မစ္စတာကျန်း ဒီညအားလား
Vol. 14 Ch. 208
တစ်ခဏကြာအောင် တိတ်ဆိတ်သွားပြီးနောက် ဆူညံသံများ ထွက်ပေါ်လာသည်။ လူတိုင်းကလည်း ကျန်းမုန့်လောင်၏ဇစ်မြစ်အကြောင်း ခပ်တိုးတိုးပြောဆိုနေကြသည်။
အစတုန်းကတော့ လူတွေက သူ့ကို ချမ်းသာပြီး အဆင့်အတန်းမြင့်သူတစ်ယောက်ဟုသာ သိထားကြသော်လည်း ယခုမူ သူ့အပေါ်တွင် ဆန်းကြယ်မှုတစ်ခု လွှမ်းခြုံသွားပေသည်။ ရော့စ်ချိုင်းမိသားစုမှာ ဥရောပတွင် ဒဏ္ဌာရီတစ်ရပ်ဖြစ်သည်။ သူတို့၏သခင်မှာ ဒဏ္ဍာရီထဲက ဒဏ္ဍာရီတစ်ခုပင်။
"မာဟွား.. ကျန်းမုန့်လောင်ရဲ့နောက်ခံအကြောင်း ခင်ဗျားကြားဖူးလား"
တချို့က ဟွာရှားစီးပွားရေးလုပ်ငန်းရှင်များထံသို့ စုဝေးလာကြပြီး အချင်းချင်းတီးတိုးပြောနေကြလေသည်။ ကျန်းမုန့်လောင်သာ တကယ်ရှိနေပါလျှင် သူ့ကို ဟွာရှားရှိ နာမည်ကြီးမိသားစုများစာရင်းတွင် ပါရပေမည်။
အလီဘာဘာအုပ်စု၏ တည်ထောင်သူ မာယွင်၊ ထန်ရွှင်း၏မာဟွား၊ ပိုင်တု၏လီဟုန်၊ ပင်ထိုထို၏ဟွမ်းကျန်းနှင့် အခြားနာမည်ကြီးပုဂ္ဂိုလ်များလည်း ဤလေလံပွဲကို တက်ရောက်ကြသည်။ သို့တိုင် သူတို့သည် Bilibili၏ remixဗီဒီယိုကဏ္ဍများတွင် အခြားလူများလို မကြာခဏမပါဝင်တတ်ကြပေ။
မာယွင်က ကျန်းမုန့်လောင်နှင့် အပြန်အလှန်ဆက်ဆံမှုများများစားစား မရှိသော်လည်း သူ့အကြောင်းကိုတော့ တော်တော်များများကြားထားသည်။ မာဟွားနှင့် လီဟုန်းတို့ပင် သူ့လက်ချက်ဖြင့် တော်တော်ထိခိုက်ခဲ့ရသည်ဟု ကြားထားသေးသည်။
"ဒီလူက မကောင်းဆိုးဝါးတစ်ကောင်ပဲ"
မာယွင်နှင့် လီဟုန်းတို့က ထိုအဖြစ်အပျက်ကို ယခင်က မည်သူ့ကိုမှ ပြောမပြခဲ့ဖူးပေ။ ယခုမှသာ အများရှေ့တွင် ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်၏။
"အဲ့ဒီနေ့တုန်းက ဒီလူက ကျုပ်တို့မျက်နှာကို အမေရိကန်ဒေါ်လာငါးရာဘီလီယံနဲ့ကို ပစ်ပေါက်ခဲ့တာ။ နှစ်ယောက်စလုံးတစ်ပြိုင်တည်းနော်။ အဲ့ဒီအချိန်ကျမှ ဒီကောင်လေးရဲ့ငွေသားပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာတစ်ထရီလီယံနဲ့အထက်ရှိတယ်ဆိုတာကို ကျုပ်တို့သိလိုက်ရတယ်လေ"
ထိုအတွေ့အကြုံကို ပြန်အောက်မေ့တိုင်း မာဟွားနှင့် လီဟုန်းတို့ စွမ်းအားကင်းမဲ့မှုကို ခံစားနေရဆဲပင်။
"သူက ရော့်စချိုင်းမိသားစုနဲ့တောင် အဆက်အသွယ်ရှိပြီး သူတို့သခင်ဆီကနေတောင် အလေးထားခံရတယ်။ ဒီကောင်လေးရဲ့နောက်ခံက ပိုပိုပြီးနားလည်ရခက်လာပြီ"
"ဒါနဲ့ သူ့ကိုရန်သွားမစကြနဲ့"
မာဟွားက ဆိုလိုက်သည်။
"ဥက္ကဋ္ဌမာ.. ခင်ဗျားရဲ့အလီဘာဘာအုပ်စုက အခုဆိုရင် ကျုပ်တို့ထန်ရွှင်းကိုကျော်ပြီး အင်အားကြီးထွားလာပြီဆိုပေမဲ့ သူ့ကိုသာ သွားရန်စမိရင် ခင်ဗျားတော့ တင်းဆန်ရှီနဲ့သူ့သားလိုမျိုး အဆုံးသတ်လှမှာမဟုတ်ဘူးနော်"
"ဟုတ်တယ်။ နှစ်ပေါင်းများစွာကြိုးစားလာခဲ့တာကို လူတစ်ယောက်က အနှိပ်ခန်းအဖြစ် အသာလေးပြောင်းလဲပစ်လိုက်သတဲ့"
ထိုသို့ပြောရင်း သူတို့ မရယ်ဘဲလည်းမနေနိုင်ကြချေ။
"အခွင့်အရေးရရင်တော့ ကျုပ် သူနဲ့သိကျွမ်းချင်မိတယ်ဗျာ"
မာယွင်က ငွေကြေးကိစ္စကို စိတ်မဝင်စားပေ။ သို့သော် ကျန်းမုန့်လောင်၏အကြောင်းကိုမူ တကယ်စိတ်ဝင်စားမိသည်။
...
"ရပါတယ်။ ခင်ဗျားသွားလိုက်ပါ။ မစ္စတာဟေဂန်က ကျွန်တော် ဥရောပမှာနေမဲ့အချိန်အတောအတွင်း လိုအပ်တာမှန်သမျှကို အကုန်စီစဉ်ပေးပြီးသွားပါပြီ"
ကျန်းမုန့်လောင်အနေနှင့် ဘီရို့စ်၏စိတ်အားထက်သန်မှုကို ရင်ဆိုင်ဖို့မလွယ်ပေ။
ဘီရို့စ်ကလည်း ရုတ်တရက်ထရယ်သည်။
"ဟုတ်တာပေါ့။ ခင်ဗျား ဥရောပမှာရောက်နေတဲ့အချိန်ဆိုရင် ကျွန်တော်တို့တွေ ခင်ဗျားကို စောင့်ရှောက်ပေးစရာမလိုဘူးပဲ။ မစ္စတာဟေဂန်က အစစအရာရာဂရုစိုက်ပေးထားမှာပဲကို။ ကျွန်တော် အဲ့ဒါကိုမစဉ်းစားလိုက်မိဘူး"
"အဲ့လိုဆိုရင် ကျွန်တော် ဒီညအတွက် ညစာသွားပြင်လိုက်ပါဦးမယ်"
ဘီရို့စ်က နောက်တစ်ကြိမ်ဦးညွှတ်လိုက်ပြိးနောက် ကျန်းမုန့်လောင်ကို ကျောမပေးခင် ခြေလှမ်းတော်တော်များများကို နောက်ပြန်လျှောက်ပြီးမှ လူအုပ်ကြီး၏အလယ်သို့ လျှောက်သွားလိုက်လေတော့သည်။
ဘီရို့စ်က မိန့်ခွန်းစတင်ပြောကြားလိုက်သည်။ သို့သော် လူတိုင်း၏အာရုံစိုက်မှုက ကျန်းမုန့်လောင်ထံတွင်သာ အချိန်အတော်ကြာသည်အထိ စွဲမြဲနေသဖြင့် သူ့စကားကို မကြားကြပေ။
အထူးသဖြင့် ငယ်ရွယ်လှပသော နိုင်ငံတကာအမျိုးသမီးကြယ်ပွင့်များကတော့ သားကောင်ရှာတွေ့သွားသည့်အလား မျက်ဝန်းထဲတွင် စူးရှမှုများ လက်ခနဲဖြစ်သွားချေသည်။ သို့သော် ကျန်းမုန့်လောင်ဘေးရှိ လုရီယောင်ကိုမြင်သောအခါ သူတို့ အတန်ငယ်စိတ်ပျက်သွားကြသည်။
မိန့်ခွန်းပြောပြီးနောက် ဘီရို့စ်က ထွက်ခွာသွားပြီး မသွားခင်မှာလည်း ကျန်းမုန့်လောင်ကို နှုတ်ဆက်သွားသေးသည်။ ကျန်ညနေခင်းတစ်လျှောက်မှာတော့ ဧည့်သည်များအနေနှင့် ကိုယ့်ဘာသာပျော်ပါးရုံပင်။
"ရော့စ်ချိုင်းမိသားစုပီသပါပေတယ်။ ဧည့်သည်တွေကို တည်ခင်းတဲ့ ဒီဝိုင်က သာမန်ကြယ်ငါးပွင့်အဆင့်ဟိုတယ်တွေ မရနိုင်တဲ့ဝိုင်မျိုးပဲ။ အဲ့ဒါတောင် ဒါကို အကန့်အသတ်မရှိ ထောက်ပံ့ပေးထားသတဲ့။ သူတို့က တကယ့်ကို လုပ်လိုက်ရင် ခမ်းခမ်းနားနားပါပဲကွာ"
ဝမ်လင်က သူ့လက်ထဲရှိ ဝိုင်ခွက်ကို လှုပ်ခါလိုက်သည်။ သူ့အနေနှင့် ဤဝိုင်မျိုးကို နေ့တိုင်းမသောက်နိုင်ပေ။
"ဒီဝိုင်က ဘာတွေများကောင်းနေသလဲတော့ ငါမသိဘူး။ နွားနို့ကမှ အရသာမရှိဘူးလား"
ပတ်ပတ်လည်ရှိလူများနှင့် ဆန့်ကျင်စွာပင် ကျန်းမုန့်လောင်၏လက်ထဲရှိ ဖန်ခွက်ထဲတွင် နွားနို့စစ်စစ်များ ဖြည့်ထားသည်။ ယခုလိုအပြင်အဆင်မျိုးတွင် လူချမ်းသာမိသားစုမှ ကလေးများကသာ နွားနို့ကို ရွေးချယ်ကြပေလိမ့်မည်။
"ထူးဆန်းလိုက်တာ.. တစ်ယောက်ယောက်က ငါ့ကို ချောင်းကြည့်နေသလိုခံစားနေရတယ်"
ကျန်းမုန့်လောင်၏စိတ်ထဲ တစ်ခုခုလွဲနေသလို ခံစားနေရသည်။
"မဖြစ်ဘဲနေမလား။ ရော့စ်ချိုင်းလူကြီးမင်းက ခုနတုန်းက မင်းကို ဒီလောက်တောင်ထောက်ခံပေးသွားမှတော့ လူတိုင်းက မင်းရဲ့အံ့ဖွယ်ကောင်းမှုကို သိသွားကြပြီလေ။ မင်းကို မကြည့်ဘဲနေမတဲ့လား"
သူ့ကောင်မလေးကို ရင်ခွင်ထဲထည့်ထားရင်း မတ်တတ်ရပ်နေသော ဝမ်လင်က ပြောလာလေသည်။
"ငါ တခြားနေရာကိုသွားလိုက်တာ ပိုကောင်းမယ်။ မင်းအနားမှာသာ ဆက်နေနေရင် အကြည့်တွေနဲ့တင် ငါအသတ်ခံရလိမ့်မယ်"
"မင်းကတော့ နည်းနည်းလွန်နေပြီနော်"
ဂနာမငြိမ်ဖြစ်နေသော ဝမ်လင်၏လက်ကို ကျန်းမုန့်လောင် သတိထားမိလိုက်သည်။ ထိုသကောင့်သားသည် အရက်လေးနည်းနည်းသောက်ပြီးနောက် အဆောတလျင်ဖြစ်လာပြီး ထွက်သွားရန် အကြောင်းပြချက်ရှာနေခြင်းသက်သက်သာ။
ကျန်းမုန့်လောင် ဘာမှလုပ်ထားခြင်းမဟုတ်။ လူငယ်များအနေနှင့် အားအင်ပြည့်ဝမှုရှိနေခြင်းမှာ နားလည်ပေးလို့ရသည်။
"ငါ အဝတ်အစားသွားလဲလိုက်ဦးမယ်"
လုရီယောင်က ပြောလိုက်သည်။ သူ(မ) ဤဝတ်စုံကို အချိန်အတော်ကြာအောင် ဝတ်ဆင်ထားခဲ့ရသည်။ ဤဝတ်စုံက သူ(မ)ကို တောက်ပနေစေသည်ဆိုသော်ငြား လှုပ်ရှားရအဆင်မပြေသဖြင့် ပင်ပန်းလာပြီဖြစ်၏။
"ငါလိုက်ခဲ့မယ်လေ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"မလိုပါဘူး။ နင် ဖြေရှင်းရမဲ့လူတချို့ရှိတယ်ဆိုတာ ငါအာမခံရဲတယ်"
လုရီယောင်က အဓိပ္ပာယ်တစ်မျိုးဖြင့် ပြောလိုက်ရင်း တစ်နေရာကိုကြည့်လိုက်သည်။ ထိုနေရာတွင် ဝိုင်ခွက်များကိုင်ထားပြီး ကျန်းမုန့်လောင်နှင့် စကားပြောချင်နေကြသော ဟွာရှားစီးပွားရေးလုပ်ငန်းရှင်ကြီးများစွာ ရှိနေပေသည်။
"မင်္ဂလာပါ အလှလေး"
ကျန်းမုန့်လောင်က အနားရှိ အမျိုးသမီးဝန်ထမ်းတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။
"ဆရာ..ဘာများကူညီပေးရမလဲ"
ဟိုတယ်ပိုင်ရှင်က မကြာသေးခင်ကပင် မစ္စတာကျန်းသည် အလွန်အရေးကြီးသောဧည့်သည်ဖြစ်သောကြောင့် သူ့ကို သေချာဂရုစိုက်ပေးရမည်ဟု အထူးတလည်မှာကြားသွားသည်။
"ကျွန်တော့်ကောင်မလေးကို သူ့အခန်းထဲ လိုက်ပို့ပေးလိုက်ပါဦး။ သူ အခုလိုမျိုးလမ်းလျှောက်ရတာ သိပ်အဆင်မပြေလို့"
ကျန်းမုန့်လောင်က သူ့အိတ်ကပ်ထဲမှ ချက်လက်မှတ်စာအုပ်ကိုထုတ်၍ တည်ငြိမ်စွာပြောလိုက်သည်။ ထို့နောက် ချက်လက်မှတ်ထဲတွင် "တစ်"ဂဏန်းနောက်တွင် သုညအများကြီးပါသည့် ဂဏန်းတစ်ခုကို အေးအေးဆေးဆေးချရေးလိုက်သည်။
ထိုဝန်ထမ်းမလေးမှာ ကျန်းမုန့်လောင်ဆီက ယခုလိုအကျိုးခံစားခွင့်မျိုး ရလိမ့်မည်ဟု ထင်မထားပေ။ ယခုလိုပွဲများတွင် မုန့်ဖိုးပေးခြင်းက သာမန်မျှသာဖြစ်သည်။ ဤလူချမ်းသာများက အလွန်ရက်ရောလှသည်။ သူတို့က ယူရိုရာဂဏန်းမှစတင်၍ပေးတတ်ကြပြီး တချို့ဆိုလျှင် ဒူဘိုင်းမင်းသားထံမှ ယူရိုငါးထောင် ရဖူးကြသည်။
သို့သော် ကျန်းမုန့်လောင်လို ချက်လက်မှတ်ဆွဲထုတ်ခြင်းဟာ လုံးဝကွဲပြားလှသည်။ စီးပွားရေးလုပ်ငန်းများအတွက် ချက်လက်မှတ်ရေးကြသူများရှိသော်လည်း ဘယ်သူကများ မုန့်ဖိုးပေးတာကို ချက်လက်မှတ်နှင့် ပေးတတ်ကြလို့လဲ။
သို့သော် ဝန်ထမ်းမလေးက သုညအတန်းလိုက်ကြီးကို မြင်လိုက်ရသောအခါတွင် လက်များ တုန်ယင်သွားရလေသည်။ ဤသည်မှာ ပြင်သစ်ဘဏ်မှ ယူရိုငွေဖြင့်ရေးထားသော ချက်လက်မှတ်တစ်စောင်ဖြစ်ပြီး ကျန်းမုန့်လောင်ရေးထားသော ပမာဏက ၁၀၀၀၀၀ဖြစ်၏။
"ဆရာ.. သုညတွေများပိုရေးမိသွားတာလား"
သူ(မ)က မေးလိုက်သည်။
"ရပါတယ်။ ကျွန်တော်က ဒီအတိုင်းရေးလိုက်တာ။ သုညတွေရေမထားဘူး"
သူကလည်း ပြန်ပြောလိုက်သည်။
"မရေထားဘူးလား"
ကောင်မလေးခမျာ မျက်လုံးပြူးသွားရှာသည်။ ကျန်းမုန့်လောင်က သည့်ထက်ပိုပြီးနမော်နမဲ့နိုင်နိုင်ပါသေးသလား။ သူသာ နောက်ထပ်သုညနည်းနည်းလောက် ထပ်ရေးလိုက်ပါက ယူရိုသန်းဂဏန်းဖြစ်သွားပေတော့မည်။
"ကျေးဇူးတင်ပါတယ် ဆရာ"
ကောင်မလေးက ရုတ်တရက်ကျေးဇူးတင်စိတ်တဖွားဖွားပေါ်ပေါက်လာသည်။
"ကျွန်မ မိန်းကလေးကို အခန်းထဲချက်ချင်းလိုက်ပို့ပေးလိုက်ပါ့မယ်"
"သွားနှင့်။ မင်းပင်ပန်းနေရင် အရင်အိပ်နှင့်လို့ရတယ်။ တစ်နာရီလောက်နေရင် ငါလိုက်လာခဲ့မယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။ အမျိုးသားနှင့်အမျိုးသမီးကြားက သာယာမှုများကို မကြာသေးခင်ကမှ ခံစားထားရသည့်အတွက် သူ့အနေနှင့် လုရီယောင်အနားတွင် နေ့တိုင်းကပ်နေချင်စိတ်ကို ထိန်းမထားနိုင်ပေ။
"အင်း"
လုရီယောင်ကလည်း နာခံစွာခေါင်းညိတ်ပြပြီး ဝန်ထမ်းမလေးနောက်ကို လိုက်သွားလိုက်သည်။
...
ကျန်းမုန့်လောင်က နွားနို့ထည့်ထားသော ဝိုင်ခွက်ကိုကောက်ကိုင်၍ မာဟွားနှင့် အခြားသူများကို အပြုံးတစ်ပွင့်ဆင်မြန်းလျက် သွားနှုတ်ဆက်လိုက်သည်။ သူ့အနေနှင့် ယခင်က သူတို့နှင့် တစ်ခေါက်ထက်ပိုပြီး ပတ်သက်ဆက်ဆံဖူးသော်လည်း ၎င်းမှာ ဖုန်းထဲကတစ်ဆင့် ဆက်သွယ်ခဲ့ခြင်းပင်။ သူတို့ကို လူကိုယ်တိုင်တွေ့ရခြင်းမှာ ယခုတစ်ခေါက်က ပထမဆုံးပင်။
မာယွင်နှင့်အခြားသူများအတွက်လည်း ထိုနည်းလည်းကောင်းပင်။ ကျန်းမုန့်လောင်ကို ပထမဆုံးအကြိမ်တွေ့ဆုံရခြင်းဖြစ်ပြီး မတိုင်ခင်က သတင်းများနှင့် ပိုင်တုပေါ်မှာသာ သူ့ကိုမြင်ဖူးခဲ့သည်။
သို့သော် ထိုအချိန်မှာ ဝိုင်နီခွက်တစ်ခွက်က ကျန်းမုန့်လောင်၏စားပွဲပေါ်သို့ ရောက်ချလာပြီး ရွှေအိုရောင်ဆံနွယ်နှင့် အပြာရောင်မျက်ဝန်းတို့ကိုပိုင်ဆိုင်ထားသော ဥရောပအလှပဂေးလေးတစ်ယောက်က သူ့ဘေးတွင် ပြုံးပြုံးလေးဝင်ထိုင်လိုက်သည်။
မာယွင်နှင့် ကျန်လူများလည်း အံ့အားသင့်သွားရပြီး ချက်ချင်းပင် ကူကယ်ရာမဲ့သောအပြုံးတစ်ခုကို ပြုံးလိုက်မိသည်။ ကြည့်ရသည်မှာ ယနေ့ပွဲတွင် ကျန်းမုန့်လောင်နှင့် စကားပြောရဖို့မှာ သိပ်မလွယ်ကူလောက်ပေ။
"ခရစ်စတင်းလား"
ကျန်းမုန့်လောင်ကတော့ ရုတ်တရက်ပေါ်လာသူက "Twight City"ထဲတွင် ဇာတ်ဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ထားသူ ခရစ်စတင်းဖြစ်နေလိမ့်မည်ဟု ထင်မထားချေ။
"ငါ့ကိုသိတယ်လား"
"ဟီးဟီး အရင်ကမသိပေမဲ့ အခုတော့ ဒီနေရာမှာ ရှင့်ကိုမသိတဲ့လူရှိမယ်လို့ ကျွန်မတော့မထင်ဘူး"
ခရစ်စတင်းက ပြုံးပြုံးလေးဆိုလာလေသည်။
"လိုအပ်တာတစ်ခုခုများရှိလို့လား မစ္စခရစ်စတင်း"
ခရစ်စတင်းက သူ(မ)၏ရွှေအိုရောင်ဆံပင်လေးကို ယမ်းခါ၍ ဆွဲဆောင်မှုရှိသောအပြုံးတစ်ပွင့်ကို ထုတ်ပြကာ ရဲရင့်လှသောလေသံလေးဖြင့် ပြောလာလေသည်။
"မစ္စတာကျန်း.. ရှင် ဒီညအားလား"
"သောက်ကျိုးနည်း"
ကျန်းမုန့်လောင်၏ခေါင်းကား ချာချာလည်သွားရသည်။ ခရစ်စတင်းသည် ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသားထုကြီး၏ နတ်ဘုရားမတစ်ပါးဖြစ်သည်။ သူ(မ)က သူ့အား ယခုလိုရဲရင့်လှသော အဆိုပြုချက်တစ်ခုကို ပြုလုပ်လိုက်ပေသည်။
သူ မအံ့ဩဘဲမနေနိုင်ချေ။
"သောက်ကျိုးနည်း.. မင်းတို့နိုင်ငံခြားသူတွေက တကယ့်ကိုအကွက်ရွှေ့တတ်ကြတာပဲ"
*********