← Chapters

မင်းတို့လူငယ်တွေက တကယ်ကိုပျော်တတ်ပါးတတ်ကြတာပဲ

Vol. 15 Ch. 213

မင်းတို့လူငယ်တွေက တကယ်ကိုပျော်တတ်ပါးတတ်ကြတာပဲ

Vol. 15 Ch. 213

"ကိုင်ဘွန်.. မင်း ဘယ်တွေရောက်နေတာလဲ"

အရပ်ခပ်ပုပုနှင့် ကိုင်ဘွန်လူမျိုးက အနည်းငယ်ထိတ်လန့်သွားချေသည်။

ဤတစ်ခေါက်တွင် သူသည် အထူးမစ်ရှင်တစ်ခုနှင့်အတူ ဤလေလံပွဲသို့ ရောက်ရှိလာခြင်းဖြစ်၏။ သူ့နာမည်က ရှီမန်ကုန်ဖြစ်ပြီး အလွန်နာမည်ကြီးသော ကိုင်ဘွန်ကော်ပရေးရှင်းကြီးတစ်ခုဖြစ်သော ဘန်ဒိုင်ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သည်။ သူ့နာမည်ကို ကမ္ဘာတစ်ဝှမ်းရှိ otakuများက ရင်းနှီးပြီးသားဖြစ်ကာ သူတို့ထုတ်လုပ်သော ပုံတူရုပ်တုများမှာ ကမ္ဘာ့နေရာအနှံ့သို့ ပျံ့နှံ့စီးဆင်းကာ မြောက်များလှစွာသော အမြတ်ငွေများကို ရရှိစေသည်။

ဟွာရှားတွင် သူတို့တွင် အထူးနာမည်တစ်ခုရှိပြီး ပူးပေါင်းအဖွဲ့အစည်းဘီဟု လူသိများသည်။

သူတို့ ဤလေလံပွဲသို့ ရောက်ရှိလာသော အကြောင်းပြချက်မှာ အလွန်ထူးခြားလှသည့်ပစ္စည်းတစ်ခုကို ရောင်းချမည်ဖြစ်သောကြောင့်ပင်။ တန်ဖိုးကြီးလွန်း၍ နိုင်ငံတစ်နိုင်ငံအတွက် အလွန်အရေးပါနိုင်သည့်အရာမျိုးပင်။ အထူးလမ်းကြောင်းများမှတစ်ဆင့် ဤကိုင်ဘွန်လူမျိုးသည် ဤပစ္စည်းအကြောင်း သိရှိခဲ့ရသော်လည်း အခြားပြိုင်ဘက်များကို လမ်းလွှဲရန်အတွက် သူတို့၏စိတ်ဝင်စားမှုကို သရုပ်ဖျက်ရန် လိုအပ်ခဲ့သည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကို ကာဗာအဖြစ် အသုံးချရန် စီစဉ်ခဲ့သည်။

ကိုင်ဘွန်ဟုခေါ်သော လူကို ကိုင်ဘွန်နိုင်ငံရှိ အလွန်ထူးခြားသော အဖွဲ့အစည်းတစ်ခုက ပိုင်ဆိုင်ခြင်းဖြစ်၏။ ဤလေလံပစ္စည်းက အလွန်အရေးပါလှသောကြောင့် သူတို့အနေနှင့် မဖြစ်ဖြစ်သောနည်းလမ်းဖြင့် အရယူရမည်သာ။ မည်သို့ပင်ဖြစ်စေ ရှီမန်ကုန်ထက် ပိုချမ်းသာသူများကလည်း ကမ္ဘာအနှံ့တွင် ဒုနှင့်ဒေးပင်။ သူတို့အနေနှင့် ကိုင်ဘွန်အစိုးရကို နောက်ခံအနေနှင့် အသုံးပြုသည်ဆိုလျှင်ပင် သူတို့တောင် ထိုသို့တွေးမှတော့ အခြားလူများလည်း ထိုသို့ပင်တွေးလိမ့်မည်မဟုတ်လား။

ထို့ကြောင့် လေလံပစ္စည်းကိုသာ အခြားလူများရသွားခဲ့လျှင် သူတို့အနေနှင့် ပြင်းထန်သောလုပ်ဆောင်မှုများကို လုပ်ဆောင်ရပေလိမ့်မည်။ ထို့ကြောင့် ကိုင်ဘွန်ကို သည်အထိခေါ်လာခဲ့ရခြင်းပင်။

ကိုင်ဘွန်၏စွမ်းရည်များကို ရှီမန်ကုန် ပထမဆုံးအကြိမ်တွေ့မြင်လိုက်ရစဉ်က သူ အိပ်မက်မက်နေသလားဟုပင် သံသယဖြစ်မိသည်။ လူသားတွေဟာ ယခုလိုစွမ်းအားမျိုး ပိုင်ဆိုင်နိုင်လေသလား။ ကိုင်ဘွန်က ဆယ်မီတာမြင့်သော တောင်တစ်တောင်ကို သူ့လက်သီးမျှဖြင့် ဖြိုခွဲပစ်လိုက်ပြီးသည့်တိုင် ဘာထိခိုက်ဒဏ်ရာမှမရတာကို သူ ကြည့်နေခဲ့သည်။ ထိုကဲ့သို့သော လူတစ်ယောက်က ယခုလောလောဆယ်တွင် သူ့ဘော်ဒီဂတ်ဖြစ်လာခဲ့ပြီ။

ရှီမန်ကုန်သည် ကိုင်ဘွန်ကို အမိန့်ပေး၍မရသော်ငြား သူ အန္တရာယ်တစ်စုံတစ်ရာကျရောက်လေတိုင်း ဘော်ဒီဂတ်တစ်ယောက်အနေနှင့် သူ့တာဝန်ကို အပြည့်အဝထမ်းဆောင်ပေးပြီး ခြိမ်းခြောက်မှုမှန်သမျှကို ရှင်းထုတ်ပေးနေဆဲသာ။ ဥရောပသို့ရောက်ပြီးကတည်းက ရှီမန်ကုန်လည်း အလွန်မာန်မာနကြီးစွာ လှုပ်ရှားသွားလာခဲ့သည်။

သို့သော် ယခုမူ သူ ကိုင်ဘွန်နှင့် အဆက်အသွယ်ပြတ်တောက်သွားချေပြီ။ သူ မလန့်ဘဲ နေနိုင်မည်တဲ့လား။

"ယဲ့ရင်.. မင်း ပြန်ရောက်လာပြီလား။ ကိုင်ဘွန်ရော ဘယ်မှာလဲ"

ကျန်းမုန့်လောင်က ယဲ့ရင် ခဏမျှ အပြင်ထွက်သွားသည်ကို ခံစားမိလိုက်သဖြင့် ကိုင်ဘွန်ကို သွားရင်ဆိုင်သည်ဟု မှန်းဆမိလိုက်သောကြောင့် မေးလိုက်၏။

"အိုး.. ကျွန်တော် သူ့ကို မြေထဲပင်လယ်ထဲကိုခေါ်သွားပြီး သူ့လက်တစ်ဖက်ကို ရိုက်နှက်ပြီးချိုးပစ်ခဲ့တယ်။ ပြီးတော့ သူ့ကို ပင်လယ်ကြမ်းပြင်အောက်က ကျောက်ဆောင်တွေထဲကို ထိုးထည့်ပစ်ခဲ့ပါတယ်"

"သောက်ကျိုးနည်း.. ကြမ်းလိုက်တာ။ သူသေတော့မသေပါဘူးနော်"

ကျန်းမုန့်လောင် အနည်းငယ်စိတ်ပူသွားရသည်။ ကိုင်ဘွန့်အတွက်တော့မဟုတ်ပေ။ ယဲ့ရင်တို့လောကထဲ၌ အထူးဥပဒေသများ ရှိနေခဲ့ပါက သူတို့က ယဲ့ရင်ကို ပြဿနာရှာလိမ့်မည်မဟုတ်လား။

"စိတ်မပူပါနဲ့။ ချူနင်တစ်ယောက်ရဲ့အသက်က တန်ဖိုးရှိပါတယ်။ သူသေမှာမဟုတ်ပါဘူး"

ယဲ့ရင်က ပြုံးလိုက်သည်။

"မစ္စတာကျန်း ကျွန်တော့်အတွက် စိတ်ပူစရာမလိုပါဘူး။ ဒီကမ္ဘာပေါ်မှာ ကျန်းမိသားစုအတွက် စည်းမျဉ်းချမှတ်ပေးနိုင်တဲ့လူ တစ်ယောက်မှမရှိပါဘူး။ ရှိခဲ့ရင်လည်း တစ်ချက်လောက်ဆော်လိုက်တာနဲ့ အမြင်မှန်ပြန်ရသွားမှာပါ"

"ငါတော့ အဲ့ဒီသဘောထားမျိုးကို သဘောကျတယ်ဟေ့"

ယဲ့ရင်ဘက်က အတည်ပြုပေးလိုက်ပြီဖြစ်သောကြောင့် ကျန်းမုန့်လောင်လည်း ချက်ချင်းဆိုသလို စိတ်သက်သာရာရသွားသည်။

"ဟေး.. ဆက်ခေါ်နေလည်း အလကားပဲ။ ခင်ဗျားလူက ခဏလောက်လာနိုင်မှာမဟုတ်ဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

သူတို့နှစ်ယောက်၏ အချင်းများမှုက ပွဲကြည့်သူတော်တော်များများကို ဆွဲဆောင်လိုက်နိုင်သည်။ သို့သော် မည်သူကမှ ကြားဝင်မစွက်ဖက်ရဲကြပေ။ ကိုင်ဘွန်နိုင်ငံမှ အခြားလူချမ်းသာများကလည်း အချင်းချင်းတီးတိုးပြောနေကြသည်။ ကျန်းမုန့်လောင်၏ အဆင့်အတန်းမြင့်ပြီး စိတ်လိုက်မာန်ပါနိုင်လှသော အပြုအမူမျိုးကြောင့် မည်သူကများ သူ့ကို ရန်စရဲမည်လဲ။

ရော့စ်ချိုင်းမိသားစု၏ဝန်ထမ်းများကတော့ မမြင်ချင်ယောင်သာ ဆောင်နေလိုက်ကြသ့ည်။ သူတို့၏ခေါင်းဆောင်များက သူတို့ကို ညွှန်ကြားထားပြီးဖြစ်၏။ အခြားလူများ ရန်ဖြစ်လျှင် သူတို့ ကြားဝင်ဖျန်ဖြေရမည်ဖြစ်သော်လည်း ကျန်းမုန့်လောင်သာ ရန်ပွဲတစ်ခုထဲ ပါနေခဲ့ပါက သူရှုံးနေလျှင် ဝင်ကူညီပေးရမည်ဖြစ်ပြီး သူနိုင်နေလျှင်တော့ သူတို့လည်း ကန်းချင်ယောင်ဆောင်နေရမည်ဖြစ်၏။ ဤသည်မှာ သူတို့၏ စံသတ်မှတ်ချက်နှစ်ခုပင်။

"မင်း…"

ရှီမန်ကုန်က ဖြစ်နိုင်ခြေတစ်ခုကို ရုတ်ခြည်းတွေးမိလိုက်သည်။

"ဧကန္တ… မင်းလည်း အဲ့ဒီပစ္စည်းအတွက် ဒီကိုရောက်လာတာလား"

သူ့မျက်လုံးထဲတွင် ကိုင်ဘွန်က အနိုင်မယူနိုင်သောဖြစ်တည်မှုမျိုးပင်။ သို့သော် ယခုတော့ လက်ရှိအခြေအနေကို ထောက်ရှုရပါလျှင် ကိုင်ဘွန်တစ်ယောက် ပြဿနာကြုံနေရလေပြီ။ ဖြစ်နိုင်သည်မှာ သူနှင့်ဆင်တူသူတစ်ယောက် သို့မဟုတ် သူ့ထက်ခွန်အားကြီးသူတစ်ယောက်နှင့် ကြုံလိုက်ရပုံပင်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ယောက်က ဤနေရာသို့ရောက်လာရခြင်းမှာ ထိုလေလံပစ္စည်းနှင့် ပတ်သက်နေခြင်းဖြစ်ရမည်။

"ခင်ဗျား ဘာပစ္စည်းကိုပြောနေတာလဲ"

ကျန်းမုန့်လောင်တွင် မှန်းဆချက်တချို့ရှိပါသော်ငြား သူ့စိတ်ကူးမျှဖြင့် ထိုအရာက ဘာလဲဆိုသည်ကို တိတိကျကျမဖော်ထုတ်နိုင်ပေ။ ယဲ့ရင်က သိသော်ငြား ကျန်းမုန့်လောင်ကတော့ စပရိုက်တစ်ခုအနေနှင့် ထားချင်နေဆဲပင်။ ထို့ကြောင့် ယဲ့ရင်ကို လျှို့ဝှက်ချက်ကို ဖောက်ချခွင့်မပေးချေ။

"ဟွာရှားလူမျိုး.. တုံးချင်ယောင်ဆောင်မနေနဲ့။ အဲ့ဒီပစ္စည်းကို ပစ်မှတ်ထားနေတာ ငါတို့နှစ်ယောက်တင်မကဘူး"

ရှီမန်ကုန်က ပြောလိုက်သည်။ု

"နောက်ဆုံးမှာ ရယ်ရမဲ့လူက မင်းဖြစ်လိမ့်မယ်လို့ အာမမခံနိုင်ပါဘူးကွာ"

"ငတုံး.. ခင်ဗျားကန်းနေလား။ လမ်းလျှောက်တာကို ကြည့်မလျှောက်ဘူးပေါ့။ ဘယ်သူက အဲ့ဒါတွေမေးနေလို့လဲ"

ကျန်းမုန့်လောင်က ရှီမန်ကုန်ကိုမြှောက်၍ နှစ်ကြိမ်မျှလွှဲယမ်းလိုက်ပြီးနောက် ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။

"ကျုပ်ပြောမယ်။ ခင်ဗျား တစ်ယောက်ယောက်ကိုဝင်တိုက်မိခဲ့ရင်လည်း ပြီးတော့ အဲ့ဒီတစ်ယောက်ယောက်က မိန်းမလှလေးတစ်ယောက်ဖြစ်နေခဲ့ရင် တောင်းပန်ရမှာမဟုတ်ဘူးလား"

စိတ်ရှုပ်ထွေးမှုတို့က ရှီမန်ကုန်၏မျက်နှာထက် ပျံ့နှံ့သွားသည်။ ကျန်းမုန့်လောင်၏အမူအရာမှာ ဟန်လုပ်နေခြင်းဟုတ်ဟန်မတူပေ။ သူက လူတစ်ယောက်ကို ဝင်တိုက်မိသည့်ကိစ္စကို စိတ်ရင်းအမှန်ဖြင့် ဆွေးနွေးနေဟန်တူပြီး လေလံပစ္စည်းက ဘာလဲဆိုသည်ကိုလည်း စင်စစ်မသိလေဟန်တူသည်။

"ပြောနေတယ်လေ။ တောင်းပန်လိုက်။ ကျုပ် ခင်ဗျားကို နောက်ထပ်ငါးစက္ကန့်အချိန်ထပ်ပေးမယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"အဲ့လိုမှမဟုတ်ရင်တော့ ကျုပ် ခင်ဗျားရဲ့လက်တစ်ဖက်ကိုချိုးပစ်မယ်။ ပြီးတော့ ကျုပ်ပြောတာယုံ… ခင်ဗျားရဲ့ခြေလက်တွေအားလုံးကို ကျုပ်ချိုးပစ်လိုက်ရင်တောင် ရော့စ်ချိုင်းမိသားစုက ခင်ဗျားကို အရေးလုပ်မှာမဟုတ်ဘူး"

ရှီမန်ကုန် လုံးဝယုံသည်။ ကျန်းမုန့်လောင်အပေါ်ထားသော ရော့စ်ချိုင်းမိသားစု၏ သဘောထားကို ကြည့်လျှင် သူ ဤနေရာမှာပင် သေလောက်အောင်ရိုက်သတ်ခံလိုက်ရလျှင်ပင် သူတို့က တစ်ချက်ကလေးတောင် လှည့်ကြည့်ကြမည်မဟုတ်။

ထိုမျှသာမက။ ကျန်းမုန့်လောင်အနားရှိ အရိပ်ထဲတွင် ပုန်းခိုနေသော ဆန်းကြယ်လှသည့်ပုဂ္ဂိုလ်ကလည်း မည်သူမှသတိမထားမိလိုက်ခင်မှာပင် သူ့အသက်ကို အသာလေးနှုတ်ယူပစ်လိုက်နိုင်သည်။

ရှီမန်ကုန်သည် အလွန်ပါးနပ်သော ပုဂ္ဂိုလ်တစ်ဦးဟု ဆိုရပေလိမ့်မည်။ ထို့ပြင် သူသည် မစ်ရှစ်တစ်ခု ထမ်းဆောင်နေသည်ဖြစ်ရာ ဤနေရာရှိ မည်သူတစ်ဦးတစ်ယောက်နှင့်မှ ပြင်းထန်လှသော ပဋိပက္ခတစ်ခုမဖြစ်စေရန် ရှောင်ရှားရမည်ဖြစ်၏။

"တောင်းပန်ပါတယ် မိန်းမလှလေး"

ရှီမန်ကုန်က မပီတပီအင်္ဂလိပ်စကားဖြင့် ပြောလိုက်လေသည်။

"ကျုပ် အလျင်လိုနေလို့ မင်းကို မတော်တဆဝင်တိုက်မိသွားတာပါ။ မင်း ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"

အမ်မာက ကျန်းမုန့်လောင်ကို မေးမြန်းလိုဟန်အကြည့်တစ်ချက် ပစ်သွင်းလိုက်သည်။ သူ(မ)အနေနှင့် သူ့ကို ခွင့်လွှတ်ရမလားဆိုတာ မသေမချာဖြစ်နေသည်မှာ အရှင်းကြီးပင်။ အမ်မာ့အမြင်တွင် ရှီမန်ကုန်သည် ကျန်းမုန့်လောင်နှင့် ထူးဆန်းလှသော ဆက်သွယ်မှုတစ်မျိုးရှိနေဟန်ပင်။ သူတို့က အခြားလူများ နားမလည်နိုင်သောနည်းလမ်းမျိုးဖြင့် ဆွေးနွေးနေသည့်အလားပင်။

"ရပြီ။ သွားတော့"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒါက ခင်ဗျားတို့ကိုင်ဘွန်နိုင်ငံမဟုတ်ဘူး။ အဲ့လိုစိတ်နေစိတ်ထားမျိုးနဲ့ ဘယ်သူ့ကိုမှ ရန်လာမစနဲ့။ အထူးသဖြင့် ဟွာရှားလူမျိုးတွေကိုပဲ"

ကျန်းမုန့်လောင်၏စကားထဲတွင် ပြင်းထန်လှသော သတိပေးချက်တစ်ခု ပါဝင်နေသည်။ အစောပိုင်းက သူသာ သာမန်ဟွာရှားစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကို ဝင်တိုက်မိခဲ့ပါက ကိစ္စများသည် ဤမျှအထိရိုးရှင်းလိမ့်မည်မဟုတ်။ ယခုဖြစ်ပျက်နေသည့် အရာရာတိုင်းက ပြောင်းပြန်ဖြစ်သွားနိုင်ပြီး သွေးထွက်သံယိုများပင် ဖြစ်လာနိုင်သည်။ ရှီမန်ကုန်က သူ့လက်မောင်းသူ ချိုးပစ်လိုက်နိုင်သည်ဟုပင် ကျန်းမုန့်လောင်ကြားထားသည်။

"သေစမ်း.. ဒီနေရာမှာတောင် ညစ်ပတ်တဲ့လူပုမျိုးတွေနဲ့ လာတွေ့နေရတယ်လို့"

ကျန်းမုန့်လောင်က သူ့ဝတ်စုံကို တစ်ချက်ကြည့်လိုက်လေရာ အနီရောင်အစွန်းများ ထင်ကျန်နေသည်ကို မြင်သောအခါ ချက်ချင်း စိတ်အနှောင့်အယှက်ဖြစ်သွားသည်။

"မစ္စတာကျန်း.. ကျွန်မ အဝတ်လဲခန်းကဘယ်မှာလဲဆိုတာ သိတယ်။ ရှင် အဝတ်အစားလဲဖို့ ကျွန်မ ခေါ်သွားပေးပါရစေ"

အမ်မာက ကျန်းမုန့်လောင်၏ဂျာကင်ထောင့်စွန်းကို ဆွဲ၍ ပြောလိုက်သည်။

"ကောင်းပြီလေ"

ကျန်းမုန့်လောင်လည်း ခေါင်းညိတ်ပြလိုက်သည်။

သူ အမ်မာ့နောက်ကိုလိုက်ရင်း ဟိုတယ်ကော်ရစ်ဒါရှည်ကြီးမှ ဆင်းလာပြီး အခန်းတစ်ခန်းထဲသို့ ဝင်လိုက်ချိန်မှသာ သူ လဲစရာအဝတ်အစား ယူမလာမိသလို ရော့စ်ချိုင်းမိသားစုကိုလည်း အစားထိုးဝတ်စုံတစ်ခု ပြင်ပေးခိုင်းဖို့မေ့သွားကြောင်း သတိထားမိသွားသည်။ သို့ဖြစ်လေရာ သူက အဝတ်လဲခန်းထဲကို ဘာလာလုပ်လေသလဲ။

"နေဦး။ ဒါက အဝတ်လဲခန်းမှမဟုတ်တာ"

ကျန်းမုန့်လောင်က အခန်းထဲကိုလျှောက်သွားလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် အမ်မာ၏ကိုယ်သင်းရနံ့နှင့် ဆင်တူလှသော ရနံ့တစ်ခုက သူ့နှာခေါင်းဝသို့ အပြင်းဝင်ရောက်လာသည်။ ဤသည်မှာ အမ်မာ၏အခန်းပင်။

"သေစမ်း.. ငါ့ကိုလှည့်စားလိုက်တာပဲ"

ယခုမှသာ ကျန်းမုန့်လောင်လည်း ဘာဖြစ်သွားသလဲဆိုသည်ကို နားလည်လိုက်သည်။ ထိုအချိန်မှာပင် အနီရောင်နှုတ်ခမ်းတစ်စုံက သူ့နှုတ်ခမ်းထက် ဖိကပ်လိုက်လေသည်။

"သောက်ကျိုးနည်း"

ကျန်းမုန့်လောင်၏တစ်ကိုယ်လုံး ချက်ချင်းတောင့်ခဲသွားရသည်။ သူ့နှုတ်ခမ်းထက်ရှိ ခံစားမှုတစ်ခုဟာ သူ့အား အညံ့ခံလာအောင် လုပ်လုနီးနီးပင်။

လုရီယောင်၏အပြုံးမျက်နှာလေးက ကျန်းမုန့်လောင်၏စိတ်ထဲ ဖြတ်ပြေးသွား၏။ သူ လက်တွေ့အချိန်ကို ပြန်ရောက်လာခဲ့သည်။

"ယဲ့ရင်… သူ့ကိုသတိလစ်အောင်လုပ်ပေးစမ်းပါ။ ဒါပေမဲ့ သူ့ကို ဘာမှထိခိုက်ဒဏ်ရာမရစေနဲ့"

သူ့စကားဆုံးပြီး သိပ်မကြာခင်မှာပင် အမ်မာ၏တစ်ကိုယ်လုံးက ကျန်းမုန့်လောင်ဘက်သို့ ပြိုကျလာသည်။

"အမျိုးသမီးအကြမ်းဖက်သမားတစ်ယောက်နဲ့ တည့်တိုးတာပဲ"

အမ်မာက ထိုကဲ့သို့သောအကွက်မျိုးကို ခင်းလာလိမ့်မည်ဟု ကျန်းမုန့်လောင် လုံးဝထင်မထားပေ။ ကြည့်ရသည်မှာ သူ့အလှတရားက ယနေ့မှာ အတန်ငယ်ခုခံနိုင်စွမ်းကင်းမဲ့ဟန်တူသည်။ သူ ထို့သို့သာ ဘဝင်ခိုက်လေဟန်ဖြင့် တွေးဆလိုက်မိသည်။

အမ်မာ့ကို အိပ်ရာပေါ်သို့ တင်ပေးလိုက်ပြီးနောက် အခန်းထဲမှ သတိကြီးကြီးဖြင့် ထွက်လာခဲ့လိုက်သည်။ ရော့စ်ချိုင်းမိသားစုမှ တစ်စုံတစ်ယောက်ကိုရှာ၍ သူ့အတွက် အဝတ်အစားလဲရန် ကူညီခိုင်းခြင်းကသာ အကောင်းဆုံးဖြစ်၏။

သို့သော် ကျန်းမုန့်လောင် ခန်းမထဲသို့ ပြန်လာလိုက်သည်နှင့် မာဟွားတို့တစ်သိုက်နှင့် ပက်ပင်းတိုးသည်။

အဓိပ္ပာယ်ပြည့်ဝလှသော မာဟွား၏အကြည့်က ကျန်းမုန့်လောင်၏ခန္ဓာကိုယ်အနှံ့ ဖြတ်သန်းသွားပြီး သူ့နှုတ်ခမ်းထက်ရှိ နှုတ်ခမ်းနီရာကိုမြင်သောအခါ ခဏမျှရပ်တန့်သွားပြီးနောက် သူ့ဘောင်းဘီဆီသို့ ဆင်းသွားသည်။

ကျန်းမုန့်လောင်၏ဘောင်းဘီက ပုံမှန်နွားနို့မဟုတ်ပါဘဲ နို့ချဉ်များစွန်းထင်းနေခြင်းဖြစ်သောကြောင့် ယခုအခါတွင် ဖော်ပြ၍မစွမ်းသာသော အဖြူရောင်အစွန်းအထင်းများ ဖြစ်နေလေတော့သည်။

"ကျစ် ကျစ် ကျစ်"

မာဟွားနှင့် လီဟုန်းတို့လည်း မရယ်ဘဲမနေနိုင်တော့ချေ။

"မင်းတို့လူငယ်တွေက တယ်လည်းပျော်တတ်ကြတာပဲကိုး"

************

All Chapters