တိုင်ပတ်အကကပြ ဒါဆိုခွင့်လွှတ်ပေးမယ်
Vol. 14 Ch. 200
"မင်းတို့က ဒီမှာဘာရပ်လုပ်နေသေးတာလဲ။ သေနတ်တွေကို အခုချက်ချင်းချထားလိုက်စမ်း"
မူရေးက သူ့ငယ်သားများကို ပြောလိုက်သည်။
"ပြီးတော့ မစ္စတာကျန်းအတွက် တစ်ယောက်ယောက် ထိုင်ခုံယူလာခဲ့။ မစ္စတာကျန်းက ငါတို့ရဲ့စုံစမ်းစစ်ဆေးရေးကို ကူညီဖို့လာခဲ့တာ။ ငါတို့ရဲ့အကျဉ်းသားမဟုတ်ဘူးကွ"
ပွဲကြည့်ပရိသတ်များ အံ့ဩမှင်တက်သွားရုံသာမက မူရေး၏လူများလည်း ကြက်သေသေသွားလေသည်။ အစောပိုင်းကပင် မူရေးတစ်ယောက် ကြီးကျယ်ပြနေသည်မဟုတ်ပါလား။ ယခုမှ ဘာလို့ ရုတ်တရက်ကြီး နှိမ့်ချတတ်လွန်းသည့် မြေးတစ်ယောက်လို ဖြစ်သွားရလေသလဲ။ ထိုဖုန်းထဲမှာ ဘာတွေများပြောလိုက်သလဲ။
"ဟားဟားဟား လူတွေက ဘော့စ်ကျန်းကို ဒီလိုပြောနေကြတယ်။ စကားနည်းပေမဲ့ အာဏာပြင်းတယ်တဲ့။ ဖုန်းလေးတစ်ချက်ဆက်လိုက်တာနဲ့ ကာကွယ်ရေးဝန်ကြီးကိုတောင် ကြောက်သွားအောင် ခြောက်ပစ်လိုက်တာ"
"ဒါကြီးကတော့ တကယ့်ကိုမိုက်တာ။ စောစောတုန်းကတော့ သူ့မှာ မာန်တက်ပြနေတာ။ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ကြောက်တတ်သွားရတာလဲ"
"သူ့အမူအရာကိုကြည့်စမ်း။ ပုံစံကိုက အရိုက်ခံထားရတဲ့ခွေးတစ်ကောင်လိုပဲ။ သူ့ဂုဏ်သိက္ခာတွေလည်း အကုန်ကြေမွပြန့်ကျဲကုန်ပါပြီ"
"ဟွာရှားလူမျိုးတစ်ယောက်ကို အနိုင်ကျင့်မယ်ပေါ့လေ။ ကြည့်ရတာ ဒီတစ်ခေါက်တော့ သူတို့ သံပြားကြီးကို ကန်မိသွားပုံပဲ"
"မိုက်တယ်ဟေ့။ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာပဲ။ ဒါက ငါတို့ဟွာရှားလူမျိုးတွေမှာရှိသင့်တဲ့ အရည်အချင်းပဲ။ ငါ့မှာ တအားစိတ်လှုပ်ရှားလွန်းလို့ ငါ့အခန်းဖော်ကိုတောင် လက်သီးနဲ့ထိုးမိသွားတယ်"
"စွမ်းအင်မြင့်သတိပေးချက်။ မစ္စတာကျန်းရဲ့စရိုက်ကို သိထားတဲ့အတွက် သူ ဒီကိစ္စကို ဒီအတိုင်းလျှော်ပေးလိုက်မယ်လို့ ငါတော့မထင်ဘူး"
"ဟုတ်တယ်။ ခုနကပဲ သူတို့က သူ့ခေါင်းကို သေနတ်နဲ့ချိန်ထားခဲ့ကြတာ။ သာမန်လူတစ်ယောက်ဆိုရင် သေးထွက်ကျနေလောက်ပြီ။ ဒါပေမဲ့ မစ္စတာကျန်းကတော့ တုတ်တုတ်တောင်မလှုပ်ဘူး"
"မစ္စတာကျန်းသာ သူ့ကို ဒီအတိုင်းလွှတ်ပေးလိုက်မယ်ဆိုရင် လည်နေတဲ့ပန်ကာထဲကို ငါ ပစ်ဝင်လိုက်မယ်ကွာ"
"အမှန်ပဲ။ မစ္စတာကျန်းတော့ စိတ်ထဲမှာ ဒေါသူပုန်ထနေမယ်လို့ ငါလောင်းရဲတယ်။ သူသာ ဒီကိစ္စကိုလွှတ်ပေးလိုက်မယ်ဆိုရင် ငါ့ကွန်ပျူတာကို ဒီနေရာမှာတင် ချက်ချင်းစားပြမယ်"
အင်တာနက်အသုံးပြုသူများအတွက်မူ တော်တော်များများက ဤကိစ္စကို စိတ်ဝင်စားသောကြောင့် လာကြည့်ကြခြင်းဖြစ်၏။ ကျန်းမုန့်လောင်မှာ အပြစ်ရှိရှိမရှိရှိ သူတို့ကတော့ အားပေးဖို့သက်သက်သာ ရောက်လာခဲ့ကြခြင်းပင်။
လွန်ခဲ့သည့်ဆယ်မိနစ်က သူတို့ဟာ ကျန်းမုန့်လောင်၏လုံခြုံရေးကို စိတ်ပူနေခဲ့ကြသည်။ သူသာ ဖမ်းဆီးခံလိုက်ရလျှင် ဘာဆက်ဖြစ်မလဲဆိုတာကို ခန့်မှန်းဖို့ ခက်ခဲလှသည်။
သို့သော် ဆယ်မိနစ်အတွင်းမှာပင် အခြေအနေက ဒရမ်မာဆန်ဆန်ပြောင်းလဲသွားပေသည်။ ဖုန်းတစ်ချက်ဆက်လိုက်ရုံဖြင့် ကျန်းမုန့်လောင်က ကာကွယ်ရေးဝန်ကြီးကို လှုပ်ခတ်သွားအောင်လုပ်နိုင်ခဲ့ပြီး အကျဉ်းသားအဖြစ်မှ အလေးစားရဆုံးဧည့်သည်တော်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ဤအပြောင်းအလဲကြောင့် စိတ်ပူနေကြသော ဟွာရှားအင်တာနက်အသုံးပြုသူမှာ လန်းဆန်းသွားရပြီး မနေ့တုန်းက စိတ်လှုပ်ရှားမှုနှင့် မာနတို့လည်း တစ်ဖန်ထွက်ပေါ်လာပြန်လေသည်။ ဤသည်မှာ သူတို့ဟွာရှားလူမျိုးများ၏အစွမ်းပင်။
ဟွာရှားမှ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသူများနှင့် ပွဲကြည့်ရန်ရောက်လာကြသော နိုင်ငံခြားသားများနှင့် မတူပါဘဲ ပြင်သစ်ဒေသခံများကတော့ တော်တော်လေးစိတ်ဓာတ်ကျသွားလေသည်။ အထူးသဖြင့် ထင်ကြေးပေး၍ စိတ်လှုပ်ရှားနေခဲ့ကြသော သတင်းထောက်များမှာ ယခုတော့ တွင်းတစ်တွင်းထဲသို့ တွားဝင်သွားချင်စိတ်ပေါက်နေလေသည်။
မူရေး၏ သဘောထားပြောင်းလဲမှုကား သူတို့အတွက်တော့ အရှက်ကွဲမှုကြီးတစ်ခုသာ။ သူတို့အထင်သေးခဲ့ပါသော ဟွာရှားလူမျိုးတစ်ယောက်ကို ခယဝပ်တွားပြီး အလိုလိုက်အကြိုက်ဆောင်ရမည့်အဖြစ်မှာ သူတို့အတွက်တော့ ကြီးလှစွာသော ဂုဏ်သိက္ခာကျဆင်းမှုနှင့် အရှက်ကွဲမှုကြီးတစ်ခုဖြစ်၏။
သို့သော် ကျန်းမုန့်လောင်အတွက်တော့ ယနေ့ဇာတ်လမ်းမှာ စတင်ရုံမျှသာရှိသေးသည်။
"ဘက်စ်မူလင်က သူ့ကို ဘာပြောလိုက်တာပါလိမ့်"
ကျန်းမုန့်လောင်လည်း သိချင်နေမိသည်။ ဟေဂန်ကသာ သာမန်မျှဖုန်းဆက်ပြီး မူရေးကို ပြဿနာမရှာဖို့ ပြောခဲ့မည်ဆိုလျှင် ဤမျှအထိကြောက်လန့်နေစရာ မလိုဘူးမဟုတ်လား။
အနည်းဆုံးတော့ မူရေးဘက်က အလွန်မျက်နှာချိုးသွေးလွန်းနေသည့်အတွက် မယုံချင်စရာပင်ကောင်းနေသည်။ သူက ကျန်းမုန့်လောင်၏ အမူအရာတစ်ခုချင်းစီကိုပင် အကဲခတ်ဖို့ ကြိုးစားနေသည်မှာ သူ့အတွေးများကို ဖတ်ဖို့ကြိုးစားနေသည့်အလားပင်။
ထိုမျှသာမက မူရေး၏ခြေလက်တို့က အနည်းငယ်တုန်ယင်နေသည်။ အလွန်အမင်းကြောက်လန့်နေချိန်မှသာ ဖြစ်တတ်သော အခြေအနေတစ်ခုပင်။ ဘက်စ်မူလင်က သရဲတစ်ကောင်လေများလား။
"မစ္စတာကျန်း.. အခုဆိုရင် ဥရောပမှာ သူတို့သမ္မတအိမ်တော်ကို ဒုံးကျည်ပေါင်းလေးရာကျော် ချိန်ထားတယ်လေ။ သူ မျက်နှာချိုမသွေးဘဲ ဘယ်နေနိုင်မလဲ"
ယဲ့ရင်က ကျန်းမုန့်လောင်၏ရှုပ်ထွေးမှုကို ရှင်းလင်းပေးလိုက်သည်။
"ဘာ? ဒုံးကျည်အစင်းလေးရာလား။ ဘယ်လိုအခြေအနေပါလိမ့်"
ကျန်းမုန့်လောင်ကိုယ်တိုင်ပင် ထိတ်လန့်သွားရသည်။ သူက ဟေဂန်ကို ပြင်သစ်လူမျိုးများကို သတိပေးရုံသက်သက်သာ လုပ်ခိုင်းခဲ့ခြင်းပင်။ ဘယ်လိုဖြစ်ပြီး စစ်ရေးခြိမ်းခြောက်မှုအထိ ဖြစ်သွားရလေသလဲ။
မကြာသေးခင်ကပင် ကျန်းမုန့်လောင် ပဟေဋ္ဌိဖြစ်နေခဲ့သေးသည်။ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနနှင့် လူထုလုံခြုံရေးဌာနမှာ လုံးဝမတူညီသော စနစ်နှစ်ခုဖြစ်၏။ အကယ်၍ တစ်ယောက်ယောက်ကသာ မူရေးကို လာသတိပေးမည်ဆိုလျှင်ပင် ထိုလူမှာ ကာကွယ်ရေးဝန်ကြီးဘက်စ်မူလင်တော့ မဖြစ်သင့်ပေ။
ယခုမူ ကျန်းမုန့်လောင် နားလည်လိုက်လေပြီ။ ဘက်စ်မူလင်လည်း မတတ်သာဘဲ ကြားဝင်လိုက်ရခြင်းသာ။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ပြင်သစ်နိုင်ငံသည် ဥရောပတွင် သူတို့၏လုံခြုံရေးကို ခြိမ်းခြောက်နိုင်သည့်အရာများကို ခြေရာခံနိုင်မည့် လုံခြုံရေးစနစ်သစ်တစ်ခုကို တည်ဆောက်ခဲ့သည်။ ဒုံးကျည်အစင်းလေးရာကို မြင်လိုက်ရချိန်မှာ ဘက်စ်မူလင်တစ်ယောက် မထိတ်လန့်ဘဲ နေနိုင်မည်တဲ့လား။ ထိုဒုံးကျည်များသာ တကယ်ကျလာခဲ့ပါက ကာကွယ်ရေးဝန်ကြီးဖြစ်သည့် သူက ပထမဆုံးတာဝန်ယူရမည်ဖြစ်၏။
"တကယ်တော့ ရူးနေတဲ့ဒီလူကို သင်ခန်းစာတစ်ခုပေးရင် လုံလောက်ပါပြီ။ ဒီလောက်အထိ ကြီးကြီးကျယ်ကျယ်လုပ်ဖို့မလိုပါဘူး"
ကျန်းမုန့်လောင်က ခေါင်းခါယမ်းလိုက်လေသည်။
"နောက်တစ်ခေါက်ကျရင် အဏုမြူဗုံးတစ်လုံးနဲ့သာ ချိန်ထားလိုက်။ အရင်းအမြစ်တွေကို တအားဖြုန်းတီးမနေနဲ့"
"ဟေး မင်းတို့တွေ...ရိုက်ကူးနေတာကို ဘာလို့ရပ်လိုက်တာလဲ။ ခုနကပဲ မင်းတို့ကင်မရာကို ငါ့မျက်နှာရှေ့ အတင်းချိန်ထားခဲ့တာမဟုတ်လား။ လာစမ်းပါ။ ငါ့ကို အနီးကပ်ရိုက်ချက်လေးတစ်ချက်လောက် လုပ်စမ်းပါ"
စိတ်ဓာတ်ကျပြီး ပြန်ဖို့ပြင်နေပါသော သတင်းထောက်အချို့မှာ ကျန်းမုန့်လောင်ကြောင့် ခြေလှမ်းများ တုံ့ခနဲရပ်တန့်လိုက်သည်။
"ပုံကြမ်းတွေမထုတ်ဘဲ ငါ့အတွက် ပိုတိုရှော့လုပ်ပြီးမှတင်ဖို့ မမေ့နဲ့နော်။ ပိုတိုရှော့လုပ်ထားတဲ့ ဓာတ်ပုံကိုသာ ငါစိတ်တိုင်းမကျဘူးဆိုရင် မင်းတို့သတင်းစာတိုက်ကို ဝယ်ပစ်မှာ"
"ဟားဟားဟား"
ထိုနေရာရှိ ဟွာရှားလူမျိုးများမှာ အသည်းအသန်အော်ရယ်လိုက်မိသည်။ ကျန်းမုန့်လောင်က လေးလေးနက်နက်မရှိသည့်အချိန်မျိုးတွင် ပေါက်ကရလေးဆယ်များ ပြောလာတတ်ပေသည်။
"မစ္စတာကျန်းပြောတဲ့အတိုင်း လုပ်ကြ"
မူရေးကလည်း ငြင်းဆန်၍မရနိုင်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။
သတင်းထောက်များလည်း ကြောက်ဒူးတုန်သွားပြီး အကူအညီတောင်းရန်အတွက် မူရေးကို ကြည့်လိုက်ကြပါသော်ငြား မူရေးက သူတို့ကို ခြိမ်းခြောက်နေဟန်ဖြင့် ပြန်စိုက်ကြည့်နေသည်။ ကျန်းမုန့်လောင်ကိုသာ ဆန့်ကျင်ရဲပါက သူတို့ ပြဿနာတက်ရပေတော့မည်။
သတင်းထောက်များမှာ စိတ်ထဲမှကျိတ်၍ သောကရောက်နေကြသည်။ သူတို့က ယနေ့ အပျော်ရှာရန်အတွက် ရောက်လာကြခြင်းပင်။ ဘယ်လိုလုပ်ပြီး ယခုလိုအခြေအနေမျိုးနှင့် ကြုံလိုက်ရလေသလဲ။
"မစ္စတာကျန်း.. ခင်ဗျားမြင်တဲ့အတိုင်း နောက်ကျနေပြီလေ။ ပြီးတော့ ကျွန်တော်တို့ရဲ့စုံစမ်းစစ်ဆေးမှုကလည်း ပြီးသွားပြီ။ ခင်ဗျားကို ပြန်ပို့ပေးဖို့အတွက် ကျွန်တော် လူတစ်ယောက်စီစဉ်ပေးမယ်ဆိုရင်ရော"
"ပြန်ရမယ်တဲ့လား။ ငါပြန်မယ်လို့ ဘယ်သူကပြောလဲ"
ကျန်းမုန့်လောင်က အေးတိအေးစက်ပြန်ပက်လိုက်သည်။
"ခုနကပဲ စုံစမ်းစစ်ဆေးရေးအတွက် ထပ်နေရဦးမယ်လို့ ခင်ဗျားပြောလိုက်တယ်မလား။ ကျုပ်ကတော့ ဒီမှာဆက်နေတာပဲ ပိုကောင်းမယ်ထင်တာပဲ။ အဲ့ဒါမှ ကျုပ်တို့ဟွာရှားလူမျိုးတွေက စည်းကမ်းမလိုက်နာဘူးလို့ ဘယ်သူမှမထင်ကြမှာပေါ့"
"သွားပြီ။ နတ်ဘုရားကို ပင့်ဖို့လွယ်တယ်။ ပြန်ခိုင်းဖို့တော့ ခက်သွားပြီ။ သူတို့တော့ ငါးပါးမှောက်ပြီပဲ"
ကျန်းမုန့်လောင်၏ နှစ်ချိို့ပရိသတ်များက သူ့ပုံစံကို ကောင်းကောင်းသိကြသည်။ အစောပိုင်းက ကျန်းမုန့်လောင်တစ်ယောက် ဘယ်လိုဆက်ဆံခံထားရသလဲဆိုသည်ကို သူတို့ မြင်ထားပြီဖြစ်၏။ ကျန်းမုန့်လောင်မှာ ယခုအထိ သူ့ဒေါသကို မဖြေဖျောက်ရသေးပေ။ သူက မူရေးကို လွယ်လွယ်လေးနှင့် လွှတ်ပေးလိုက်မည်တဲ့လား။
"ငါတော့ သွားပြီဟေ့"
"အဏုမြူစွမ်းအင်သတိပေးချက်"
ထိုအချိန်မှာပင် မူရေး၏ဖုန်းက ထပ်မြည်လာပြန်သည်။ မျက်နှာပြင်ပေါ်တွင် ပြသနေသောဖုန်းနံပါတ်မှာ အစောပိုင်းကနှင့် အတူတူပင်။
"မူရေး..မင်း ဘာတွေလုပ်နေတာလဲ။ ဒုံးကျည်တွေက ဘာလို့ပြန်မသိမ်းသေးတာလဲ"
ဘက်စ်မူလင်က ဒေါသတကြီးငေါက်ငမ်း၍ ပြောလိုက်သည်။
"ငါ မင်းကို နောက်ဆုံးငါးမိနစ်ပဲ အချိန်ပေးမယ်။ အဲ့ဒီအချိန်အထိ ဒီကိစ္စကို မဖြေရှင်းနိုင်ဘူးဆိုရင် ဘာမှကြီးကြီးကျယ်ကျယ်မဖြစ်ပျက်ခဲ့ဘူးဆိုရင်တောင် ငါ မင်းကို စစ်ခုံရုံးတင်ပစ်မယ်ကွ"
"တီ တီ တီ..."
မူရေးမှာ စကားတစ်ခွန်းမှပင် မပြောရသေးခင်မှာ ဘက်စ်မူလင်က ဖုန်းချသွားသည်။ မူရေးမှာ နှစ်စက္ကန့်မျှ ကြက်သေသေသွားပြီး မျက်နှာကြက်ကို အကြောင်းသားငေးကြည့်နေမိသည်။ ထို့နောက် ကျန်းမုန့်လောင်ဆီသို့ လျှောက်သွားလိုက်သည်။
"မစ္စတာကျန်း ကျွန်တော်တောင်းပန်ပါတယ်။ ဒါတွေအကုန်လုံး ကျွန်တော့်အပြစ်တွေပါ။ ကျွန်တော် စိတ်လိုက်မာန်ပါလုပ်ခဲ့မိပါတယ်။ ခင်ဗျား ကျွန်တော့်ကိုခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"
"ဝိုး"
အံ့ဩထိတ်လန့်မှုလှိုင်းလုံးကြီးတစ်ခုက အခန်းထဲအနှံ့ ပျံ့နှံ့သွားချေသည်။
အစောပိုင်းတုန်းက မူရေးဘက်က တပ်ခေါက်လိုက်ပြီဆိုသော်ငြား သူပြောခဲ့သည့်စကားများကမူ ရှင်းလင်းမှုမရှိခဲ့ပေ။ သို့သော် ယခုတော့ မီဒီယာရှေ့မှာပင် သူ့အမှားကို ဝန်ချတောင်းပန်လိုက်လေပြီဖြစ်ရာ ဦးတည်ချက်ကား လုံးဝပြောင်းလဲသွားသည်။
"ခင်ဗျားကိုခွင့်လွှတ်ပေးရမယ်တဲ့လား။ ခင်ဗျားက ဘာအမှားမှမလုပ်ထားတဲ့ဟာကို ကျုပ်က ဘာကို ခွင့်လွှတ်ပေးရမှာလဲ"
"သူ့ရဲ့ညစ်ကျယ်ကျယ်နှုတ်ရေးကြွယ်မှုကြီး စတင်ပါပြီ"
"ညစ်ပတ်တယ်။ ဒါပေမဲ့ ငါသဘောကျတယ်"
"မစ္စတာကျန်း..ကျေးဇူးပြုပြီး ခင်ဗျားသာ ကျွန်တော့်ကို ခွင့်လွှတ်မပေးရင် ကျွန်တော် စစ်ခုံရုံးအတင်ခံရတော့မှာ"
"ဝိုး"
နောက်ထပ်ဆူညံသံတစ်ခု ထပ်ထွက်ပေါ်လာပြန်သည်။ ကိစ္စများက ထိုမျှအထိ ကြီးကျယ်သွားလေသလား။
"ခင်ဗျားကိုခွင့်လွှတ်ရမယ်တဲ့လား။ ကောင်းပြီလေ"
ကျန်းမုန့်လောင်က သူ့ပခုံးနှစ်ဖက်ကို တွန့်ပြလိုက်သည်။
"ကျုပ်အတွက် တိုင်ပတ်အကကပြလေ။ ဒါဆို ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပေးမယ်"
**********