ထာဝရနတ်ဘုရားကျန်းမုန့်လောင်
Vol. 14 Ch. 201
"တိုင်ပတ်အကတဲ့လား။ ဟားဟားဟား..တော်လိုက်တာ"
"ဟားဟားဟား..ငါ့ကို အောက်စီဂျင်ပိုက်လေး ယူခဲ့ပေးပါဦး။ မင်း သောက်ကျိုးနည်း ဘာတွေစဉ်းစားနေတာလဲ။ မင်းရဲ့ခေါင်းထဲမှာ ဘယ်လိုပေါက်ကရတွေရှိနေတာလဲကွာ"
"ငါတော့ ဒီမှာရယ်သေပြီ ကျန်းရေ.. မင်းကဉာဏ်ကြီးရှင်ပဲ"
ကျန်းမုန့်လောင် စကားဟလိုက်ချိန်မှာ ရယ်မောသံလှိုင်းလုံးကြီးတစ်ခုက သူ့ပတ်ပတ်လည်မှ ထွက်ပေါ်လာသည်။ မည်သို့ပင်ဖြစ်စေ မူရေးက အကြီးတန်းစုံစမ်းစစ်ဆေးရေးမှူးတစ်ယောက်ဖြစ်ပြီး ပြင်သစ်နိုင်ငံတွင် သူ၏လူမှုအဆင့်အတန်းက မြိုတစ်မြို့ရှိ ဒုတိယအဆင့်အာဏာပိုင်တစ်ယောက်နီးနီးပင်။
သို့တိုင် ကျန်းမုန့်လောင်ကတော့ သူ့ကို လူတိုင်းရှေ့တွင် တိုင်ပတ်အကကပြစေချင်နေပေသည်။
ဤသည်မှာ စုံစမ်းစစ်ဆေးရေးဗျူရိုပင်။ အကခန်းမ သို့မဟုတ် ဘားတစ်ခုမဟုတ်ပေ။ သူတို့အနေနှင့် သူ့အတွက် တိုင်ပတ်အကကဖို့ တိုင်တစ်လုံးကို ဘယ်ဆီဘယ်ဝယ်က သွားရှာရလေမလဲ။
မူရေး၏မျက်နှာမှာ စိမ်းရာမှ ပြာနှမ်းသွားလေသည်။ သူ့ပုံစံမှာ မိစ္ဆာအတတ်ကို ကျင့်ကြံရင်း သူ့ကိုယ်သူပြန်ထိသွားသည့်အလား ဖြစ်နေချေသည်။ သူ့ပါးစပ်မှာ ထိန်းချုပ်၍မရနိုင်လောက်အောင် တွန့်လိမ်သွားသည်။ ကျန်းမုန့်လောင်က သူ့ကို ကစားနေခြင်းဖြစ်ကြောင်း သူခံစားမိသည်။ ခြင်္သေ့တစ်ကောင်က ပုရွက်ဆိတ်တစ်ကောင်ကို ဘာရည်ရွယ်ချက်မှမရှိပါဘဲ အပျော်သက်သက်ကစားနေသည့်အလားပင်။
ဘွင်းဘွင်းရှင်းရှင်းပြောရမည်ဆိုလျှင် ကျန်းမုန့်လောင်ဘက်က သူ့ကို ပစ်မှတ်ထားလာဖို့အထိ သူက ဘောင်မဝင်ချေ။ သူ့တွင် ထိုကဲ့သို့သောအရည်အချင်းမျိုးမရှိ။
သို့သော် မည်သို့ပင်ဖြစ်နေပါစေ ယခုတော့ သူ အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်နေရလေပြီ။ တစ်ဖက်တွင်လည်း အာဏာ၏ဖိအားတစ်ရပ် ရှိနေ၏။ မကြာခင်အချိန်အတွင်းမှာ ကျန်းမုန့်လောင်၏ဒေါသကို မဖြေသိမ့်ပေးနိုင်ပါက သူတော့ စစ်ခုံရုံးအတင်ခံရတော့မည်သာ။ သို့တိုင် ကျန်းမုန့်လောင်က ထိုဒုံးကျည်အစင်းလေးရာကျော်ကို ပြင်သစ်နိုင်ငံဆီသို့ ပစ်လွှတ်ခွင့်ပေးမည်မဟုတ်ကြောင်း သူ ယုံကြည်သည်။
နောက်တစ်ဖက်တွင်မူ သူ့ရွေးချယ်မှုက ယနေ့မှစ၍ သူ့ဂုဏ်သိက္ခာကို ပျက်ပြားစေမည်။ မရေမတွက်နိုင်သော သတင်းထောက်များနှင့် မီဒီယာများရှေ့တွင် သူ တိုင်ပတ်အကကို ကခဲ့ပါလျှင် စုံစမ်းစစ်ဆေးရေးဗျူရိုတွင်လည်း မျက်နှာထပ်ပြရဲတော့မည်မဟုတ်လောက်ပေ။ သူ့အား စောင့်မျှော်နေမည့်အရာကား အဆုံးမဲ့လှောင်ပြောင်မှုများနှင့် အရှက်ခွဲမှုများသာ။
"ဒီဟွာရှားလူမျိုးက အရမ်းအညှာအတာကင်းမဲ့တာပဲ"
ကျန်းမုန့်လောင် ဒေါသထွက်ရခြင်းမှာ သူ့ကို ထိန်းသိမ်းဖမ်းဆီးခြင်းကြောင့် မဟုတ်ပါဘဲ ဟွာရှားလူမျိုးများအပေါ် သူတို့ အထင်သေးမိသောကြောင့်ဖြစ်ကြောင်း မူရေး ယုံကြည်ထားသည်။
သူ့ကိုယ်သူ ရိုးရိုးသားသား ပြန်မေးခွန်းထုတ်မိသည်။ အကယ်၍သာ ကျန်းမုန့်လောင်က သာမန်လူတစ်ယောက်ဖြစ်နေခဲ့ပါက ထောင်ဒဏ်ကို နာနာခံခံလိုက်နာရတော့မည်သာဖြစ်၏။ သူ့တွင် အခြားရွေးချယ်စရာဟူ၍ ရှိမည်မဟုတ်။ အကယ်၍ ဟွာရှားဘက်က ဆွေးနွေးညှိနှိုင်းမှုများနှင့် ကြိုးစားအားထုတ်မှုတို့ကြောင့် သူ့ကို လွှတ်ပေးလိုက်ရလျှင်ပင် အခြေခံကျသည့် ဘယ်အရာကိုမှ ပြောင်းလဲနိုင်မည်မဟုတ်။
တမြန်နေ့က ပဲရစ်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်ကား ဟွာရှားလူမျိုးများနှင့် အာရှလူမျိုးများအပေါ်ထားသော သူတို့၏အထင်သေးမှုကို ပေါ်လွင်စေခဲ့သည်။ သူတို့၏မျက်လုံးထဲတွင် ဖွံ့ဖြိုးပြီးနိုင်ငံများမှ လူမျိုးများကသာ မြင့်မြတ်ပြီး အခြားနိုင်ငံများရှိ လူမျိုးများကတော့ အနိုင်ကျင့်ခံရဖို့ ထိုက်တန်သည်ဟု ထင်မြင်ကြသည်.
ထိုအရာကပင် ကျန်းမုန့်လောင်ကို တကယ်ဒေါသထွက်စေခဲ့သည်။
"ဟေး.. မြန်မြန်လုပ်လေ"
ကျန်းမုန့်လောင်က ရယ်မောလိုက်၏။
"ခင်ဗျား ကမပြဘူးဆိုရင် ကျုပ် ဒီနေရာမှာတင် ညစာစားသွားမှာ။ ဒါပေမဲ့ နောက်ဘာဆက်ဖြစ်မလဲဆိုတာတော့ ကျုပ်လည်းမပြောတတ်ဘူး"
အဆုံးမှာတော့ ပြင်းထန်လှသော ဖိအားအောက်တွင် မူရေး ပြိုလဲသွားရသည်။ သူ့ခမျာ ထိုနေရာတွင် အသက်မဲ့သွားသော ရုပ်သေးရုပ်တစ်ရုပ်အလား မတ်တတ်ရပ်နေချေသည်။
"ကောင်းပါပြီ။ ကျုပ်ကပြမယ်"
"ခင်ဗျားရဲ့အရည်အချင်းကို ထုတ်ပြလိုက်စမ်းပါ"
ကျန်းမုန့်လောင်က ယဲ့ရင်ကို အစောကတည်းက တစ်ယောက်ယောက်အား တိုင်တစ်လုံးပြင်ခိုင်းထားပြီးသားပင်။ သူ အမိန့်ပေးလိုက်သောအခါ လူအများအပြားက စုံစမ်းစစ်ဆေးရေးဗျူရိုထဲသို့ အပြေးဝင်ချလာသည်။ သူတို့လက်ထဲတွင်လည်း အချင်းတစ်ဆယ်စင်တီမီတာခန့်ရှိသော စတီးတိုင်တစ်ခုကို သယ်လာကြသည်။
"ဒါက.. သူ ဘယ်တုန်းကပြင်ထားတာလဲ"
"သေစမ်း... ဒါကြီးက ကြိုတင်ပြင်ဆင်ထားတာပဲ။ ငါတော့ လုံးဝမှင်တက်သွားပြီ"
"ကျန်းက ဒီလောက်တောင်ပွက်လောရိုက်နေတာကို ဘာလို့တုတ်တုတ်မလှုပ်ပါလိမ့်လို့ ငါစဉ်းစားနေတာ။ သူက ပွက်လောရိုက်လေလေ ပိုကြောက်ဖို့ကောင်းလေလေပဲ။ အပြင်ပန်းမှာတော့ သူ့ကံကြမ္မာကို လက်လျှော့လိုက်တဲ့ပုံပေါက်နေပေမဲ့ တကယ့်နောက်ကွယ်မှာတော့ သူက ပြစ်ဒဏ်အတွက် အထောက်အကူပစ္စည်းကိုတောင် ပြင်ထားပြီးသွားပြီ"
"မင်းက ဉာဏ်နီဉာဏ်နက်သခင်ကြီးပါပဲ။ မင်းနိုင်ပါတယ်။ ငါရှုံးပါတယ်"
"မြန်မြန် မြန်မြန် မြန်မြန်လေး ဗီဒီယိုရိုက်ထားကြ။ လက်ထောက်မြို့တော်ဝန်အဆင့်ရှိတဲ့ စုံစမ်းစစ်ဆေးရေးမှူးတစ်ယောက်က ဗျူရိုထဲမှာ တိုင်ပတ်အကကပြမှာတဲ့။ ဒါကြီးက မနက်ဖြန်ကျရင် ကမ္ဘာ့အပတ်စဉ်သတင်းထဲမှာ ပေါက်သွားမှာသေချာတယ်"
ပြင်ဆင်ခင်းကျင်းမှုက သည့်ထက်ပိုပြီး မပြည့်စုံနိုင်တော့ပေ။ အောက်ခင်းနှစ်ထပ်နှင့်အတူ တိုင်ကို ပထမထပ်နှင့် ဒုတိယထပ်ကြားတွင် အခိုင်အမာတပ်ဆင်ထားလိုက်သည်။
"မစ္စတာမူရေး...ကျေးဇူးပြုပြီး တင်ဆက်မှုစပါတော့"
ကျန်းမုန့်လောင်က သူ့ဖုန်းကိုဖွင့်၍ သီချင်းတစ်ပုဒ်ကို သာမန်ကာလျှံကာဖွင့်လိုက်၏။
"လုပ်စမ်းပါ။ ကဲလိုက်တော့။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်တွေပေါနေတာပါပဲလေ.."
သီချင်းစတင်လိုက်သည်နှင့်တစ်ပြိုင်နက် စင်စစ်ပါရမီထူးကဲလှသည့် တစ်စုံတစ်ယောက်က စုံစမ်းစစ်ဆေးရေးဗျူရိုထဲရှိ မီးများအားလုံးကို ပိတ်လိုက်သည့်အပြင် တံခါးများနှင့် ပြတင်းပေါက်များကိုပါ တင်းတင်းစေ့ထားလိုက်သေးသည်။ အခန်းကား လျှပ်တစ်ပြက်အတွင်း မှောင်ကျသွားသည်။
ခဏအကြာတွင် ပထမဆုံးသော ဖုန်းဖလက်ရှ်မီးတစ်ခု ထွက်ပေါ်လာပြီး ဗျူရိုကြီးကလည်း နိုက်ကလပ်အသွင် ပြောင်းသွားလေတော့သည်။
မူရေးလည်း အံတင်းတင်းကြိတ်၍ ပေါင်၁၅၀ရှိသည့် သူ့ခန္ဓာကိုယ်ဖြင့် တိုင်ကို ရစ်ခွေပစ်လိုက်ပြီး သံစဉ်နှင့်အတူ ချောက်ချားဖွယ်ကောင်းအောင် တွန့်လိမ်လိုက်ချေသည်။
"ဟားဟားဟား..ဘုရားရေ ငါ့မျက်လုံးတွေတော့ ကန်းကုန်ပြီ။ ငါကန်းသွားပြီဟေ့။ ကန်းသွားပြီ"
"အား..အရမ်းကလက်တာပဲ။ ဒါက ငါမြင်ဖူးသမျှထဲမှာ ကျုံ့နိုင်ဆန့်နိုင်စွမ်းအကောင်းဆုံးလူဝကြီးတစ်ယောက်ပဲဟ။ သူက ပတ်ပတ်လည်တောင် လှည့်ပြနိုင်သေးတယ်"
"ငါ ဒီရှိုးကိုကြည့်နိုင်မဲ့ လက်မှတ်တစ်စောင် မဲပေါက်လိုက်သလို ခံစားရတယ်"
"အရမ်းမိုက်တာပဲ"
...
နှစ်မိနစ်အကြာတွင် မူရေးခမျာ ပင်ပန်းနွမ်းနယ်မှုကြောင့် ကြမ်းပြင်ပေါ်သို့ ပုံခနဲခွေလဲသွားပါတော့သည်။ သူ့ပါးပြင်များမှာ နီရဲနေဆဲပင်။ ရုပ်ပိုင်းဆိုင်ရာပင်ပန်းမှုကြောင့်လား။ သို့မဟုတ် အရှက်ကွဲမှုကြောင့်လားဆိုတာကတော့ ပြောရခက်ပေသည်။
"ကလစ် ကလစ်"
ပတ်ပတ်လည်ရှိ မီဒီယာများမှာ မူရေးကိုဝန်းရံကာ ကသုက်ကရက် ဓာတ်ပုံရိုက်နေကြသည်။ သူတို့ဟာ ထိုအဖြစ်ကြောင့် စာနာစိတ်အနည်းငယ်ပင် ပေါ်ပေါက်လာသည်။
"မစ္စတာမူရေး"
ကျန်းမုန့်လောင်က ဆက်ပြောလေသည်။
"ဒီနေ့ ခင်ဗျားရဲ့အသရေဖျက်မှုကို ကျုပ် မှတ်ထားမှာမဟုတ်ဘူး။ ကျုပ်ပြောခဲ့တဲ့အတိုင်းပဲ ကျုပ်က ကိုယ့်ကတိကိုယ်တည်မှာပါ။ ဒါပေမဲ့ ခင်ဗျားကို ထပ်ခိုင်းစရာတစ်ခုရှိတယ်"
မူရေးကလည်း ကျန်းမုန့်လောင်ကို မော့ကြည့်လိုက်သည်။ မကြာသေးခင်က ဘက်စ်မူလင်သည် ကျန်းမုန့်လောင်၏တောင်းဆိုချက်မှန်သမျှကို ခြွင်းချက်မရှိ လိုက်လျောပေးရမည်ဟု သူ့ကို ပြောထားသည်။
"မစ္စတာကျန်း ကျေးဇူးပြုပြီး ခင်ဗျားရဲ့ညွှန်ကြားချက်ကို ပြောပြပေးပါ"
"တမြန်နေ့တုန်းက ကျုပ်တို့ဟွာရှားလူမျိုးတစ်ယောက် ပဲရစ်မှာ အကြောင်းမဲ့သက်သက် ရိုက်နှက်ခံခဲ့ရတယ်။ ဒီကိစ္စကို ကျုပ်တော်တော်မကျေနပ်ဘူး။ တစ်ရက်အတွင်း စိတ်ကျေနပ်စရာကောင်းတဲ့ရလဒ်တစ်ခုကို ကျုပ်မြင်ချင်တယ်။ အဲ့လိုမှမဟုတ်ရင်တော့ ဒီတစ်ခေါက် ဒုံးကျည်အစင်းလေးရာနဲ့တင် ပြီးသွားမှာမဟုတ်ဘူး"
စကားအဆုံးတွင် ကျန်းမုန့်လောင်က စုံစမ်းစစ်ဆေးရေးအခန်းထဲမှ တန်းတန်းမတ်မတ်ထွက်သွားလေတော့သည်။
...
အိမ်ပြန်ရောက်သောအခါ ဝမ်လင်နှင့် အခြားသူများက စိတ်မရှည်လက်မရှည်စောင့်ဆိုင်းနေကြပြီဖြစ်၏။
"လောင်ကျန်း.. ဒီနေ့ မင်း အရမ်းမိုက်တာပဲ။ သူတို့ကို ဒီလိုမျိုးဆက်ဆံပေးရမှာ။ အဲ့လိုမှမဟုတ်ရင် သူတို့က ငါတို့ဟွာရှားလူမျိုးတွေကို ရွှံ့နဲ့လုပ်ထားတယ်လို့တွေးပြီး အနိုင်ကျင့်ချင်တိုင်းကျင့်လို့ရတယ်လို့ ထင်နေကြဦးမှာ"
"ဒါပေမဲ့ သူက တိုင်ပတ်အကကို တကယ့်အသည်းအသန်ကခဲ့တာပဲ။ အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ လူဝကြီးတစ်ယောက် တိုင်ပတ်အကကတာကို ငါ အခုမှ ပထမဆုံးမြင်ဖူးတာ"
"ဟားဟားဟား"
လူတိုင်း ရုတ်တရက်ကြီး အော်ရယ်လိုက်ကြသည်။ လုရီယောင်ပင် သူ(မ)ကိုယ်သူ(မ) ထိန်းမထားနိုင်ချေ။
"ဝိုး..ဒီလူအလုပ်လုပ်တာကတော့ ရှယ်မြန်တာပဲ"
ကျန်းမုန့်လောင်ထံသို့ စုံစမ်းစစ်ဆေးရေးဗျူရိုမှ မက်ဆေ့တစ်စောင်ရောက်လာသည်။ တမြန်နေ့တုန်းက ဟွာရှားလူငယ်လေးကို ရိုက်နှက်ခဲ့သော ပြင်သစ်လူမျိုးငါးယောက်ကို ဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီဖြစ်၏။ Parisiagaဆိုင်မန်နေဂျာ၊ လုံခြုံရေးနှင့် Champs-Elyseesရှိ သက်ဆိုင်သူဝန်ထမ်းများအားလုံးကို စုံစမ်းစစ်ဆေးရေးဗျူရိုသို့ ဆင့်ခေါ်ထားသည်။
ထို့ပြင် ရိုက်နှက်ခံခဲ့ရသော လူငယ်လေးကို Parisiagaဘက်က ယူရိုတစ်သန်း လျော်ကြေးပေးခဲ့သည်။
"ယူရိုတစ်သန်းပဲလား။ နောက်ထပ်သုညနှစ်လုံးလောက် ထပ်ဖြည့်သင့်တာမဟုတ်ဘူးလား"
ဝမ်လင်က အားရဝမ်းသာပြောလိုက်လေသည်။
"ဒါပေမဲ့ လောင်ကျန်း... တကယ်ပဲ မင်းဘာလုပ်ခဲ့တာလဲကွ။ ဒီနေ့ ဘာလို့ဒီလောက်အထိပွက်လောရိုက်သွားတာလဲ"
"မင်း ပြင်သစ်နိုင်ငံကို လေယာဉ်တင်သင်္ဘောတစ်အုပ်နဲ့ ဝိုင်းခဲ့တာများလား"
ဝမ်လင်က ရဲရဲတင်းတင်းခန့်မှန်းလိုက်သည်။
ကျန်းမုန့်လောင်ကတော့ ခေါင်းခါပြသည်။
"တကယ်တော့ ငါက သူတို့ကိုလွန်မလာဖို့ သင်ခန်းစာနည်းနည်းပေးဖို့လောက်ပဲ ဟေဂန်ကိုပြောလိုက်တာပါ။ အဲ့ဒီလူက ဥရောပတစ်တိုက်လုံးမှာရှိတဲ့ ကြားဖြတ်ဒုံးကျည်တွေအကုန်လုံးနဲ့ အဝေးထိန်းဒုံးကျည်ရာဂဏန်းလောက်ကို လှုပ်ရှားခိုင်းလိုက်ပြီး သူတို့ရဲ့သမ္မတအိမ်တော်ကို ချိန်ထားလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ။ သူတို့ ပြဿနာထပ်ရှာရဲမယ်လို့ မင်းထင်လား"
"ဝိုး..ကြမ်းလိုက်တာ"
ဝမ်လင်ခမျာ ပြောစရာစကားကင်းမဲ့သွားရသည်။
"မင်းကိုဒေါသထွက်အောင်လုပ်မိတာက တပ်မကြီးတစ်ခုလုံးနဲ့ ရင်ဆိုင်ရတာထက်တောင် ပိုကြောက်ဖို့ကောင်းသေးတယ်"
"တော်တော့။ ငါတို့ ဒီကိုရောက်တာ သုံးရက်ရှိသွားပြီ။ ပေါက်ကရသုံးဆယ်တွေပဲ လိုက်ဖြေရှင်းနေရတယ်"
ကျန်းမုန့်လောင် မျက်ဆန်လည်လိုက်မိသည်။
"မင်းကတော့ အဲ့ဒါကို စိတ်တိုချင်စရာကောင်းတယ်လို့ ထင်ချင်မှထင်လိမ့်မယ်။ ဒါပေမဲ့ ငါတော့စိတ်ကုန်နေပြီ"
"ဟားဟားဟား..ဒါပေမဲ့ မင်း ဒီနေ့ ငါတို့ဟွာရှားလူမျိုးတွေရဲ့ဒေါသကို ဖြေဖျောက်ပေးခဲ့တာပဲ"
ဝမ်လင်က ဆိုလာလေသည်။
"အင်တာနက်အသုံးပြုသူတွေက အခု မင်းအကြောင်း ဘာတွေပြောနေကြလဲဆိုတာသိလား"
"ငါ့ရဲ့ဘယ်အကြောင်းလဲ။ ငါက ပညာမဲ့ပြီး ပြဿနာအရမ်းရှာတယ်ဆိုပြီးတော့လား"
"မဟုတ်ဘူး"
ဝမ်လင်က ခေါင်းခါပြလိုက်သည်။
"သူတို့ပြောနေကြတာက ထာဝရနတ်ဘုရားကျန်းမုန့်လောင်တဲ့"
*********