← Chapters

ငါက အဲ့ဒီယူရိုသန်းနှစ်ရာကို ဂရုစိုက်နေလို့လား

Vol. 15 Ch. 218

ငါက အဲ့ဒီယူရိုသန်းနှစ်ရာကို ဂရုစိုက်နေလို့လား

Vol. 15 Ch. 218

"ဒီလေယာဉ်တင်သင်္ဘောအကြောင်း သတင်းအချက်အလက်ကို အားလုံးရှေ့က ဖန်သားပြင်မှာ ပြသထားပြီးပြီဆိုပေမဲ့ ကျွန်မ လူကြီးမင်းတို့အားလုံးကို မိတ်ဆက်ပေးပါရစေ"

အမ်မာ့အနောက်ရှိ LEDဖန်သားပြင်ကြီးထက်တွင် ဗီဒီယိုတစ်ခု ပြသလာသည်။

"ဇီမီယယ်လို့ခေါ်တဲ့ ဒီလေယာဉ်တင်သင်္ဘောကြီးကို ၂၀၀၂ခုနစ်မှာ ဆောက်လုပ်ခဲ့ပြီး ပြီးစီးဖို့အတွက် ရှစ်နှစ်အချိန်ယူခဲ့ရပါတယ်။ ပထမဆုံးအသုံးပြုချိန်ကတော့ ၂၀၁၀မှာပါ"

"ဇီမီယယ်မှာ နည်းပညာမြင့်စနစ်တွေအများကြီး ပါဝင်ပါတယ်။ အဓိကအားဖြင့် လျှပ်စစ်စွမ်းအင်သုံးမောင်းနှင်စနစ်နဲ့ လျှပ်စစ်သံလိုက်ပဲ့ထိန်းနည်းပညာတို့ပါပဲ။သူ့ရဲ့အလျားက ၃၁၅.၂၅မီတာ၊ အကျယ်က ၃၉.၁၂မီတာ၊ ဗျက်က ၁၂မီတာရှိပြီး သူ့ရဲ့စံရေထုအလေးချိန်က ၁၀၀၀၀၀တန်၊ အမြင့်ဆုံးရေထုအလေးချိန်က ၁၁၀၀၀၀တန်ရှိပြီး အမြင့်ဆုံးအမြန်နှုန်းက ရေမိုင်၃၀ပါ။ စုစုပေါင်းကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာဆယ်ဘီလီယံကျော်ပါတယ်"

"သူတို့ရူးနေကြတာလား။ သူတို့က ဒီပစ္စည်းကြီးကိုတောင် ရောင်းနိုင်တယ်ပေါ"

စစ်ဘက်ဆိုင်ရာဝါသနာရှင်တစ်ဦးဖြစ်သည့် ဝမ်လင်က ဇီမီယယ်လေယာဉ်တင်သင်္ဘောအကြောင်းကို သူ့ခြေသူ့လက်လို ကောင်းကောင်းသိထားသည်။

"ကမ္ဘာတစ်ဝှမ်းက လေယာဉ်တင်သင်္ဘောတွေထဲမှာ ဇီမီယယ်ကို ဒုတိယအဆင့်လို့ သတ်မှတ်မယ်ဆိုရင် ဖို့ဒ်ကလပ်တစ်ခုတည်းကပဲ ပထမပါလို့ ပြောရဲမှာ။ ဒီပစ္စည်းကြီးက သမုဒ္ဒရာထဲကို ဆင်းလိုက်တာနဲ့ အရမ်းဝင့်ကြွားပြီး အရမ်းလွှမ်းမိုးနိုင်စွမ်းကြီးတာ။ တခြားဖျက်သင်္ဘောတွေထက် အများကြီးပိုခိုင်မာတယ်"

"ဘုရားရေ..ငါတော့ ဘုရားပဲတနိုင်တော့တယ်"

ဤအကျဉ်းချုပ်မိတ်ဆက်မှုကို နားထောင်ပြီးနောက် ကျန်းမုန့်လောင်လည်း အဆုံးမှာတော့ ဤလေလံပွဲတွင် ဘီလီယံအနည်းငယ်လောက်က ဘာလို့မလောက်ငှနိုင်ရသလဲဆိုသည်ကို နားလည်သွားချေပြီ။ ပထမဆုံးပစ္စည်းကတင် အမေရိကန်ဒေါ်လာ၁၀ဘီလီယံတန်သော လေယာဉ်တင်သင်္ဘောကြီးတစ်စင်း ဖြစ်နေပေသည်။ ဤသည်မှာ ဘယ်လိုဖြစ်ရလေသလဲ။

သို့သော် ဤသည်မှာ လေယာဉ်တင်သင်္ဘော၏ ဆောက်လုပ်ရေးစရိတ်မျှသာဖြစ်ပြီး သူ့တွင် လက်နက်စနစ်များစွာနှင့် အဆင့်မြင့်နည်းပညာများစွာ ပါရှိလေသည်။ ယခုမူ အငြိမ်းစားလေယာဉ်တင်သင်္ဘောတစ်စင်းမျှသာ ဖြစ်နေလေပြီ။ နည်းပညာပေါက်ကြားမှုမဖြစ်စေရေးအတွက် ၎င်း၏အချက်အချာကျသော နည်းပညာအစိတ်အပိုင်းများအားလုံးကိုတော့ ဖယ်ရှားထားပြီးဖြစ်၏။

ဘွင်းဘွင်းရှင်းရှင်းပြောရမည်ဆိုပါက ယခုဆိုလျှင် ၎င်းမှာ ပင်လယ်ထဲတွင် မျောလွင့်နေသည့် သတ္တုတုံးကြီးတစ်တုံးမျှသာ။ အမေရိကန်လူမျိုးများက ကုန်ကျစရိတ်များကို ပြန်လည်ဖာထေးဖို့အတွက် ၎င်းကို ရောင်းချလိုကြခြင်းဖြစ်နိုင်လောက်သည်။

မည်သို့ပင်ဖြစ်စေ ပုံမှန်အားဖြင့် လေယာဉ်တင်သင်္ဘောများ အငြိမ်းစားယူသွားပါက တစ်စစီဖြုတ်၍ ပြန်လည်အသုံးပြုကြသည်။ လေယာဉ်တင်သင်္ဘောကြီးတစ်ခုလုံး၏ သံမဏိများမှာ များများစားစားရနိုင်မည်မဟုတ်။ သို့သော် ဤထိပ်တန်းအဆင့်စီးပွားရေးလုပ်ငန်းရှင်များ၏ အမြင်မှာတော့ ဤပစ္စည်းက ကွဲပြားသည်။

တစ်စုံတစ်ယောက်ကသာ သူတို့အိမ်တွင် လေယာဉ်တင်သင်္ဘောတစ်စီးရှိသည်ဟု ပြောလာပါက ကမ္ဘာမြေတုန်လှုပ်ဖွယ်၊ မိုးမြေတစ်ခွင်အံ့အားသင့်ဖွယ်ရာ ကိစ္စတစ်ရပ်ပင်။ ဤသည်မှာ အတိုင်းထက်အလွန်ဂုဏ်ယူဝင့်ကြွားဖို့ကောင်းသော ကိစ္စတစ်ခုဖြစ်၏။

လေလံပွဲကျင်းပရာနေရာတွင် ဆူညံသံများ တစီစီထွက်ပေါ်လာသည်။ လူတိုင်းက ဤလေယာဉ်တင်သင်္ဘောကို အလွန်စိတ်ဝင်စားကြသည်။ သူတို့သည် ၎င်း၏နောက်ဆုံးဈေးနှုန်းက ဘယ်လောက်ဖြစ်မလဲ၊ မည်သူကများ ဝယ်သွားလေမလဲဆိုသည်ကို ဆွေးနွေးနေကြခြင်းပင်။

"ဒီလေယာဉ်တင်သင်္ဘောမှာ ဘာတွေကျန်နေသေးသလဲလို့ လူတိုင်းသိချင်နေကြမယ်ထင်ပါတယ်"

အမ်မာက ဖိုင်စာရင်းတစ်ခုကို ဖွင့်လိုက်သည်။

"ဇီမီယယ်က သူ့ရဲ့မူရင်းနျူကလီးယားစွမ်းအင်စနစ်ကို ထိန်းသိမ်းထားပါသေးတယ်။ ဒါပေမဲ့ လုံခြုံရေးအရ အဲ့ဒီအရာကို သာမန်ကမ္ဘာ့နည်းပညာအဆင့်ရှိ အင်ဂျင်တစ်ခုအဖြစ် အဆင့်လျှော့ချထားပါတယ်။ ဒါပေမဲ့လည်း သူ့စွမ်းအားကတော့ အင်မတန်ကြီးမားနေဆဲပါပဲ"

"ပြီးတော့ ရေဒါရှာဖွေရေးစနစ်တို့ စွန့်ပစ်ဓာတ်ငွေ့ပြန်လည်အသုံးချရေးစနစ်တို့ ပင်လယ်ရေသန့်စင်ရေးစနစ်တို့လို အခြေခံစနစ်တွေအားလုံးကိုတော့ ထိန်းသိမ်းထားပါသေးတယ်။ ပင်မနည်းပညာကလွဲရင် ကျန်တဲ့အရာအားလုံးက ပြီးပြည့်စုံစွာတည်ရှိနေသေးတယ်လို့ ဆိုနိုင်ပါတယ်"

အမ်မာက ရှင်းပြလိုက်သည်။

"စစ်ရေးဆိုင်ရာကလွဲရင် သူ့ရဲ့ရေကြောင်းမောင်းနှင်နိုင်စွမ်းကိုလည်း ၆၀ရာခိုင်နှုန်းကျော်အထိ ထိန်းသိမ်းထားတုန်းပါ"

"ပြီးတော့ ဒီလေယာဉ်တင်သင်္ဘောကို ရရှိသွားမဲ့ ဝယ်ယူသူအနေနဲ့ အခမဲ့ဝန်ဆောင်မှုအဖြစ် ပရော်ဖက်ရှင်နယ်ဝန်ထမ်းအယောက်၂၀၀ကိုပါ ရရှိမှာဖြစ်ပြီး ဝန်ဆောင်မှုကာလအနေနဲ့ ဆယ်နှစ်သတ်မှတ်ထားပါတယ်။ ဒီကာလပြီးဆုံးသွားရင် သူတို့ကိုအလုပ်ပြန်ခန့်ဖို့အတွက် စာချုပ်သက်တမ်းတိုးနိုင်ပါတယ်"

အမ်မာက နောက်ထပ်ငါးမိနစ်ခန့် အဓိကလုပ်ဆောင်ချက်များအကြောင်း အကြမ်းဖျင်းဆက်လက်ရှင်းပြပြီးနောက်မှာ လူတိုင်းလည်း အငြိမ်းစားယူထားသောဇီမီယယ်အကြောင်း အတော်အတန်နားလည်သွားကြသည်။

"အခု ဇီမီယယ်လေယာဉ်တင်သင်္ဘောအတွက် လေလံစတင်ပါတဘ်။ လူတိုင်းလည်း စည်းမျဉ်းတွေကိုနားလည်ပြီးသားဖြစ်လိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ အနိမ့်ဆုံးဈေးရယ်လို့မရှိပါဘူး။ တစ်ခါဈေးမြှင့်ရင် ယူရိုငါးသန်းအောက် မလျော့ရပါဘူး။ လေလံပွဲ စတင်လိုက်ကြရအောင်"

"ငါးသန်း"

ဥရောပစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က ရေအတိမ်အနက်ကိုစမ်းသပ်ရန်အတွက် ဈေးနှုန်းတစ်ခုကို ဆိုလာလေသည်။ သို့သော် ဤလေယာဉ်တင်သင်္ဘော၏ နောက်ဆုံးဈေးနှုန်းမှာ ယူရိုငါးသန်ကျော်လိမ့်မည်ဖြစ်ကြောင်း လူတိုင်းသိထားသည်။

"လောင်ဝမ်.. မင်းက ဒီပစ္စည်းနဲ့ရင်းနှီးပြီးသားဆိုတော့ ဒါကို ဘယ်လောက်နဲ့ရောင်းလို့ရလောက်မယ်ထင်လဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"အိုး..မင်း စိတ်ဝင်စားလို့လား"

ကျန်းမုန့်လောင်က လေယာဉ်တင်သင်္ဘောတစ်စင်းကို ရွက်လှေအဖြစ် သုံးချင်ကြောင်း ပြောဖူးသည်ကို ဝမ်လင် သတိရလိုက်သည်။

"ဒါပေါ့။ ငါ အဲ့လိုပြောတုန်းက နောက်နေတယ်လို့များထင်နေတာလား"

ကျန်းမုန့်လောင်က ပြောလိုက်သည်။ လေယာဉ်တင်သင်္ဘောတစ်စင်းဖြင့် ကစားလိုသောဆန္ဒကို ဘေးဖယ်ထားလိုက်လျှင်ပင် ယနေ့ အမေရိကန်ဒေါ်လာတစ်ရာဘီလီယံကို ကုန်အောင်သုံးရမည့်တာဝန်ကို ပြီးမြောက်အောင်မြင်နိုင်လောက်သည်။

"ဇီမီယယ်ရဲ့တည်ဆောက်စရိတ်က ဆယ်ဘီလီယံကျော်ဆိုပေမဲ့ ဈေးအကြီးဆုံးအစိတ်အပိုင်းအများစုကို ဖြုတ်ထားပြီးပြီလေ။ လေယာဉ်တင်သင်္ဘောတစ်စီးအနေနဲ့ သူ့ရဲ့ဗျူဟာမြောက်အရေးပါမှုက စစ်ရေးအသုံးချမှုထက် ပိုအရေးပါတယ်။ အဲ့ဒါက သင်္ဘောကြမ်းပြင်တစ်ခုပါတဲ့ ရွေ့လျားနိုင်တဲ့ညွှန်ကြားရေးဗဟိုတစ်ခုသာသာပဲ ရှိတော့တာ။ အဲ့ဒါကြောင့် ဒီအငြိမ်းစားဇီမီယယ်ရဲ့တန်ဖိုးက တော်တော်ကြီးလျော့သွားလိမ့်မယ်။ ငါ့အထင်တော့ ယူရိုရှစ်ဘီလီယံကနေ ဆယ်ဘီလီယံကြား ရှိလိမ့်မယ်ထင်တယ်"

"တကယ့်လက်တွေ့အသုံးဝင်မှုထက် စုဆောင်းရေးတန်ဖိုးကတော့ ပိုများတာပေါ့"

ဝမ်လင်က ထပ်ဖြည့်ပြောလာလေသည်။

"မင်း အဲ့ဒါကို တကယ်ပဲ ရွက်လှေအဖြစ် ပြောင်းချင်တယ်ဆိုရင် ပြောင်းလဲပြုပြင်ရေးစရိတ်က ယူရိုဆယ်ဘီလီယံကျော်သွားလောက်တယ်"

"ယူရိုရှစ်ဘီလီယံနဲ့ဆယ်ဘီလီယံကြားပေါ့"

ကျန်းမုန့်လောင်လည်း သူ့ထိုင်ခုံရှိ လေလံခလုတ်ကို ချက်ချင်းနှိပ်ချလိုက်သည်။

"ယူရိုဆယ်ဘီလီယံ"

"ဝိုး"

အံ့ဩသံတစ်သံ ထွက်ပေါ်လာပြီးနောက် လူတိုင်း၏အကြည့်က ဒုတိယထပ်ရှိ ဗီအိုင်ပီအခန်းဆီသို့ ကျရောက်သွားကြသည်။

လေလံဈေးနှုန်းများက မြင့်တက်နေသည်ဆိုသော်ငြား ကျန်းမုန့်လောင်က သူ့ဈေးနှုန်းကို အော်မလာခင်အထိ ဈေးနှုန်းက ၈၅သန်းအထိသာ ရောက်သေးသည်။ အဖွင့်ဈေးတစ်ချက်တည်းနှင့် သူက ဆယ်ဆလောက်မြှင့်ပစ်လိုက်သည်။ သူ ဘာလုပ်ဖို့ကြိုးစားနေတာပါလိမ့်။

"သေစမ်း..မင်းဘာလုပ်နေတာလဲ"

ဝမ်လင်က ကျန်းမုန့်လောင်၏လက်ကို ရိုက်ထုတ်လိုက်သည်။

"တစ်ခါတည်းနဲ့ ဆယ်ဘီလီယံလို့အော်ချလိုက်တာ မင်းရူးနေပြီလား"

"မင်းပဲ အဲ့ဒါက ရှစ်ဘီလီယံကနေ ဆယ်ဘီလီယံကြား တန်ဖိုးရှိတယ်ဆို"

ကျန်းမုန့်လောင်ခမျာ လုံးဝအကြောင်သားဖြစ်သွားရသည်။

"ငါက နောက်ဆုံးအပိတ်ဈေးကိုပြောနေတာလေ။ သူတို့က ငါးသန်းစီတိုးနေကြတာ။ ဒါက လေလံပွဲနော်။ ချက်ချင်းဝယ်ယူစနစ်မဟုတ်ဘူး။ ဘယ်သူက မင်းလိုမျိုး ဈေးခေါ်လို့လဲ"

ဝမ်လင့်ခမျာ အုတ်နံရံကြီးကို စကားပြောနေရသလို ခံစားနေရသည်။

"သူတို့တွေ အီးရောအီးရောလုပ်နေတာကို ငါစိတ်မရှည်တော့လို့လေ"

ကျန်းမုန့်လောင်က ရှင်းပြလိုက်သည်။

"သူတို့ပေးတဲ့ဈေးအတိုင်းဆိုရင် ဘယ်တော့မှအဆုံးသတ်မှာလဲ။ ဒီနေ့ လေလံပစ္စည်းတွေက တစ်ရာကျော်တယ်လေ။ အကုန်လုံးက အရွယ်ရောက်ပြီးသားတွေ။ အလုပ်လည်းများတယ်။ ငါတို့မှာ အဲ့လောက်အထိ ဖြုန်းစရာအချိန်မရှိဘူး။ လိုရင်းကို တန်းသွားလိုက်တာ ပိုကောင်းတယ်"

"ဒါပေမဲ့ မင်း ဆယ်ဘီလီယံလို့ တန်းအော်လိုက်လို့မဖြစ်ဘူးလေ။ ရှစ်ဘီလီယံလောက်နဲ့ အရင်စလိုက်ပါ့လား"

ဝမ်လင်လည်း ပြောစရာစကားကင်းမဲ့သွားရသည်။

"တခြားစ်ယောက်ရဲ့စိတ်ထဲကအမြင့်ဆုံးဈေးက ယူရိုရှစ်ဘီလီယံပဲရှိတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ မင်း နှစ်ဘီလီယံရှုံးမသွားဘူးလား။ မင်း ဒီလိုအကွက်ရွှေ့ရတာမဟုတ်ဘူးလေ"

"ငါက ယူရိုနှစ်ဘီလီယံလောက်ကို ဂရုစိုက်မဲ့လူမို့လို့လား"

ကျန်းမုန့်လောင်က မျက်ဆန်လည်ပြလိုက်ချေသည်။

"မင်း…"

ဝမ်လင်လည်း ခေါင်းလှည့်၍ တစ်ဖက်ကိုထွက်သွားလိက်သည်။ ကျန်းမုန့်လောင်နှင့် ပိုက်ဆံအကြောင်းပြောရသည်မှာ သူ့သက်တမ်း ဆယ်နှစ်လောက်တိုသွားသလိုပင်။

တကယ်တမ်းမှာတော့ ကျန်းမုန့်လောင် ရှုံးသွားသည်ဟု ဝမ်လင်က ထင်မိသော်ငြား ကျန်းမုန့်လောင်ကိုယ်တိုင်ကတော့ ထိုသို့မထင်ချေ။ သူ့အနေနှင့် ယခုလိုပိုက်ဆံအများကြီးသုံးနိုင်မည့် အခွင့်အရေးမျိုးဆိုသည်မှာ ကြုံတောင့်ကြုံခဲပင်။

"အဲ့ဒီလူက ဘယ်သူလဲ"

"သူရူးနေတာလား"

"သောက်ကျိုးနည်း"

"သေစမ်း"

"လူငယ်အသံတစ်သံပဲ"

"အဲ့ဒါက ကျန်းမုန့်လောင်ဆိုတဲ့ ဟွာရှားလူငယ်လေးများလား"

"အမှန်ပဲ။ ငါ အဲ့ဒီအသံကို လွဲစရာအကြောင်းမရှိဘူး"

ကျန်းမုန့်လောင်၏သရုပ်မှန်မှာ အတည်ပြုဖို့အတွက် သိပ်မကြာလိုက်ပေ။ သို့သော် ကျန်းမုန့်လောင်ကတော့ ဂရုမစိုက်ပေ။ သူတို့တွင် သတ္တိရှိပါက သူ့ကိုလာပြီး တိုက်ခိုက်နိုင်သည်။

"အခုလက်ရှိ အမြင့်ဆုံးပေးတဲ့ဈေးက ဗီအိုင်ပီအခန်းနံပါတ်သုညက ဧည့်သည်ပဲဖြစ်ပါတယ်။ ယူရိုဆယ်ဘီလီယံထက် ပိုပေးမဲ့လူတစ်ယောက်ယောက်များ ရှိပါသလား"

အမ်မာ၏မျက်နှာထက်တွင် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။ လေလံပစ်သူတစ်ယောက်အနေနှင့် သူ(မ)လည်း ကော်မရှင်ခရသည်ဖြစ်ရာ ရောင်းသူ၏အနည်းဆုံးသတ်မှတ်ဈေးနှုန်းအပေါ် မူတည်၍ ရခြင်းပင်။

ဤလေယာဉ်တင်သင်္ဘောကို ရောင်းချသူ၏ ခန့်မှန်းဈေးနှုန်းမှာ ယူရိုသန်း၇၈၀ဖြစ်သည်။ ဤသင်္ဘောကိုသာ ယူရိုဆယ်ဘီလီယံဖြင့် ရောင်းချလိုက်ပါလျှင် သူ(မ)၏ကော်မရှင်ခကလည်း ယူရိုသန်း၂၂၀ကွာဟချက်အပေါ်တွင် မူတည်သွားပေလိမ့်မည်။

၁%မျှသာဆိုလျှင်ပင် ယူရို၂.၃သန်းပင်။

ရုတ်ခြည်းဆိုသလို အမ်မာ့တွင် ခိုင်မာလှသော အတွေးတစ်ခုပေါ်လာသည်။ ယနေ့ပြီးလျှင် သူ(မ)၏အသားတင်ပိုင်ဆိုင်မှုသည် ဤနေရာရှိလူအများစုထက် ကျော်လွန်သွားနိုင်ပေသည်။

************

All Chapters