အချိန်ပိုဆင်းခိုင်းရင် ဒဏ်ကြေးဆောင်ခိုင်းမယ်
Vol. 15 Ch. 214
"မဟုတ်ဘူးနော်။ မဟုတ်ဘူး။ မဟုတ်ဘူး။ ခင်ဗျားတို့ အထင်လွဲနေပြီ"
သူတို့မျက်နှာထက်ရှိ အမူအရာများကို မြင်သောအခါ သူတို့အားလုံး ဘာတွေးနေသလဲဆိုသည်ကို ကျန်းမုန့်လောင် ချက်ချင်းမှန်းဆလိုက်မိသည်။
ဤနေရာရှိ လူအားလုံးက သူနှင့် အမ်မာတို့ အစောပိုင်းက အတူထွက်သွားတာကို သတိထားမိခဲ့ကြသည်။ ဤနေရာရှိလူအားလုံးက လူမှုအသိုင်းအဝိုင်း၏ ထိပ်တန်းအဆင့်မှဖြစ်သောကြောင့် ထိုကဲ့သို့သောဖြစ်ရပ်များမှာ သူတို့အဖို့တော့ မဆန်းပေ။
တစ်ယောက်က ကမ္ဘာကျော်မင်းသမီးတစ်လက်ဖြစ်ပြီး နောက်တစ်ယောက်က တိုင်းတာ၍ပင်မရနိုင်သည့် ချမ်းသာကြွယ်ဝမှုမျိုးဖြင့် ဆန်းကြယ်လှသော လူငယ်လေးတစ်ယောက်ပင်။ သူတို့နှစ်ယောက် တွဲကြသည်ဆိုလျှင်လည်း အလွန့်အလွန်သဘာဝကျပေသည်။
ကျန်းမုန့်လောင်တွင် ချစ်သူတစ်ယောက်ရှိသည်ဆိုစေဦးတော့။ ဘာမှုစရာလိုလေသလဲ။ လက်ထပ်ပြီးသား အိမ်ထောင်သည်များပင် ရှုပ်ပွေကြသေးသည်ဖြစ်ရာ ချစ်သူတစ်ယောက်ဆိုသည်မှာ ပြောပလောက်စရာပင်မဟုတ်။
ကျန်းမုန့်လောင်ထွက်သွားသည့် အချိန်ကို တွက်ကြည့်မည်ဆိုပါက သူသာ ထုတ်လွှတ်ချိန်မြန်သူတစ်ယောက် မဟုတ်ပါက "ထိုကိစ္စ"ကို ခပ်မြန်မြန်လေးလုပ်ဖို့ အချိန်နည်းနည်းသာရသည်။ သို့သော် တခြားနည်းလမ်းတစ်ခုနှင့် လုပ်ခဲ့သည်ဆိုပါလျှင် အချိန်ကား လိုတာထက်ပင် ပိုနေသေးသည်။ ကျန်းမုန့်လောင်၏ဘောင်းဘီထက်ရှိ အဖြူရောင်အရည်များနှင့် ပေါင်းလိုက်လျှင် အရာအားလုံးက သဘာဝကျကျပင် နေရာတကျဖြစ်နေဟန်တူသည်။
"ဂုဏ်ယူပါတယ် မစ္စတာကျန်း.. အမ်မာဝပ်ဆန်က လူတော်တော်များများရဲ့ပစ်မှတ်ပဲဗျ။ ခုနတုန်းက မင်းသားဟယ်ရီဆင်ဆိုရင် သူ့ကို နှစ်ပေါင်းများစွာလိုက်နေခဲ့တာ။ ခင်ဗျားကိုမှ သူမျက်စိကျသွားလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ"
ဟွာရှားစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က လှောင်ပြုံးပြုံးလိုက်သည်။
ကျန်းမုန့်လောင် ဤပုဂ္ဂိုလ်ကို မှတ်မိသည်။ နာမည်ကား လုဖေးပင်။ သူသည် ယခင်က ပရော်ဖက်ရှင်နယ် Esportsကစားသမားတစ်ယောက် ဖြစ်ခဲ့ဖူးပြီး နောက်ပိုင်းတွင် Streamerတစ်ယောက်အဖြစ် ခဏမျှလုပ်ကိုင်ခဲ့သည်။ နှစ်ပေါင်းများစွာ သူ စုဆောင်းလာခဲ့သော စည်းစိမ်ဥစ္စာများကို အသုံးချ၍ အံ့ဩဖို့ကောင်းလောက်အောင်ပင် ကိုယ်ပိုင်စီးပွားရေးများကို စတင်ခဲ့သည်။ နှစ်အနည်းငယ်အတွင်းမှာပင် သူသည် ဟွာရှားရှိ Esportsလောကတွင် အခြေခိုင်လာခဲ့ပြီး သိပ်မသေးလှသော စီးပွားရေးအင်ပါယာတစ်ခုကို တည်ထောင်နိုင်ခဲ့သည်။
သူသည် မာယွင်၊ မာဟွားနှင့် လီဟုန်းတို့ကို မယှဉ်နိုင်သော်ငြား လုဖေးတွင်လည်း အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာရှိသည်ဖြစ်ရာ လူငယ်များအကြားတွင် သူဟာ အလွန့်အလွန်ထူးချွန်လှသည်။
"မဟုတ်ဘူး။ ကျွန်တော်ရှင်းပြတာ နားထောင်ဦး။ ခင်ဗျားတို့ထင်နေသလိုမဟုတ်ဘူးနော်။ အဲ့ဒါက ဒိန်ချဉ်တွေ။ ကျွန်တော်ပြောတာမယုံဘူးလား။ ကျွန်တော် အဲ့ဒါကိုစားပြမယ်"
ကျန်းမုန့်လောင်က သူ့ဘောင်းဘီထက်ရှိ အစွန်းများထက်သို့ လက်ချောင်းတစ်ချောင်းနှစ်လိုက်ပြီး သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။
"တွေ့လား။ တကယ်ဒိန်ချဉ်တွေပါဆို ချိုချိုချဉ်ချဉ်နဲ့"
ကျန်းမုန့်လောင်က သူ့အပြစ်ကင်းစင်မှုကို သက်သေပြရန်အတွက် ကြိုးစားနေပါသော်ငြား မည်သူကမှ သူ့ကိုမယုံကြပေ။ ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက် ခဏပျောက်သွားပြီး ယောကျ်ားဖြစ်သူက ခန္ဓာကိုယ်ထက်တွင် အဖြူရောင်အစွန်းအထင်းများနှင့် ပြန်ရောက်လာခဲ့သည်။ မည်သူကများ ထိုအရာကို ဒိန်ချဉ်ပါဟု ယုံနိုင်မည်လဲ။
ကျန်းမုန့်လောင်က "ထိုအရာ"ကို တကယ်စားပြလိုက်သည့်အခါ သူတို့၏မျက်နှာများ ရှုံ့မဲ့သွားကြပြီး သူတို့၏ခံစားချက်ကို စကားလုံးများအဖြစ် ဖော်ပြရန် မစွမ်းသာတော့ပေ။ အမျိုးသမီးကြယ်ပွင့်တစ်ယောက်နှင့် ရှုပ်ပွေရခြင်းမှာ သူ့ကိုယ်သူ ဤမျှရှက်ဖို့ကောင်းသည့်နည်းလမ်းဖြင့် သက်သေထူရလောက်အောင်အထိ ထိုက်တန်လေသလား။
"မစ္စတာကျန်း.. အဲ့လိုလုပ်ဖို့မလိုအပ်ပါဘူး။ တကယ်မလိုပါဘူး"
"ဟုတ်ပါတယ်။ ကျုပ်တို့တွေ နားလည်ပါတယ်"
"စိတ်မပူပါနဲ့။ ခင်ဗျား ကျုပ်တို့ကုမ္ပဏီကို လာမသိမ်းပိုက်သရွေ့တော့ ကျုပ်တို့ဘက်ကလည်း ခင်ဗျားချစ်သူကို ဒီအကြောင်းမပြောပါဘူး။ ကျိန်ရဲပါတယ်"
"ဟုတ်ပါတယ်။ ပြီးတော့ ခင်ဗျား အခုလေးတင် "အဲ့ဒါ"ကိုစားလိုက်တဲ့အကြောင်းကိုလည်း ဘယ်သူ့ကိုမှမပြောပါဘူး"
"ကျွန်တော်…"
ကျန်းမုန့်လောင်ခမျာ မွန်းကြပ်မှုကြောင့် ပေါက်ကွဲလုနီးပါးပင်။ ဤလူများ၏ခေါင်းထဲ ဘာတွေများတွေးနေသလဲ။ သူတို့ အတွေးအမြင်များကို ရှင်းရှင်းလင်းလင်းမထားနိုင်ကြလေဘူးလား။
"ကျွန်တော် အဝတ်အစား အရင်သွားလဲလိုက်ဦးမယ်"
ကျန်းမုန့်လောင်က ဒေါသကိုမျိုသိပ်လိုက်သည်။ သူသာ ထပ်ပြီးအချိန်ဆွဲနေပါက ထိန်းချုပ်မှုကင်းမဲ့သွားပြီး သူတို့တွေအကုန်လုံးကိုသတ်ဖို့ ယဲ့ရင်အား ခိုင်းမိနိုင်လောက်သည်။
သိပ်မကြာခင်မှာ ကျန်းမုန့်လောင်က သန့်ရှင်းသောဝတ်စုံတစ်ခုကိုဝတ်ဆင်၍ ခန်းမထဲသို့ ပြန်ရောက်လာသည်။ ဤဝတ်စုံကား ရော့စ်ချိုင်းမိသားစု ပြင်ဆင်ပေးထားသော ဝတ်စုံမဟုတ်ပါဘဲ ဒိုရယ်လာမိသားစုပြင်ဆင်ပေးထားခြင်းပင်။
"ဟူး"
ကျန်းမုန့်လောင် အသက်ပြင်းပြင်းရှိုက်ရှူလိုက်သည်။ မာဟွားတို့တစ်သိုက်ကတော့ အစောတုန်းက နေရာမှာပင် သူ့အား တိတ်တိတ်လေးစောင့်ကြည့်နေကြဆဲသာ။
"ဒီတော့ မစ္စတာကျန်းရေ..ဒီအနောက်တိုင်းသားတွေက ပင်ကိုယ်အစွမ်းအစတစ်ခုတော့ရှိကြတယ်မဟုတ်လား"
မာဟွားက ရယ်၏။
"လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ကျုပ် ပရဟိတပွဲတစ်ခုကိုတက်တော့ အန်နီဟက်သာဝေးနဲ့ ဆုံဖူးတယ်။ ကျစ် ကျစ်.. အဲ့ဒီပုံပန်းသဏ္ဌာန် အဲ့ဒီကောက်ကြောင်းမျိုးက တကယ့်ကို နတ်ဘုရားမတစ်ပါးပါပဲ"
"သောက်ကျိုးနည်း..ခင်ဗျား ပါးစပ်ဟလိုက်တာနဲ့ တဏှာရူးမှန်း လူတိုင်းသိနိုင်တယ်"
ကျန်းမုန့်လောင်လည်း ထိုသို့မရေရွတ်ဘဲ မနေနိုင်ပေ။ အန်နီဟက်သာဝေးဟူသောနာမည်ကို သူ ရင်းနှီးနေပြီးသားပင်။ သူ(မ)ကို နတ်ဘုရားမဟု ခေါ်ဆိုခြင်းမှာလည်း ချဲ့ကားခြင်းတစ်ခုမဟုတ်။ သို့သော် မာဟွားက ထိုကဲ့သို့သောစကားမျိုးကို ပြောဆိုရဲသတဲ့လား။ သူ့မိန်းမ ဤအကြောင်းကိုသိလေသလား။
"ကြည့်ရတာ ခင်ဗျားစောင့်နေတာ တော်တော်ကြာပြီထင်တယ်"
ကျန်းမုန့်လောင်လည်း မသင့်တော်သည့်အကြောင်းအရာများကို ဆက်မပြောလျှင် ပိုကောင်းလိမ့်မည်ဟု တွေးလိုက်မိသည်။ သို့မဟုတ်လျှင် သန့်စင်ပြီး အပြစ်ကင်းသော သူ့စိတ်က သူတို့ကြောင့် ပျက်စီးရပေလိမ့်မည်။
"ဟုတ်ပါတယ်။ ဒါက ကျုပ်တို့တွေ ပထမဆုံးအကြိမ်တရားဝင်တွေ့ဆုံတာဖြစ်မယ်နော်"
မာဟွားနှင့် လီဟုန်းတို့က ကျန်းမုန့်လောင်နှင့် အောင်အောင်မြင်မြင် လက်ဆွဲနှုတ်ဆက်နိုင်ခဲ့သည်။
"ပြီးတော့ မစ္စတာမား.. ကျွန်တော် ဟိုးအရင်ကတည်းက ခင်ဗျားရဲ့ကျော်ကြားမှုကို လေးစားခဲ့ရတာ"
ကျန်းမုန်လောင်က မာန်မဲလျက် ပြောလိုက်လေသည်။
"ဒါပေမဲ့ အခုနောက်ပိုင်း ခင်ဗျားရဲ့ကုမ္ပဏီက သိပ်အဆင်ပြေမနေဘူးနော်"
မာယွင်၏မျက်နှာလည်း ပြောင်းလဲသွားသည်။ မထိပါးသင့်သည့် ကိစ္စတချို့ကို သွားထိမိခဲ့သောကြောင့် ယခုနှစ်အတွင်း မာရီအုပ်စု၏ရှယ်ယာများက ခလုတ်ကန်သင်းများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် သူကိုယ်တိုင်လည်း ကုပ်သွေးစုပ်အရင်းရှင်တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရသည်။
ဤသည်မှာ ထုတ်ဖော်ပြောကြားထားခြင်းမရှိသည့် အမှန်တရားတစ်ခုဖြစ်သော်ငြား မည်သူကမှ ပွင့်ပွင့်လင်းလင်းထုတ်ပြောလာခြင်းမရှိချေ။
"ဒီနေရာမှာတော့ ကျွန်တော် ခင်ဗျားကိုဝေဖန်မှဖြစ်မယ် ဥက္ကဋ္ဌမာ..အနောက်တိုင်းWall Streetဘက်က ထုတ်သုံးခဲ့တဲ့လှည့်ကွက်တွေကို ခင်ဗျားက ဟွာရှားကိုသယ်လာခဲ့တယ်နော်။ အဲ့ဒါက အရမ်းအဆင့်နိမ့်လွန်းတယ်"
ကျန်းမုန့်လောင်ကတော့ ခေါင်းတခါခါလုပ်နေချေသည်။
"ကျွန်တော်တို့နိုင်ငံရဲ့ဆိုရှယ်လစ်စနစ်က တော်တော်ကောင်းပါတယ်။ ခင်ဗျားက ဘာလို့များ အရင်းရှင်စနစ်ဝါဒရဲ့စည်းတွေကိုမှ ဘာလို့သွားထိရတာလဲ။ ဒီ996ကရော ဘာလဲ။ ၉၀ခုနစ်တုန်းကအရာတွေအားလုံးကို ဘယ်လိုအခြေအနေဖြစ်အောင် ပြောင်းလဲမလို့လဲ"
သူ့တွင် ဤမျှများပြားကြွယ်ဝလှသောမိသားစုလုပ်ငန်းကြီး မရှိခဲ့ပါက စက်ရုံကြီးတစ်ခုတွင် သူ အလုပ်ရခဲ့လျှင်ပင် ၉၉၆အလုပ်ခွင်တစ်ခုနှင့် မလွဲမသွေကြုံတွေ့ရလိမ့်မည်ဖြစ်ကြောင်း ကျန်းမုန့်လောင် အကြွင်းမဲ့ယုံကြည်သည်။
သူ့ထက် မျိုးဆက်နှစ်ဆက်စာ ပိုငယ်ပါသော လူငယ်လေးတစ်ယောက်ဆီက ယခုလိုလက်ချာရိုက်ခံလိုက်ရသည်မှာ မာယွင့်အတွက်တော့ မျိုချရခက်သော ဆေးတစ်လုံးအလားပင်။ သို့သော် သူ့မှာ ကျန်းမုန့်လောင်နှင့်ပြိုင်၍ ငြင်းနိုင်သည့်သတ္တိမျိုးမရှိပေ။ ကျန်းမုန့်လောင်က မာဟွားနှင့် လီဟုန်းတို့၏ရှယ်ယာများကို ဝယ်ယူရန်အတွက် အမေရိကန်ဒေါ်လာ၅၀၀ဘီလီယံနှစ်ပုံစာလောက်ကို အသာလေးထုတ်ပြနိုင်ခဲ့သည်။ အလားတူပင် သူသည် အလီဘာဘာအုပ်စုတစ်ခုလုံးကို ဝယ်ယူရန်အတွက်လည်း အမေရိကန်ဒေါ်လာတစ်ထရီလီယံကို ထုတ်ယူနိုင်ခဲ့လေသည်။
ဤသည်မှာ သူ့လိုလူတစ်ယောက် လုပ်နိုင်သောအရာမဟုတ်ချေ။
"ဒါပေမဲ့ ဒါက အဲ့လောက်လည်းမဆိုးသေးပါဘူး"
ကျန်းမုန့်လောင်က ဟာသလုပ်လိုက်၏။
"ခင်ဗျားရဲ့ကုမ္ပဏီကို နိုင်ငံခြားအထိ တိုးချဲ့လို့ရတာပဲ။ အထူးသဖြင့် အနောက်နိုင်ငံတွေပေါ့။ အဲ့ဒီမှာဆိုရင် အေးအေးဆေးဆေးပဲလေ။ နေ့တိုင်း အလုပ်မှာ ပျင်းရိနေရုံပဲ။ သူတို့လည်း ၉၉၆အဆိပ်ဒဏ်ရဲ့အတွေ့အကြုံကို ခံစားသင့်တယ်ထင်တာပဲ"
"ဟီးဟီးဟီး…"
မရှက်မကြောက် ပြတ်သားသော ကျန်းမုန့်လောင်၏စကားများနှင့် ရင်ဆိုင်လိုက်ရသောအခါ မာဟွားတို့တစ်သိုက်လည်း ပြုံးနေရုံသာ တတ်နိုင်ပေသည်။
"ဘာတွေများ ဒီလောက်ရယ်စရာပါနေလို့လဲ။ ခင်ဗျားတို့တွေလည်း ၉၉၆ကို မလုပ်ခဲ့ဖူးတာမှမဟုတ်တာ"
ကျန်းမုန့်လောင်က မျက်ဆန်လည်ပြလိုက်သည်။ သူသည် အကြောင်းပြချက်မရှိဘဲ ခက်ထန်ပြနေခြင်းမဟုတ်။ အကြောင်းမှာ ထိုကဲ့သို့သောအပြုအမူမျိုးက တကယ်တမ်းမှာတော့ အလုပ်သမားဥပဒေကို ချိုးဖောက်ခြင်းတစ်ခု ဖြစ်သောကြောင့်ပင်။ သို့တိုင် သူတို့ပါးစပ်ထဲမှာတော့ ထိုအရာကို ကောင်းချီးတစ်မျိုးအလား၊ လူငယ်တစ်ယောက်၏ ကြိုးပမ်းမှုတစ်မျိုးအလား အမွှမ်းတင်ကြသည်။
သူတို့ မည်မျှပင် အပေါ်ယံသကာရည်လောင်းနေပါစေ။ သူတို့၏ ကုပ်သွေးစုပ်သော လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် နှုတ်ချိုစွာသုံးနှုန်းခြင်းတစ်ခုထက် မပိုချေ။ အခြားလူများက သူတို့ဘဝကို ထောက်ပံ့ရန်အတွက် အလုပ်လုပ်ဖို့ လိုပေသေးသည်။ အများဆုံးရှိလှ ကီးဘုတ်စစ်သည်တော်များအဖြစ် အွန်လိုင်းပေါ်တွင် သောင်းကျန်းရုံမျှသာ တတ်နိုင်သည်။ သို့သော် ကျန်းမုန့်လောင်ကတော့ ထိုသို့လုပ်ရန် မလိုအပ်ပေ။ တစ်စုံတစ်ခုက သူ့ကို လာနှောင့်ယှက်နေလျှင် သူကတော့ ထုတ်ပြောပစ်လိုက်မည်သာ။
"ဟီးဟီးဟီး မစ္စတာကျန်း.. ခင်ဗျားကုမ္ပဏီလည်း အတူတူပဲမဟုတ်လား"
ကျန်းမုန့်လောင်ထံမှ အထပ်ထပ်အခါခါ အပြစ်ဖော်ဆုံးမခံနေရသည့်အတွက် မာယွင်လည်း စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားပြီး ဒေါသထွက်လာခဲ့သည်။
"အမှန်ပါပဲ"
ကျန်းမုန့်လောင် ခေါင်းညိတ်လိုက်သည်။ သူကိုယ်တိုင်က ကုမ္ပဏီအရေးကိစ္စများနှင့်ပတ်သက်ပြီး စိုးရိမ်ခြင်းမရှိခဲ့ပေ။ အကြောင်းမှာ ထိုကိစ္စများကို အခြားလူများက စီမံပေးနေခြင်းပင်။ သူက တိုက်ရိုက်ပတ်သက်ခြင်းမရှိသည့် ကြီးကြပ်သူပင်။
ကျန်းမုန့်လောင်က သူ့ဖုန်းကိုထုတ်ယူ၍ ဟုန်းရီ၏ဖုန်းနံပါတ်ကို တိုက်ရိုက်ခေါ်ဆိုလိုက်သည်။ ယခုအချိန်လောက်ဆိုလျှင် ဟုန်းရီ နိုးနေလောက်လေပြီ။
"မစ္စတာကျန်း ဘာကိစ္စရှိလို့ပါလဲ"
ဟုန်းရီက မေးလာသည်။
"အိုး..ငါ လူတချို့အတွက် ဥပမာတစ်ခုသတ်မှတ်ပေးမလို့ စဉ်းစားနေတာ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"၉၉၆အလုပ်စည်းမျဉ်းကိုလိုက်နာနေရတဲ့ ကုမ္ပဏီတွေ ငါ့လက်အောက်မှာ အများကြီးရှိလား"
"ဟုတ်ပါတယ် မစ္စတာကျန်း"
ဟုန်းရီက ပြန်ဖြေလာသည်။
"ခန့်မှန်းခြေအားဖြင့် လုပ်ငန်းစုရဲ့၂၀ရာခိုင်နှုန်းလောက်က ၉၉၆စနစ်နဲ့ လည်ပတ်နေတာပါ"
"သေစမ်း..ဒီတော့ ငါလည်းကုပ်သွေးစုပ်တဲ့လူတစ်ယောက်ပဲလား"
ကျန်းမုန့်လောင်က မချင့်မရဲပြောလိုက်ပေသည်။
"ဒီနေ့ကစပြီး ၉၉၆အလုပ်ခွင်ကို ဖျက်သိမ်းလိုက်ပြီ ၉၅၅အဖြစ်ပြောင်းလိုက်တော့။ အချိန်ပိုလိုအပ်လာခဲ့ရင် အချိန်ပိုလုပ်အားခနှစ်ဆကို ပေးရမယ်။ တကယ်လို့ တစ်ယောက်ယောက်က ဘာလျော်ကြေးမှမရှိဘဲ အချိန်ပိုဆင်းခိုင်းတယ်ဆိုရင် နောက်ကျမှ အလုပ်တက်ပြီး စောစောအလုပ်ဆင်းတဲ့ဖြစ်စဉ်နဲ့ အတူတူပဲလို့သတ်မှတ်ပြီး သူတို့လုပ်အားခကို ဖြတ်တောက်လိုက်"
ကျန်းမုန့်လောင်၏စကားများကို နားထောင်ပြီးနောက် မာယွင်တို့တစ်သိုက် ပါးစပ်များ တွန့်လိမ်သွားရလေသည်။ ယခုလိုနည်းလမ်းမျိုးနှင့် စီးပွားရေးတစ်ခုကို လည်ပတ်ပါက ကုမ္ပဏီက တိုးတက်ဖွံ့ဖြိုးဦးမည်တဲ့လား။
"ကောင်းပါပြီ မစ္စတာကျန်း"
ဟုန်းရီက ပြောလာသည်။
"ဒါပေမဲ့ ဒီနည်းလမ်းကိုသုံးလိုက်ရင် အလုပ်သမားစရိတ်များလာပြီး ရှင့်လုပ်ငန်းစုထဲကနေ နှစ်စဉ်အမြတ်ငွေက ၀.၂၅ရာခိုင်နှုန်းလောက် လျော့နည်းသွားပါလိမ့်မယ်"
"အဲ့လောက်လေးပဲလား"
ကျန်းမုန့်လောင် အံ့အားသင့်သွားရသည်။
"မစ္စတာကျန်း.. ရှင့်ဝင်ငွေအများစုက အဲ့ဒီကုမ္ပဏီတွေကို မှီခိုနေတာမဟုတ်ပါဘူး။ ကမ္ဘာတစ်ဝှမ်းမှာ ရှင်ပိုင်ဆိုင်တဲ့မြေကွက်တွေဆီက ပိုက်ဆံအများဆုံးဝင်နေတာပါ။ ပြီးတော့ ၀.၂၅ရာခိုင်နှုန်းက နည်းတယ်လို့ထင်ရပေမဲ့ တကယ်တော့ တော်တော်များတဲ့ပမာဏတစ်ခုဖြစ်နေတုန်းပါ။ အကြမ်းအားဖြင့်တော့ အမေရိကန်ဒေါ်လာတစ်ရာဘီလီယံဝန်းကျင်ရှိပါတယ်"
"အိုး ဒါဆိုလည်း အဲ့လိုပဲထားလိုက်ပါတော့"
ကျန်းမုန့်လောင် ဖုန်းချလိုက်သည်။
"ကောင်းပြီ"
ကျန်းမုန့်လောင်က မာယွင်တို့တစ်သိုက်ကို ကြည့်ရင်း ပြောလိုက်သည်။
"ကျွန်တော့်ဘက်က ဥပမာအနေနဲ့ လုပ်ပြပြီးပြီနော်။ ခင်ဗျားတို့ရော လိုက်လုပ်မှာလား"
***********