← Chapters

ငါက ငါလုပ်ချင်တာကို တကယ်လုပ်လို့ရတယ်

Vol. 15 Ch. 211

ငါက ငါလုပ်ချင်တာကို တကယ်လုပ်လို့ရတယ်

Vol. 15 Ch. 211

"အဲဒီဖျက်သင်္ဘောကို ငါ့အဘွားက မင်းကိုငှားပေးလိုက်တာလား။ ပြီးတော့ သူက အဲ့ဒါကို မင်းကိုတောင် ပေးသေးတယ်ပေါ့"

ဟယ်ရီဆင်၏မျက်နှာထက်တွင် အံ့ဩမှုများက အထင်းသား။ ဤမျှကြီးမားလှသော သင်္ဘောကြီးတစ်စင်းကို ဆောက်လုပ်ရန်အတွက် အမေရိကန်ဒေါ်လာဘီလီယံနှင့်ချီ၍ လိုအပ်ပေသည်။

ဆိပ်ကပ်၊ ထိန်းသိမ်းရေးဝန်ထမ်း၊ ထောက်ပံ့ရေးကိရိယာနှင့် အဆောက်အအုံများ စသဖြင့် အသေးအဖွဲအချက်အလက်လေးများအားလုံးကပင် အမေရိကန်ဒေါ်လာဆယ်ဘီလီယံနီးပါးရှိသည်ဖြစ်ရာ အင်္ဂလန်လို ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုအတွက်ပင်လျှင် ထိုပမာဏမှာ အလွယ်တကူရှာဖွေနိုင်သော ပမာဏမဟုတ်ပေ။

ဤဖျက်သင်္ဘောအနည်းငယ်ကို ဆောက်လုပ်ရန်ကြာမြင့်သည့် အချိန်ကာလအတွင်း နိုင်ငံတော်က ဤဖျက်သင်္ဘောကို ဆောက်လုပ်ရန်အတွက် လူအင်အားနှင့် အရင်းအမြစ်များစွာကို အသုံးပြုဖို့ အသုံးစရိတ်လျှော့ချခဲ့ရသည်။ ၎င်း၏တန်ဖိုးက လေယာဉ်တင်သင်္ဘောတစ်စင်းနှင့် မယှဉ်ကောင်းမယှဉ်နိုင်သော်ငြား ဒေသတွင်းရေတပ်ဖွဲ့အတွက် အလွန်အမင်းအရေးကြီးပြီး မရှိမဖြစ်လိုအပ်သော အရာတစ်ခု ဖြစ်နေဆဲပင်။

ထိုကဲ့သို့သောပစ္စည်းတစ်ခုကို အင်္ဂလန်ဘုရင်မကြီးက ရုတ်တရက်ကြီး လက်ဆောင်ပေးချင်သတဲ့လား။ ထို့ပြင် ကျန်းမုန့်လောင်မယူလျှင် သူ(မ)က ငိုတောင်ငိုဦးမည်တဲ့လား။ ဤသည်မှာ အဓိပ္ပာယ်မရှိပေ။

သို့သော် ထိုဖျက်သင်္ဘောကား ယခုလက်ရှိတွင် ပင်လယ်ကမ်းခြေမှ ကီလိုမီတာအနည်းငယ်ခန့်အကွာတွင် ကျောက်ချထားပြီး လက်နက်များပင်လျှင် မထိရသေးပေ။ ကျန်းမုန့်လောင်၏စကားက ငါးဆယ်ရာခိုင်နှုန်းကျော်အထိ ယုံကြည့်ချင်စရာကောင်းကြောင်း အကြောင်းပြချက်ခိုင်လုံနေပေသည်။

သူ့ညီမဖြစ်သူ မင်းသမီးရှာနာကတော့ ဘုရင်မကြီး၏ အချစ်ဆုံးမင်းသမီးတစ်ပါးဖြစ်သည်။ သဘာဝအတိုင်းလှပပြီး ဩဇာတိက္ကမရှိကာ ငယ်စဉ်ကတည်းက မင်းသားတစ်ပါးဖြစ်သူ သူပင်လျှင် မယှဉ်နိုင်ခဲ့ပေ။ ထို့ကြောင့်လည်း ဟယ်ရီဆင်က သူ ငယ်စဉ်အခါက မင်းသားတစ်ပါးဖြစ်သည့်သူက သူ့ညီမလောက် ဘာကြောင့် အရေးမပါရလေသလဲဟု တစ်ကြိမ်ထက်မနည်း စောဒကတက်ခဲ့ဖူးသည်။ နန်းပလ္လင်က အနာဂတ်တွင် အမျိုးသမီးတစ်ယောက်များ ဆက်ခံသွားလေမလား။

ဤကိစ္စများအားလုံးကြောင့် ဟယ်ရီဆင်က ရှာနာနှင့် အကြိမ်ကြိမ်အခါခါ အချင်းများခဲ့ဖူးသော်လည်း သူကသာ အမြဲအပြစ်ပေးခံရသည်ချည်းသာ။ အကြောင်းအရင်းကိုလည်း သူ လုံးဝနားမလည်ခဲ့ပေ။

နောက်ပိုင်းတွင် ဟယ်ရီဆင်ကို ပြုစုစောင့်ရှောက်ပေးခဲ့သော တော်ဝင်အစောင့်က နောက်ခံဇာတ်လမ်းအကြောင်းအရာကို သူ့အား ပြောပြခဲ့သည်။ ရှာနာ၏မွေးဖွားမှုက အင်္ဂလန်နန်းပလ္လင်ကို ဆက်ခံဖို့မဟုတ်ပါဘဲ တစ်နေ့ကျလျှင် အရေးပါအရာရောက်ပြီး ဥရောပတစ်တိုက်လုံးက မဟာမိတ်ဖွဲ့ချင်နေကြသည့် ပုဂ္ဂိုလ်တစ်ဦးနှင့် လက်ထပ်ထိမ်းမြားနိုင်ခြေအလားအလာရှိသောကြောင့်ဟုပင်။

ရှာနာသာမက ဤမျိုးဆက်တွင် မွေးဖွားလာသော အခြားမင်းသမီး၃၇ပါးကလည်း ထိုကဲ့သို့သော ကံကြမ္မာမျိုးဖြင့် မွေးဖွားလာကြခြင်းဖြစ်၏။

လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်ကပင် သူ့ညီမရှာနာ ပျောက်နေကြောင်း သူသတိထားမိခဲ့သည်။ စုံစမ်းမေးမြန်းကြည့်ချိန်ဝယ် ရှာနာ့ကို ထူးခြားဆန်းကြယ်သော ထိုပုဂ္ဂိုလ်၏နေအိမ်သို့ ပို့ထားကြောင်း၊ တော်ဝင်မိသားစုထဲရှိ အဆင့်မြင့်အရာရှိများပင် ရှာနာက ထိုပုဂ္ဂိုလ်၏နှစ်သက်မှုကို ရရှိနိုင်ဖို့ ဆုတောင်းနေကြကြောင်း သိရှိခဲ့ရသည်။

ယခု ကျန်းမုန့်လောင်ပြောလိုက်သည့် စကားအရဆိုလျှင် သူက ထိုပုဂ္ဂိုလ်များလား။

"မဖြစ်နိုင်တာ။ အဲ့ဒါက ကြီးကျယ်လွန်းအားကြီးတယ်"

ဟယ်ရီဆင်က ခေါင်းခါယမ်းလိုက်သည်။

မင်းသမီးရှာနာကို ထိမ်းမြားရေးမဟာမိတ်ပြုရန်အတွက် တစ်စုံတစ်ယောက်ထံသို့ စေလွှတ်ခဲ့သည်ဟုဆိုလျှင် သူ လုံးဝယုံပေဦးမည်။ မည်သို့ပင်ဖြစ်စေ ဥရောပတွင် ထိုကဲ့သို့သော မင်းသမီးပေါင်းများစွာရှိပြီး တော်တော်များများက တော်ဝင်မိသားစုအတွက် အရင်းအမြစ်များမျှဝေရန်အတွက် မဟာမိတ်ဖွဲ့လိုကြသည်။ ဤကဲ့သို့သော အလေ့အထများမှာ သမိုင်းတွင်လည်း ရှားပါးလှသည်မဟုတ်။

သို့သော် ကျန်းမုန့်လောင်က မင်းသမီးရှာနာသည် သူ့အိမ်တွင် အိမ်သာဆေးနေသည်ဟု ဆိုလိုက်သည်မဟုတ်လော။ မင်းသမီးတစ်ပါး အိမ်သာဆေးနေသည်ဆိုခြင်းကို မည်သူကများ ယုံနိုင်ပါအံ့နည်း။

"မင်းမယုံဘူးလား"

ကျန်းမုန့်လောင်က သူ့ဖုန်းကိုထုတ်ကာ အိမ်တော်ထိန်းကြီးဆီသို့ ဖုန်းဆက်လိုက်သည်။

"အိမ်တော်ထိန်းကြီး..ကျွန်တော့်ကိုတစ်ခုလောက်ကူညီပါဦ။ မင်းသမီးရှာနာရဲ့ ဓာတ်ပုံနှစ်ပုံလောက် ရိုက်ပေးပါဦး။ ဒါမှမဟုတ် ဗီဒီယိုဆိုလည်းရတယ်။ ပြီးရင် ကျွန်တော့်ဆီပို့လိုက်"

မကြာမီ ကျန်းမုန့်လောင်၏ဖုန်းထဲသို့ ဗီဒီယိုတစ်ပုဒ် ရောက်လာသည်။ ထိဗီဒီယိုကို ဖွင့်ပြီးနောက် ဟယ်ရီဆင့်ကို တန်းပြလိုက်သည်။

ဗီဒီယိုထဲတွင် အစေခံဝတ်စုံဝတ်ဆင်ထားသော မိန်းမလှ‌လေးတစ်ယောက်ရှိသည်။ သူ(မ)သည် အိမ်တော်တွင်းရှိ နန်းတော်တမျှခမ်းနားလှသော သန့်စင်ခန်းတစ်ခု၏ အတွင်းနံရံများကို တိုက်ချွတ်ဆေး‌ကြောနေပေသည်။

ထိုမိန်းကလေးက သာမန်လူများနှင့်မတူသော အရည်အသွေးတစ်ခုကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ သူ(မ)၏အိမ်ဖော်ဝတ်စုံနှင့် မလိုက်ဖက်လှချေ။

ဟယ်ရီဆင်လည်း သူ(မ)ကို ချက်ချင်းမှတ်မိသွားသည်။ ဤသည်မှာ သူ့ညီမမင်းသမီးရှာနာဖြစ်၏။ သူ(မ)သည် အမည်မသိနေရာတစ်ခုတွင် အိမ်သာဆေးနေပေသည်။ ကျန်းမုန့်လောင်က ပေါက်ကရများပြောနေခြင်းမဟုတ်ချေ။

"သူက တကယ်ပဲဘယ်သူတုန်းက"

ထိတ်လန့်မှုလှိုင်းလုံးတစ်ခုက ဟယ်ရီဆင်၏ရင်ထဲ ရုတ်ခြည်းပေါ်ထွက်လာလေသည်။ ဘုရင်မကြီးက တစ်ခါတုန်းက ဤလူသည် အလွန့်အလွန်အရေးပါအရာရောက်လှသူတစ်ယောက်ဖြစ်ကြောင်း ပြောပြခဲ့ဖူးသည်။ အင်အားကြီးလှသော အင်္ဂလန်ကပင် ဤပုဂ္ဂိုလ်ကို ရန်သွားစမိပါက နိုင်ငံတော်ပျက်စီးသည်အထိ ဖြစ်သွားနိုင်ပေသည်။

ကျန်းမုန့်လောင်၏ဘေးနားရှိ နတ်ဘုရားမနှစ်ပါးအလား မိန်းကလေးနှစ်ဘောက်လည်း ကျန်းမုန့်လောင်၏ ဒဏ္ဍာရီလာအတွေ့အကြုံများကြောင့် ထိတ်လန့်သွားကြလေသည်။ ဤစကားအားလုံး အမှန်ဟုတ်မဟုတ် သူတို့ မသိနိုင်သော်ငြား အနည်းဆုံး‌တော့ ဟယ်ရီဆင်တစ်ယောက် ကြက်သေသေသွားသည်ကိုတော့ သူတို့ မြင်လိုက်ရသည်။

သူသာ ဟွာရှားက သာမန်လူချမ်းသာတစ်ယောက်ဆိုလျှင် အင်္ဂလန်ဘုရင်မကြီးက သူ့ကို ရိုရိုသေသေဆက်ဆံလေမလား။

"မဟုတ်ဘူး။ ငါ ဒီအကြောင်းစုံစမ်းရမယ်"

ဟယ်ရီဆင်က လမ်းဆုံးသို့မရောက်မချင်း လက်မလျှော့ပေ။ သူသည် ဘုရင်မကြီး၏ဖုန်းနံပါတ်ကို ချက်ချင်းဆက်လိုက်သည်။

"ဟယ်ရီဆင်လား။ မင်းက ရော့စ်ချိုင်းမိသားစုက ကျင်းပတဲ့ လေလံပွဲမှာ တော်ဝင်မိသားစုကိုယ်စားပြုတက်ရောက်နေတာမဟုတ်ဘူးလား။ မင်း အခုလောက်ဆိုရင် အမ်မာကို ကပ်နေရမှာမဟုတ်လား။ ဒီအဘွားကြီးကိုဖုန်းဆက်ဖို့ ဘယ်လိုလုပ်ပြီးတော့များ အချိန်ရသွားတာလဲ"

အနည်းငယ်တုန်ချိနေသာ အသံတစ်သံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသော်ငြား အသံဩဇာကတော့ တက်ကြွလန်းဆန်းနေဆဲသာ။ အင်္ဂလန်ဘုရင်မကြီးက သက်တော်ကြီးရင့်နေပြီဆိုသော်ငြား ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်နေဆဲပင်။

"အဘွား.. ကျွန်တော် ဒီမှာ ကျွန်တော်တို့အင်္ဂလန်ရဲ့ဖျက်သင်္ဘောတစ်စီးကို တွေ့ခဲ့တယ်။ ဘာတွေဖြစ်နေတာလဲ"

ဟယ်ရီဆင်က အသက်ရှူအောင့်၍ သတိကြီးကြီးထားပြီး‌ မေးလိုက်ပြီးနောက် အလွန်အမင်းစိတ်တင်းကျပ်သွားရလေသည်။

"မင်း အဲ့ဒါကိုမြင်ခဲ့တယ်လား"

ပို၍ပင် စိတ်တင်းကျပ်နေလေဟန် အသံတစ်သံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာ၏။

"ဒါဆို သူလည်း လေလံပွဲတက်တယ်ပေါ့။ ဟယ်ရီဆင်.. မင်း အဲ့ဒီမှာ သတိထားရမယ်နော်။ အဲ့ဒီဖျက်သင်္ဘောရဲ့ပိုင်ရှင်နဲ့တွေ့ရင် မင်း ယဉ်ယဉ်ကျေးကျေးနေမှဖြစ်မယ်။ ငါ့ထက်တောင် ပိုပြီးယဉ်ကျေးပြရမှာ။ သူက အသက်နှစ်ဆယ်ဝန်းကျင်လူငယ်လေးတစ်ယောက်ဆိုပေမဲ့ မင်း သူ့ကို အမှားမလုပ်မိစေနဲ့"

ဤစကားကိုကြားသောအခါ ဟယ်ရီဆင်လည်း လုံးဝအကြောင်သားဖြစ်သွားရသည်။

"အဘွား.. သူကဘယ်သူမို့လို့လဲ"

"သူဘယ်သူလဲလို့ မမေးနဲ့"

ဘုရင်မကြီးကိုကြည့်ရသည်မှာ ကျန်းမုန့်လောင်၏သရုပ်မှန်ကို ဖော်ထုတ်ရန်အတွက် အင်တင်တင်ဖြစ်နေဟန်ပင်။

"မှတ်ထား။ ဒီလူက ဥရောပတစ်တိုက်လုံးမှာရှိတဲ့နိုင်ငံတွေအားလုံးကတောင် ဆန့်ကျင်လို့မရတဲ့ လူတစ်ယောက်ပဲ။ ဒီည ဧည့်ခံပွဲကျင်းပတဲ့ ရော့စ်ချိုင်းမိသားစုဆိုတာကလည်း သူ့အစေခံအဆင့်ပဲရှိတာ။ သူ့ရဲ့ကျွန်တွေ"

ဘုရင်မကြီးက ဆက်ပြောလေသည်။

"မင်း သူနဲ့တွေ့ဖြစ်ခဲ့ရင် အဲ့ဒါက အခွင့်အရေးကြီးတစ်ခုပဲ။ မတွေ့ခဲ့ရင်တော့ သူ့ကိုမစော်ကားမိအောင် လုံးဝရှောင်ရှားရမယ်နော်။ မဟုတ်လို့ကတော့ မင်းဖြစ်နေရင်တောင်မှ ငါ မင်းကို တော်ဝင်မိသားစုထဲကနေ မောင်းထုတ်ပစ်မှာ"

ဟယ်ရီဆင် ဖုန်းချလိုက်သည်။ သူ့မျက်နှာကား သေတော့မတတ်ဖြူရော်နေချေသည်။ ကျန်းမုန့်လောင်၏စကားများက အမှန်တရားများဖြစ်ကြောင်း သူ လုံးဝထင်မထားပေ။

"မင်းသားဟယ်ရီဆင်.. အခုလောက်ဆိုရင် နားလည်ပြီထင်ပါရဲ့။ ကျုပ်ပြောလိုက်တဲ့စကားထဲမှာ လိမ်နေတာတစ်ခုမှမပါဘူး"

ကျန်းမုန့်လောင်က တခစ်ခစ်ရယ်မောလိုက်သည်။

"ပြီးတော့ ကျုပ်အခုပြောလိုက်တဲ့စကားတွေကို နောက်တစ်ခါထပ်ပြောမယ်။ ဥရောပမှာ ကျုပ်လုပ်ချင်တာမှန်သမျှ အကုန်လုပ်လို့ရတယ်"

"မစ္စတာကျန်း..ကျွန်တော်တောင်းပန်ပါတယ်..ကျွန်တော်…"

ဟယ်ရီဆင်ခမျာ ရုတ်တရက်ကြီး အလွန်ရှက်သွားရသည်။ သူ့ခေါင်းထဲတွင်မူ ကျန်းမုန့်လောင်ကို စော်ကားမိပါက သူ့ကို တော်ဝင်မိသားစုထဲက နှင်ထုတ်ပစ်မည်ဟူသော စကားများသာ ပဲ့တင်ထပ်နေချေသည်။

ဟယ်ရီဆင်အဖို့တော့ ဤသည်မှာ အရက်စက်ဆုံးသောပြစ်ဒဏ်ပင်။

"ဘာဖြစ်တယ်။ အခုတော့ ကြောက်ရကောင်းမှန်းသိပြီပေါ့"

ကျန်းမုန့်လောင်က ယနေ့ စိတ်အခြေအနေကောင်းနေသည့်အတွက် ဟယ်ရီဆင်နှင့် အချိန်ဖြုန်းဖို့ အချိန်ပိုမရှိပေ။

"မစ္စတာကျန်း ခုနတုန်းက ကျွန်တော့်ရဲ့အပြုအမူကိုခွင့်လွှတ်ပေးပါ"

ဟယ်ရီဆင်က တလေးတစားပြောလိုက်လေသည်။

"ရပြီ။ မစ္စအမ်မာနဲ့သာ ဝေးဝေးနေပေး"

ကျန်းမုန့်လောင်လည်း သွားခွင့်ပေးလိုက်သည်။

"ယောကျ်ားတစ်ယောက်အနေနဲ့ ပိုပြီးသဘောထားကြီးတတ်စမ်းပါ။ အရှက်မရှိကပ်တွယ်မနေနဲ့"

"ဟုတ်ကဲ့ ဟုတ်ကဲ့"

ဟယ်ရီဆင်လည်း စိတ်သက်သာရာရဟန် သက်ပြင်းရှိုက်လိုက်မိသည်။

"အခုကစပြီး ကျွန်တော် မစ္စအမ်မာကို လိုက်တွယ်ကပ်မနေတော့ပါဘူး။ ဒီည ခင်ဗျားတို့တွေ သာယာဖွယ်ညနေခင်းလေးတစ်ခု ပိုင်ဆိုင်ရဖို့ ဆုတောင်းပေးပါတယ်။ ကျွန်တော် သွားလိုက်ပါဦးမယ်"

"လစ်တော့"

ကျန်းမုန့်လောင်က လက်ယမ်းပြလိုက်သည်။

အမ်မာ၏မျက်ဝန်းထဲဝယ် အံ့ဩမှုတို့က အထင်းသား။ အလွန်ဂုဏ်မောက်ပြီး ခေါင်းမာလှသော ဟယ်ရီဆင်ကို နှစ်မိနစ်တည်းနှင့် ကျန်းမုန့်လောင်က အညံ့ခံလာအောင် လုပ်လိုက်လေသတဲ့လား။ သူက ဘယ်လိုမကောင်းဆိုးဝါးတစ်ကောင်လေလဲ။

ခဏအကြာ ကျန်းမုန့်လောင်လည်း ပူပင်ကြောင့်ကြကင်းသော သူ့မူလအနေအထားသို့ ပြန်ရောက်ရှိသွားသည်။

"ဟုတ်သားပဲ။ ငါတို့မှာ သောက်စရာရှိတာလည်း သောက်ပြီးပြီဆိုတော့ ငါ့အိပ်ရာခင်းတွေကို သွားကြည့်ကြရင်ရော ဘယ်လိုလဲ"

*************

All Chapters