မင်း ဘယ်လောက်ပဲအကျယ်ကြီးအော်အော် သူထွက်လာမှာမဟုတ်ဘူး
Vol. 15 Ch. 212
"မစ္စတာကျန်းမှာသာ ချစ်သူမရှိဘူးဆိုရင် ကျွန်မတို့လည်း ရှင့်အခန်းထဲကိုလိုက်ပြီး အိပ်ရာခင်းတွေကြည့်ဖို့ လိုလားပါတယ်"
အမ်မာက ရယ်လိုက်လေသည်။
မိနစ်ပိုင်းအတွင်းမှာပင် ကျန်းမုန့်လောင်အပေါ်ထားသော သူ(မ)၏နားလည်မှုက အတိုင်းအတာတစ်ခုအထိ တိုးတက်လာခဲ့သည်။
အမ်မာက ဟယ်ရီဆင်ကို ငြင်းပယ်ခဲ့သော်လည်း သူသည် မင်းသားတစ်ပါးဖြစ်နေဆဲပင်။ သူ့မာနက သူ့ကို သိသာထင်ရှားစွာပြုမူဖို့ ပိတ်ပင်ထားသော်လည်း သူ့လူမှုအဆင့်အတန်းကြောင့် သူ(မ)အနေနှင့် ဘယ်တုန်းကမှ ကြမ်းကြမ်းတမ်းတမ်းမတုံ့ပြန်နိုင်ခဲ့ချေ။
အကယ်၍ သူ(မ)သာ မျက်နှာဖုံးကို စင်စစ်ခွာချပစ်လိုက်ပါက သူ(မ)၏နိုင်ငံမှာပင် ခြေချဖို့ ခဲယဉ်းသွားနိုင်သည်။ သို့တည်းမဟုတ် အင်္ဂလန်နိုင်ငံသည် တော်ဝင်မိသားစုက များပြားလှစွာသော အရင်းအမြစ်များကို ထိန်းချုပ်ထားသည့် သက်ဦးဆံပိုင်ဘုရင်စနစ်ဖြစ်သောကြောင့် သူ(မ)အနေနှင့်လည်း အန္တရာယ်များသည့်အရာများနှင့် ရင်ဆိုင်ရနိုင်ပေသည်။
ထို့ကြောင့် အမ်မာအနေနှင့် ဟယ်ရီဆင်ကို ငြင်းဆန်ခဲ့သော်ငြား သူ့ဘက်က လက်လျှော့ဖို့ ဆန္ဒမရှိသရွေ့ အမ်မာ့ကို ကော်အလား ကပ်တွယ်ထားနိုင်ဆဲပင်။ အဘယ်ကြောင့်ဆိုသော် အမ်မာ့ဘက်က အလွန်ပြင်းထန်စွာတုံ့ပြန်လိမ့်မည်မဟုတ်ကြောင်း သူ ကောင်းကောင်းသိထား၍ပင်။
သူ့အစီအစဉ်များထဲတွင် သူ့ဘက်က ဖြည်းဖြည်းချင်းချဉ်းကပ်နေပါလျှင် အဆုံးမှာ အမ်မာလည်း သူ့အပိုင်ဖြစ်လာလိမ့်မည်ဖြစ်၏။ သို့သော် သူ့အတွက် ကံဆိုးသည်မှာ ယနေ့ ကျန်းမုန့်လောင်နှင့်မှ တည့်တည့်တိုးခြင်းပင်။
အမ်မာ့အမြင်တွင် ကျန်းမုန့်လောင်က စကားအနည်းငယ်ပြောလိုက်ရုံမျှဖြင့် သူ(မ)အတွက် ကျော်လွှားရန်ခက်ခဲသော ပြဿနာတစ်ခုကို ဖြေရှင်းလိုက်နိုင်သည်။ ဤကဲ့သို့သော အာဏာနှင့် အဆက်အသွယ်များကို ကမ္ဘာပေါ်ရှိ အခြားမည်သူတစ်ဦးတစ်ယောက်ကမှ ယှဉ်နိုင်စွမ်းရှိမည်မဟုတ်ချေ။
ထို့ပြင် ကျန်းမုန့်လောင်၏ရုပ်ရည်ကလည်း အလွန်ခန့်ညားလှ၏။ အနည်းဆုံးတော့ အနောက်တိုင်းအလှအပစံနှုန်းနှင့်ယှဉ်လျှင် သူသည် ဆွဲဆောင်မှုရှိသူတစ်ယောက်ဖြစ်ပြီး နက်နဲလှသော သူ့အာဏာကြောင့် သူတို့နှစ်ယောက်အကြား တစ်စုံတစ်ရာတိုးတက်လာနိုင်မည့် အခွင့်အရေးတစ်ခုကို အမ်မာ တိတ်တိတ်လေးမျှော်လင့်နေမိသည်။
သို့သော် အစောပိုင်းက သူ(မ)လေ့လာထားသလောက်ဆိုလျှင် ကျန်းမုန့်လောင်၏အကြည့်က လုရီယောင်ထံမှ လုံးဝနီးပါးဖယ်ခွာမသွားချေ။ ဤအခမ်းအနားသို့ ရောက်ပါပြီဆိုကတည်းက သူက ဘေးပတ်ပတ်လည်ကို အကြည့်ပို့ခဲပြီး အခြားမိန်းကလေးများကို နှစ်ခါပြန်မကြည့်ပေ။
ဤသည်မှာ ကျန်းမုန့်လောင်သည် သူ့ချစ်သူအပေါ်တွင်သာ ခံစားချက်ရှိနေကြောင်း ရှင်းရှင်းလင်းလင်းပြသနေပေသည်။
သူ(မ)၏ဆွဲဆောင်မှုကို ဘယ်တုန်းကမှ သံသယမဝင်ခဲ့ဖူးပေ။ သို့သော် သမီးရည်းစားဆက်ဆံရေးများတွင် ဦးရာလူစနစ်ဖြစ်သည့်အတွက် ကျန်းမုန့်လောင်က ထိုကဲ့သို့သောကိစ္စတစ်ခုကို လုပ်လိမ့်မည်မဟုတ်ကြောင်း အမ်မာယုံကြည်ထားသည်။
"ဟားဟားဟားဟား"
ကျန်းမုန့်လောင် ရယ်မောလိုက်မိသည်။ အမ်မာသည် တကယ့်လက်တွေ့ဘဝတွင်လည်း ပညာတတ်တစ်ဦးဖြစ်ပြီး သူ(မ)၏စေ့စပ်လှသော လေ့လာစူးစမ်းမှုနှင့် ခိုင်မာလှသော ဝေဖန်ဆန်းစစ်မှုစွမ်းရည်တို့က အဓိပ္ပာယ်ရှိသော လုပ်ရပ်များနှင့် အဓိပ္ပာယ်မရှိသောလုပ်ရပ်များကို ခွဲခြားသိမြင်နိုင်စွမ်းရှိသည်။ သူ(မ)သည် စင်စစ်ထက်မြက်သူတစ်ယောက်ဖြစ်၏။
"ငါက ဒီအတိုင်း ဟယ်ရီဆင်ကို တုံ့ပြန်လိုက်ရုံပါပဲ"
ကျန်းမုန့်လောင်က တဲ့တိုးပြောလိုက်သည်။
"မစ္စအမ်မာ.. တစ်နေ့ကျရင် မင်း ဟွာရှားကိုလာဖြစ်ခဲ့ရင် ငါ မင်းကိုနွေးနွေးထွေးထွေးကြိုဆိုမှာပါ။ ငါတို့ရဲ့ "Three-Body"အဖွဲ့သားတွေကလည်း မင်းကို ဝမ်းပန်းတသာကြိုဆိုနေမှာပါ"
"ခရစ်စတင်း.. မစ္စတာကျန်းက ငါတို့ကို နှင်နေတာလား"
အမ်မာက ခပ်ဖွဖွပြုံးလိုက်သည်။ သို့သော် သူ(မ)က ယုံကြည်မှုအပြည့်ဖြင့် ဆိုလာပြန်သည်။
"မစ္စတာကျန်း ရှင် ဥရောပမှာ နည်းနည်းလောက်ထပ်နေဦးမှာမလား"
"ဖြစ်နိုင်ပါတယ်။ ဒီကိုလာဖို့ဆိုတာ ကြုံတောင့်ကြုံခဲလေ"
"ဒါဆို လေလံပွဲပြီးရင် ကျွန်မ မစ္စတာကျန်းကို ဥရောပတစ်ခွင် လိုက်ပြပေးမယ်လေ"
"အဲ့လိုဆိုရင်တော့ ငါ့အတွက် ဂုဏ်ယူစရာပါပဲ"
ကျန်းမုန့်လောင်က မိန်းမလှလေးများကို သဘောကျသည်။ အထူးသဖြင့် ထက်မြက်သည့် မိန်းမလှလေးများပင်။
ခရစ်စတင်းနှင့် အမ်မာတို့က သူတို့၏ဝိုင်ခွက်များနှင့်အတူ မတ်တတ်ထရပ်လိုက်ပြီး မာဟွားနှင့် အခြားလူများကို တစ်ချက်လှမ်းကြည့်လိုက်သည်။
"ဟိုလူကြီးမင်းတွေကိုကြည့်ရတာ ရှင့်ကိုအကြာကြီးစောင့်နေရတာထင်တယ်။ ကျွန်မတို့ ထပ်မနှောင့်ယှက်တော့ပါဘူး"
"ကျေးဇူးပြုပြီး ကောင်းကောင်းသွားပါ"
ကျန်းမုန့်လောင်လည်း ယဉ်ကျေးသိမ်မွေ့စွာပြောလိုက်သည်။
သို့သော် ထိုအခိုက်ပင် ခပ်ပုပုပုဂ္ဂိုလ်တစ်ယောက်က သူတို့ကိုကျော်၍ ရုတ်တရက်ဖြတ်ပြေးသွားသည်။ အမ်မာကလည်း တစ်ဖက်ကိုလှည့်လိုက်မိသည်နှင့်ကြုံကြိုက်သွားပြီး သူ(မ)၏ခန္ဓာကိုယ်တစ်ဝက်နီးပါး ဝင်တိုက်ခံလိုက်ရသည်။ ဒေါက်မြင့်ဖိနပ်စီးထားသည့်အတွက် သူ(မ)ခမျာ ဟန်ချက်ပျက်သွားရပြီး ကြမ်းပြင်ပေါ်သို့ ပုံခနဲလဲကျသွားသည်။
ကျန်းမုန့်လောင်ကလည်း အလျင်အမြန်တုံ့ပြန်ကာ အမ်မာ၏သွယ်လျ၍ ဆွဲဆောင်မှုရှိလှသော ခါးကိုကိုင်၍ ဖမ်းပေးထားလိုက်သည်။ သို့သော် သူ(မ)၏ဝိုင်နီတစ်ဝက်လောက်က သူ့အပေါ် ဖိတ်စင်သွားပြီး သူ့ခွက်ထဲက နွားနို့များကလည်း သူ့ဘောင်းဘီပေါ်ကို ဖိတ်ကျသွားခဲ့ရသည်။
"မင်းအဆင်ပြေရဲ့လား"
ကျန်းမုန့်လောင်က အမ်မာကို ထူပေးလိုက်သည်။
"အဆင်ပြေပါတယ်။ ရှင့်ကြောင့် ကျွန်မ သေမတတ်ကြောက်သွားတာပဲ။ မစ္စတာကျန်း လက်မြန်လို့တော်သေးတာပေါ့"
အမ်မာက သူ(မ)၏ရင်ဘတ်လေးကို ပုတ်လိုက်၏။ လဲကျသွားပါလျှင် သူ(မ) အတိုင်းအတာတစ်ခုအထိ ထိခိုက်ဒဏ်ရာရသွားနိုင်ပေသည်။
"လမ်းကိုဘယ်လိုလျှောက်နေတာလဲ။ ကန်းနေတာလား"
ကျန်းမုန့်လောင်က အရပ်ခပ်ပုပုအမျိုးသားကို ဆွဲကိုင်ထားလိုက်သည်။ ထိုအချိန်မှသာ ထိုအမျိုးသား၏ရုပ်ရည်သွင်ပြင်များကို သူသတိပြုမိလိုက်သည်။ ထို့နောက် သူ့သွေးထဲတွင် ရွံရှာစက်ဆုပ်မှုတစ်ခုက အလိုလိုဆန်တက်လာသည်။
"ကိုင်ဘွန်လူမျိုးလား"
ညစ်တီးညစ်ပတ်သွင်ပြင်နှင့် ခပ်ပုပုအရပ်အမောင်းတို့က သူတို့၏အိမ်နီးချင်းကလွဲ မည်သူဖြစ်နိုင်ဦးလေမလဲ။
"ဟွာရှားလူမျိုး ငါ့ကိုလွှတ်စမ်း"
ကိုင်ဘွန်လူမျိုးအမျိုးသားက အရပ်၁၆၀စင်တီမီတာမျှသာ ရှိသောကြောင့် ကျန်းမုန့်လောင်က သူ့အင်္ကျီကော်လံကို ဆုပ်ကိုင်ထားသည့်အတွက် သူ့ခြေထောက်က မြေပြင်နှင့် ထိသည်ဆိုရုံမျှသာ ရှိတော့သည်။
"ငါမင်းကိုမေးနေတယ်လေ။ လမ်းကို ဘယ်လိုလျှောက်နေတာလဲ။ ကန်းနေတာလား"
ကျန်းမုန့်လောင်က သူ့ကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။
"ဟွာရှားလူမျိုး.. ငါးစက္ကန့်အတွင်း ငါ့ကိုမလွှတ်ဘူးဆိုရင် မင်းကို တစ်ဘဝလုံးနောင်တရသွားအောင် လုပ်ပြမယ်"
ဤကိုင်ဘွန်အမျိုးသား၏ သဘောထားက ဤမျှအထိခက်ထန်လိမ့်မည်ဟု ကျန်းမုန့်လောင် ထင်မထားချေ။ သူက ဤနေရာတွင် လူသစ်လေလား။ သူ ဖျက်သင်္ဘောယူလာသည်ကို သူ မသိလေဘူးလား။ ရော့စ်ချိုင်းမိသားစုက သူ့ကို အစောပိုင်းကတင် တလေးတစားဆက်ဆံနေသည်ကို သူ မသိဘူးလား။
အစောပိုင်းက ဖြစ်ရပ်အပြီးတွင် ခန်းမထဲရှိ မည်သူတစ်ဦးတစ်ယောက်ကမှ ကျန်းမုန့်လောင်ကို ရန်မစရဲကြချေ။ သူ့ကိုကြည့်ကြသော လူများ၏အကြည့်ထဲတွင် အကြောက်တရားများကိန်းအောင်းနေပေသည်။ သို့သော် ဤကိုင်ဘွန်လူမျိုး၏ မျက်လုံးထဲမှာတော့ ဒေါသ၊ ရွံရှာမှုနှင့် အထင်သေးမှုတို့ကိုပင် ကျန်းမုန့်လောင် မြင်နေရသည်။
"မစ္စတာကျန်း.. ဒီကိုင်ဘွန်လူမျိုးကို ကာကွယ်ပေးနေတဲ့လူတစ်ယောက်ရှိပါတယ်"
ထိုအခိုက်အတန့်ဝယ် ယဲ့ရင်၏အသံက ကျန်းမုန့်လောင်၏နားထဲ ရုတ်တရက်ထွက်ပေါ်လာသည်။
"ငါ ဘယ်သူ့ကိုမှမမြင်မိပါလား"
ကျန်းမုန့်လောင်က ဘယ်ပြန်ညာပြန်ကြည့်လိုက်သော်ငြား ဘော်ဒီဂတ်နှင့်တူသော ဘယ်သူ့ကိုမှ မမြင်မိချေ။
ရုတ်ခြည်းဆိုသလို သူ့ခေါင်းထဲတွင် ရဲရင့်လှသောအတွေးတစ်ခု ပေါ်ပေါက်လာသည်။ ယဲ့ရင်လိုမျိုး လူတစ်ယောက်က ဤလူ့ကိုကာကွယ်ပေးနေခြင်းပင်ဖြစ်ရမည်။
"မင်းလိုလူတစ်ယောက်လား"
ကျန်းမုန့်လောင်က ချက်ချင်းမေးလိုက်သည်။
"ဒါမှမဟုတ် သန္ဓေပြောင်းတစ်ယောက်လား"
"နှစ်ခုလုံးမဖြစ်နိုင်ပါဘူး"
ယဲ့ရင်က ပြော၏။
"ကျွန်တော်တို့လူမျိုးတွေက ကျန်းမိသားစုရဲ့ထိန်းချုပ်မှုအောက်မှာပဲ ရှိပါတယ်။ သန္ဓေပြောင်းတွေက အထူးစွမ်းအင်နိုးကြားမှုရှိတဲ့ဖြစ်တည်မှုသက်သက်ပါပဲ။ သူတို့ကိုင်ဘွန်နိုင်ငံမှာလည်း ရှေးဟောင်းစွမ်းအားအမွေအနှစ်တစ်မျိုးရှိပါတယ်။ အဲ့ဒါကိုတော့ နင်ဂျစ်ဆုလို့ တွေးထားလို့ရပါတယ်"
"သောက်ကျိုးနည်း.. အူချီဟာမာဒါရာဆိုတဲ့ ငါက မင်းကို ဖြီးလုံးဖြန်းလုံးထုတ်တဲ့နေရာမှာ အတော်ဆုံးအဖြစ် သတ်မှတ်တယ်"
ကျန်းမုန့်လောင် မျက်ဆန်လည်ပြလိုက်လေသည်။
"အခုတော့ နင်ဂျာတွေပါ ပါလာပြီလား"
ယဲ့ရင်ကတော့ နှုတ်ဆိတ်နေချေသည်။
"မစ္စတာကျန်း… သူတို့ကိုမြင်တာနဲ့ လူကြီးမင်း တချို့ကိစ္စတွေကို နားလည်သွားပါလိမ့်မယ်"
"ကောင်းပြီလေ။ မင်း အဲ့ဒီလူကို ဖြေရှင်းနိုင်လား"
"ချူနင်တစ်ယောက်..အဆင့်က အကြမ်းဖျင်းအားဖြင့် အဆင့်လေး ဒါမှမဟုတ် အဆင့်ငါးသန္ဓေပြောင်းတစ်ယောက်နဲ့ ညီမျှတယ်။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက Thorအဖြစ် သရုပ်ပြခဲ့တဲ့လူထက် နည်းနည်းပိုကြမ်းတယ်"
"အဲ့လောက်တောင်အစွမ်းထက်တာလား"
သန္ဓေပြောင်းလူသားများအပေါ်ထားသော ကျန်းမုန့်လောင်၏နားလည်မှုမှာ သန္ဓေပြောင်းများ၏ X-Menအမျိုးအစားတွင် ပိတ်မိနေဆဲသာ။ အဆင့်ငါးသန္ဓေပြောင်းများမှာ ကမ္ဘာကို ဖျက်ဆီးနိုင်သော စွမ်းအားရှင်များဖြစ်သော်ငြား ဤ အဆင်လေး သို့မဟုတ် အဆင့်ငါးသန္ဓေပြောင်းသူများမှာမူ သိသိသာသာအဆင့်နိမ့်ကျနေဆဲပင်။ ကြည့်ရသည်မှာ ထိုကဲ့သို့သောလူများကို အမျိုးအစားခွဲရန်အတွက် လက်တွေ့ကမ္ဘာတွင် ဤနည်းလမ်းအတိုင်း သုံးကြပုံပင်။
"မထူးဆန်းတော့ပါဘူး"
အဆုံးမှာတော့ ကျန်းမုန့်လောင် နားလည်သွားလေပြီ။ ထိုလူက ဤနေရာတွင် ခက်ထန်ကြမ်းတမ်းပြနေခဲ့သော်ငြား လူတိုင်းက သူနှင့် ခပ်ဝေးဝေးမှာသာနေ၍ ရှောင်ဖယ်နေခဲ့ကြသည်။ မည်သူကများ ဤအရူးနှင့် ထိပ်တိုက်ရင်ဆိုင်ရဲမည်လဲ။ ဖြစ်ချင်တော့ သူ့ဘေးတွင် ရှိန်လောက်သောဘော်ဒီဂတ်တစ်ယောက် ရှိနေ၍ပင်။
"သူ့ရဲ့နောက်ခံအစစ်က ဘာပါလိမ့်"
ကျန်းမုန့်လောင် တွေးတောကြည့်လိုက်သည်။ ထိုကဲ့သို့သော စွမ်းအားရှိသည့် လူများမှာ ကမ္ဘာပေါ်တွင် အလွန်ရှားလှပေသည်။ ပြီးခဲ့သည့်တစ်ခေါက်တုန်းက အဆင့်သုံးသန္ဓေပြောင်းတစ်ယောက်က ဆုငွေဒေါ်လာဘီလီယံပေါင်းများစွာအတွက် ကျန်းမုန့်လောင်ကိုသတ်ဖို့ ရောက်လာခဲ့ဖူးသည်။
ကမ္ဘာ့အဆင့်မီ လူချမ်းသာတစ်ယောက်ပင် ယခုလိုဘော်ဒီဂတ်တစ်ယောက်ကို ပိုင်ဆိုင်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဤလူ၏သရုပ်မှန်ကား သေချာပေါက်စဉ်းစားစရာဖြစ်နေပေသည်။ သူက သာမန်လူချမ်းသာတစ်ယောက်မဟုတ်ကြောင်းနှင့် ဤနေရာကို အခြားရည်ရွယ်ချက်တစ်ခုကြောင့် ရောက်လာခြင်းဖြစ်ကြောင်း ကျန်းမုန့်လောင် ကောက်ချက်ချလိုက်သည်။
သို့သော် ထိုရည်ရွယ်ချက်က ဘာများလဲ။ ထိုအရာသည် ဤလေလံပွဲရှိ လေလံတင်ပစ္စည်းနှင့် သက်ဆိုင်မှုရှိရမည်ဟု ကျန်းမုန့်လောင် သံသယဖြစ်မိသည်။
"မစ္စတာကျန်းက တကယ့်ကို အမြင်စူးရှတာပဲ"
ယဲ့ရင်က ဆိုလာသည်။
"တကယ်တော့ ကျွန်တော်ကလွဲရင် ဒီခန်းမထဲမှာ အဲ့ဒီလိုဖြစ်တည်မှုမျိုး ဆယ့်နှစ်ယောက်ရှိတယ်"
"သောက်ကျိုးနည်းဟေ့.. အမတတွေက တိုက်ပွဲဝင်ကြတော့မလို့လား"
ကျန်းမုန့်လောင်လည်း လည်ပင်းကျုံ့ထားလိုက်မိသည်။
"ဟွာရှားလူမျိုး.. ငါ မင်းကိုအချိန်ပေးထားပြီးပြီနော်။ အခုမှ ငါကိုအပြစ်လာမတင်နဲ့"
ကိုင်ဘွန်လူမျိုးက ကြမ်းတမ်းလှသောအကြည့်တစ်ချက်ကို ထုတ်ဖော်ပြသလာသည်။
"ရှင်းဂျီရိုခွန်း… သူ့လက်တစ်ဖက်ကိုချိုးပစ်လိုက်။ ဘယ်သူမှသတိမထားမိစေနဲ့"
သို့သော် ဘာတုံ့ပြန်မှုမှမရှိပါဘဲ လူအနည်းငယ်လောက်သာလျှင် လေပြင်းတိုက်သံတစ်ခုနှင့်အတူ ခပ်ဖျော့ဖျော့သွေးနံ့တစ်ခုကို ရုတ်တရက်ခံစားလိုက်ရသည်။
"ရှင်းဂျီရိုခွန်း? ရှင်းဂျီရိုခွန်း?"
ကိုင်ဘွန်လူမျိုး၏ မျက်နှာထက်ရှိ အမူအရာကား ရုတ်ခြည်းထိတ်လန့်သွားဟန်ပြသည်။
"အော်မနေနဲ့တော့"
ကျန်းမုန့်လောင်က ပျင်းတိပျင်းလျော့ဆိုလိုက်လေသည်။
"မင်း လည်ချောင်းကွဲအောင် အော်ခေါ်ရင်တောင် သူ ဒီနေ့ထွက်လာတော့မှာမဟုတ်ဘူး"
************