← Chapters

ဒါက နားလည်မှုလွဲတာပါ

Vol. 14 Ch. 199

ဒါက နားလည်မှုလွဲတာပါ

Vol. 14 Ch. 199

ထိုအချိန်ဝယ် မူရေး၏ခေါင်းထဲ တဝီဝီမြည်နေပြီး မရေမတွက်နိုင်သော မေးခွန်းသင်္ကေတများကလည်း ပြည့်နှက်နေသည်။ သူ့ကိုဖုန်းခေါ်သော ပုဂ္ဂိုလ်က ဘယ်သူလေလဲ။ သူတို့က သူ့လို ဗဟိုဌာနသို့ တိုက်ရိုက်အစီရင်ခံနေရသော စုံစမ်းစစ်ဆေးရေးမှူးကို ယခုလိုလေသံမျိုးဖြင့် ဘာကြောင့်ပြောရဲရလေသလဲ။ ဒုံးကျည်အစင်းလေးရာက သမ္မတအိမ်တော်ကို ချိန်ထားသတဲ့လား။ ဤလူ နိုးနိုးကြားကြားရောရှိရဲ့လား။

ပတ်ပတ်လည်ရှိ ပွဲကြည့်ပရိသတ်များနှင့် သတင်းထောက်များမှာ ဖုန်းထဲက အော်ဟစ်သံတစ်သံထွက်ပေါ်လာသည်ကို ကြားလိုက်ရပြီး ဘာပြောလိုက်သလဲဆိုသည်ကိုမူ မသဲကွဲပေ။ သို့သော် မူရေး၏အမူအရာကို ကြည့်ခြင်းအားဖြင့် ဤသည်မှာ သာမန်ဖုန်းခေါ်ဆိုမှုတစ်ခု မဟုတ်ကြောင်း ထင်ရှားနေသည်။

အစောပိုင်းက ကျန်းမုန့်လောင်ပြုလုပ်လိုက်သော ဖုန်းခေါ်ဆိုမှုက ထိရောက်သွားလေသလား။ ဤမေးခွန်းက လူတိုင်း၏စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။

"ခင်ဗျား ဘယ်သူလဲဆိုတာ ကျုပ်မသိသလို ကျုပ်ရဲ့ဖုန်းနံပါတ်ကို ဘယ်လိုရလဲဆိုတာလည်း မသိပေမဲ့ ခင်ဗျား အခုလိုပေါက်ကရတွေ ဆက်ပြောနေမယ်ဆိုရင် ကျုပ်သတိပေးချင်တာက လူထုကိုအထိတ်တလန့်ဖြစ်အောင်လုပ်မှုနဲ့ ခင်ဗျားကို အရေးယူလို့ရတယ််နော်။ နိုင်ငံတော်အနေနဲ့ ဖုန်းနံပါတ်တစ်ခုကို ခြေရာခံဖို့အတွက် လွယ်လွယ်လေးဆိုတာ ခင်ဗျားသိသင့်တယ်"

မည်သို့ပင်ဖြစ်စေ သူသည် မုန်တိုင်းပေါင်းများစွာကို ဖြတ်သန်းလာခဲ့ရသူဖြစ်သည့်အတွက် တစ်ခဏအတွင်းမှာပင် ပြန်တည်ငြိမ်သွားသည်။

ကာကွယ်ရေးဝန်ကြီးလည်းဖြစ်၊ စစ်သားဟောင်းတစ်ယောက်လည်းဖြစ်သည့်အတွက် ဘက်စ်မူလင်က ဒေါသထွက်လွယ်လေသည်။ ကာကွယ်ရေးဝန်ကြီးရာထူးကို ရပြီးနောက်မှသာ အနည်းငယ်တည်ငြိမ်သွားရခြင်းပင်။

ယနေ့လို ဒေါသမထွက်ရသည်မှာ နှစ်ပေါင်းများစွာ ကြာကောင်းကြာပြီဖြစ်၏။ သာမန်စုံစမ်းစစ်ဆေးရေးမှူးတစ်ယောက်က သူ့မောက်မာမှုနှင့် အရေးမပါသောမာနကြောင့် နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နိုင်သည့် ယခုလိုကိစ္စရပ်မျိုးကို သယ်ဆောင်လာခဲ့သည်။ ဘက်စ်မူလင်၏အရှေ့မှာသာ မူရေးရှိနေပါက သူ့ငတုံးခေါင်းကြီးကို ဆော်ပလော်တီးပစ်မည်သာ။

သို့တိုင် မူရေးက သူ့လုပ်ရပ်များက ဘယ်လောက်အန္တရာယ်ရှိသလဲဆိုသည်ကို သဘောမပေါက်ပါဘဲ သူ့ရှေ့မှာပင် အာဏာလာပြနေသဖြင့် သူ ဒေါသူပုန်ထသွားရဆဲသာ။

"ကောင်းပြီလေ။ ငါဘယ်သူလဲဆိုတာ ပြောပြမယ်။ ငါက ကာကွယ်ရေးဝန်ကြီးဘက်စ်မူလင်ပဲ"

ဘက်စ်မူလင်က အော်ဟစ်ကြိမ်းမောင်းလိုက်လေတော့သည်။

"ငါ မင်းကိုပြောမယ်။ အခု ဥရောပတစ်ခွင်လုံးမှာရှိတဲ့ နိုင်ငံနဲ့ဒေသလေးဆယ်မှာ ကြားဖြတ်ဒုံးကျည်၅၂ခု ၊ အဝေးပစ်ဒုံးကျည်နဲ့ ပင်လယ်ပြင်ဒုံးကျည်၃၈၆ခုက ငါတို့သမ္မတအိမ်တော်ကို ချိန်ထားတယ်ကွ"

"ဘာ? အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ယခုလေးတင် ပြန်သက်သာသွားသော မူရေး၏စိတ်အစဉ်မှာ တစ်ဖန်ပြန်ကြေမွသွားရသည်။

ဘက်စ်မူလင်ကို မူရေး လူကိုယ်တိုင်မတွေ့ဖူးသော်လည်း သူ့အသံကိုတော့ အလွန်တရင်းတနှီးရှိသည်။ ထိုအချိန်မှာပင် သူလည်း သူ့မှတ်ဉာဏ်ထဲရှိအသံနှင့် ဖုန်းထဲကအသံကို တွဲမိသွားလေတော့သည်။

ဘက်စ်မူလင်က ပြင်သစ်တွင် နာမည်ကျော်ကြားသူတစ်ယောက်ဖြစ်သည်။ ဒေါသထွက်လွယ်ပြီး ကြမ်းတမ်းကာ သူ့အလုပ်တွင်လည်း အသေးစိတ်ဂရုစိုက်တတ်ပြီး နိုင်ငံတော်လုံခြုံရေးကို သူ့ဘဝပေးတာဝန်အဖြစ် သတ်မှတ်ထားသည်။ နိုင်ငံတစ်ဝှမ်းလုံးတွင်သာမက မူရေး၏နှလုံးသားထဲမှာလည်း သူဟာ သူရဲကောင်းတစ်ယောက်သာ။

ယခုမူ ဤသူရဲကောင်းကြီးက သူနှင့် ဖုန်းပြောနေလေပြီ။ သို့သော် အစောပိုင်းတုန်းက မူရေးဟာ ဘက်စ်မူလင်ကို အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေသော အရူးတစ်ယောက်ဟု ထင်မှတ်မှားခဲ့သည်။

သို့သော် ထိုဒုံးကျည်အစင်းလေးရာက ဘာများလဲ။ သူက သာမန်စုံစမ်းစစ်ဆေးရေးမှူးတစ်ယောက်ပင်။ ယခုလိုကိစ္စမျိုး တကယ်ဖြစ်ပွားခဲ့သည်ဆိုလျှင်ပင် ဤကိစ္စကိုကိုင်တွယ်ရန်မှာ ဘက်စ်မူလင်၏အလုပ်ဖြစ်၏။ ထိုလူက သူ့ကို ဘာကြောင့်ဖုန်းခေါ်ရလေသလဲ။ ထို့ပြင် ဘက်စ်မူလင်၏လေသံအရဆိုလျှင် ဤကိစ္စမှာ သူနှင့်ပတ်သက်နေသည့်ပုံပင်။

"ခင်ဗျား..ခင်ဗျားက တကယ်ပဲ ဝန်ကြီးဘက်စ်မူလင်လား"

မူရေး၏လေသံကား ရုတ်တရက်ကြီး အလွန်အမင်းယဉ်ကျေးသွားသည်။

သူ့ပတ်ပတ်လည်ရှိလူများလည်း မူရေး၏စကားများကို ကြားလိုက်ရသည်။ ဖုန်းခေါ်ဆိုသူက ကာကွယ်ရေးဝန်ကြီးတဲ့လား။

"ဘက်စ်မူလင်တဲ့လား။ ဝန်ကြီးတဲ့လား။ သူတို့စုံစမ်းစစ်ဆေးရေးဌာနကလား"

ဟွာရှားနိုင်ငံသားအများစုအတွက်မူ ဤသည်မှာ မရင်းနှီးသောနာမည်တစ်ခုပင်။

"သေစမ်း။ ငါသွားရှာကြည့်ထားတယ်။ သူက လေတပ်ကွပ်ကဲရေးမှူးချုပ်ဟောင်း၊ ကာကွယ်ရေးဝန်ကြီးတဲ့။ ဒီရာထူးက တကယ်အထင်ကြီးဖို့ကောင်းတာပဲ"

"ငါ ဒီလူ့အကြောင်းကြားဖူးတယ်။ သူက စစ်တပ်မိသားစုက ဆင်းသက်လာတာ။ သူ့အကြီးအကဲတွေက ကမ္ဘာစစ်နှစ်ခုကို ဖြတ်သန်းခဲ့ရတဲ့လူတွေတဲ့။ တော်တော်မှတ်သားထိုက်တာပဲ"

"ဒါပေမဲ့ ဒါက ဘာအခြေအနေကြီးလဲ။ မစ္စတာကျန်းက သူတို့ရဲ့ကာကွယ်ရေးဝန်ကြီးကို ဆက်သွယ်လိုက်တာလား"

"ဖြစ်နိုင်တယ်။ အဲ့လိုမှမဟုတ်ရင် ဒီလူ့မျက်နှာက ဘာလို့ မစင်စားလိုက်ရသလို ဖြစ်နေမှာလဲ"

ထိုနေရာကား ရုတ်ခြည်းငြိမ်ကျသွားသည်။ လူတိုင်းမှာ ဖုန်းထဲတွင်ပြောနေသည့် အကြောင်းအရာကို ကြားချင်ကြသည့်အတွက် နားစွင့်ထားကြသည်။ သို့သော် ၎င်းမှာ မလွယ်ကူလှပေ။ မူရေး၏အမူအရာမှတစ်ဆင့် သူတို့ဘာတွေဆွေးနွေးနေသလဲဆိုသည်ကို သူတို့ ခန့်မှန်းရုံသာ တတ်နိုင်သည်။

"သောက်ရေးမပါတာ။ တစ်ကမ္ဘာလုံးမှာ ငါပါဆိုပြီး အယောင်ဆောင်ရဲတဲ့လူ ရှိမှာတဲ့လား"

ဘက်စ်မူလင်က ဆဲရေးလိုက်သည်။

"ဟုတ်ကဲ့။ ဟုတ်ကဲ့။ ဟုတ်ကဲ့"

ယခုတော့ မူရေး လုံးဝယုံကြည်သွားပြီဖြစ်၏။ သူ့အနေနှင့် အဆူခံသင့်သည်။ တစ်ဖက်လူက သူ့ကို ညင်ညင်သာသာနှင့် ပျော့ပျော့ပျောင်းပျောင်းလေး ပြောလာမှသာ ထူးဆန်းနေမည်ဖြစ်၏။

"ဝန်ကြီး.. ခုနကပြောလိုက်တဲ့ဒုံးကျည်တွေကလေ..ကျွန်တော်နဲ့ဘာဆိုင်လို့လဲ"

မူရေးမှာ သူ၏အရေးပါမှုကို သူကိုယ်တိုင်ပင် မသိချေ။ ဥရောပတစ်တိုက်လုံးရှိ ဒုံးကျည်များအားလုံး သူတို့ကိုချိန်ထားရလောက်အောင်အထိ သူ ဘာတွေများလုပ်ခဲ့မိလေသလဲ။

ဥရောပတစ်ခွင်လုံးကို ယခုလိုအနေအထားမျိုးအထိရောက်အောင် လုပ်ဆောင်နိုင်သူမှာ သာမန်တော့မဟုတ်ပေ။

"မင်း အခုဘာလုပ်နေတယ်ဆိုတာရော သိရဲ့လား"

ဘက်စ်မူလင်က ထောက်ပြပြောဆိုလိုက်သည်။

"ဘာကိုလုပ်ရမှာလဲ"

မူရေးက ကျန်းမုန့်လောင်ကို လှမ်းကြည့်လိုက်သည်။ သူ့လောကအမြင်တွင်မူ ကျန်းမုန့်လောင်နှင့် သူတို့နိုင်ငံကိုချိန်ရွယ်ထားသော ဒုံးကျည်အစင်းလေးရာကျော်နှင့် ဆက်စပ်နေကြောင်း လုံးဝမရိပ်မိပေ။

"ကျွန်တော်က မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ လူထုလုံခြုံရေးကိစ္စတစ်ခုကို စစ်ဆေးနေတာပါ"

"ချီးကိုစုံစမ်း"

ဘက်စ်မူလင်က ဆဲဆိုလိုက်ပြန်သည်။

"အခုချက်ချင်း မင်း မစ္စတာကျန်းကို ပြန်တောင်းပန်လိုက်။ ပြီးရင် တလေးတစားနဲ့ ပြန်ပို့ပေးလိုက်။ သူ့ဘက်က ဘာပဲတောင်းဆိုတောင်းဆို မင်း လိုက်လျောရမယ်။ အဲ့လိုမှမဟုတ်ရင် ငါ မင်းကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ချက်ချင်းဖမ်းဆီးပစ်မယ်"

"နိုင်..နိုင်ငံတော်သစ္စာဖောက်မှုလား"

ကြီးမားလှသော စွပ်စွဲချက်ကြီးတစ်ခုက မူရေးအပေါ် ကျရောက်လာသည်။ သူသည် လူထုလုံခြုံရေးကိစ္စတစ်ခုကို စုံစမ်းစစ်ဆေးနေသည့် သာမန်စစ်ဆေးရေးမှူးတစ်ယောက်မျှသာ။ ဤကိစ္စက ဘယ်လိုလုပ်ပြီး နိုင်ငံတော်သစ္စာဖောက်မှု မြောက်ရလေသလဲ။ သူတို့၏ ကာကွယ်ရေးဝန်ကြီးကိုယ်တိုင် ကာကွယ်လာအောင် ကျန်းမုန့်လောင် ဘယ်လိုများလုပ်ခဲ့လေသလဲ။

"ဒါပေမဲ့ ဝန်ကြီး.. ဒီလူက မနေ့တုန်းက Champs-Elyseesကို စိတ်မနှံ့သူတစ်စုနဲ့အတူ အကြီးအကျယ်ပွက်လောရိုက်အောင်လုပ်ခဲ့ပြီး ပြင်းထန်တဲ့ စီးပွားရေးဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တာပါ။ ကျွန်တော်တို့သာ သူ့ကိုလွှတ်ပေးလိုက်မယ်ဆိုရင် လူထုကို ဘယ်လိုရှင်းပြရမလဲ"

"ချီးကိုရှင်းပြနေလိုက်"

ဘက်စ်မူလင်က ဆို၏။

"ငါမင်းကိုပြောမယ်။ မနေ့က သူ သမ္မတအိမ်တော်ကို ပြဿနာရှာခဲ့တယ်ဆိုရင်တောင် ငါတို့ဘက်က ဘာမှမဖြစ်သလို နေပေးရမှာ"

မူရေး၏မျက်နှာကား ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။ လူတစ်ယောက်က နိုင်ငံတစ်နိုင်ငံလုံးကို လိုက်လျောချင်လာအောင် ဘယ်လိုလုပ်လိုက်နိုင်တာလဲ။ ဤသည်မှာ ချင်းချိုးနိုင်ငံမဟုတ်ပေ။ ပြင်သစ်နိုင်ငံပင်။ စီးပွားရေးနှင့် စစ်ရေးအင်အားရှိသည့် အဆင့်မြင့်ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုဖြစ်သည်။

"ဘာလို့လဲဆိုတာကို မင်းသိချင်နေမယ်ဆိုတာ ငါသိတယ်"

ဘက်စ်မူလင်က တည့်တိုးပြောချလာသည်။

"ငါမင်းကိုပြောမယ်။ ငါ သူ့ကိုသိတောင်မသိဘူး။ ဒါက ငါ့ရဲ့ကိုယ်ရေးကိုယ်တာဆုံးဖြတ်ချက်မဟုတ်ဘူး"

"ဒါဆို ခင်ဗျား..."

ဘက်စ်မူလင်က ကျန်းမုန့်လောင်ကို သိပင်မသိပါဘဲ လူတစ်ယောက်ကိုလွှတ်ပေးဖို့အတွက် သူ့ကို ဘာလို့ ဖိအားလာပေးနေရသလဲ။

"ဒါပေမဲ့ ဥရောပတစ်တိုက်လုံးက သူ့ကို သွားရန်စလို့မရဘူး"

ဘက်စ်မူလင်က ဆိုလာလေသည်။

"အဲဒီဒုံးကျည်အစင်းလေးရာကို သူ့လူတွေက ပြင်ဆင်ထားတာ။ မင်းသာ သူ့ကိုသွားထိပါးရဲလို့ကတော့ မိနစ်ပိုင်းအတွင်းမှာတင် အဲ့ဒီဒုံးကျည်တွေအကုန်လုံး ငါတို့မြို့တော်ကို ကျလာလိမ့်မယ်။ ငါတို့နိုင်ငံရဲ့အင်အားက အဲဒီဒုံးကျည်တွေကို မတားနိုင်ဘူး"

မူရေး၏မျက်နှာကား ချက်ချင်းဆိုသလို ဖြူဖျော့သွားချေသည်။

အစတုန်းကမူ ကျန်းမုန့်လောင်၏ဖုန်းခေါ်ဆိုမှုက ပြင်သစ်နိုင်ငံရှိ ပုဂ္ဂိုလ်ကြီးတစ်ယောက်ထံမှ အကူအညီတောင်းခြင်းဟု သူ ထင်ခဲ့မိသည်။ သို့သော် သူတို့နိုင်ငံထဲရှိ ဘယ်သူ့ကိုမှ ထည့်သွင်းစဉ်းစားမိခြင်းမရှိ။ ဤသည်မှာ ရဲရင့်လှသောအကွက်ပင်တည်း။

သူ့ကို ထိပါးလိုသလား။ ထိုသို့ဆိုလျှင် ဒုံးကျည်အစင်းလေးရာ၏ အမျက်ဒေါသဒဏ်ကို ခံနိုင်ရည်ရှိဖို့ စဉ်းစားထားရုံသာ။ သူက အစဉ်အလာကိုမလိုက်နာရုံမျှသာ မဟုတ်ပေ။ စစ်ရေးကျင့်ဝတ်တစ်စွန်းတစ်စလေးကိုတောင်မှ လိုက်နာခြင်းမရှိ။

"ကျွန်တော်..ကျွန်တော် သူ့ကိုအခုချက်ချင်းလွှတ်ပေးလိုက်ပါ့မယ်"

မူရေး၏စိတ်ဝိညာဉ်ကား လုံးဝပြိုလဲနေရပြီဖြစ်၏။ သူက ကျန်းမုန့်လောင်၏ခေါင်းကို သေနတ်နှင့်ပင် ချိန်ခိုင်းခဲ့မိသည်။

သာမန်ခြိမ်းခြောက်မှုလေးတစ်ခုကတင် ဒုံးကျည်အစင်းလေးရာကျော်ကို ဆင့်ခေါ်နိုင်ခဲ့ပေသည်။ ကျန်းမုန့်လောင်သာ တကယ်ထိခိုက်သွားခဲ့ပါက ပြင်သစ်တစ်နိုင်ငံလုံး ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ကွယ်သွားနိုင်သည်။

"သောက်ကျိုးနည်း သူကဘယ်သူလဲဟ"

မူရေးသာ ကျန်းမုန့်လောင်ထိန်းချုပ်ထားသော ကြောက်မက်ဖွယ်ကောင်းသည့် အင်အားနှင့် အရင်းအမြစ်များကို ကြိုသိထားခဲ့မည်ဆိုလျှင် သတ္တိအခုတစ်ရာပေးလာလျှင်တောင် ကျန်းမုန့်လောင်ကို ဖမ်းချုပ်ထားရဲမည်မဟုတ်။

...

"သောက်ကျိုးနည်း ဖုန်းပြောတာက ပြီးသွားပြီလား"

"ဒါပေမဲ့ ငါဘာမှမကြားလိုက်ရဘူး"

"ငါရောပဲ။ တစ်ခုလေးတောင် မကြားလိုက်ရဘူး"

"ကြည့်လိုက်ဦး။ သူ အခု ဒီဘက်ကိုလျှောက်လာပြီ"

အစောပိုင်းက မောက်မာပြနေခဲ့သော မူရေးက ကျန်းမုန့်လောင်နားသို့ ဂရုတစိုက်လျှောက်လာနေပြီး သူ့မျက်နှာထက်တွင်လည်း မျက်နှာချိုသွေးနေဟန်အပြုံးတစ်ပွင့် ရှိနေချေသည်။

"မစ္စတာကျန်း..အခုဖြစ်သွားတဲ့ကိစ္စတွေအားလုံးက နားလည်မှုလွဲသွားတာပါ"

**********

All Chapters