← Chapters

ခင်ဗျားဖုန်းကို အသံလျှော့ပြီးပြောဖို့ အကြံပေးချင်တယ်

Vol. 14 Ch. 198

ခင်ဗျားဖုန်းကို အသံလျှော့ပြီးပြောဖို့ အကြံပေးချင်တယ်

Vol. 14 Ch. 198

"ဘာ? သမ္မတအိမ်တော်လား။ ဒုံးကျည်အလုံးလေးရာကျော်တောင်လား"

ဘက်စ်မူလင်လည်း ရုတ်တရက်ကြောက်လန့်သွားရသည်။ ဤသည်မှာ ဘယ်လိုနိုင်ငံတကာဟာသမျိုးလေလဲ။ ဒုံးကျည်အလုံးလေးရာမဆိုထားနှင့်။ လက်ပစ်ဗုံးအလုံးလေးရာဆိုလျှင်ပင် သမ္မတအိမ်တော်ကြီးတစ်ခုလုံး အတွင်းရောအပြင်ပါ ကြေမွသွားနိုင်ဖို့ လုံလောက်နေပြီဖြစ်၏။

ဒုံးကျည်အလုံးလေးရာဆိုလျှင် သူတို့တစ်မြို့လုံးကို အုတ်ကျိုးအုတ်ပဲ့များ ဖြစ်သွားအောင်လုပ်ရန် ရည်ရွယ်လေသလား။

"အဲ့ဒီဒုံးကျည်တွေက ဘယ်ကရောက်လာတာလဲ"

ဘက်စ်မူလင် ဆက်မေးလိုက်သည်။ သူတို့နိုင်ငံသည် အမြဲတမ်းလိုလို ငြိမ်းချမ်းရေးကိုသာ ဦးစားပေးခဲ့သည်။ စစ်ပွဲဆိုသည်မှာ အတိတ်မှာကျန်ခဲ့လေပြီ။ ယခု သူတို့အတွက် အရေးကြီးဆုံးအရာမှာ ငွေရှာရန်ပင်။ ထို့ကြောင့် ပြင်သစ်နိုင်ငံအနေနှင့် နိုင်ငံတကာဆက်ဆံရေးမှာ အလွန်ကောင်းမွန်စွာ တည်ဆောက်ထားခဲ့သည်။ သူတို့က အခြားနိုင်ငံကို ဘာလို့ရန်စရမှာတဲ့လဲ။

"ဥရောပတစ်ခွင်လုံးပဲ။ အနီးအနားမှာရှိတဲ့ နိုင်ငံတွေအားလုံးနီးပါးမှာရှိတဲ့ ဒုံးကျည်တွေက ကျွန်တော်တို့ကိုချိန်ထားတာ"

ဘတ်စ်မူလင်၏အမြင်အာရုံကား အမှောင်ကျသွားရသည်။

"သူတို့ကို တားဆီးနိုင်မဲ့နည်းလမ်းတစ်ခုခုများ မရှိဘူးလား"

"မရှိပါဘူး။ ကျွန်တော်တို့ရဲ့နိုင်ငံတော်ကာကွယ်ရေးစနစ်က တစ်ချိန်တည်းမှာ ဒုံးကျည်အလုံးနှစ်ဆယ်လောက်ကိုပဲ တားဆီးနိုင်ပါတယ်။ ပြီးတော့ တိုက်လေယာဉ်တွေနဲ့လည်း တားဆီးဖို့ကြိုးစားနိုင်ပေမဲ့ ဒီနည်းလမ်းက အရမ်းအန္တရာယ်များတယ်။ နည်းနည်းလောက်လေး လမ်းလွဲသွားလိုက်ရင်တောင် ဒုံးကျည်ကို ကြားဖြတ်တားဆီးဖို့ ကျရှုံးရုံတင်မကဘဲ တိုက်လေယာဉ်တွေပါ ပျက်စီးသွားနိုင်တယ်"

"ဒါဆို ငါတို့ဘာလုပ်ကြမလဲ"

ဘက်စ်မူလင်ခမျာ စားပွဲကို အရှိန်ပြင်းစွာရိုက်ချလိုက်သည်။ ရန်သူတစ်ဦးတည်းသာဆိုလျှင် သူတို့အနေနှင့်လည်း အပြည့်အဝညှိနှိုင်းနိုင်မည်ဖြစ်၏။ သို့သော် ဥရောပတစ်တိုက်လုံး ဒေါသူပုန်ထလာလျှင်မူ သူ မည်သူ့ကိုများ အရင်စကားပြောကြည့်ရလေမလဲ။ နောက်တစ်စက္ကန့်အတွင်းမှာပင် ဒုံးကျည်များအားလုံးကို အပြည့်အဝလွှတ်တင်ပြီး သူတို့ခေါင်းတည့်တည့် ကြဲချလိုက်ခြင်းမျိုးလည်းဖြစ်နိုင်သည်။ ထိုသို့ဆိုလျှင် သူတို့အနေနှင့်လည်း မျက်လုံးမှိတ်၍ သေဖို့ထိုင်စောင့်နေရုံသာ ရှိတော့သည်။

"ဝန်ကြီး..ကျွန်တော်တို့ သတင်းမက်ဆေ့ချ်တစ်ခုရထားပါတယ်"

"မြန်မြန်ကုတ်ဖြေလိုက်စမ်း"

ဘက်စ်မူလင်က ပြောလိုက်သည်။ ကြည့်ရသည်မှာ ဤသည်ကသာ တစ်ခုတည်းသောသဲလွန်စဖြစ်ဟန်တူသည်။

"ဝန်ကြီး.. ဒါက လျှို့ဝှက်ကုတ်နဲ့ရေးထားတဲ့ ဆက်သွယ်ရေးအချက်ပြကြိမ်နှုန်းပါ။ ကြည့်ရတာ တစ်ယောက်ယောက်က ကျွန်တော်တို့နဲ့ဆက်သွယ်ချင်နေပုံပဲ"

"ချက်ချင်းချိတ်ဆက်လိုက်"

ဘက်စ်မူလင် အလောတကြီးပြောလိုက်ရသည်။ သူ့ခေါင်းပေါ်တွင် ဓားရှည်ကြီးတစ်ချောင်း ချိတ်ဆွဲထားသလို ခံစားနေရသည်။ ခြေလှမ်းနည်းနည်းလောက်မှားလိုက်လျှင်ပင် ပျက်ကိန်းဆိုက်နိုင်သည်။

မြို့တော်၏ပေါက်ကွဲမှုက သူ့ထံသို့ မရောက်လာနိုင်သော်ငြား နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးတစ်ယောက်အနေနှင့် နိုင်ငံသမိုင်းတွင် ရာဇဝတ်သားတစ်ယောက် ဖြစ်ရမည့်အရေးကိုတော့ ရှောင်လွှဲနိုင်မည်မဟုတ်ပေ။ အရည်အချင်းမရှိသည့် ဘယ်လိုဝန်ကြီးကများ သူတို့နိုင်ငံထဲကို ဒုံးကျည်ရာဂဏန်းလောက်ကို ကျူးကျော်ခွင့်ပေးလိမ့်မည်နည်း။

စူးရှလှသော လျှပ်စီးကြားမှတစ်ဆင့် ဘက်စ်မူလင်လည်း အဆုံးမှာတော့ ဆန်းကြယ်လှသည့်ကြိမ်နှုန်းနှင့် ဆက်သွယ်နိုင်သွားသည်။

"ခင်ဗျားတို့က ဘယ်သူတွေလဲ။ ဒီစစ်ဆင်ရေးကို ခင်ဗျားတို့ အစီအစဉ်ဆွဲထားတာလား"

ဘက်စ်မူလင်က စိတ်မရှည်စွာမေးမြန်းလိုက်၏။

"ခင်ဗျားတို့ရဲ့ရည်ရွယ်ချက်ကဘာလဲ"

"မစ္စတာဘက်စ်မူလင် စိတ်အေးအေးထားပါ။ အရင်ဆုံးအနေနဲ့ ကျုပ်တို့မှာ မကောင်းတဲ့ရည်ရွယ်ချက်တစ်ခုမှမရှိဘူးဆိုတာကို ခင်ဗျား ယုံကြည်ပေးနိုင်ဖို့မျှော်လင့်ပါတယ်"

ဖြည်းညင်းသော်လည်း ထည်ဝါလှသောအသံတစ်သံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။

ဘက်စ်မူလင်လည်း တွေ့ရာခွက်တစ်ခွက်ကို ကောက်ကိုင်၍ ကြမ်းပြင်ပေါ်သို့ ကိုင်ပေါက်ပစ်ရန် ရွယ်လိုက်သည်။

မကောင်းတဲ့ရည်ရွယ်ချက်မရှိဘူးဆိုတာက ဘာသဘောလဲ။ ဒုံးကျည်အလုံးလေးရာကိုတောင် သူတို့ဆီချိန်ထားတာကို သူတို့ကများ မကောင်းတဲ့ရည်ရွယ်ချက်မရှိဘူးလို့ ပြောရဲသေးတယ်ပေါ့။ ဒါက ပြောင်လိမ်နေတာမဟုတ်ဘူးလား။

"မစ္စတာဘက်စ်မူလင်.. ခင်ဗျားကိုင်ထားတဲ့ပစ္စည်းကို ပြန်ချထားလိုက်ဖို့ အကြံပေးချင်ပါတယ်။ ပစ္စည်းတွေကိုရိုက်ခွဲတာက လက်ရှိပြဿနာကို ပြေလည်စေမှာမဟုတ်ဘူး"

ဘက်စ်မူလင်မှာ သူ့စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်နိုင်သော်ငြား သူ့လက်များက တုံ့ခနဲရပ်တန့်သွားရသည်။ တစ်ဖက်လူက သူ ခွက်တစ်လုံးကိုကိုင်ထားမှန်း ဘယ်လိုသိသွားလေသလဲ။ ဤသည်မှာ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာန၏ ပင်မအချက်အချာနေရာတစ်ခုဖြစ်သည်။ အပြင်လူများအနေနှင့် ဤနေရာနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ရနိုင်စရာ အကြောင်းမရှိပေ။ ဤလူက ဘယ်လိုလုပ်ပြီး သိသွားရတာလဲ။

ဘက်စ်မူလင်ခမျာ ရုတ်တရက်ကြီး ကြက်သီးမွေးညင်းထသွားရသည်။ ခိုင်မာလှသော အဆောက်အအုံကိုဖြတ်၍ ကောင်းကင်ထဲမှ မျက်လုံးတစ်စုံက ဤနေရာရှိအရာအားလုံးကို မြင်နိုင်နေသည့်အလားပင်။

သို့သော် ဥရောပတစ်တိုက်လုံးရှိ ကြားဖြတ်ဒုံးကျည်များအားလုံးကိုတောင် သူတို့ဆီ ချိန်ထားနိုင်ပုံထောက်လျှင် ဤမျှအသေးအဖွဲစွမ်းရည်လေးကတော့ ပြောပလောက်စရာမရှိချေ။

တစ်ဖက်လူက သူတို့ကို ဆက်သွယ်ဖို့အတွက် တက်တက်ကြွကြွကြိုးစားနေခြင်းမှာ ညှိနှိုင်းဆွေးနွေးလို့ရနိုင်သေးသည်ဟု ညွှန်ပြနေသည်။

ဘက်စ်မူလင်လည်း ဘာအသံမှမထွက်စေဘဲ ခွက်ကို မူလနေရာမှာ ဂရုတစိုက်ပြန်တင်လိုက်သည်။

"ခင်ဗျား အခုလိုလုပ်ရတဲ့ ရည်ရွယ်ချက်ကို ကျွန်တော်မေးလို့ရမလား"

"ကျုပ်က ဒိုရယ်လာမိသားစုကပါ"

ဘက်စ်မူလင်၏နှလုံးသားလေး တုန်ယင်သွားရလေသည်။ သူ့သံသယအများစုလည်း လုံးဝရှင်းလင်းသွားရလေပြီ။ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးတစ်ယောက်အနေနှင့် ဤမိသားစုကို သူ မသိဘဲနေမလား။ ထိုမိသားစုမှာ အံ့ဖွယ်ကောင်းလောက်အောင် ရှေးကျသော မိသားစုတစ်စုဖြစ်ပြီး နိုင်ငံများပင် ယှဉ်ပြိုင်နိုင်ဖို့ မမျှော်လင့်ရဲသည့်စွမ်းအားများကို ပိုင်ဆိုင်ထားသည်။ သူတို့သာ ဆန္ဒရှိလျှင် ဥရောပတိုက်ရှိ မည်သည့်အာဏာပိုင်အဖွဲ့အစည်း သို့မဟုတ် မည်သည့်နိုင်ငံမဆို တစ်ခဏတွင်းချင်း ပြိုလဲသွားရပေလိမ့်မည်။

သူတို့နှုတ်မှထွက်သည့် စကားကိုမူတည်၍ ဥရောပတိုက်ရှိ နိုင်ငံတိုင်းက သူတို့ကိုကူညီရန်အတွက် အင်အားစုဆောင်းပေးလိမ့်မည်သာ။ သိသူများသော်လည်း နားလည်သူရှားလှသည်။ ဤမိသားစု၏ သရုပ်မှန်ကို ဘက်စ်မူလင်ကိုယ်တိုင်ပင် မသိချေ။

သို့သော် သူ့မတိုင်ခင်က နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးက သူ့ကို တစ်ခါပြောပြခဲ့ဖူးသည်။ တစ်နေ့မှာ ဒိုရယ်လာမိသားစုက သူ့ကို တစ်ခုခုလုပ်ခိုင်းလာခဲ့ပါက သူ့အနေနှင့် ငြင်းဆန်လို့လည်းမရသလို ငြင်းဆန်ဖို့လည်း မဖြစ်နိုင်ပေ။

ဤစကားက သူ့ခေါင်းထဲတွင် နက်နက်ရှိုင်းရှိုင်းစွဲမြဲနေခဲ့သည်။

ဤမိသားစု၏လွှမ်းမိုးမှုက အလွန်ကြီးမားလှသည်ဟုသာ သိထားခဲ့သည်။ သို့သော် သူ့အထက်လူကြီးက သူ့အား ဤအကြောင်း ပြောပြခဲ့စဉ်က သူတို့ ဘယ်လောက်ခွန်အားကြီးသလဲဆိုသည်ကို သူ သဘောမပေါက်ခဲ့ချေ။

မလုပ်ရဲဘူးလား။ ရတယ်လေ။ ဒါဆို ဒုံးကျည်အစင်းလေးရာက ဘယ်လိုခံစားရလဲဆိုတာ မြည်းကြည့်လိုက်။

"ခင်ဗျားမှာ အမိန့်ပေးစရာတစ်ခုခုများ ရှိသလားလို့မေးပါရစေ"

ဘက်စ်မူလင်လည်း တလေးတစားမေးလိုက်သည်။

"ကြည့်ရတာ ဆီးဝေါ့သ်က မင်းကို ကောင်းကောင်းလေ့ကျင့်ပေးခဲ့ပုံပဲ"

တစ်ဖက်မှ ရယ်သံတစ်သံထွက်ပေါ်လာသည်။

"တကယ်တော့ ဘာရယ်မဟုတ်ပါဘူး။ မင်းကို သတင်းစကားတစ်ခုလောက် ပါးခိုင်းချင်လို့ပါ"

"ဟုတ်ကဲ့ပါ ဆရာ"

"ကျန်းမုန့်လောင်ကို ထိပါးလို့မရဘူး။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ပြင်သစ်တစ်နိုင်ငံလုံး ပျက်စီးရလိမ့်မယ်"

ထိုသို့ပြောပြီးနောက် တစ်ဖက်လူက ဆက်သွယ်မှုကို ချက်ချင်းဖြတ်တောက်ပစ်လိုက်သည်။

"ကျန်းမုန့်လောင်လား။ ကျန်းမုန့်လောင်က ဘယ်သူလဲ"

ဘက်စ်မူလင်ခမျာ လုံးဝအကြောင်သားဖြစ်နေရချေသည်။ ဤပုဂ္ဂိုလ်က ဘယ်သူလဲဆိုတာကိုပင် သူမသိပေ။

သို့သော် အချက်အလက်တချို့ကိုတော့ သူ ခန့်မှန်းကြည့်နိုင်သည်။ ဤကျန်းမုန့်လောင်မှာ ဒိုရယ်လာမိသားစုနှင့် ရင်းနှီးသောဆက်ဆံရေးတစ်ခု ရှိသူတစ်ယောက် ဖြစ်ရပေမည်။ ယခု သူက ပြင်သစ်သို့ ရောက်နေခြင်းဖြစ်ပြီး တစ်စုံတစ်ယောက်က သူ့ကို ခြိမ်းခြောက်မှုတစ်စုံတစ်ရာ ပြုလုပ်တော့မည်ဖြစ်၏။

သူတို့က သတိပေးချက်တစ်ခု ထုတ်ပြန်ဖို့အတွက်နှင့် ဒုံးကျည်အစင်းလေးရာကျော်ကို အသုံးပြုလိုက်ခြင်းပင်။

"မြန်မြန်လုပ်။ ဒီကျန်းမုန့်လောင်ဆိုတဲ့လူကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင်ရှာ"

ဘက်စ်မူလင် ချက်ချင်းပင် အမိန့်ထုတ်လိုက်သည်။

ကျန်းမုန့်လောင်နှင့်ပတ်သက်သော သတင်းအချက်အလက်များကို ရှာဖွေရန်မှာ စင်စစ်ရိုးရှင်းလှသည်။ ယနေ့တွင် သူသည် သတင်းထဲတွင် ပါဝင်ထားသည်။ ယခုလက်ရှိမှာလည်း ဒေသခံတီဗီလိုင်း၏ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုတွင် သူ့အကြောင်း ပြသနေပေသည်။

မိနစ်အနည်းငယ်အတွင်းမှာပင် ကျန်းမုန့်လောင်နှင့်ပတ်သက်သည့် သတင်းအချက်အလက်အများစုကို ရရှိလိုက်သည်။

"ဒီငတုံးတွေကတော့။ သူတို့ ဘယ်သူနဲ့ရင်ဆိုင်နေရလဲဆိုတာကို မသိကြဘူးပဲ"

ဘက်စ်မူလင်လည်း ချက်ချင်းဒေါသထွက်သွားပြီး အံတင်းတင်းကြိတ်ထားလိုက်မိသည်။

ကျန်းမုန့်လောင်ကသာ စိတ္တဇဝေဒနာရှင်များကို ဦးဆောင်၍ Cramps-Elyseesကို ဖျက်ဆီးခဲ့ခြင်း မဆိုထားနှင့်။ သမ္မတအိမ်တော်ကို ဖြိုချခဲ့လျှင်ပင် သူတို့သမ္မတက ပြုံးရုံသာပြုံးထားပြီး လက်ခုပ်လက်ဝါးတီး၍ "တော်ပါပေတယ်"ဟု ချီးကျူးပေးနေရမည်သာ။

အသက်ဘယ်နှချောင်းလောက် ဆုံးရှုံးရလိမ့်မည်ဟု မူရေးက ထင်နေလေသလဲ။ သူက ကျန်းမုန့်လောင်ကိုတောင် အင်အားသုံး၍ ထိန်းသိမ်းချင်သေးသတဲ့လား။

"မူရေးရဲ့ဖုန်းနံပါတ်ကို ငါ့ကိုပေးစမ်း။ ငါကိုယ်တိုင် သူနဲ့စကားပြောမယ်"

...

စုံစမ်းစစ်ဆေးရေးဌာနတွင်မူ ဆယ်မိနစ်နီးပါး ကုန်လွန်သွားပြီဖြစ်သဖြင့် မူရေး၏အမူအရာကလည်း ပို၍သက်သောင့်သက်သာဖြစ်လာခဲ့သည်။ ကျန်းမုန့်လောင်မှာသာ အဆက်အသွယ် တကယ်ရှိလျှင် ဆယ်မိနစ်ဆိုသည့်အချိန်ကား သူ့ကိုယ်သူကာကွယ်ဖို့အတွက် သူ့အရင်းအမြစ်များကို လှုပ်ရှားလာစေရန် လုံလောက်သော အချိန်တစ်ခုဖြစ်၏။ သို့သော် ဘာမှဖြစ်မလာပေ။

ကျန်းမုန့်လောင်က ချမ်းသာသည်ဆိုသော်ငြား သူ့အာဏာကတော့ အာရှအတွင်းမှာပင် ကန့်သတ်ထားသည်။ သူတို့ဥရောပတွင် နဂါးတစ်ကောင်ပင်လျှင် သူ့ရှေ့မှာ ဝပ်တွားပေးရမည်ဖြစ်၏။

ထိုသို့တွေးပြီး သူက သူ့ခါးကို ထပ်ဆန့်လိုက်ချေသည်။

ထိုအခိုက်အတန့်မှာပင် မူရေး၏ဖုန်းက ရုတ်တရက်ထမြည်လာသည်။ သူက ဖုန်းကို အလိုအလျောက်ထကိုင်ကာ နားနားကို ကပ်ရန်ဟန်ပြင်လိုက်သည်။

"မစ္စတာမူရေး ခင်ဗျားဖုန်းကို အသံလျှော့ထားဖို့ အကြံပေးချင်တယ်"

ကျန်းမုန့်လောင်က သူ့အားစောင့်ကြည့်ရင်း အပြုံးမမည်သော အပြုံးတစ်ပွင့်ကိုဆင်မြန်း၍ ပြောလိုက်လေသည်။ မိနစ်အနည်းငယ်အတွင်းမှာ ဟေဂန်ဘာလုပ်လိုက်သလဲဆိုတာကို သူမသိသော်ငြား မူရေးတော့ ဒုက္ခလှလှရောက်တော့မည်ဖြစ်ကြောင်း သူသိနေသည်။

မူရေးကတော့ ကျန်းမုန့်လောင်၏စကားကို အလေးမထားဘဲ ဖုန်းဖြေသည့်ခလုတ်ကို နှိပ်လိုက်သည်။

"မူရေးပါ။ ဘယ်သူလဲမသိဘူး"

"ငတုံးကောင်..မင်းဘာလုပ်နေတယ်လို့များထင်နေတာလဲ။ အခု သမ္မတအိမ်တော်ကို ဒုံးကျည်အစင်းလေးရာက ချိန်ထားတယ်ကွ။ မင်းက ပြင်သစ်တစ်နိုင်ငံလုံးကို ဖျက်ဆီးဖို့များ ကြိုးစားနေတာလား"

ကျယ်လောင်လှစွာသော ဟိန်းဟောက်သံတစ်သံကြောင့် မူရေး၏နားစည်များပင် ပေါက်ကွဲလုမတတ်ဖြစ်ရသည်။

မူရေးလည်း ချက်ချင်းပင် အကြောင်သားဖြစ်သွားရလေတော့သည်။

**********

All Chapters