သူ(မ)က အခုလေးတင် ငါ ဒီညအားလားလို့မေးထားတယ်
Vol. 14 Ch. 209
အနည်းငယ်ရွှတ်နောက်နောက်နိုင်သော ကျန်းမုန့်လောင်၏သက်ပြင်းချသံကို ကြားလိုက်ရသောအခါ ခရစ်စတင်းက ဒေါသမထွက်ရုံသာမက သူ(မ)၏အပြုံးက ပို၍ပင် တောက်ပသွားသေးသည်။ သူ(မ)က မီတောက်အလား ရဲရဲနီနေသော သူ(မ)၏နှုတ်ခမ်းလေးကို လျှာဖြင့်သပ်လိုက်လေရာ သူ(မ)၏ဆွဲဆောင်မှုက ပို၍ပင်တိုးသွားလေသည်။
"မစ္စတာကျန်းလို ထူးချွန်တဲ့လူတစ်ယောက်နဲ့ မိတ်ဆွေတွေဖြစ်ရတာ ကျွန်မအတွက်တော့ ဂုဏ်ယူစရာပါပဲ"
ခရစ်စတင်းက ကျန်းမုန့်လောင်ဘေးတွင် ထိုင်ချလိုက်ရင်း ပြောလာချေသည်။ သူ(မ)၏ထိပ်တန်းအဆင့် ရေမွှေးရနံ့က ကျန်းမုန့်လောင်အား ခဏတာမျှ အာရုံပျံ့လွင့်သွားစေပြီး သူ(မ)၏လက်ကိုလည်း ကျန်းမုန့်လောင်၏ခြေထောက်ပေါ် တင်ထားလိုက်သေးသည်။
"သေစမ်း။ ငါနဲ့မိတ်ဆွေဖြစ်ချင်တာတဲ့လား။ မင်းက ငါ့ခန္ဓာကိုယ်ကိုတပ်မက်နေတာပဲ"
ကျန်းမုန့်လောင်လည်း ချက်ချင်းပင် ထိုအချက်ကို ထိုးဖောက်မြင်လိုက်သည်။
"မစ္စခရစ်စတင်း.. ကြည့်ရတာတော့ မင်း ငါ့ကို အချိန်အကြာကြီးစောင့်ကြည့်နေခဲ့တာထင်တယ်"
အင်တာနက်ဆယ်လီများနှင့် ဥရောပမင်းသမီးတစ်စု၏ စမ်းသပ်မှုများကို ဖြတ်ကျော်ခဲ့ရသော ကျန်းမုန့်လောင်သည် အမျိုးသမီးများအပေါ် ခံနိုင်ရည်အားမြင့်တက်လာသည့်အတွက် သူ့ခန္ဓာကိုယ်ကို အနည်းငယ်ရွှေ့ကာ ခါးအောက်ပိုင်းကို အနည်းငယ်ညှိလိုက်ပြီးနောက် ခပ်မြန်မြန်ပြန်သက်သာလာသည်။
"အိုး..ကျွန်မတစ်ယောက်တည်းမှမဟုတ်တာ"
ခရစ်စတင်းက ရယ်လိုက်သည်။
"ကျွန်မ အမ်မာနဲ့အလောင်းအစားလုပ်ထားတယ်။ ဒီနေ့ ရှင် တစ်ယောက်ယောက်ရဲ့အခန်းထဲကို လာချင်လာခဲ့။ ဒါမှမဟုတ် ကျွန်မတို့သုံးယောက်အတူတူဆိုလည်းဖြစ်တာပဲ"
ထိုသို့ပြောပြီးနောက် ခရစ်စတင်းက ကျန်းမုန့်လောင်ကို ကလူ၏သို့မြှူ၏သို့အကြည့်မျိုးဖြင့် ထပ်ကြည့်လာပြန်သည်။
ကျန်းမုန့်လောင်လည်း အမ်မာဝပ်ဆန်ဘက်သို့ လှမ်းကြည့်လိုက်သည်။ အမှန်ပင်။ သူ(မ)ကလည်း သူ့အား လှမ်းကြည့်နေပေသည်။ သူ(မ)၏အင်္ကျီလည်ပင်းကို တစ်လက်မချင်းစီ တမင်တကာဆွဲချကာ ဆွဲဆောင်မှုရှိသောကောက်ကြောင်းကို လှစ်ဟပြနေချေသည်။
"သေလိုက်ပါတော့ ဥရောပလူမျိုးတွေက ဒီလောက်အထိပွင့်ပွင့်လင်းလင်းကြီး အကွက်ရွှေ့တတ်ကြတာလား"
ကျန်းမုန့်လောင် ခဏမျှအံ့အားသင့်သွားသည်။ ဟွာရှားအမျိုးသမီးများနှင့် ယှဉ်လိုက်ပါက ဤဥရောပနတ်ဘုရားမများက ပို၍ပင် လွတ်လွတ်လပ်လပ်ရှိသည်။
"မစ္စခရစ်စတင်း.. မင်း စောင့်ကြည့်နေခဲ့တယ်ဆိုရင် ငါ့မှာ ချစ်သူရှိတာကိုလည်း သိမှာပဲ"
"ခစ်ခစ်ခစ်…."
ခရစ်စတင်းက ကျန်းမုန့်လောင်ပြောလိုက်သည့်စကားကို အလွန်ရယ်စရာကောင်းသည်ဟု ထင်နေသည့်အလား ခေါင်းလောင်းသံလို ရယ်သံလေးတစ်သံကို ထုတ်လွှတ်လိုက်ချေသည်။
"မစ္စတာကျန်း.. ကျွန်မတို့က နည်းနည်းလောက်ပျော်နေရုံလေးပါ။ တွဲကြတာမှမဟုတ်တာ။ ပြီးတော့ ကျွန်မမှာလည်း ချစ်သူရှိတယ်"
"သောက်ကျိုးနည်း..ရှုပ်ထွေးလိုက်တဲ့လောကကြီးပါလား"
အစောပိုင်းကပင် ခရစ်စတင်းက စွမ်းအင်ကုမ္ပဏီသူဌေးကြီးတစ်ယောက်နှင့် ချစ်ပြနေခဲ့တာကို ကျန်းမုန့်လောင် မြင်ထားပြီးဖြစ်၏။ ယခုတော့ သူ(မ)မှာ ချစ်သူတစ်ယောက်ကလည်း ရှိနေသေးသတဲ့။
"ကျွန်မတို့က ဘယ်ခေတ်မှာနေနေတာမို့လို့လဲ။ မစ္စတာကျန်းရဲ့အတွေးတွေက အရမ်းရှေးရိုးစွဲနေသေးတာပဲ"
ခရစ်စတင်းက ကျန်းမုန့်လောင်၏မျက်နှာနားသို့ ကပ်လာပေသည်။
"မစ္စတာကျန်းမှာ မိန်းမတစ်ယောက်တည်းပဲရှိတာလား။ ဒါဆိုရင်တော့ ရှင်က ဒီကမ္ဘာပေါ်မှာ ရှာမှရှားတဲ့စင်ကြယ်သူကြီးတစ်ယောက်ပဲ"
"ဒီနေ့ခေတ်လူငယ်တွေက ပျော်တတ်ပါးတတ်ကြတာပဲ"
မာယွင်နှင့် အခြားလူများ ရပ်နေသည့်ရှုထောင့်ကကြည့်လျှင် ကျန်းမုန့်လောင်နှင့် ခရစ်စတင်းတို့က နမ်းနေသည့်အလား ထင်မှတ်ရသည်။ သူတို့အသက်အရွယ်တွင် ထိုကဲ့သိုသောမြင်ကွင်းတစ်ခုကို လက်ခံရန်အတွက် ခဲယဉ်းလွန်းလှသည်။
မာဟွားနှင့် လီဟုန်းတို့လည်း မတတ်သာဘဲ မျက်လုံးများကို ကာထားလိုက်ရသည်။ သူတို့သည် အမျိုးသမီးအများကြီးနှင့် မရှုပ်ပွေတတ်သူများမဟုတ်သော်လည်း ထိုအကြောင်းနှင့်ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြုမူမည်မဟုတ်။
"ကြည့်ရတာ ကျုပ်တို့တော့ တော်တော်ကြာအောင်စောင့်ရလိမ့်မယ်ထင်တယ်"
"ဟားဟားဟား..ဒီည ကျုပ်တို့အလှည့်ကို ရောက်မှာမဟုတ်ဘူး"
မာဟွားက တခြားနေရာကို လက်ညှိုးထိုးပြလိုက်လေရာ ထိုနေရာတွင် အမ်မာက ဝိုင်နီခွက်ကိုကိုင်ထားပြီး သူတို့ရှိရာဆီသို့ လမ်းလျှောက်လာနေသည်ကို မြင်လိုက်ရသည်။ သူ(မ)လည်း ကျန်းမုန့်လောင်ကို ပစ်မှတ်ထားနေသည်မှာ အရှင်းကြီးပင်။
သူတို့အသက်အရွယ်ရှိ အမျိုးသားများအတွက်ပင် ထိုနတ်ဘုရားမအဆင့် သရုပ်ဆောင်နှစ်ယောက်က အလွန်ဆွဲဆောင်မှုရှိလှပေသည်။ ကျန်းမုန့်လောင်လို ငယ်ရွယ်သန်မာသော အမျိုးသားတစ်ယောက်က ထိုကဲ့သို့သော ဆွဲဆောင်မှုမျိုးကို ခုခံနိုင်လိမ့်မည်ဟု သူတို့မယုံပေ။ မကြာခင်မှာ သူလည်း ပိုးချည်မျှင်လှိုဏ်ဂူထဲသို့ ဆွဲသွင်းခံရလိမ့်မည်သာ။
"မစ္စတာကျန်း.. ကျွန်မ ရှင့်ဂုဏ်သတင်းကို ကြားထားတာ ကြာလှနေပြီ"
ခရစ်စတင်း၏ သဘာဝကျလှသော မြှူဆွယ်ဖြားယောင်းမှုမျိုးနှင့် ယှဉ်ကြည့်လိုက်ပါက အမ်မာက ပို၍တဲ့တိုးဆန်ပြီး ကြောင့်ကြမှုကင်းလေသည်။ သူ(မ)၏မွေးရာပါဆွဲဆောင်မှုနှင့် အလှတရားတို့ကား ငြင်းဆန်၍မရနိုင်ပေ။ ကျန်းမုန့်လောင် "ဟယ်ရီပေါ်တာ"ကြည့်ခဲ့စဉ်ကလည်း သူ(မ)ကို အာရုံမစိုက်ဘဲမနေနိုင်ခဲ့ပေ။
ကလေးသရုပ်ဆောင်များစွာမှာ ငယ်ရွယ်စဉ်က ချစ်စရာကောင်းသော်လည်း အသက်ကြီးလာသည်နှင့်အမျှ ဆွဲဆောင်မှုများ လျော့နည်းသွားတတ်ကြသည်။ သို့သော် အမ်မာကတော့ အသက်ကြီးလာသည်နှင့်အမျှ ပိုမိုဆွဲဆောင်မှုရှိလာသော အမျိုးသမီးများထဲက တစ်ဦးပင်။
"ဘယ်လိုဖြစ်တာလဲ မစ္စအမ်မာ..မင်း ငါ့ကိုသိတာလား"
ကျန်းမုန့်လောင်က သူ(မ)နှင့် ခွက်ချင်းတိုက်လိုက်သည်။
"ဒီနေ့မှ ငါ့ကိုသိတာလို့တော့မပြောနဲ့နော်"
"လုံးဝမဟုတ်ဘူး"
အမ်မာက ပြောလိုက်သည်။
"ကမ္ဘာ့စီးပွားရေးအပတ်စဉ်မှာ မစ္စတာပိုလာဒီနဲ့အတူ ပထမဆုံးအကြိမ်ပေါ်လာကတည်းက ကျွန်မ မစ္စတာကျန်းကို သတိထားမိခဲ့တာ။ ဘယ်လိုလူကများ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဆီက ဒီလိုလေးစားမှုမျိုးရနိုင်ပြီး ဒီလိုအထင်ကြီးဖို့ကောင်းတဲ့ အကြီးအကဲတွေရှိနေတာလဲဆိုတာကို ကျွန်မ တကယ်စိတ်ဝင်စားခဲ့မိတာ။
"ဒါပေမဲ့ ငါက ငတုံးတစ်ယောက်လို့ သူတို့တွေ ထင်ခဲ့ကြတာလေ"
ကျန်းမုန့်လောင်လည်း ကူကယ်ရာမဲ့စွာဖြင့် သူ့လက်များကို ဆန့်ထုတ်လိုက်သည်။
"သူတို့ကမှ ငတုံးတွေဖြစ်သွားတယ်လေ"
အမ်မာက "ငတုံးတွေ"ဟူသော စကားလုံးကို ကိုးရိုးကားရားဖြစ်ဖို့ကောင်းသော လေသံဖြင့်ပြောလိုက်လေရာ ကျန်းမုန့်လောင်လည်း အနည်းငယ်ပြုံးမိသွားသည်။
"ရှင်တို့နှစ်ယောက် ဆက်စကားပြောနေမယ်ဆိုရင် အိပ်ရာထဲကို အတူရောက်သွားနိုင်လောက်တယ်။ ကျွန်မရှိနေသေးတယ်ဆိုတာကိုလည်း သတိထားပါဦးလား"
ခရစ်စတင်းက ကျန်းမုန့်လောင်နှင့် အမ်မာတို့ အဆင်ပြေပြေဖြစ်နေသည်ကို မြင်သောအခါ အလွန်အမင်း မပျော်မရွှင်ဖြစ်သွားလေသည်။ သူ(မ)၏ဆွဲဆောင်မှုက အနည်းဆုံးတော့ အမ်မာနှင့် တန်းတူရည်တူဖြစ်နေသင့်သည်မဟုတ်ပါလား။
ကျန်းမုန့်လောင်အတွက်တော့ လုရီယောင်ကလွဲလျှင် ကျန်မိန်းမများမှာ မိန်းမသက်သက်သာဖြစ်ကြောင်း သူ(မ) နားမလည်ရှာပေ။ ယခုလိုဖြစ်ရခြင်းမှာ အမ်မာက ဟာသဉာဏ်ရှိပြီး ဉာဏ်လျင်သောကြောင့် သူက အမ်မာနှင့် ဆက်စကားပြောချင်စိတ်ပေါက်နေခြင်းသာ။
"မစ္စအမ်မာ.. မင်းလည်း ငါ ဒီညအားလားလို့ လာမေးတာတော့မဟုတ်ဘူးမလား"
ကျန်းမုန့်လောင် စနောက်လိုက်သည်။
"ဒီတော့ မစ္စတာကျန်းရဲ့အဖြေက ဘာများလဲ"
အမ်မာက ကျန်းမုန့်လောင်ကို မြှူဆွယ်ဖျားယောင်းသော မျက်ဝန်းများဖြင့် ကြည့်လာလေသည်။
"မစ္စတာကျန်းက ဒီနေ့ ဒီနေရာမှာ အရေးကြီးဆုံးဧည့်သည်တော်လို့ ကျုပ်ကြားထားတယ်။ ကျုပ်အနေနဲ့ သူနဲ့မိတ်ဆွေဖြစ်ဖို့ ထိုက်တန်ရဲ့လားဆိုတာ သိချင်မိပါရဲ့"
သူတို့ စကားပြောနေချိန်မှာ သက်သောင့်သက်သာမရှိလှသော အသံတစ်သံက သူတို့ကို ကြားဖြတ်လိုက်သည်။
ထိုလူမှာ အရပ်ရှည်ပြီး ချောမောခန့်ညားကာ သိက္ခာရှိသော လူငယ်အမျိုးသားတစ်ယောက်ပင်။ သူ့ကို ဖော်ပြရမည်ဆိုလျှင် "မင်းသား"ဟုသာ သုံးနှုန်းရပေလိမ့်မည်။ အနည်းဆုံးတော့ ဟွာရှားတွင် ယခုလိုလူတစ်ယောက်က လမ်းမပေါ်ကိုသာ တက်သွားလိုက်လျှင် မရေမတွက်နိုင်သော မျက်လုံးများက ချစ်ခင်ကြင်နာစွာ ကြည့်လာကြလိမ့်မည်သာ။
သို့သော် ဤလူ့ထံမှ မသတီစရာကောင်းသော အငွေ့အသက်တစ်ခုကို ကျန်းမုန့်လောင် ခံစားလိုက်မိသည်။ ထိုလူ့အနေနှင့် ထိုမသတီစရာကောင်းမှုများကို လျှော့ချရန်အတွက် "Chase the Light, Bro"ဟူသော ရသစုံရှိုးတွင် ပါဝင်သင့်သည်။ ဆရာကျင်းရှန်း၏ အကဲဖြတ်မှုကို သူ တစ်သက်မမေ့နိုင်လောက်အောင် ဖြစ်သွားလိမ့်မည်ဟု သူ ယုံကြည်သည်။
"ခင်ဗျားကဘယ်သူလဲ"
ကျန်းမုန့်လောင်က ထိုဥရောပသားလူငယ်ကို လှမ်းကြည့်လိုက်သည်။ ခရစ်စတင်းနှင့် အမ်မာတို့နှစ်ယောက်စလုံးက ထိုလူငယ်ကို ရွံရှာဖွယ်အကြည့်များဖြင့် ကြည့်နေသည်ကို သူသတိထားလိုက်မိသည်။
"ဟုတ်သားပဲ"
ကျန်းမုန့်လောင် ရုတ်တရက်သဘောပေါက်သွားသည်။ မနှစ်တုန်းက အင်္ဂလန်မင်းသားတစ်ပါးက အမ်မာဝပ်ဆန်အပေါ်ထားသော သူ့ချစ်ခြင်းမေတ္တာကို ဖွင့်ဟထုတ်ဖော်ခဲ့သော်လည်း အငြင်းခံခဲ့ရသည်။ သူ(မ)က အင်္ဂလန်မင်းသားတစ်ပါးကို ငြင်းဆန်ခဲ့သည့် ပထမဆုံးသော အမျိုးသမီးကြယ်ပွင့်ဖြစ်လာခဲ့သည်။
မီဒီယာများက သူ(မ)ကို အင်တာဗျူးသောအခါ အမ်မာကလည်း ရိုးရိုးလေးသာ ပြန်ဖြေခဲ့သည်။
"ကျွန်မက ကိုယ်မကြိုက်တဲ့လူကို ငြင်းလိုက်ရုံပါပဲ။ သူက မင်းသားတစ်ပါးဖြစ်နေရုံလေးပါပဲ။ ဒီလောက်ပါပဲ"
ကျန်းမုန့်လောင် မှတ်မိတာသာ မမှားလျှင် ဤလူငယ်လေးက ဟယ်ရီဆင်ဟုခေါ်သော ထိုမင်းသားပင်။
"ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပါရစေ။ ကျုပ်က ဟယ်ရီဆင်ဝီလီပါ"
ဟယ်ရီဆင်က အလွန်ဆွဲဆောင်မှုရှိသည်ဟု သူထင်မိသော အပြုံးတစ်ပွင့်ကို ထုတ်ဖော်ပြသလိုက်သည်။
"အမ်မာ.. မတွေ့ရတာကြာပြီနော်"
"မင်းသားဟယ်ရီဆင်.. ကျွန်မမှတ်မိတာသာမှန်မယ်ဆိုရင် ကျွန်မတို့ လွန်ခဲ့တဲ့သုံးရက်ကပဲ တွေ့ခဲ့ကြသေးတယ်လေ။ နောက်တစ်ခါ ကျွန်မရဲ့လုပ်ငန်းခွင်မှာ လာမရှာပါနဲ့။ ကျွန်မရဲ့ရိုက်ကူးရေးကို တကယ်ထိခိုက်စေတယ်"
အမ်မာက ဟယ်ရီဆင်ကိုငြင်းဆန်ရာတွင် ပျော့ညံ့မှုတစ်စုံတစ်ရာမပြချေ။
သို့သော် ဟယ်ရီဆင်ကတော့ ယခုလိုအေးစက်လှသည့်ဆက်ဆံမှုကို ကျင့်သားရနေဟန်ပင်။
"အမ်မာ.. မင်း ငါ့ကို ဘာလို့ အမြဲငြင်းနေရတာလဲ။ မင်းသာ ငါနဲ့အတူရှိပေးမယ်ဆိုရင် ငါ့ရဲ့အရင်းအမြစ်တွေနဲ့ မင်းရဲ့အလုပ်အကိုင်ကို သေချာပေါက် မြေတောင်မြှောက်ပေးနိုင်တယ်"
"တောင်းပန်ပါတယ်။ ကျွန်မ ရှင့်ကိုစိတ်မဝင်စားဘူး"
အမ်မာက ကျန်းမုန့်လောင်နားသို့ ပိုတိုးကပ်သွားလိုက်သည်။
"မစ္စတာကျန်း.. "Three-Body"အကြောင်း ဆက်ပြောကြရအောင်။ ကျွန်မ ဒီရုပ်ရှင်ကို အရမ်းစိတ်ဝင်စားတယ်။ အခွင့်အရေးများရှိရင် နောက်ဆက်တွဲရုပ်ရှင်မှာလည်း ပါဝင်ချင်ပါတယ်"
အမ်မာက ဤမင်းသားဟယ်ရီဆင်ကို ဘယ်လောက်အထိ စိတ်မရှည်ဖြစ်နေသလဲဆိုသည်ကို ကျန်းမုန့်လောင် သတိထားမိသည်။ ထို့ပြင် သူနှင့် မိန်းမလှလေးတစ်ယောက် စကားပြောနေချိန်မှာ ဟယ်ရီဆင်က ကြားဝင်ဖြတ်ပြီး သူ့ကိုရှေ့ထား၍ အီစီကလီလုပ်နေသည်မှာ အလွန်မလေးစားရာကျသွားလေပြီ။
"အိုး..အခုမှသတိရတယ်"
ကျန်းမုန့်လောင်က သူ့ပေါင်ကို ရုတ်တရက်ရိုက်ချလိုက်သည်။
"ခင်ဗျား သူ့ဆီက အငြင်းခံခဲ့ရတာကိုး"
ဟယ်ရီဆင်၏ အမူအရာကား ချက်ချင်းပြောင်းလဲသွားသည်။ ကျန်းမုန့်လောင်က ဤမျှဘွင်းဘွင်းရှင်းရှင်းကြီး သူ့အားနည်းချက်ကို တိုက်ရိုက်ထိုးနှက်လာလိမ့်မည်ဟု သူ ထင်မထားပေ။ မင်းသားတစ်ပါးအနေနှင့် ချစ်မှုရေးရာတွင် အငြင်းခံခဲ့ရခြင်းမှာ ကြီးကျယ်လှသော ကိစ္စတစ်ခုပင်။ မနှစ်တုန်းက ဟယ်ရီဆင်ခမျာ အကြိမ်ကြိမ်လှောင်ပြောင်ခံခဲ့ရပြီး မီဒီယာများကလည်း သူ့ကို အကြိမ်ကြိမ်အရှက်ခွဲခဲ့ကြသည်။
"မင်းသားဟယ်ရီဆင်မလား"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"မစ္စအမ်မာက ခင်ဗျားကိုစိတ်မဝင်စားဘူးလို့ပြောနေတယ်လေ။ သူက အခုလေးတင် ကျုပ်ကို ဒီညအားလားလို့မေးထားတယ်။ ဖြစ်ချင်တော့ ဒီည ကျုပ်ကလည်း အားလပ်နေတာဆိုတော့ ကျေးဇူးပြုပြီး ကျုပ်တို့ရဲ့အချိန်လေးကို လာမနှောင့်ယှက်ပါနဲ့"
*********