့်လောင်တစ်ယောက် ကျွန်းပေါ်သို့ ဖျက်သင်္ဘောဖြင့်ရောက်လာကြောင်း သတင်းဖြန့်လိုက်ကြသည်။ တစ်ခဏအတွင်းမှာပင် ဘီရို့စ်ပြီးလျှင် ကျန်းမုန့်လောင်က အာရုံအစိုက်ခံရဆုံးလူ ဖြစ်လာခဲ့သည်။

အမှန်တကယ်ပင် ဘီရို့စ်က ကျန်းမုန့်လောင်ရှေ့သို့ ရောက်သောအခါ သူ့ခြေလှမ်းကို ရပ်တန့်လိုက်သည်။ သူ့အိုင်ဒေါလ်ကိုတွေ့လိုက်ရသည့်အလား သူ့မျက်ဝန်းထဲတွင်လည်း ဖော်ပြ၍မရနိုင်သော စိတ်လှုပ်ရှားမှုတစ်မျိုး တောက်ပနေသည်။

"ခင်ဗျားက မစ္စတာကျန်းမုန့်လောင်မလား"

ထောင်ပေါင်းများစွာသောအကြည့်များအောက်တွင် ဘီရို့စ်က ကျန်းမုန့်လောင်ကို တရိုတသေဦးညွှတ်လိုက်သည်။

"ဝိုး"

ဤအပြုအမူကြောင့် ချက်ချင်းဆိုသလို အာမေဋိတ်သံများ ထွက်ပေါ်လာသည်။

ဒိတ်ဒိတ်ကြဲမိသားစုတစ်စုအနေနှင့် ဥရောပတွင် ရော့စ်ချိုင်းမိသားစု၏အာဏာစက်မှာ မျိုးရိုးစဉ်ဆက်တည်တံ့လာခြင်းဖြစ်၏။ သို့သော် သူတို့က နိုင်ငံရေးနှင့်စီးပွားရေးလောကထဲတွင်သာ ကျင်လည်ကြသည်။ နိုင်ငံ့ခေါင်းဆောင်တစ်ဦးနှင့် ရင်ဆိုင်နေရလျှင်ပင် ရော့စ်ချိုင်းမိသားစုက ဤမျှအထိမနှိမ့်ချခဲ့ဖူးပေ။

"ကျွန်တော်ပါပဲ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"မစ္စတာကျန်း.. ခန်းမကို စိတ်တိုင်းကျရဲ့လား"

ဘီရို့စ်က ဂရုတစိုက်မေးလိုက်သည်။

"အင်း မဆိုးပါဘူး"

ကျန်းမုန့်လောင်ကလည်း ခေါင်းညိတ်ပြလိုက်သည်။

"မစ္စတာဘီရို့စ်… တအားယဉ်ကျေးနေစရာမလိုပါဘူး။ ခင်ဗျား ကျွန်တော့်ကိုစိတ်ထဲထားစရာမလိုဘူး။ တခြားဧည့်သည်တွေကိုသာ သွားဧည့်ခံနေလိုက်ပါ"

"အဲ့လိုလုပ်ဖို့မလိုပါဘူး"

ဘီရို့စ်ကလည်း အခိုင်အမာပြောကြားလိုက်သည်။ ရော့စ်ချိုင်းမိသားစုအတွက်တော့ ဘယ်သူ့ကိုမဆို သူတို့ဘက်က မျက်နှာချိုသွေးနေစရာမလိုပေ။ ကမ္ဘာ့ထိပ်တန်းအဆင့်စီးပွားရေးလုပ်ငန်းရှင်များပင်လျှင် ဘီရို့စ်ထံမှ နှစ်ခါပြန်အကြည့်ခံရဖို့ ထိုက်တန်သူဟူ၍ တစ်ဦးတစ်ယောက်မှ မရှိချေ။

ဤအဆိုပြုချက်က အနည်းငယ်ကြားရဆိုးသော်လည်း ဤနေရာရှိလူများကိုယ်တိုင်လည်း ရော့စ်ချိုင်းမိသားစုဝင်များက ထိုကဲ့သို့ ကြွားဝါပြီး မောက်မာသောစကားမျိုးကို ပြောခွင့်ရှိသည်ဟု ဝန်ခံရပေလိမ့်မည်။ ထို့ပြင် ဤစကားများမှာ သူတို့ပါးစပ်က ထွက်လာသောအခါ မထူးဆန်းတော့ပေ။

"မစ္စတာကျန်း.. ရော့စ်ချိုင်းမိသားစုက ဒိုရယ်လာမိသားစုရဲ့အခွဲတစ်ခုပါ။ ဒိုရယ်လာမိသားစုက လူကြီးမင်းရဲ့အစေခံတွေဆိုမှတော့ ကျွန်တော်တို့လည်း အတူတူပါပဲ။ အစေခံတစ်ယောက်က သူ့သခင်ကို ဘယ်လိုလုပ်ဧည့်မခံဘဲနေရမှာလဲ"

ဘီရို့စ်က ရိုးရိုးသားသားပြောလိုက်လေသည်။

ထိုစကားပြောနေချိန်မှာ ဘီရို့စ်က လူတိုင်းကြားနိုင်စေရန် ရည်ရွယ်သည့်အလား အသံမတိုးထားပေ။

သို့သော် ဤတစ်ခေါက်မှာတော့ တစ်ခန်းလုံး လုံးဝတိတ်ဆိတ်သွားလေတော့သည်။

ထိုလူအုပ်ထဲတွင် ဒိုရယ်လာမိသားစုကို သိသူနည်းလှသည်။ သို့သော် သူတို့ကြားသလောက်ဆိုလျှင် ရော့စ်ချိုင်းမိသားစုဝင်တစ်ယောက်က သူတို့ကိုယ်သူတို့ ဤအရှေ့တိုင်းသားလူငယ်လေးရှေ့တွင် အစေခံဟု ခေါ်ဆိုနေပေသည်။ ကမ္ဘာပေါ်မှာ ဤသတင်းထက် ပိုအံ့သြဖို့ကောင်းသောသတင်းမျိုး ရှိနိုင်ဦးမည်တဲ့လား။

**********

All Chapters