← Chapters

ကမ္ဘာပေါ်မှာ အဲ့လောက်ငွေသားအများကြီး တကယ်ရှိလို့လား

Vol. 15 Ch. 215

ကမ္ဘာပေါ်မှာ အဲ့လောက်ငွေသားအများကြီး တကယ်ရှိလို့လား

Vol. 15 Ch. 215

"မင်းတော့ ရူးနေပြီ"

သူတို့အနေနှင့် ကျန်းမုန့်လောင်၏နည်းလမ်းအတိုင်း လိုက်မတုနိုင်ကြောင်း ဝန်ခံပါသည်။ ၉၆၆အလုပ်ခွင်ကပင် သူတို့၏အလုပ်သမားစရိတ်များကို ထက်ဝက်နီးပါးလျော့ချထားပြီးဖြစ်လေရာ ကျန်းမုန့်လောင်၏နည်းလမ်းအတိုင်းသာ လိုက်လုပ်ရပါက သူတို့၏နှစ်စဉ်အမြတ်ငွေများက သိသိသာသာထိုးကျသွားပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ လူတိုင်းက ကျန်းမုန့်လောင်လို အချိန်ကုန်ရုံသက်သက်နှင့် အပျော်သဘောသက်သက်ဖြင့် ကုမ္ပဏီတစ်ခုကို ဦးစီးနေသူတစ်ယောက် မဟုတ်ပေ။

ကျန်းမုန့်လောင်က အချိန်ပိုဆင်းခြင်းကို ငြင်းဆန်သည့်ကိစ္စမှာ ၉၉၆စနစ် မထွန်းကားမီက အချိန်ဆီသို့ ပြန်ရောက်သွားရုံမျှသာ ဖြစ်သည်။ သို့သော် အချိန်ပိုကြေးနှစ်ဆပေးရမည်တဲ့လား။ ဤသည်မှာ ဘာအဓိပ္ပာယ်လေလဲ။

ပုံမှန်အချိန်ပိုလုပ်အားခစံချိန်စံနှုန်းအရဆိုလျှင် ပိတ်ရက်မဟုတ်သောနေ့များတွင် အချိန်ပိုဆင်းရပါက ပုံမှန်လစာ၏ ၁.၅ဆပေးရမည်။ ပိတ်ရက်ဆိုလျှင် နှစ်ဆဖြစ်ပြီး အများပြည်သူရုံးပိတ်ရက်များတွင်မူ သုံးဆပေးရမည်ဖြစ်၏။ ကျန်းမုန့်လောင်၏ စံချိန်စံနှုန်းအရဆိုလျှင် ပိတ်ရက်မဟုတ်သောနေ့များတွင် အချိန်ပိုဆင်းရပါက ပုံမှန်လုပ်အားခ၏သုံးဆပေးရမည်သာ။

သူတို့သာ သာမန်အလုပ်သမားများဆိုပါလျှင် ကျန်းမုန့်လောင် ဒေဝါလီခံရသည်အထိ အချိန်ပိုဆင်းပစ်နိုင်သည်။ သူတို့အနေနှင့် သူနှင့်ယှဉ်ပြိုင်ချင်သည်ဆိုလျှင်ပင် ဤမျှအထိလုပ်ရန် လိုအပ်လေသလား။

"မစ္စတာကျန်း.. ကျုပ်တို့ကို ဒီလိုပုံစံမျိုးနဲ့ လှောင်ပြောင်ဖို့ လိုအပ်လို့လား။ ခင်ဗျားရဲ့အလုပ်သမားတွေက နေ့တိုင်း အချိန်ပိုဆင်းဖို့ ဆုံးဖြတ်လိုက်ရင် အိမ်သာသွားတဲ့အချိန်တွေအတွက်တောင် လုပ်အားခတွက်ပေးမှာလား"

မာယွင်က မေးလိုက်သည်။

"ဒီတော့ ကျွန်တော်တို့က ခင်ဗျားတို့ဆီက သင်ယူသင့်တယ်လို့ ပြောနေတာလား။ လူတွေကို သေတဲ့အထိ အလုပ်လုပ်ခိုင်းပြီးမှ ကျွန်တော်တို့က လုပ်ငန်းတစ်ခုကို ကောင်းကောင်းမွန်မွန်စီမံခန့်ခွဲနိုင်တာပဲလို့ သတ်မှတ်ရမှာလား"

ကျန်းမုန့်လောင်ကလည်း လှောင်ပြောင်ထေ့ငေါ့လိုက်သည်။

"တချို့ကုမ္ပဏီတွေက ၀၀၇အလုပ်ချိန်စနစ်ကို ရောက်နေကြပြီး အလုပ်ချိန်နာရီသုံးဆယ်ဆက်တိုက်တောင် အလုပ်လုပ်နေကြရတယ်တဲ့။ လွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းက လူတစ်ယောက် အလုပ်လုပ်ရင်းသေသွားတယ်ဆိုတဲ့ သတင်းလည်းရှိတယ်။ အဲ့ဒါက သူတို့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုလို့တော့ လာမပြောနဲ့နော်"

၉၉၆အလုပ်ချိန်ကို မရွေးချယ်လည်းရကြောင်း၊ ၉၉၆စနစ်ကို လိုက်နာနိုင်သူများ အမြဲတစေရှိနေမည်ဖြစ်ကြောင်းနှင့် ဤသည်မှာ လူ့အဖွဲ့အစည်းကြီး၏ ကြမ်းတမ်းလှသော အမှန်တရားတစ်ခုဖြစ်ပြီး အလုပ်သမားများကလည်း ယခုလိုသာဖြစ်နေလိမ့်မည်ဖြစ်ကြောင်း မာယွင် ပြောလိုက်ချင်သည်။

"သူတို့ ကြိုးကြိုးစားစားအလုပ်လုပ်နေသရွေ့တော့ ကျွန်တော်ကလည်း သူတို့နဲ့ထိုက်တန်တဲ့ အချိန်ပိုလုပ်အားခတစ်ပြားကိုတောင် ဖြတ်တောက်မှာမဟုတ်ဘူး"

ကျန်းမုန့်လောင် ပြက်ရယ်ပြုလိုက်သည်။

"ကျွန်တော့်ရဲ့ဆုံးရှုံးမှုအတွက်ရောတဲ့လား။ ကျွန်တော်က တစ်နှစ်မှ အမေရိကန်ဒေါ်လာဘီလီယံဂဏန်းလောက်ပဲ ရှုံးမှာပါ။ စုစုပေါင်းဝင်ငွေရဲ့တစ်ရာခိုင်နှုန်းလောက်တောင် မရှိဘူး။ ကျွန်တော်ဂရုစိုက်လိမ့်မယ်လို့များ ထင်လား"

"တစ်နှစ်ကို အမေရိကန်ဒေါ်လာဘီလီယံနဲ့ချီပြီး ရှုံးမယ်တဲ့လား"

လူတော်တော်များများဟာ ရှုံ့မဲ့နေသောအမူအရာများဖြင့် ပြုံးလိုက်ကြလေသည်။

"အဲ့ဒီလောက်ပဲ"ဆိုတာ ဘာသဘောလဲ။ အမေရိကန်ဒေါ်လာဘီလီယံရာဂဏန်းဆိုသည်မှာ နည်းတဲ့ပမာဏမို့လား။ သူတို့ထဲက လူတချို့ပေါင်းလိုက်လျှင်ပင် တစ်နှစ်ကို အမေရိကန်ဒေါ်လာတစ်ရာဘီလီယံ မရှာနိုင်ပေ။ ဤပမာဏမှာ ကျန်းမုန့်လောင်၏နှစ်စဉ်ဝင်ငွေထဲမှ တစ်ရာခိုင်နှုန်းပင် မရှိဘူးတဲ့လား။

သူသည် တစ်နှစ်မှာ အမေရိကန်ဒေါ်လာထရီလီယံဆယ်ဂဏန်းလောက် ဝင်နေခြင်းပေလား။ ဤသည်မှာ အဓိပ္ပာယ်မရှိပေ။ ကမ္ဘာလုံးဆိုင်ရာနှစ်စဉ်ဝင်ငွေအကုန်လုံးပေါင်းလိုက်လျှင်ပင် အမေရိကန်ဒေါ်လာ ထရီလီယံဆယ်ဂဏန်းမျှသာ ရှိသည်။ ပြီးခဲ့သည့်နှစ်တုန်းက ကမ္ဘာ့နှစ်စဉ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ၈၀ထရီလီယံကျော် ရရှိခဲ့သည်။

ကျန်းမုန့်လောင်၏ အဆိုအရ သူသည် ကမ္ဘာ့နှစ်စဉ်ဝင်ငွေအများစုကို ထုတ်လုပ်နိုင်သူလေလား။ ထိုသို့ဆိုပါက ယခုအချိန် သူသည် ကမ္ဘာမြေ၏အုပ်ချုပ်သူတစ်ယောက်ဖြစ်နေပြီး စကြာဝဋ္ဌာကိုပင် လွှမ်းမိုးကာ စကြာဝဋ္ဌာအတွင်း တိုးချဲ့စူးစမ်းနိုင်ဖို့အတွက် လူသားများကို ဦးဆောင်နိုင်နေလောက်ပြီဖြစ်၏။ သူတို့နှင့် အချင်းများနေရန် အချိန်မရှိလောက်ပေ။

သို့သော် ကျန်းမုန့်လောင်က တစ်နှစ်လျှင် အမေရိကန်ဒေါ်လာထရီလီယံဆယ်ဂဏန်းအထိ မရနိုင်ကြောင်း သူတို့ယုံထားသော်လည်း ထရီလီယံအနည်းငယ်လောက်ကတော့ ဖြစ်နိုင်သည်။ ထိုသို့မဟုတ်ပါလျှင် ထန်ရွှင်းနှင့် ပိုင်တု၏ ရှယ်ယာများကို ဝယ်ယူရန်အတွက် အမေရိကန်ဒေါ်လာတစ်ထရီလီယံကို မည်သို့နှယ် လွယ်လင့်တကူထုတ်ပေးနိုင်မည်နည်း။

"ကြည့်ရတာတော့ ဒီတစ်ခေါက် အမိမြေကိုပြန်ရင် ပတ်ဝန်းကျင်တစ်ခုလုံး အပြောင်းအလဲ ထပ်ဖြစ်တော့မယ်ထင်တယ်"

မာယွင်တို့တစ်သိုက်လည်း သက်ပြင်းချလိုက်လေသည်။

ကျန်းမုန့်လောင်က ကုမ္ပဏီအများကြီးကို ပိုင်သည်။ အတိအကျကိုတော့ မသိသော်ငြား လက်ရှိတွင် နာမည်ကြီးနေသောလုပ်ငန်းစုများဖြစ်သည့် ဝေးပေါ်၊ Unicornနည်းပညာနှင့် ဂီတတောအုပ်လေးတို့မှာ သူ့လုပ်ငန်းများပင်။ အထူးသဖြင့် BATကဲ့သို့သော လုပ်ငန်းနှင့် ယှဉ်နိုင်လောက်သည့် အဆင့်သို့ ရောက်ရှိနေပြီးဖြစ်သော Unicornနည်းပညာပင်။

ကျန်းမုန့်လောင်၏မူဝါဒများကိုသာ လူသိရှင်ကြားကြေညာလိုက်ပါက လူ့အဖွဲ့အစည်းထဲတွင် ကြီးမားလှစွာသော အုတ်အော်သောင်းတင်းဖြစ်မှုကြီးတစ်ခု ဖြစ်ပေါ်လာစေနိုင်ပြီး လူထုဖိအားများကိုပင် ဖန်တီးနိုင်လောက်သည်။

ကျန်းမုန့်လောင်၏ကုမ္ပဏီများမှာ ၉၉၆ယဉ်ကျေးမှုမရှိပါဘဲတောင် အလွန်ကြီးမားနေသည်။ ထိုအရာကို သူလိုအပ်လိမ့်မည်ဟု ဘာကြောင့်ထင်ရလေသလဲ။ သူ့ကုမ္ပဏီက သတ်မှတ်ထားသော အချိန်ပိုလုပ်အားခ၏နှစ်ဆကို ပေးသည်။ သင်ရော ပေးနိုင်လေသလား။ မပေးနိုင်ပါက အလုပ်သမားများလည်း နှုတ်ထွက်သွားကြပေလိမ့်မည်။ အမှန်တကယ်အရည်အချင်းရှိသူများကို အလုပ်တစ်ခုတည်းနှင့် ဘယ်တော့မှ ချည်နှောင်မထားနိုင်ပေ။

ကြောက်စရာအကောင်းဆုံး အရာကား အရည်အချင်းရှိသော လူတော်လူကောင်းများစွာက ကျန်းမုန့်လောင်၏ကုမ္ပဏီထဲသို့ ဝင်ရောက်သွားနိုင်ခြင်းပင်။ ကုန်ကျစရိတ်များ မြင့်မားလာနိုင်သော်လည်း ကုမ္ပဏီ၏စွမ်းဆောင်ရည်များ ပိုမိုခိုင်မာလာပြီး တိုးတက်မှုကိုလည်း အရှိန်မြှင့်တင်ပေးနိုင်ပေသည်။ ကျန်းမုန့်လောင်သည် အရှုံးသမားဖြစ်လာလိမ့်မည်မဟုတ်။

"ဒီလူငယ်လေးက အရမ်းကောက်ကျစ်တာပဲ"

ထိုအကြောင်းကို တွေးမိသောအခါ မာဟွားတို့တစ်သိုက်လည်း တိတ်တိတ်လေးထိတ်လန့်သွားကြသည်။

သို့သော် ကျန်းမုန့်လောင်က ထိုမျှအထိ တွေးမထားကြောင်းကိုမူ သူတို့မသိကြချေ။ သူက စိတ်အနှောင့်အယှက်ဖြစ်မိသဖြင့် လူ့အဖွဲ့အစည်းကို ပြောင်းလဲရန် ကြိုးစားချင်မိရုံသက်သက်သာ။ သူတို့ ဘာတွေးနေသလဲဆိုတာကို‌တော့ ကျန်းမုန့်လောင်က လုံးဝမစဉ်းစားဖူးပေ။

"ကောင်းပြီလေ။ အားလုံးပဲ ဒီကိုရောက်နေပြီဆိုမှတော့ ခံစားချက်ကိုပျက်စီးသွားစေမဲ့ကိစ္စတွေကို မစဉ်းစားဘဲနေရအောင်"

အဖွဲ့ထဲရှိ အရင်းရှင်မဆန်ဆုံး လုဖေးက ကိစ္စများကို အဆင်ချောသွားစေရန် ကြိုးစားလိုက်သည်။

"အဲ့ဒီအစား လေလံပွဲအကြောင်းပဲ ပြောကြရအောင်"

"ကောင်းသားပဲ"

ထို့နောက် ကျန်းမုန့်လောင်က သူတို့၏အာရုံစူးစိုက်မှုကို စုစည်းလိုက်ချေသည်။

"ကျေးဇူးပြုပြီး ထိုင်ကြပါဦး အားလုံးပဲ။ ဒီလေလံပွဲအကြောင်း ခင်ဗျားတို့ အများကြီးကြားထားကြပုံပဲ"

"ဟားဟားဟား ကြည့်ရတာ မစ္စတာကျန်းကတော့ ဒီလေလံပွဲကို သိပ်ဂရုမစိုက်သလိုပဲ"

လုဖေးက တခစ်ခစ်ရယ်လိုက်သည်။

"လေလံပွဲတစ်ခုဆိုတာက ငွေရှိသူက အနိုင်ရတာပဲလေ။ ဘယ်ပစ္စည်းကိုရောင်းမလဲဆိုတာကို သိရင်တောင် ဘာများအကျိုးထူးမှာမို့လို့လဲ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒါပေမဲ့ ခင်ဗျားတို့မှာ ပိုက်ဆံရှိနေသရွေ့ ဘာရောင်းချမလဲဆိုတာကိုမသိရင်တောင်မှ ပစ္စည်းကိုထုတ်လိုက်တဲ့အချိန်ကျရင် ဝယ်ဖို့အတွက် ပိုက်ဆံရှိနေဦးမှာပဲပေါ့"

"အမှန်ပါပဲ"

လုဖေးက ရှက်ရွံ့သွားပြီး စကားများ အထစ်ထစ်အငေါ့ငေါ့ဖြစ်ကုန်သည်။ ကျန်းမုန့်လောင်၏စကားက မှားတော့မမှားပေ။ သို့သော် အဓိကအချက်မှာ ပိုက်ဆံရှိလျှင်ပင် ထိုပိုက်ဆံကိုထုတ်ယူစုဆောင်းရန်အတွက် အချိန်ယူရဦးမည်သာ။

မာယွင်ကို ဥပမာထားလိုက်ပါက သူ့တွင် သေချာပေါက်ပိုက်ဆံရှိသည်ဆိုသော်ငြား အချိန်အများစုမှာ သူ့ရန်ပုံငွေများက ရွှေ့ပြောင်းရန် ခက်ခဲလှသည်။ ငွေကြေးအမြောက်အများကို ထုတ်ယူရွှေ့ပြောင်းရတော့မည်ဆိုပါက အထူးသဖြင့် လေလံပွဲကလည်း ဟွာရှားတွင် ကျင်းပခြင်းမဟုတ်ဘဲ နိုင်ငံတကာရန်ပုံငွေစီးဆင်းမှုနှင့် ပတ်သက်လာပါက ပို၍ပင် ပြဿနာများနိုင်ပေသည်။

ဤတစ်ခေါက် လေလံပွဲအတွက် လုဖေးသည် ယူရိုသန်းသုံးရာပြင်ဆင်ထားသော်လည်း ထိုငွေပမာဏကို စုဆောင်းရန်အတွက်ပင် လဝက်နီးပါး အချိန်ယူခဲ့ရသည်။

"မစ္စတာကျန်း ခင်ဗျား ဒီတစ်ခေါက် ငွေသားဘယ်လောက်ပြင်ဆင်လာခဲ့လဲ"

လုဖေးက သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်လေသည်။

"ဒါက…"

သူ့အနေနှင့် ငွေသားဘယ်လောက် ထုတ်ယူစုဆောင်းနိုင်သလဲဆိုသည်ကို ကျန်းမုန့်လောင်မသိချေ။ အကြောင်းမှာ ယခုအချိန်အထိ သူ့အဓိကအသုံးစရိတ်များကို ဟုန်းရီကသာ ကိုင်တွယ်ဖြေရှင်းပေးခဲ့ပြီး နိုင်ငံတကာငွေကြေးရွှေ့ပြောင်းမှုအကြီးစားမျိုးလည်း တစ်ခါမှမလုပ်ဆောင်ခဲ့ဖူးပေ။

"ခဏလောက်မေးကြည့်လိုက်ဦးမယ်"

ကျန်းမုန့်လောင်လည်း ဟေဂန်ကို ဖုန်းဆက်လိုက်သည်။

"ဟေဂန် ကျွန်တော်မေးစရာတစ်ခုရှိတယ်"

"မစ္စတာကျန်း ဘာပဲလိုအပ်လိုအပ် ပြောသာပြောပါ"

"အိုး ဘာရယ်မဟုတ်ပါဘူး။ ဒီအတိုင်းသိချင်လို့ပါ။ ကျွန်တော် ပိုက်ဆံသုံးချင်တယ်ဆိုရင် အချိန်မရွေးရွှေ့ပြောင်းနိုင်တဲ့ ရန်ပုံငွေဘယ်လောက်ရှိလဲ"

ကျန်းမုန့်လောင် မေးလိုက်သည်။

"ဥရောပအတွင်းမှာ အချိန်မရွေးထုတ်ယူနိုင်တဲ့ ငွေကြေးဆိုရင်တော့ ယူရိုငါးထရီလီယံလောက်ကတော့ ဘာပြဿနာမှမရှိဘဲ ထုတ်ယူနိုင်ပါတယ်"

"ဟစ်"

ထိုပမာဏကိုကြားသောအခါ ကျန်းမုန့်လောင်ခမျာ ပင့်သက်မရှိုက်ဘဲ မနေနိုင်ပေ။ ယူရိုငါးထရီလီယံတဲ့။ မနှစ်တုန်းက ကမ္ဘာ့နှစ်စဉ်ဝင်ငွေနှင့် ယှဉ်ကြည့်လိုက်လျှင် တတိယအဆင့်ကိုပင် ချိတ်ပြီး အမေရိကနှင့်ဟွာရှားတို့ထက်ပင် ရှေ့ရောက်သွားပြီဖြစ်၏။ သူသည် ဥရောပအတွင်းတွင် ဤမျှများပြားလှသော ငွေကြေးပမာဏကို တကယ်ရွှေ့ပြောင်းနိုင်ပေသည်။

"ခင်ဗျား ငွေအများကြီးသုံးစရာလိုလို့လား"

ကျန်းမုန့်လောင်က ဤပမာဏကို မလောက်သေးကြောင်း တွေးနေသည်ဟု ဟေဂန်က ထင်သွားသည်။

"တစ်ညလောက်ပဲ အချိန်ပေးပါ။ ကျုပ် ခင်ဗျားအတွက် ယူရိုတစ်ဆယ်ထရီလီယံကို ရအောင်ထုတ်ပေးနိုင်ပါတယ်။ မနက်ဖြန်နေ့လယ် လေလံပွဲစတဲ့အချိန်လောက်မှာ ယူရိုနှစ်ဆယ်ထရီလီယံထုတ်ယူဖို့ဆိုတာ ဖြစ်နိုင်ပါတယ်"

"အဲ့ဒီလောက်တောင်လား"

ထိုပမာဏကြောင့် ကျန်းမုန့်လောင် ထိတ်လန့်သွားရသည်။

"သေချာတာပေါ့။ အဲ့ဒါက ကျုပ်တို့ဒိုရယ်လာမိသားစုရဲ့ လုပ်ပိုင်ခွင့်အာဏာပဲရှိပါသေးတယ်။ တခြားမိသားစုတွေရဲ့အာဏာကိုပါ တစ်ပြိုင်တည်းစုစည်းလိုက်မယ်ဆိုရင် မနက်ဖြန်မနက်မှာ ယူရိုထရီလီယံငါးဆယ်လောက်ကို ငွေသားအဖြစ် ပြင်ဆင်ပေးဖို့ဆိုတာ မဖြစ်နိုင်တာတော့မဟုတ်ပါဘူး"

"ရပါပြီ။ ရပါပြီ"

ကျန်းမုန့်လောင်က ထပ်ခါတလဲလဲခေါင်းညိတ်ပြလိုက်သည်။ ယူရိုငါးဆယ်ထရီလီယံမဆိုထားနှင့်။ ယခုအချိန်အထိ မှတ်တမ်းတင်ထားသမျှထဲတွင် လေလံပွဲတစ်ခုအတွက် အမြင့်ဆုံးစံချိန်စံနှုန်းမှာ အမေရိကန်ဒေါ်လာတစ်ဘီလီယံပင် မကျော်ခဲ့ဖူးပေ။ ဤလေလံပွဲက အနည်းငယ်ထူးခြားသည်ဆိုသည့်တိုင် ယူရိုဘီလီယံရာဂဏန်းမျှဖြင့်ပင် ဤလေလံပွဲကို လွှမ်းမိုးထားဖို့ လုံလောက်နေပြီဖြစ်၏။

ကျန်းမုန့်လောင်တွင် မေးခွန်းတစ်ခု ရှိနေဆဲပင်။ ကမ္ဘာပေါ်တွင် ငွေသားယူရိုငါးဆယ်ထရီလီယံဆိုသည်မှာ တကယ်ရောရှိနိုင်ရဲ့လား။

*********

All Chapters