← Chapters

ကျုပ် ပိုက်ဆံသုံးဖို့အစီအစဉ်မရှိဘူး

Vol. 15 Ch. 216

ကျုပ် ပိုက်ဆံသုံးဖို့အစီအစဉ်မရှိဘူး

Vol. 15 Ch. 216

"ကောင်းပြီ။ ငါနားလည်ပြီ"

ကျန်းမုန့်လောင် ဖုန်းချလိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ့တည်ငြိမ်မှုကို ပြန်လည်ထိန်းသိမ်းလိုက်သည်။

"မစ္စတာကျန်း.. ခင်ဗျားယူလာတဲ့ပမာဏက ကျုပ်တို့ထက်ပိုများလောက်မယ်ထင်တယ်နော်"

လုဖေးက ကျန်းမုန့်လောင်ကို ချီးကျူးနေရုံသာမက သူ့ပိုင်ဆိုင်မှုပမာဏကို စနည်းနာရန် ကြိုးစားနေခြင်းလည်း ဖြစ်၏။

"ဒီတစ်ခေါက် ကျုပ် ယူရိုသန်းငါးရာပြင်လာခဲ့တယ်။ မစ္စတာမားတို့နှစ်ယောက်ကတော့ ကျုပ်ထက် ပိုများလိမ့်မယ်ထင်တယ်။ ဟုတ်တယ်မလား"

လီဟုန်းက ဝင်ပြောသည်။

"ကျုပ်ကတော့ ယူရိုသန်းရှစ်ရာပြင်လာခဲ့တယ်"

မာယွင်က ရယ်၏။

"အတူတူပါပဲ"

"ဝိုး..ဒါက ချမ်းသာကြွယ်ဝမှုကိုထုတ်ကြွားကြတဲ့ပြိုင်ပွဲလား"

ကျန်းမုန့်လောင်က စိတ်ထဲမှ ထိုသို့တွေးနေသော်ငြား သူ့မျက်လုံးထဲမှာတော့ မာဟွားနှင့် မာယွင်တို့နှစ်ယောက်စလုံးဟာ သာမန်ညီအစ်ကိုမျှသာဖြစ်၏။

"ထူးဆန်းလိုက်တာ။ ဒီလေလံပစ္စည်းက တကယ်ပဲ အဲ့လောက်တောင်တန်ဖိုးရှိလို့လား"

ကျန်းမုန့်လောင်က သူ့စိတ်ထဲရှိ အကြီးမားဆုံးသံသယ်ကို ထုတ်ဖော်ပြောဆိုလိုက်သည်။

"ကျုပ်မှတ်မိသလောက်ဆိုရင် ကမ္ဘာ့လေလံပွဲတစ်ခုမှာ အများဆုံးပေးခဲ့ရတဲ့ငွေကြေးပမာဏက အမေရိကန်ဒေါ်လာသန်း၇၃၀ပဲရှိခဲ့တာပါ။ ခင်ဗျားတို့တွေက ပိုက်ဆံတွေအများကြီးယူလာခဲ့တာဆိုတော့ ခန်းမကြီးကိုများ ဝယ်ပစ်တော့မလိုပဲ"

"မဟုတ်ပါဘူး မစ္စတာကျန်း။ ခင်ဗျား မှားနေပြီ"

မာဟွားက ပြောလိုက်သည်။

"လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ကျုပ်တို့ ဒီလေလံပွဲကို ပထမဆုံးအကြိမ်လာခဲ့တုန်းက ကျုပ်တို့လည်း အဲ့လိုပဲတွေးခဲ့တာပါပဲ။ အဲ့ဒါကြောင့် အဲ့ဒီအချိန်တုန်းက ကျုပ်လည်း အမေရိကန်ဒေါ်လာသန်းငါးဆယ်လောက်ပဲ ယူလာခဲ့လိုက်တာ။ ပစ္စည်းကောင်းတွေအများကြီးကို ဝယ်လို့ရလောက်တယ်ဆိုတဲ့အတွေးနဲ့ပေါ့။ ဒါပေမဲ့ အဆုံးကျတော့ ပစ္စည်းလေးတစ်ခုတောင် ပြန်သယ်မသွားနိုင်ခဲ့ဘူးလေ"

"တကယ်လား။ အဲ့ဒါကတော့ ချဲ့ကားလွန်းပါတယ်"

ကျန်းမုန့်လောင်လည်း အတန်ငယ်အံ့ဩမိသည်။ ကမ္ဘာ့အဆင့်မီလေလံပွဲများတွင် တန်ဖိုးအကြီးဆုံးပစ္စည်းများမှာ ပန်းချီလက်ရာများ သို့မဟုတ် သမုဒ္ဒရာနှလုံးသားကဲ့သို့သော တန်ဖိုးကြီးရတနာများပင်။ သို့သော် ထိုဈေးနှုန်းများမှာ ပုံမှန်အားဖြင့် အမေရိကန်ဒေါ်လာသန်းဆယ်ဂဏန်းခန့်သာ ရှိပြီး ၎င်းတို့က ပုံမှန်အားဖြင့်‌ လေလံပွဲ၏အဓိကပစ္စည်းများဖြစ်သည်။

သာမန်လေလံပစ္စည်းများမှာ အများဆုံးရှိလှ အမေရိကန်ဒေါ်လာတစ်သန်းခန့်သာ ရှိသည်။ အမေရိကန်ဒေါ်လာသန်းငါးဆယ် ယူလာခဲ့သည့်တိုင် ပစ္စည်းတစ်ခုမှမရလိုက်ဘူးဆိုခြင်းမှာ ရယ်စရာကောင်းမနေဘူးလား။

"ခင်ဗျားမသိလိုက်တာ အဲ့ဒီနေရာပဲ"

မာဟွားက ပြောလေသည်။

"လေလံပွဲကို ပြင်သစ်ရဲ့တော်ဝင်လေလံအိမ်တော်က ဦးစီးကျင်းပတာဆိုပေမဲ့ သူတို့က ကြားလူသက်သက်ပဲ။ တကယ့်ရောင်းသူအစစ်တွေက အရမ်းလျှို့ဝှက်ဆန်းကြယ်တဲ့အဖွဲ့အစည်းတစ်ခုပဲ"

"အိုး? ဘယ်လောက်တောင်လျှို့ဝှက်ဆန်းကြယ်တာမို့လို့လဲ"

ကျန်းမုန့်လောင်လည်း သိချင်စိတ်ပြင်းပြသွားလေသည်။

"အရမ်းဆန်းကြယ်တာ။ အဲ့ဒီအဖွဲ့အစည်းထဲမှာ လူပေါင်းစုံပါဝင်တယ်လို့ပြောကြတယ်။ အနုပညာရှင်တွေ ရှေးဟောင်းသုတေသီတွေ ဓာတုဗေဒပညာရှင်တွေနဲ့ လက်နက်ကုန်သည်တွေတောင် ပါတယ်တဲ့။ သူတို့တွေက ကမ္ဘာအနှံ့က တန်ဖိုးရှိတဲ့ပစ္စည်းတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ရှာဖွေခဲ့ကြပြီး တချို့ပစ္စည်းတွေဆိုရင် မူလဇစ်မြစ်က အရမ်းသံသယဖြစ်စရာကောင်းတယ်"

မာဟွာက ခပ်တိုးတိုးပြောလာလေသည်။

"ဝိုး. သူတို့လေလံတင်တဲ့ ပစ္စည်းတွေရဲ့ အရင်းအမြစ်တွေက အရမ်းဆန်းကြယ်နေတာ မအံ့ဩတော့ပါဘူး။ တစ်ခါတုန်းကဆိုရင် လေယာဉ်တွေ၊ တင့်ကားတွေ၊ ဖျက်သင်္ဘောတွေရောင်းပြီး နောက်တစ်ခေါက်တွေကျတော့ ဟွာရှားရဲ့ထိုက်ဓားတောင်ပါတယ်"

"မစ္စတာကျန်းက လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက လေလံပွဲမှာရှိနေခဲ့တာလား"

မာဟွားက တအံ့တဩမေးလာချေသည်။ ဤအဖွဲ့အစည်း၏ လေလံပွဲများမှာ လူသိရှင်ကြားကြေညာဖူးခြင်းမရှိဘဲ အလွန်သေးငယ်သော ထိပ်တန်းလူတန်းစားအလွှာအတွင်းမှာသာ ကျင်းပခဲ့သည်။ လေလံပွဲကျင်းပရာ ခန်းမထဲတွင် ရှိမနေခဲ့ပါလျှင် သို့မဟုတ် ပါဝင်သူတစ်ယောက်ယောက်၏ ဆွေမျိုးမဟုတ်ခဲ့ပါလျှင် ဘာပစ္စည်းများကို ရောင်းချခဲ့သလဲဆိုသည်ကိုလည်း သိမည်မဟုတ်။

ကျန်းမုန့်လောင် ပြောလိုက်သည့် ပစ္စည်းများမှာ နောက်ဆုံးတစ်ခေါက်ကျင်းပခဲ့သော လေလံပွဲ၏ အဓိကပစ္စည်းများဖြစ်၏။ သို့သော် သူ့မှတ်ဉာဏ်ထဲတွင် ထိုစဉ်က လေလံပွဲတွင် ဆယ်နှစ်သာရှိဦးမည့် ဟွာရှားကလေးငယ်တစ်ယောက်မှ ရှိခဲ့မည်မဟုတ်။

"ကျုပ်မသွားခဲ့ပါဘူး။ ကျုပ်အဖေသွားခဲ့တာလေ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"အဲ့ဒီလေယာဉ်တွေ၊ တင့်ကားတွေ၊ ဖျက်သင်္ဘောတွေနဲ့ ထိုက်ဓားကို ကျုပ်အဖေဝယ်ခဲ့တာလေ"

"အဲ့ဒါက ခင်ဗျားရဲ့အဖေလား"

မာဟွားနှင့် လီဟုန်းတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထိုစဉ်က ခန်းမထဲတွင် သူတို့ရှိနေခဲ့သည်။ ထိုလူက အလွန်သီးသန့်ဆန်သော VIPအခန်းတွင် ထိုင်နေခဲ့ခြင်းဖြစ်သည်။ ထိုစဉ်တုန်းက သူတို့အနေနှင့် ထိုလူ၏အသံကိုသာ ကြားခဲ့ရသည်။

ထိုလူက အလွန်ချမ်းသာလှပေသည်။ သူတို့အနေနှင့်လည်း ထိုလူ့ကို ယနေ့ထိတိုင် ပြတ်ပြတ်သားသားအမှတ်ရနေဆဲပင်။ သူကြိုက်နှစ်သက်သောအရာတိုင်းကို သူ့အနေနှင့် မဝယ်နိုင်စရာအကြောင်းမရှိပေ။ ဈေးနှုန်းကို ဆယ်ဆတိုးလိုက်လျှင်ပင် သူက စိတ်လှုပ်ရှားမှုရေးရေးမျှပင် မပြသချေ။ ဒေါ်လာသန်းရာဂဏန်းက သူ့အတွက် ကိန်းဂဏန်းတစ်ခုသာသာဖြစ်နေသည့်အလားပင်။

"ဒါကြောင့်ကိုး"

ကျန်းမုန့်လောင်ကသာ သူ့သားဆိုလျှင် အရာအားလုံး အဓိပ္ပာယ်ရှိသွားလေပြီ။

မာဟွားက ဆက်ပြောလိုက်သည်။

"ဒီလူတွေက အရမ်းထူးခြားတာကြောင့် ဒီမှာရောင်းတဲ့ပစ္စည်းတွေကလည်း ပုံမှန်ကမ္ဘာ့အဆင့်မီလေလံပွဲတွေရဲ့ အဆုံးသတ်ပစ္စည်းတွေပဲ။ ကျုပ်မှတ်မိတာကတော့ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက စုစုပေါင်းစုဆောင်းပစ္စည်း၉၇မျိုးကို လေလံတင်ခဲ့ပြီး တစ်ခုမှကျော်မသွားခဲ့ဘူး။ အဖွင့်ဈေးက သုညဆိုပေမဲ့ စုစုပေါင်းအဆုံးသတ်ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာသုံးဆယ်ဘီလီယံကျော်သွားခဲ့တယ်လေ။ တစ်နည်းပြောရရင်တော့ လေလံပစ္စည်းတစ်ခုချင်းစီတိုင်းအတွက် ပျမ်းမျှဈေးနှုန်းက အမေရိကန်ဒေါ်လာသန်းသုံးရာကျော်ပေါ့"

"ဝိုး.. ခင်ဗျားတို့တွေ ပိုက်ဆံအများကြီးယူလာခဲ့တာ မထူးဆန်းတော့ပါဘူး"

အဆုံးမှာတော့ ကျန်းမုန့်လောင် အနည်းငယ်နားလည်သွားရသည်။

"ဒီတစ်ခေါက် ကျုပ်တို့နားလည်ထားသလောက်ဆိုရင် ဟွာရှားရဲ့သက်တမ်းရှည်ကြာပျောက်ဆုံးနေတဲ့ နိုင်ငံ့ရတနာတွေ ပေါ်လာလိမ့်မယ်။ တကယ်တော့ ပျောက်ဆုံးနေတဲ့ရတနာတွေကို ပြန်လည်ရယူဖို့အတွက် ကျုပ်တို့ကို နိုင်ငံတော်ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးဌာနက တာဝန်ပေးလိုက်တာ"

"ခင်ဗျားတို့တွေက တာဝန်သိစိတ်တော့ရှိကြတဲ့ပုံပါပဲ"

ကျန်းမုန့်လောင်က အပြုံးတစ်ပွင့်နှင့်အတူ ပြောလိုက်လေသည်။

"ဒါပေမဲ့ ဒါက လွယ်ကူတဲ့တာဝန်တော့မဟုတ်ဘူး"

မာဟွား၏မျက်နှာထက်တွင် လေးနက်မှုများပေါ်ပေါက်လာသည်။

"ကြည့်ရတာတော့ ဟွာရှားလူမျိုးတွေက ဒီယဉ်ကျေးမှုအမွေအနှစ်တွေအပေါ် ဘယ်လိုခံစားချက်ရှိလဲဆိုတာကို သူတို့တွေက သိကြတဲ့အတွက် လက်ရှိနှစ်တွေအတွင်းမှာ ဟွာရှားရဲ့အမွေအနှစ်တွေ ကမ္ဘာပေါ်က ဘယ်လေလံပွဲမှာပဲ ပေါ်လာလာ အဖွင့်ဈေးနဲ့အပိတ်ဈေးက အံ့ဩဖို့ကောင်းလောက်အောင်ကို မြင့်တာ"

"ဘယ်လိုမျိုးလဲ"

"မနှစ်တုန်းက ခရစ်စ္စတီရဲ့လေလံပွဲကိုပဲ ကြည့်လေ။ "ဟွမ်တိရဲ့အတွင်းစိတ်နိယာမ"ရဲ့ မူရင်းမိတ္တူတစ်စောင် ပေါ်လာတယ်လေ။ အပိတ်ဈေးက ဘယ်လောက်လဲဆိုတာသိလား"

ကျန်းမုန့်လောင် ခေါင်းခါပြလိုက်သည်။

"အမေရိကန်ဒေါ်လာသန်း၂၃၀တောင်လေ။ အဲ့ဒါကို ဟောင်ကောင်က အမည်မသိစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က ဝယ်သွားခဲ့ပြီး အခုဆိုရင် အမျိုးသားသမိုင်းနဲ့ယဉ်ကျေးမှုပြတိုက်မှာ သိမ်းဆည်းထားတယ်။ ဒီဈေးနှုန်းက ပြီးပြည့်စုံမှုမရှိတဲ့မိတ္တူတစ်စောင်အတွက် သမိုင်းနဲ့အနုပညာတန်ဖိုးထက် အများကြီးပိုသာတယ်။ ဒါပေမဲ့ သူတို့တွေက ကျုပ်တို့ဟွာရှားလူမျိုးတွေက ဘာပဲဖြစ်နေပါစေ ဒီပစ္စည်းတွေကို ပြန်လိုချင်ကြလိမ့်မယ်ဆိုတာကို အာမခံထားတာလေ။ အဲ့ဒါကြောင့် ဈေးနှုန်းကို အရူးအမူးမြှင့်ခဲ့ကြတာ"

"ပွဲလန့်တုန်းဖျာခင်းတယ်ပေါ့"

ကျန်းမုန့်လောင်က အေးတိအေးစက်လေသံဖြင့် ပြောလိုက်လေသည်။

"အမှန်ပဲ။ ပွဲလန့်တုန်း ဖျာခင်းတာ"

မာယွင်ကပြောလာသည်။

"အဲ့ဒါကြောင့် ဟွာရှားရဲ့အမွေအနှစ်တွေ ပေါ်လာပြီဆိုရင် ကျုပ်တို့ယူလာတဲ့ပိုက်ဆံက နည်းနည်းလောက်ဝယ်ဖို့အတွက်တောင် လောက်ချင်မှလောက်မှာ"

"ကျုပ်ရောက်နေပြီဆိုတော့ ဒီတာဝန်ကို ကျုပ်ပဲလက်လွှဲယူလိုက်ပါ့မယ်"

"မစ္စတာကျန်းက ပိုက်ဆံဘယ်လောက်ယူလာခဲ့တာလဲ"

ကျန်းမုန့်လောင် အဆင်သင့်ဖြစ်နေပုံကို မြင်ရသဖြင့် လုဖေးကလည်း စိတ်လှုပ်ရှားစွာ‌ မေးခွန်းထုတ်လိုက်သည်။

"ခင်ဗျားတို့ထက် အဆတစ်ထောင်လောက်ပဲပိုများတယ်"

ကျန်းမုန့်လောင်က ပေါ့ပေါ့ပါးပါးသာ ပြောလိုက်ချေသည်။

"ဘာ?"

မာဟွားတို့တစ်သိုက်မှာ အကျယ်ကြီးအော်လိုက်မိသည်။

ထိုစဉ်တုန်းက ကျန်းမုန့်လောင်သည် မာဟွားနှင့် လီဟုန်းတို့ကို အပြင်းအထန်ရိုက်ချဖို့အတွက် ဒေါ်လာငါးရာဘီလီယံကို ထုတ်သုံးလာချိန်တုန်းက ထိုပိုက်ဆံများမှာ ကျန်းမုန့်လောင်၏ပိုင်ဆိုင်မှုများသာ ဖြစ်ဖို့များသည်။

မာဟွားနှင့် မာယွင်တို့လိုပင် သူတို့အားလုံးက အမေရိကန်ဒေါ်လာဘီလီယံအမြောက်အများ ပိုင်ဆိုင်ကြသော်လည်း ထိုပိုက်ဆံအများစုမှာ သူတို့ကုမ္ပဏီများ၏ပိုင်ဆိုင်မှုဖြစ်ပြီး သူတို့အနေနှင့် လေလံပွဲတွင် ပါဝင်ရန်အတွက် ကုမ္ပဏီ၏ရန်ပုံငွေများကို အသုံးပြုဖို့မဖြစ်နိုင်ချေ။

ထို့ကြောင့် ဘီလီပေါင်းများစွာပိုင်ဆိုင်သော လူများက လေလံပွဲတစ်ခုသို့ ဘီလီယံအနည်းငယ်သာ ယူလာခဲ့ခြင်းမှာ မဖြစ်နိုင်ဟုထင်ရသော်လည်း တကယ်တမ်းတွင် ထိုပမာဏက သူတို့ထုတ်ယူရရှိနိုင်သော သူတို့၏ကိုယ်ပိုင်ငွေသားများပင်။

ကျန်းမုန့်လောင်က ပိုချမ်းသာသည်ဆိုသော်ငြား သူ့အနေနှင့်လည်း အများဆုံးရှိလှ ယူရိုဘီလီယံအနည်းငယ်မျှသာ ယူလာနိုင်လိမ့်မည်ဟု သူတို့ယုံကြည်ခဲ့ကြသည်။

သူတို့ထက် အဆတစ်ထောင်လောက် ပိုများသတဲ့လား။ ထိုသို့ဆိုလျှင် ဒေါ်လာထရီလီယံနှင့်ချီသွားမည်မဟုတ်ပါလား။ မည်သို့ဖြစ်နိုင်မည်လဲ။ ကျန်းမုန့်လောင်၏ကုမ္ပဏီက သူတစ်ဦးတည်းပိုင်ဖြစ်ပြီး ငွေသားအားဖြင့်လည်း ယူရိုဘီလီယံရာဂဏန်းလောက် ရှိနေလေသလား။ မဖြစ်နိုင်ပေ။

Unicornနည်းပညာအတွက်ပင်လျှင် ဈေးကွက်တန်ဖိုးကား အမေရိကန်ဒေါ်လာဘီလီယံအနည်းငယ်ခန့်သာ ရှိပြီး ၎င်းကိုရောင်းထုတ်လိုက်ပြီး တစ်ဆယ်နှင့်မြှောက်လိုက်လျှင်ပင် တစ်ထရီလီယံကိုရောက်ဖို့ မဖြစ်နိုင်ချေ။

ကျန်းမုန့်လောင်က ခေါင်းတခါခါလုပ်၍ ရယ်မောလိုက်သည်။

"မအံ့ဩကြပါနဲ့ဗျာ။ ဒါက အခြေခံလုပ်ဆောင်ချက်တွေပဲရှိပါသေးတယ်။ ခင်ဗျားတို့ရဲ့ဆင်းရဲမွဲတေမှုက ခင်ဗျားတို့ရဲ့စိတ်ကူးစိတ်သန်းတွေကို ကန့်သတ်ထားလို့လေ"

ထို့နောက် ကျန်းမုန့်လောင်က အေးတိအေးစက်ရယ်မောလိုက်လေသည်။

"ပြီးတော့ အဲ့ဒီယဉ်ကျေးမှုအမွေအနှစ်တွေကိုဝယ်ဖို့အတွက် ကျုပ်က ဒီပိုက်ဆံတွေကိုသုံးပါ့မယ်လို့လည်း မပြောခဲ့မိပါဘူး"

***********

********

All Chapters