မင်း Taobaoမှာ ဈေးဝယ်နေတာလား
Vol. 15 Ch. 220
"လုရွှင်း ဒီလိုပြောတာကို ငါ ဘာလို့မကြားဖူးရတာပါလိမ့်"
လုရီယောင်မှာ အကျယ်ကြီးအော်ရယ်မိသည်။
"လုရွှင်းမဟုတ်ဘူးဆိုရင်လည်း ကျိုးရှုရန်ပဲဖြစ်ဖြစ် တခြားဘယ်သူပဲပြောပြောပေါ့။ သူတို့ထဲက တစ်ယောက်ယောက်ကတော့ ပြောမှာပါပဲ"
ကျန်းမုန့်လောင်ကလည်း နောက်ပြောင်လိုက်သည်။
"ဘုရားရေ.. ကျိုးရှုရန်ကတော့ ဖန်ဥယျာဉ်ကနေ စန်းဝေ့စာကြည့်ခန်းအထိ တစ်လမ်းလုံး ဆဲနေတော့မှာပဲ"
"လူကြီးမင်း.. ဆက်ပြီးလေလံဆွဲဦးမှာလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"ထားလိုက်ပါတော့။ မင်းပဲ ယူလိုက်ပါတော့"
ထိုအဘိုးကြီးက သက်ပြင်းချလိုက်သည်။
ဗီအိုင်ပီအခန်းနံပါတ်သုံးတွင် အသက်ကိုးဆယ်နီးပါးရှိသော အဘိုးကြီးတစ်ယောက်ရှိ၏။ သူသည် ထိပ်ပြောင်လုနီးပါးဖြစ်နေပြီး သူ့ခန္ဓာကိုယ်ကလည်း လုံးဝအောက်ပိုင်းသေနေသည့်အလား ဘီးတပ်ကုလားထိုင်ထဲတွင် ပစ်ထိုင်ထားသည်။ သူ့အနောက်တွင်မူ အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ယောက် မတ်တတ်ရပ်နေသည်။
"အဖေ.. နည်းနည်းလောက်ထပ်မပြိုင်တော့ဘူးလား။ စပိန်တော်ဝင်မျိုးနွယ်တွေအနေနဲ့ ကျွန်တော်တို့လည်း ကျွန်တော်တို့ဘိုးဘေးတွေ ဆုံးရှုံးခဲ့ရတဲ့ပစ္စည်းတွေကို ပြန်အရယူဖို့ အကြောင်းပြချက်တစ်ခုရှိတာပဲ"
"ဟီးဟီး.. နိုင်ငံပျက်သုဉ်းပြီး ငါတို့တွေကန်ထုတ်ခံခဲ့ရတဲ့အချိန်တုန်းကတော့ ငါတို့ကို ဘယ်သူကမှ တော်ဝင်မျိုးနွယ်တွေပါလို့ အသိအမှတ်မပြုခဲ့ကြဘူးလေ"
အဘိုးကြီးက လွမ်းဆွေးဖွယ်ကောင်းအောင် ရယ်မောလိုက်သည်။
"ငါ အခုစမ်းကြည့်ပြီးပြီလေ။ အနည်းဆုံးတော့ ငါ့တာဝန်ကို နည်းနည်းတော့ထမ်းဆောင်ခဲ့တာပဲ။ မမေ့လိုက်နဲ့။ ငါတို့ ဒီကိုလာရတဲ့ တကယ့်ရည်ရွယ်ချက်က အဲ့ဒီပစ္စည်းမဟုတ်ဘူး"
"အဖေ.. ကျွန်တော်တို့ယူလာတဲ့ပိုက်ဆံက လောက်ပါတယ်"
"မဟုတ်ဘူး။ မင်း အဲ့ဒီပစ္စည်းရဲ့ဆွဲဆောင်မှုကို လျှော့တွက်နေတာပဲ"
အဘိုးကြီးက ပြန်ပြောလိုက်ချေသည်။
"ဒီတစ်ခေါက် ငါတို့တင်မကဘူး။ တခြားနိုင်ငံတွေကလည်း သူတို့ကိုယ်စားလှယ်တွေကို ဒီကိုစေလွှတ်ထားတယ်။ ပြီးတော့ ဒုတိယကမ္ဘာက လူသားတွေတောင် အများကြီးရှိတယ်။ ငါတို့ အဲဒါကိုအရယူနိုင်ခဲ့ရင်တောင် ဒီနေရာကနေ ထွက်သွားဖို့အတွက် ခက်ခဲဦးမှာ"
"ဒါပေမဲ့ အဖေ…."
သက်လတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာထက်တွင် သံသယများ ပြည့်နှက်နေသည်။
"အဲ့လိုပစ္စည်းမျိုးက ကမ္ဘာပေါ်မှာ တကယ်ရှိလို့လား။ လူတစ်ယောက်ကို နှစ်ပေါင်းရာချီတဲ့အထိ ရှင်သန်နိုင်အောင်လုပ်ပေးတဲ့အရာတဲ့။ ယုံဖို့တောင်ခပ်ခက်ခက်ပဲ"
"ကျယ်ပြန့်လွန်းလှတဲ့ကမ္ဘာကြီးထဲမှာ အံ့ဖွယ်ရာတွေနဲ့ပြည့်နှက်နေတာ။ ငါတို့ အဲ့ဒီဖြစ်ရပ်နဲ့ မကြုံခင်တုန်းကရော ကမ္ဘာပေါ်မှာ ဒုတိယကမ္ဘာဆိုတာရှိနေမှန်းတောင် မသိခဲ့ကြဘူးမလား"
"ဟုတ်ပါတယ်"
သက်လတ်ပိုင်းအရွယ်အမျိုးသားက ခေါင်းညိတ်ပြလိုက်သည်။
"အဲ့ဒီပစ္စည်းမှာ အရမ်းအံ့ဩဖို့ကောင်းတဲ့အစွမ်းမျိုး ရှိပါစေလို့မျှော်လင့်ပါတယ်"
"ဟီးဟီး… ငါကတော့ အသက်တစ်ရာရှည်ဖို့အထိ မမျှော်လင့်ပါဘူးကွာ။ ဒီလိုမသေမရှင်ဖြစ်နေရတဲ့ဘဝက လွတ်မြောက်ရင်တော်ပါပြီ။ ဆယ်နှစ်လောက်ပဲဆိုရင်တောင် တန်ပါတယ်"
...
သုံးကြိမ်ပြည့်သွားသည့်တိုင် မည်သူကမှ ပိုများသည့်လေလံဈေးကို ဆိုမလာတော့ချေ။
"ဗီအိုင်ပီအခန်းနံပါတ်သုညက လူကြီးမင်း "မစ္စတာအစားအသောက်ခုံမင်သူ"ကို အနုပညာလက်ရာမြောက်ပစ္စည်းကို အောင်အောင်မြင်မြင်ရရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်။"
အမ်မာက အနည်းငယ်နောက်ပြောင်လိုက်သည်။
"ပြီးတော့ ဒီအသုံးအဆောင်ပစ္စည်းကို အခုထိ နာမည်မပေးရသေးပါဘူး။ ရှင့်မှာ အဲ့ဒါကို နာမည်ပေးခွင့်လည်းရသွားပါပြီ"
"ဒါဆို "လျှာကဝေရဲ့စိတ်ဝိညာဉ်"လို့ခေါ်မယ်"
ကျန်းမုန့်လောင်က စဉ်းပင်မစဉ်းစားဘဲ ထုတ်ပြောလာသည်။
"ဟားဟားဟား"
ဝမ်လင့်ခမျာ အကျယ်ကြီးအော်ရယ်မိမတတ်ပင်။
"မသိရင် တစ်ယောက်ယောက်က ခေါင်းတလားအဖုံးကို တူနဲ့ရိုက်ထုလိုက်သလိုပဲ။ ငါ မင်းကို ဆယ်ဒေါ်လာလောင်းမယ်။ မင်း ဒီပစ္စည်းကို "လျှာကဝေရဲ့စိတ်ဝိညာဉ်"လို့ပေးလိုက်မှန်းသာသိရင် ချားလ်ဗွီက သူ့အုတ်ဂူထဲက ပြန်ထလာပြီး မင်းနဲ့စာရင်းလာရှင်းလိမ့်မယ်"
"အိမ်တော်ထိန်း"
ကျန်းမုန့်လောင်က သူ့အိမ်တော်ထိန်းကို ချက်ချင်းခေါ်လိုက်သည်။
"မနက်ဖြန်နေ့လယ်စာအတွက် အများကြီးလုပ်မထားနဲ့။ ဟင်းသုံးခွက်နဲ့ စွပ်ပြုတ်နှစ်ပန်းကန်၊ထမင်းနှစ်ပန်းကန်လောက်ဆိုရင် ရပြီ။ ကျွန်တော် အခုလေးတင်မှ အသစ်စက်စက်ဝယ်ထားတဲ့ "လျှာကဝေရဲ့စိတ်ဝိညာဉ်"နဲ့ထည့်စားကြတာပေါ့။ ယူရိုသန်းနှစ်ရာတန်ပန်းကန်နဲ့စားရင် အရသာများပိုကောင်းမလားလို့ ကြည့်ကြသေးတာပေါ့"
အိမ်တော်ထိန်းကြီးခမျာ အကြောင်သားဖြင့် ဖုန်းကောက်ကိုင်လိုက်ရသည်။
မြောင် မြောင် မြောင်… သူ သောက်ကျိုးနည်း ဘာပြောသွားတာလဲ။
...
"ငါးရာကာရတ်ရှိတဲ့ ပန်းရောင်စိန်တဲ့။ သာမန်မဟုတ်ဘူးပဲ။ ငါယူလိုက်မယ်"
"De Kooningရဲ့နာမည်ကြီးပန်ချီကား "Exchange"ပဲ။ အိုး.. ငါ ဒါကိုသိတယ်။ ကြည့်ရတာတော့ ဒီပန်းချီကားကို ၂၀၀၆ခုနစ်တုန်းက ရင်းနှီးမြှုပ်နှံမှုစီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်က ဟွာရှားငွေနှစ်ဘီလီယံနဲ့ ဝယ်သွားခဲ့တယ်မလား။ ပစ္စည်းကောင်းပဲ။ ငါယူမယ်"
"သေစမ်း! ထရိုင်နိုဆောရက်စ်ရဲ့အရိုးစုကြီးဟ။ ဒါကို အိမ်ရဲ့အိမ်စောင့်ရတနာအဖြစ် သုံးလို့ရတယ်။ ဝယ်မယ်"
"ဖုကန်ဥက္ကာခဲ! အဲ့ဒါက ဟွာရှားငွေ၄.၅ဘီလီယံတန်တယ်။ ဘုရားရေ.. အဲ့ဒါလည်းယူမယ်"
...
"သုံးဘီလီယံ"
"ငါးဘီလီယံ"
"ရှစ်ဘီလီယံ"
...
လေလံပွဲခန်းမထဲတွင် အမ်မာ၏မိတ်ဆက်သံများနှင့် ကျန်းမုန့်လောင်၏ဈေးခေါ်သံများသာ ပဲ့တင်ထပ်နေချေသည်။
လေလံပွဲစပါပြီဆိုကတည်းက ကျန်းမုန့်လောင်သည် မိမိကိုယ်ကိုအလိုလိုက်အကြိုက်ဆောင်နေချေသည်။ ဤလေလံပွဲသည် ကမ္ဘာ့အဆင့်မီလေလံပွဲတစ်ခုဟု ခေါ်ထိုက်ပေသည်။ ပစ္စည်းတစ်ခုချင်းစီတိုင်းက ကျန်းမုန့်လောင်၏စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့သည်။
အရေးကြီးဆုံးအချက်မှာ ကျန်းမုန့်လောင်အနေနှင့် သူ့ဖြည့်ဆည်းရမည့်တာဝန်ကို ပြီးမြောက်ဖို့ နီးကပ်သည်ထက် နီးကပ်လာခြင်းပင်။
လေလံပစ္စည်း၁၂ခုစလုံးကို ခြွင်းချက်မရှိပါဘဲ ကျန်းမုန့်လောင်ကသာ ဝယ်ယူခဲ့သည်။ အခြားလူများကလည်း လေလံတင်ပါသော်ငြား ကျန်းမုန့်လောင်က တစ်ကြိမ်ချင်းစီတိုင်းမှာ ယူရိုသန်းပေါင်းများစွာ ဈေးမြှင့်လိုက်သည်ဖြစ်ရာ ထိုပမာဏသည် သာမန်လူများအတွက် လိုက်မမီနိုင်သော ပမာဏပင်။
လေလံပစ္စည်းတိုင်းကလည်း မျှော်မှန်းထားသောဈေးထက် အများကြီးကျော်လွန်သွားသဖြင့် စင်ပေါ်ရှိ အမ်မာခမျာ သူ(မ)၏ဝတ်စုံလေး ကွဲထွက်သွားမတတ် ရယ်မောမိလုနီးနီးပင်။
ပစ္စည်း၁၂ခုအတွက် ကျန်းမုန့်လောင်ကလည်း စုစုပေါင်းယူရို၆၃ဘီလီယံကို သုံးစွဲပြီးဖြစ်၏။ ဤနှုန်းအတိုင်းသာဆိုလျှင် လေလံပစ္စည်းတစ်ဝက်ခန့်ကို ဝယ်ယူရုံမျှဖြင့် သူ့တာဝန်ကို ပြီးမြောက်နိုင်လောက်သည်။
သူ များများဝယ်လေလေ ထိန်းမနိုင်သိမ်းမရဖြစ်လေလေပင်။
"ဥက္ကဋ္ဌမာ.. ဒါက လေလံပွဲရောဟုတ်ရဲ့လား"
လီဟုန်းခမျာ လက်လျှော့လုနီးပါး ဖြစ်နေလေသည်။ ဤလူသာရှိနေပါက သူတို့ ဘာများဝယ်နိုင်မည်တဲ့လဲ။
"သူ Taobaoမှာ ဈေးဝယ်တယ်များမှတ်နေသလားပဲ"
မာဟွားကလည်း ဆွံ့အလျက်ရှိသည်။
"ဒေါ်လာသန်းဂဏန်းကို ဒေါ်လာနည်းနည်းလေးလိုသဘောထားပြီး သုံးနေတဲ့လူမျိုးကို မင်းတို့တွေ့ဖူးကြလား"
"ငါ့ကိုလာမကြည့်နဲ့"
မာယွင်က စိတ်ညစ်ညူးစွာ ဆိုလိုက်လေသည်။
"ဒီစစ်ဆင်ရေးက အခု ငါနားလည်နိုင်တဲ့အတိုင်းအတာကို ကျော်လွန်သွားပြီ"
"ဟားဟားဟား နောက်ဆုံးတော့ ငါတို့နှစ်ယောက်တည်းပဲ မွန်းကြပ်ရတော့တာမဟုတ်ဘူးပဲ"
မာယွင်၏အမူအရာကို မြင်လိုက်ရသောအခါ မာဟွားနှင့် လီဟုန်းတို့လည်း ယခုမှ ဘက်ညီသွားသလို ခံစားလိုက်ရသည်။
"ငါတို့ အခုဘယ်ရောက်နေပြီလဲ"
ဝမ်လင်ကတော့ သူ့နေရာတွင် အိပ်ပျော်လုနီးနီးပင်။ သူက မျက်လုံးကိုပွတ်သပ်လျက်
"မင်း ပစ္စည်းဘယ်နှခုဝယ်ပြီးပြီလဲ"
"သိပ်မများသေးပါဘူး။ ခြောက်ဆယ်ဘီလီယံလောက်ပဲ ရှိပါသေးတယ်။ ပစ္စည်း၁၂ခုလေ။ မင်းဘာသာ ကြည့်ကြည့်လိုက်"
ကျန်းမုန့်လောင်က စမတ်တက်ဘလက်ကို ဝမ်လင့်ရှေ့သို့ တွန်းပို့လိုက်သည်။
"မင်းရူးနေလား။ ပိုက်ဆံကို ဒီလိုသုံးရမှာမဟုတ်ဘူးလေ"
ကျန်းမုန့်လောင်၏ ဈေးဝယ်စာရင်းကိုကြည့်၍ ဝမ်လင့်ခမျာ ဓားတစ်ချောင်းယူ၍ ကျန်းမုန့်လောင်ကို သတ်ပစ်ချင်စိတ်ပေါက်သွားသည်။ ဤပစ္စည်းများမှာ တစ်ခုမှ အသုံးမဝင်ချေ။
"မင်း ဒီဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်းကြီးကို ဘာလို့ဝယ်လိုက်တာလဲ"
"မိစ္ဆာဝိညာဉ်တွေကို နှင်ထုတ်ဖို့လေ"
...
"ဒီဥက္ကာခဲကရော"
"ဒီဥက္ကာခဲက အရမ်းမာတယ်လို့ သူတို့ကပြောလို့လေ"
"ဒီတော့ဘာဖြစ်လဲ"
"အဲ့ဒါကို သစ်ကြားသီးခွဲဖို့ သုံးလို့ရတယ်လေ"
"ငါ..."
ဝမ်လင်၏နှုတ်ခမ်းမှာ တွန့်လိမ်သွားရချေသည်။ ဤသည်မှာ ချမ်းသာခြင်း၏ ရိုးရှင်းလှသောပျော်ရွှင်မှုပင် ဖြစ်လောက်သည်။
...
"ဒီဟွာရှားလူမျိုးမှာ ပိုက်ဆံဘယ်လောက်တောင်ရှိတာလဲ"
"မသိဘူး။ ဒါပေမဲ့ ဒီနေ့ ဒီလေလံပွဲမှာရှိသမျှပစ္စည်းတိုင်းကို သူ ဝယ်နိုင်လောက်တယ်လို့တော့ ခံစားမိတယ်"
"မင်းတို့တွေကြားဖူးကြလား။ ကျန်းမုန့်လောင်က မကြာသေးခင်တုန်းက ချင်းချိုးနိုင်ငံကိုသွားပြီး သူတို့ဘဏ်တွေထဲကနေ ချင်းချိုးငွေဘီလီယံပေါင်းများစွာကို ငွေသားချည်းထုတ်ယူခဲ့တာတဲ့"
"အဲ့ဒါက အမေရိကန်ဒေါ်လာနဲ့ဆိုရင် ဘီလီယံရာဂဏန်းအများကြီးရှိတယ်မလား"
"ဒါဆို ကျုပ်တို့က ဘာလို့ လေလံပွဲလုပ်နေသေးတာလဲ"
"သူက လေလံပွဲကို လမ်းဘေးဈေးထဲမှာ ဝင်ဝယ်သလိုလုပ်နေတာ မထူးဆန်းတော့ပါဘူး"
စိတ်လှုပ်ရှားမှုရရုံသက်သက် လာခဲ့သောလူချမ်းသာများနှင့်မတူပါဘဲ တချို့လူများကတော့ မျက်နှာပျက်ယွင်းနေကြပြီး ပို၍ပင် စိတ်သောကရောက်နေကြရသည်။ သူတို့သည် ထူးခြားသောရည်ရွယ်ချက်တစ်ခုနှင့် ရောက်ရှိလာခြင်းဖြစ်ပြီး ထိုပစ္စည်းတစ်ခုတည်းကိုသာ စိတ်ဝင်စားကြသည်။
သို့သော် ယခုလိုသာဆက်သွားနေပါက ထိုပစ္စည်းကို ကျန်းမုန့်လောင်ပင် ဝယ်ယူသွားနိုင်ခြေရှိသည်။ နိုင်ငံတစ်နိုင်ငံပင်လျှင် ကျန်းမုန့်လောင်လိုမျိုး ဘဏ္ဍာရေးအင်အားမျိုး ရှိနိုင်မည်မဟုတ်။
သို့သော် ဤအဖြစ်က အမ်မာ့ကိုတော့ နည်းနည်းသော်မျှ ထိခိုက်မှုမရှိပေ။ ပွဲစီစဉ်သူများက သူ(မ)၏ပထမဆုံးသောကော်မရှင်ခကို လွှဲပြောင်းလိုက်ပြီဖြစ်ကြောင်း အသိပေးထားပြီးဖြစ်သည်။ စုစုပေါင်း ယူရိုသန်း၃၂၀ပင်။ သူ(မ)ကတော့ ကျန်းမုန့်လောင် ပို၍ရူးသွပ်လာဖို့သာ မျှော်လင့်မိသည်။
"အခုလာမဲ့ ဆယ့်သုံးခုမြောက်လေလံပစ္စည်းကတော့ ရှည်လျားတဲ့သမိုင်းကြောင်းတစ်ခုနဲ့ ခမ်းနားထည်ဝါလှတဲ့ယဉ်ကျေးမှုမျိုးရှိတဲ့ ဟွာရှားနိုင်ငံကပါ"
ထိုအခိုက်အတန့်ဝယ် ထိုနေရာရှိ ဟွာရှားလူမျိုးတိုင်း၏ အမူအရာများမှာ ပြောင်းလဲသွားလေတော့သည်။ ကောလာဟလများမှာ စင်စစ်မှန်ကန်လှပေသည်။ ဤလေလံပွဲတွင် ဟွာရှားက ပစ္စည်းများ တကယ်ပါဝင်နေချေသည်။
***********