← Chapters

ငါ ဘယ်သူလဲဆိုတာ မင်းအဘွားကိုသွားမေးကြည့်လိုက်

Vol. 14 Ch. 210

ငါ ဘယ်သူလဲဆိုတာ မင်းအဘွားကိုသွားမေးကြည့်လိုက်

Vol. 14 Ch. 210

ဟယ်ရီဆင်၏အပြုံးက ရုတ်တရက်ကြီး ရပ်တန့်သွားရသည်။ ကျန်းမုန့်လောင်က ရှင်းရှင်းလင်းလင်းမပြောပါဘဲ အမ်မာနှင့် ယနေ့ညကို အတူဖြတ်သန်းမည်ဟု ဆိုလာခြင်းပင်။ ဘယ်လိုညမျိုးကို ဖြတ်သန်းမလဲဆိုတာကိုတော့ ထည့်မပြောသွားသော်ငြား မာကျောက်တို့ ကတ်တို့ ကစားကြမှာတော့ မဟုတ်တာသေချာသည်။ အရွယ်ရောက်ပြီးသူများ ဖြစ်သည့်အတွက် ထိုကဲ့သို့သောအပြုအမူမျိုးက ဘာကိုဆိုလိုသလဲဆိုသည်ကို သူတို့အားလုံး ကောင်းကောင်းသိကြသည်။

မင်းသားတစ်ပါးအနေနှင့် ဟယ်ရီဆင်သည် ရွှေပေါ်မြတင်ကြီးပြင်းလာခဲ့သူတစ်ယောက် ဖြစ်သည်။ အမ်မာကလွဲ၍ နှစ်နှစ်ဆယ်ကျော်ကာလအတွင်းမှာ မည်သူတစ်ဦးတစ်ယောက်ကမှ သူ့ကို မထီမဲ့မြင်ပြုခဲ့ဖူးခြင်းမရှိသလို သူ အခြားနိုင်ငံများကို သွားရောက်လည်ပတ်လျှင်ပင် ထိုနိုင်ငံရှိသံတမန်များက သူ့ကို ခခယယကြိုဆိုလေ့ရှိသည်။

အမ်မာက သူ့ရှေ့တွင် အမြဲလိုလို မာနတကြီးပြုမူလေ့ရှိသော်ငြား သူကတော့ စိတ်ထဲမထားပေ။ သူ့နှလုံးသားထဲတွင်မူ နောက်ဆုံးတွင် အမ်မာသည် သူ့အပိုင်ဖြစ်လာလိမ့်မည်ဟု မှတ်ယူထားသည်။ သူ(မ)၏လက်ရှိအပြုအမူများကလည်း သူ၏အနာဂတ်မင်းသမီးလောင်းက သူ့ကို ဝုန်းဒိုင်းကြဲပြခြင်းသက်သက်ဟုသာ သဘောထားသည်။

သို့သော် သူ(မ)ကလွဲလျှင် မည်သူတစ်ဦးတစ်ယောက်ကမှ သူ့ဂုဏ်သိက္ခာကို ထိပါးစော်ကားရဲမည်မဟုတ်။ ကျန်းမုန့်လောင်က ချမ်းသာပြီး ရော့စ်ချိုင်းမိသားစု၏ အလေးစားရဆုံးဧည့်သည်တော်တစ်ပါး ဖြစ်နေလျှင်ပင် ဤအရာများသည် သူ့အတွက်တော့ မတုန်လှုပ်စေနိုင်သော အရာများဖြစ်၏။

ရော့စ်ချိုင်းမိသားစု စင်စစ်အာဏာရှိပြီး ဥရောပ၏စီးပွားရေးနှင့် နိုင်ငံရေးကို လွှမ်းမိုးနိုင်စွမ်းရှိသော်ငြား ၎င်းမှာ နိုင်ငံငယ်လေးများအပေါ်သာ သက်ရောက်မှုရှိသည်။

အင်္ဂလန်နိုင်ငံအတွက်လည်း သက်ရောက်မှုရှိမည်ဆိုသော်လည်း ကျန်းမုန့်လောင်၏အရေးပါမှုက ရော့စ်ချိုင်းမိသားစုတစ်ခုလုံးကို သူတို့နှင့် အချင်းများအောင်လုပ်နိုင်သည်အထိ မကြီးမားနို်ငကြောင်း သူယုံကြည်သည်။ ထိုကဲ့သို့သော ပဋိပက္ခမျိုးမှာ တစ်ကမ္ဘာလုံးအတွက်တော့ သာမန်ကိစ္စတစ်ရပ်မဟုတ်သလို ရော့စ်ချိုင်းမိသားစု၏ ဘက်လိုက်ခြင်းကင်းပြီး ခပ်လျှိုလျှိုနေမည့် ရေရှည်တည်တံ့ရေးလမ်းစဉ်နှင့်လည်း ကိုက်ညီမှုမရှိပေ။

ကျန်းမုန့်လောင်တွင် ပိုက်ဆံရှိသည်ဆိုသော်ငြား ၎င်းမှာ အာရှအတွင်းသာ သက်ရောက်မှုရှိသည်။ ကျန်းမုန့်လောင်၏ဩဇာအာဏာလွှမ်းမိုးမှုက ဥရောပအထိ ပေါက်မြောက်လိမ့်မည်ဟု သူ မယုံကြည်ပေ။ ထိုသို့သာဆိုလျှင် သူက တစ်ကမ္ဘာလုံးကိုပင် သိမ်းပိုက်နိုင်သည်ဟု ဆိုရမလိုဖြစ်နေသည်။

ထို့ကြောင့် ဟယ်ရီဆင်၏အမြင်မှာတော့ ကျန်းမုန့်လောင်က "ပြဿနာကောင်"သက်သက်မျှသာဖြစ်ပြီး "ထိပါး၍မရသောသူ"တစ်ယောက် မဟုတ်ချေ။

"မစ္စတာကျန်း.. လူကြီးလူကောင်းတစ်ယောက်က သူများစကားပြောနေတာကို ဖြတ်မပြောရဘူး။ ဒါက အခြေခံကျင့်ဝတ်ပဲ"

ဟယ်ရီဆင်က ကျန်းမုန့်လောင်ကို ရန်လိုသောလေသံမျိုးဖြင့် ပြောလိုက်လေသည်။

"အိုး..အဲ့လိုလား"

ကျန်းမုန့်လောင်က ရုတ်တရက်ထရယ်လေသည်။

"ကျုပ် မှတ်မိတာသာမမှားရင် အစတုန်းက ကျုပ်နဲ့ မစ္စအမ်မာက စကားပြောနေခဲ့တာလေ။ ခင်ဗျားကမှ ရုတ်တရက်ကြီးကြားဖြတ်ပြောတာမဟုတ်ဘူးလား"

ကျန်းမုန့်လောင်က အမ်မာဘက်ကိုလှည့်၍ ပြောလိုက်သည်။

"မစ္စအမ်မာ… ငါ ဒီညအားလားလို့ မင်းမေးလိုက်တာမလား။ ဖြစ်ချင်တော့ ငါ ဟွာရှားကနေ အရမ်းလှတဲ့အိပ်ရာခင်းတစ်ခု ယူလာခဲ့တယ်လေ။ အဲ့ဒါကြောင့် မင်းကို ငါ့အခန်းထဲလိုက်ပြီး အဲ့ဒီအိပ်ရာခင်းကိုကြည့်ဖို့ ဖိတ်ချင်တယ်"

ကျန်းမုန့်လောင်၏ ကိုးရိုးကားရားနိုင်သောစကားကို ကြားလိုက်ရသောအခါ အမ်မာ၏မျက်နှာက ရုတ်တရက်ရဲရဲနီသွားချေသည်။ တကယ်တမ်းတွင် သူ(မ)က ကျန်းမုန့်လောင်နှင့် ထိုအရာကို တကယ်လုပ်ဖို့ စိတ်မကူးထားပေ။ ခရစ်စတင်းလည်း ထိုနည်းလည်းကောင်းပင်။ သူတို့က ဟွာရှားကလာသော ဤလူငယ်လေးအကြောင်း သိချင်ရုံသက်သက်သာ။

ယခုလိုငယ်ရွယ်လှသော လူငယ်လေးတစ်ယောက်က ဘယ်လိုလုပ်ပြီး သည်လောက်ချမ်းသာကြွယ်ဝကာ ရော့စ်ချိုင်းမိသားစုကိုပါ သူ့လွှမ်းမိုးမှုအောက်တွင် ဦးညွှတ်စေနိုင်သလဲဆိုသည်ကို သူတို့ အလွန်သိချင်ခဲ့မိသည်။

ဤလုပ်ငန်းစဉ်အတွင်း ကျန်းမုန့်လောင်ကို သူတို့ တကယ်သဘောကျသွားခဲ့လျှင်လည်း သူနှင့်အတူ ရှေ့ဆက်ဖို့ ဝန်မလေးပေ။ အနောက်တိုင်းအမျိုးသမီးများက အချစ်အမုန်းကိစ္စများတွင် ရဲရင့်ကြသည်။ အတွဲအစပ်သာညီမည်ဆိုပါက အံ့ဩဖွယ်ကောင်းသော အမှတ်တရတစ်ခုကို ထားရစ်ခဲ့ခြင်းမှာလည်း အထူးအဆန်းတော့ မဟုတ်ချေ။

ထို့ပြင် ကျန်းမုန့်လောင်၏ ချမ်းသာကြွယ်ဝမှုနှင့် နောက်ခံအသိုင်းအဝိုင်းမျိုးနှင့်သာဆိုလျှင် သူတို့၏အလုပ်အကိုင်များကို သူ ကူညီထောက်ပံ့ပေးနိုင်လောက်သည်ဖြစ်ရာ ယခုလိုဆက်ဆံရေးမျိုးကား ပို၍ပင် ကျိုးကြောင်းသင့်သည်။

အစောပိုင်းက ရန်စမှုကား ကျန်းမုန့်လောင်က ခန္ဓာကိုယ်အောက်ပိုင်းကိုသာ အလေးထားသော ယောကျ်ားတစ်ယောက်ဟုတ်မဟုတ်ဆိုသည်ကို ကြည့်ရန်အတွက် စနောက်ခြင်းသာ ဖြစ်၏။ သို့သော် သူတို့ကို အံ့အားသင့်သွားစေခဲ့သော ကိစ္စမှာ ကျန်းမုန့်လောင်က အီစီကလီစကားလေးများကို ကျွမ်းကျင်သူတစ်ယောက်ဖြစ်နေပြီး သူတို့ကို စိတ်မပျက်စေခဲ့ပေ။ သူ့တွင် အီစီကလီဖြစ်ချင်စရာကောင်းသော စကားလုံးများက အဆင်သင့်ရှိနေချေသည်။

"ခရစ်စတင်းကိုပါ ခေါ်လိုက်လေ။ ငါတို့ ဒီည အဖွဲ့လိုက်လုပ်ဆောင်မှုလေးတစ်ခု လုပ်လို့ရတာပဲ။ ငါက အချိန်စီမံခန့်ခွဲတာ အရမ်းတော်တယ်။ ငါတို့ လေ့ကျင့်ခန်းလုပ်ပြီးသွားရင် ငါ့အခန်းထဲကို ချက်ချင်းပြန်လိုက်မယ်လေ။ ဒါဆို ငါ့ကောင်မလေးလည်း ဘာမှသိမှာမဟုတ်ဘူး"

ကျန်းမုန့်လောင်က ကျီစယ်တတ်သူတစ်ယောက်အသွင်သို့ ပြောင်းလဲသွားပြီး ဤစကားများကို မျက်နှာအမူအရာတစ်ချက်မပြောင်းဘဲ ပြောလိုက်လေသည်။

သို့သော် ထိုစကားများကြောင့် ခရစ်စတင်းနှင့် အမ်မာတို့ကတော့ ရှက်သွေးဖြာသွားချေသည်။ ကျန်းမုန့်လောင်၏စကားများက ဟယ်ရီဆင်ကို ဦးတည်ခြင်းဖြစ်ကြောင်း သူတို့ သိထားပါသော်လည်း ကျန်းမုန့်လောင်၏စကားများကို လှီးလွှဲပြောနိုင်စွမ်းမရှိပေ။

"ဒါဆို ကောင်းပြီလေ။ မြန်မြန်လေးလုပ်ကြစို့"

အမ်မာက ဒုက္ခပေးလွန်းသော ဤသကောင့်သားကို မြန်နိုင်သမျှမြန်မြန်ရှင်းထုတ်ပစ်ချင်နေပြီဖြစ်၏။ ထို့ကြောင့် ကျန်းမုန့်လောင်၏အဆိုပြုချက်ကို ချက်ချင်းလက်ခံလိုက်သည်။

"ဟားဟားဟား ဒါဆိုသွားကြတာပေါ့"

ကျန်းမုန့်လောင်၏လက်မောင်းနှစ်ဖက်က ခရစ်စတင်းနှင့် အမ်မာတို့၏ခါးများကို သဘာဝကျကျ ရစ်ပတ်ထားလိုက်သည်။ သူတို့နှစ်ယောက်စလုံးက ခန္ဓာကိုယ်ကို အလွန်ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး ခါးနားတစ်ဝိုက်ရှိ အရေပြားကလည်း ချောမွေ့နေကာ အဆီပိုမရှိသလောက်ပင်။

"ခဏနေဦး"

ဟယ်ရီဆင်၏အမူအရာကား အလွန်ဆိုးဝါးလာလေပြီ။

"မစ္စတာကျန်း.. ခင်ဗျားက ကျုပ်ကိုလျှော့တွက်လွန်းနေသလားလို့"

"အိုး..တောင်းပန်ပါတယ်။ ကျုပ်က အပြောအဆိုမတတ်လို့ပါ။ ခင်ဗျားကို စော်ကားသလိုဖြစ်သွားရင် လာထိုးလှည့်လေ ခွေးမသားရဲ့"

ကျန်းမုန့်လောင်က ပြောလိုက်၏။ သူ စိတ်အရှုပ်ရဆုံးမှာ သူတို့ကိုယ်သူတို့ ကြီးကျယ်မြင့်မြတ်လှသည်ဟု ထင်မြင်ပြီး ကမ္ဘာပေါ်တွင် သူတို့ကသာ ဇာတ်လိုက်များဖြစ်သလို ပြုမူကာ ပတ်ဝန်းကျင်ရှိ အရာရာတိုင်းကလည်း သူတို့ကိုဗဟိုပြု၍ လည်ပတ်သင့်သည်ဟု ထင်မြင်တတ်ကြသူများပင်။

"မစ္စတာကျန်း.. ဒါက ဥရောပဆိုတာ မမေ့ပါနဲ့။ ဟွာရှားမဟုတ်ဘူး"

ဟယ်ရီဆင်၏လေသံက ယခုအချိန်မှာတော့ ခြိမ်းခြောက်လေဟန်အငွေ့အသက်များ အပြည့်ပင်။

"မင်း ငါ့ကိုလာခြိမ်းခြောက်နေတာလား"

ကျန်းမုန့်လောင်၏မျက်ဝန်းများက တစ်ဖန်ကျဉ်းမြောင်းသွားပြန်လေသည်။ ထိုအမူအရာမှာ သူ ဒေါသထွက်လာလျှင် လုပ်တတ်သော သင်္ကေတတစ်ခုပင်တည်း။

"အဲ့လိုလည်း ယူဆလို့ရပါတယ်"

ဟယ်ရီဆင်က ပြောလာသည်။

"မစ္စတာကျန်းက ဟွာရှားမှာ တော်တော်ဩဇာရှိတယ်ဆိုတာ ကျုပ်သိတယ်။ ရော့စ်ချိုင်းမိသားစုကလည်း အာဏာရှိတယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ ဥရောပဆိုတာ အကျယ်ကြီးပဲ။ ရော့စ်ချိုင်းမိသားစုက ခင်ဗျားကို တစ်ချိန်လုံးလိုက်စောင့်ရှောက်နိုင်မှာမဟုတ်ဘူး။ ဥရောပမှာ ခင်ဗျားလုပ်ချင်တာလုပ်လို့မရဘူး။ ဟွာရှားမှာ ဒီလိုဆိုရိုးစကားမျိုးရှိတယ်လေ။ "အချိန်အခါကိုသိတဲ့လူက ပညာရှိပဲ"တဲ့။ မစ္စတာကျန်းအနေနဲ့ ကျုပ်ကိစ္စတွေမှာ ဝင်ရောက်မစွက်ဖက်ဖို့ ကျုပ်မျှော်လင့်ပါတယ်"

"ဒါဆိုလည်း တောင်းပန်ပါတယ် မင်းသားဟယ်ရီဆင်"

ကျန်းမုန့်လောင် ရယ်မောလိုက်သည်။

"ဥရောပမှာတောင်မှ ကျုပ်က ရော့စ်ချိုင်းမိသားစုရဲ့အကူအညီကို မယူဘဲ လုပ်ချင်တာလုပ်လို့ရတယ်။ မယုံဘူးဆိုရင် မနေ့တုန်းက ပြင်သစ်သတင်းကို သွားစစ်ဆေးကြည့်လိုက်ပါ့လား။ ကျုပ်ဘာလုပ်ခဲ့လဲဆိုတာ ကြည့်ကြည့်ပေါ့"

ဟယ်ရီဆင်သည် ပြင်သစ်နှင့်ပတ်သက်သောသတင်းများကို အနည်းငယ်သာ အာရုံစိုက်သည်။ သို့သော် သူနှင့်အတူပါလာသော တော်ဝင်အစောင့်တစ်ယောက်က အနားကပ်လာပြီး တီးတိုးပြောလာလေသည်။

"မင်းသား… အဲ့ဒီအကြောင်း ကျွန်တော်သိပါတယ်။ ကျန်းမုန့်လောင်က လွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းက စိတ္တဇဝေဒနာရှင်တစ်စုကို Champs-Elysees Springတစ်ခုလုံးမှာ ဝရုန်းသုန်းကားဖြစ်အောင် လုပ်ခိုင်းခဲ့လို့ ဒေါ်လာဘီလီယံပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့တယ်တဲ့။ အဲ့ဒါကြောင့်ပဲ မနေ့က စုံစမ်းစစ်ဆေးရေးဗျူရိုကနေ အစစ်ဆေးခံခဲ့ရပါတယ်"

"ဒါဆို သူက ဒီနေ့ ဒီကိုဘာလို့ရောက်လာရသေးတာလဲ"

ဟယ်ရီဆင် အံ့ဩသွားရသည်။ ဤမျှကြီးမားလှသော အဖြစ်အပျက်တစ်ခုကို ဖန်တီးခဲ့သည့်အတွက် ဟွာရှားလူမျိုးတစ်ယောက်အနေနှင့် ပြင်းထန်လှသော ပြစ်ဒဏ်တစ်ခုကို ခံရမည်မှာ အသေအချာပင်။

"အသေးစိတ်ကိုတော့ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ကြည့်ရတာတော့ ပြင်သစ်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနက ဒီကိစ္စမှာ ဝင်ရောက်စွက်ဖက်ခဲ့ရတဲ့ပုံပါပဲ။ အဆုံးကျတော့ စုံစမ်းစစ်ဆေးရေးမှူးက ကျန်းမုန့်လောင်ကိုတောင်းပန်ဖို့အတွက် တိုင်ပတ်အကကပြပြီး စုံစမ်းစစ်ဆေးရေးဗျူရိုထဲကနေ ယဉ်ယဉ်ကျေးကျေးလိုက်ပို့ပေးခဲ့ရတယ်လေ။ ဒီဖြစ်ရပ်က ပြင်သစ်မှာ အကြီးအကျယ်လှုပ်ခတ်စေခဲ့ပါတယ်"

"သူက ပြင်သစ်နိုင်ငံရဲ့နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနကိုပါက ဩဇာလွှမ်းမိုးနိုင်တယ်ပေါ့"

ဟယ်ရီဆင်ခမျာ ကျန်းမုန့်လောင်အပေါ် သူနားလည်ထားသော အချက်အလက်များက အပေါ်ယံမျှသာဖြစ်ကြောင်း ရုတ်တရက်ခံစားလိုက်မိသည်။

"မယုံသေးဘူးဆိုရင် မင်းအဘွားကိုဖုန်းလှမ်းဆက်ပြီး ငါဘယ်သူလဲဆိုတာ မေးကြည့်လိုက်လေ"

ကျန်းမုန့်လောင်က ရယ်၏။

"အိုး ဟုတ်သားပဲ။ မင်း ဒီကိုရောက်လာတုန်းက ဖျက်သင်္ဘောကြီးကို မြင်ခဲ့လား"

"အဲ့ဒါက ခင်ဗျားယူလာတာလား"

အစောပိုင်းကပင် သူတို့ပိုင်သည့် ဖျက်သင်္ဘောက လေလံပွဲကျင်းပရာကျွန်းအနီးရှိ ပြင်သစ်နိုင်ငံ၏ရေပိုင်နက်ထဲသို့ အဘယ်ကြောင့်ရောက်နေရသလဲဟု သူ တွေးနေမိသည်။

"အဲ့ဒါကို မင်းရဲ့အဘွားက ငါ့ကိုငှားပေးလိုက်တာလေ။ အစတုန်းကတော့ သူက အဲ့ဒီသင်္ဘောကို ငါ့ကိုလက်ဆောင်ပေးမလို့ပဲ။ ငါက ငြင်းလိုက်တာ။ သူ့ခမျာ ငိုတော့မလိုဖြစ်သွားရှာတာကွာ"

ကျန်းမုန့်လောင်က ထပ်ပြောလိုက်ပြန်သည်။

"အိုး ဟုတ်သားပဲ။ နောက်တစ်ခုရှိသေးတယ်။ မင်းရဲ့ညီမ မင်းသမီးရှာနာကလေ.. ငါ့ရဲတိုက်မှာ အိမ်သာဆေးနေတယ်။ မင်းကို လေကြီးလေကျယ်တွေလုပ်မနေဖို့ ငါအကြံပေးချင်တယ်။ လာမကြွားခင် မင်း ဘယ်သူနဲ့ရင်ဆိုင်နေရလဲဆိုတာကို အရင်စုံစမ်းလိုက်တာ ပိုကောင်းမယ်"

*********

All Chapters