ဘယ်သူဝယ်ရဲလဲ
Vol. 15 Ch. 221
"ဟွားရှားဆိုတာ သမိုင်းကြောင်းရှည်လျားတဲ့နိုင်ငံတစ်ခုဖြစ်တယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ကမ္ဘာ့ရှေးအကျဆုံးယဉ်ကျေးမှုတွေထဲကတစ်ခုအဖြစ် ဟွာရှားသမိုင်းမှာ ရတနာများစွာလည်း ပေါက်ဖွားခဲ့ပြီး သူတို့ရဲ့လက်မှုပညာတော်တော်များများကိုလည်း နည်းပညာတိုးတက်တဲ့ ယနေ့ခေတ်အထိ တုပနိုင်စွမ်းမရှိသေးပါဘူး"
အမ်မာက ဟွာရှားယဉ်ကျေးမှုကို အလွန်အမင်းလေးစားနေသည်မှာ သိသာလှသည်။ ဟွာရှားအတွက် ဖော်ပြနေသည့် စာကြောင်းတစ်ကြောင်းချင်းစီတိုင်းမှာ ရိုသေလေးစားမှုများက အထင်အရှားပင်။
သို့သော် ဤနေရာရှိ ဟွာရှားလူမျိုးများအတွက်တော့ ထိုစကားက အနည်းငယ်လှောင်ပြောင်ခံနေရသလိုပင်။ ရှေးဟောင်းယဉ်ကျေးမှုတစ်ခု ဖြစ်သည့်တိုင် သူတို့၏ယဉ်ကျေးမှုအမွေအနှစ်များသည် နိုင်ငံတော်ပြတိုက်ထဲတွင် တလေးတစားရှိမနေပါဘဲ နိုင်ငံခြားတွင်သာ ပျောက်ဆုံးနေပြီး ယခုလိုလေလံပွဲမျိုးတွင် ပေါ်ထွက်လာခြင်းမှာ ရှက်ဖွယ်လိလိပင်။
"သူတို့ ဘာများရှာတွေ့ထားသလဲလို့ ငါမြင်ချင်သေးတယ်"
ကျန်းမုန့်လောင်က သူ့ကိုယ်သူတည်ငြိမ်အောင်ထားလိုက်သည်။ ယနေ့ လေလံပွဲတွင်ရှိသမျှ ဟွာရှားပစ္စည်းတိုင်းကို တစ်ခုမှချန်ထားရစ်ခဲ့မည်မဟုတ်ဘဲ အကုန်ပြန်ယူသွားမည်ဟု စိတ်ပိုင်းဖြတ်ထားလိုက်သည်။ ထိုအတွက်လည်း ပိုက်ဆံတစ်ပြားမှ သုံးမည်မဟုတ်။
အပြင်မှာပျောက်ရှသွားခဲ့သော မိမိပိုင်ပစ္စည်းများကို ပြန်လည်ရယူဖို့အတွက် မည်သူကများ ပိုက်ဆံပေးတတ်ကြလို့လဲ။
"ဟွာရှားယဉ်ကျေးမှုအကြောင်း လေ့လာထားတဲ့လူတွေကတော့ ခြောက်ပြည်ထောင်စစ်ပွဲတုန်းက ဟယ့်ဘီရဲ့ ကြွင်းကျန်ရစ်တဲ့ကျောက်စိမ်းလို့လူသိများတဲ့ ရတနာတစ်ခုရှိခဲ့တယ်ဆိုတာကို ကြားဖူးလောက်မှာပါ"
"ဟယ့်ဘီရဲ့ကြွင်းကျန်ရစ်တဲ့ကျောက်စိမ်းလား"
ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ဟွာရှားလူမျိုးတိုင်း ဤနာမည်နှင့် မရင်းနှီးသူဟူ၍မရှိချေ။ သူတို့ငယ်ငယ်တုန်းက ပြဋ္ဌာန်းစာအုပ်များထဲတွင် ဖတ်ရှုခဲ့ရသော "ကျောက်စိမ်းကို ကျောက်ဆီသို့ ပြန်ပို့ခြင်း"ဟူသောဇာတ်လမ်းလေးမှာ ဟွာရှားလူငယ်များ၏နှလုံးသားထဲတွင် နက်ရှိုင်းစွာစွဲမြဲနေခဲ့သည်။
ဟယ့်ဘီ၏အကြွင်းအကျန်ကျောက်စိမ်းမှာ ဟွာရှားသမိုင်းကြောင်းထဲရှိ နာမည်ကြီးပြီး လှပလွန်းလှသော ကျောက်စိမ်းတစ်မျိုးဖြစ်ပြီး ပျန်းဟယ့်ဟုခေါ်သော အမျိုးသားတစ်ယောက်က ရှာဖွေတွေ့ရှိခဲ့သည်။ ထိုကျောက်စိမ်းကို ကျောက်ဆောင်တစ်ခုထဲတွင် ဝှက်ထားခဲ့ပြီးနောက် ထိုစဉ်တုန်းက အာဏာပိုင်များထံ နှစ်ကြိမ်တိုင်တိုင်ဆက်သခဲ့သော်လည်း လက်မှုပညာရှင်များက ၎င်း၏အလှတရားကြောင့် စုံလုံးကန်းခဲ့ရပြီး ကျောက်ဆောင်အတွင်း ဝှက်ထားသော တန်ဖိုးကြီးကျောက်မျက်ကို မရှာနိုင်ခဲ့သည့်အတွက် အကြီးအကဲတစ်ယောက်ချင်းစီတိုင်းက ဧကရာဇ်ကိုလိမ်လည်လှည့်စားမှုဖြင့် သူ့ခြေထောက်တစ်ဖက်စီကို ခုတ်ဖြတ်ပစ်ခဲ့ကြသည်။
အဆုံးတွင်မူ ချူတိုင်းပြည်၏ ဘုရင်ဝမ်က ကျောက်ဆောင်ထဲတွင် ဝှက်ထားသော ဟယ့်ဘီအကြွင်းအကျန်ကျောက်စိမ်းကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ထိုအရာမှာ ချူတိုင်းပြည်၏ ပြည့်ရတနာဖြစ်လာခဲ့သည်။ ဧကရာဇ်ချင်းရှီဟွမ်းက တိုင်းနိုင်ငံကို စုစည်းပြီးနောက် ဟယ့်ဘီအကြွင်းအကျန်ကျောက်စိမ်းကို ဧကရာဇ်ကျောက်စိမ်းတံဆိပ်အဖြစ် ထွင်းထုခဲ့ပြီး "ကောင်းကင်ဘုံမှချီးမြှင့်ခံရပြီး ထာဝစဉ်တည်တံ့ပါစေ"ဟူသော စာသားများကိုလည်း ထိုကျောက်စိမ်းပေါ်တွင် ထွင်းထုထားခဲ့သည်။
နောက်ပိုင်းတွင် မျိုးဆက်ပေါင်းများစွာတစ်လျှောက်တွင် ဧကရာဇ်၏နန်းပလ္လင်ကို တပ်မက်ကြသူများက ထိုအရာကို လုယက်ကြရာမှ ဧကရာဇ်ကျောက်စိမ်းတံဆိပ်တော်ကလည်း ရှန်ကျိုးတိုက်နယ်ကြီးပေါ်တွင် နှစ်နှစ်ထောင်ကျော်လောက် ပိုင်ရှင်အမျိုးမျိုးလက်ထဲကျရောက်ခဲ့ရသည်။ ထိုအရာသည် အကြိမ်ကြိမ်ပေါ်လိုက်ပျောက်လိုက်ဖြစ်နေရာမှ ဟွာရှားနိုင်ငံ၏ တန်ဖိုးအကြီးဆုံးပျောက်ဆုံးရတနာများထဲမှ တစ်ခုဖြစ်လာခဲ့သည်။
နှစ်ပေါင်းများစွာကြာသည့်တိုင် ရှေးဟောင်းသုတေသနပညာရှင်များစွာက ထိုအရာကို ချောင်ကြိုချောင်ကြားမကျန် ရှာဖွေခဲ့ပါသော်ငြား အရိပ်အယောင်မျှပင် မတွေ့ရတော့ချေ။ ဤအချက်မှာ စင်စစ်စိတ်မကောင်းဖြစ်ဖွယ်ရာပင်။
အမ်မာက ယခုလေးတင် ဟယ့်ဘီအကြွင်းအကျန်ကျောက်စိမ်းဟု ပြောလိုက်ပေသည်။ နောက်လာမည့် လေလံပစ္စည်းက အချိန်အတော်ကြာအောင် ပျောက်ဆုံးနေသော ဒဏ္ဍာရီလာဧကရာဇ်ကျောက်စိမ်းတံဆိပ်များဖြစ်နေလေမလား။
နောက်တစ်ကြိမ် ပလက်ဖောင်းတစ်ခုက ဖြည်းဖြည်းချင်းမြင့်တက်လာသည်။ အမ်မာက လင်ပန်းကို အုပ်ကာထားသော ဖဲပဝါစကိုဆုပ်ကိုင်၍ ဆွဲဖယ်လိုက်သည်နှင့်တစ်ပြိုင်နက် ထူးဆန်းပြီး အရောင်အသွေးစုံလင်လှသော ရောင်ခြည်များ ဖြာထွက်လာသဖြင့် လူအုပ်ကြီးကို အံ့အားသင့်သွားစေသည်။
"ဆယ့်သုံးခုမြောက်လေလံပစ္စည်းကတော့ ဟယ့်ဘီအကြွင်းအကျန်ကျောက်စိမ်းက ထုဆစ်ထားတဲ့ ဧကရာဇ်ကျောက်စိမ်းတံဆိပ်ပါ"
"ဝိုး"
ဗီအိုင်ပီအခန်းထဲရှိ လူလေးယောက်စလုံး တစ်ပြိုင်တည်းမတ်တတ်ထရပ်လိုက်ကြသည်။ သူတို့မျက်ဝန်းများကမူ စတုရန်းသဏ္ဌာန်ရှိသော ကျောက်စိမ်းတံဆိပ်ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေကြ၏။
အရှေ့မှကြည့်လျှင် ကျောက်စိမ်းတံဆိပ်က နို့နှစ်ရောင်ပေါက်သော်ငြား ဘေးဘက်မှကြည့်လျှင် စိမ်းပြာရောင်ခပ်ဖျော့ဖျော့ကို ထုတ်လွှတ်နေပေသည်။ ပုံပန်းသဏ္ဌာန်ကား စတုရန်းသဏ္ဌာန်ဖြစ်ပြီး ထိပ်နားတွင် လက်သည်းချွန်ငါးခုပါသော နဂါးတစ်ကောင်ကို ထွင်းထုထားလေရာ အလွန်မြင့်သွန်းလှသောရာထူးကို ကိုယ်စားပြုနေပေသည်။
"ဘေးဘက်မှာ အပြာရောင်သမ်းပြီး ရှေ့ဘက်က နို့နှစ်ရောင်သမ်းနေတာဟာ ထန်မင်းဆက်မှတ်တမ်းတွေထဲမှာ ဖော်ပြထားတဲ့အတိုင်းပဲ"
ဝမ်လင်က သူ့အရှေ့ရှိ ဧကရာဇ်ကျောက်စိမ်းတံဆိပ်ကိုကြည့်၍ တအံ့တဩရေရွတ်လိုက်သည်။ ဤသည်မှာ နိုင်ငံ့ရတနာစစ်စစ်ပင်။
"ဒီပစ္စည်းက ဘယ်လိုလုပ်ပြီး ဒီလူတွေလက်ထဲကို ရောက်နေရတာလဲ"
ကျန်းမုန့်လောင် နက်နက်ရှိုင်းရှိုင်းတွေးဆကြည့်လိုက်သည်။
"ဒါကိုရှာဖို့အတွက် နိုင်ငံတော်က ဘယ်လောက်တောင်အားစိုက်ထုတ်ခဲ့ရသလဲ။ သူတို့ကတော့ ဒီပစ္စည်းကို ရှာတွေ့ခဲ့တယ်ပေါ့လေ။ တကယ်ကိုအံ့ဩဖို့ကောင်းတာပဲ"
"မစ္စတာကျန်း… ကျွန်တော် အဲ့ဒီအကြောင်း နည်းနည်းတော့သိပါတယ်"
ယဲ့ရင်က ထပြောလာသည်။
"တကယ်တော့ ချင်မင်းဆက်တုန်းက ဧကရာဇ်ချင်ရှီဟွမ်းက ထုံတင်းရေကန်ကို တိုင်းခန်းလှည့်လည်ဖို့သွားတုန်းက မုန်တိုင်းကြောင့် သူ့လှေက မှောက်သွားပြီး အန္တရာယ်များတဲ့ရေပြင်ထဲမှာ သောင်တင်နေခဲ့တယ်လေ။ အဲ့ဒီအချိန်တုန်းက ရှေ့ဖြစ်ဟောစကားတစ်ခုကြောင့် သူက ဧကရာဇ်ကျောက်စိမ်းတံဆိပ်ကို ထုံတင်းရေကန်ထဲကိုပစ်ချပြီး မြစ်နတ်သမီးကို ပူဇော်ခဲ့လို့ သူ အသက်ရှင်ခဲ့ရတာပါ"
"ဒါပေမဲ့ နောက်ပိုင်းကျတော့ သူက အဲ့ဒါကိုပြန်ရှာခိုင်းခဲ့ပေမဲ့ ဘယ်မှာမှရှာမတွေ့ခဲ့ဘူး။ ရှန်းယန်ကိုပြန်ရောက်တော့ သူက မူရင်းဟယ့်ဘီအကြွင်းအကျန်ကျောက်စိမ်းကနေ ဒုတိယမြောက်ကျောက်စိမ်းတံဆိပ်ကို ထပ်လုပ်ခိုင်းခဲ့တယ်လေ။ အဲ့ဒါကြောင့် တကယ်တော့ ကျောက်စိမ်းတံဆိပ်က နှစ်ခုရှိပါတယ်"
"ဒါက ဘယ်တစ်ခုလဲ"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"ဒါက ဒုတိယတစ်ခုပါ"
ယဲ့ရင် ပြန်ဖြေလိုက်သည်။
"ပထမတစ်ခုက လက်ရှိမှာ လူကြီးမင်းရဲ့အိမ်ထဲက ပစ္စည်းစုဆောင်းရေးအခန်းထဲမှာရှိတဲ့ သေတ္တာငယ်လေးထဲမှာပါ"
"ဘာလဲဟ"
မယုံကြည်နိုင်ခြင်းကြောင့် ကျန်းမုန့်လောင် မျက်လုံးအပြူးသားဖြစ်သွားရသည်။
"လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက လူကြီးမင်းရဲ့ဘိုးဘေးတွေက လူအင်အားအများကြီးသုံးပြီး ထုံတင်းရေကန်ထဲက ရွှံ့နွံတွေကိုဖယ်ထုတ်ရင်း ရှာဖွေတွေ့ရှိခဲ့တာပါ"
"ဘုရားရေ..ဒါက အရမ်းလက်ဖျားခါလောက်ပါရဲ့"
ကျန်းမုန့်လောင်လည်း အံ့အားသင့်မှုကြောင့် ထိုသို့ရေရွတ်လိုက်မိသည်။
"ဒီလိုကိစ္စကြီးကို ဧကရာဇ်ချင်ရှီဟွမ်းက တကယ်မသိခဲ့ဘူးလား"
"သေချာပေါက်သိတာပေါ့။ ဒါပေမဲ့ သူက ဘာတတ်နိုင်မှာမို့လို့လဲ"
ယဲ့ရင် ရယ်မောလိုက်ချေသည်။
"ဧကရာဇ်ချင်ရှီဟွမ်း ခြောက်ပြည်ထောင်ကို ပေါင်းစည်းတုန်းက လူအင်အားနဲ့အရင်းအမြစ်တွေ ဘယ်ကရတယ်လို့ထင်လဲ"
"ငါ့ဘိုးဘေးဆီကတော့မဟုတ်ဘူးမလား"
"အဲ့ဒါကိုထောက်ပံ့ပေးခဲ့တာ လူကြီးမင်းရဲ့ဘိုးဘေးပါပဲ"
ယဲ့ရင်က ပြောလိုက်သည်။
"အဲ့ဒီတုန်းက ဧကရာဇ်ချင်ရှီဟွမ်းရရှိခဲ့တဲ့ အခွန်ခုနစ်ဆယ်ရာခိုင်နှုန်းလောက်က လူကြီးမင်းရဲ့ဘိုးဘေးတွေကို အကြွေးပြန်ဆပ်ဖို့ သုံးခဲ့ရတာပါ။ သူက ဘယ်လိုလုပ်ပြီးတော့များ လူကြီးမင်းရဲ့ဘိုးဘေးကို အာခံရဲမှာတဲ့လဲ။ လူကြီးမင်းရဲ့ဘိုးဘေးတွေက အေးအေးဆေးဆေးနေချင်ကြပြီး ဧကရာဇ်ဖြစ်ရတဲ့အရေးကို စိတ်မဝင်စားလို့သာ ရင်ကျန်း အခွင့်အရေးရခဲ့တာပါ"
"အံ့ဩဖို့ကောင်းလိုက်တာ။ ငါတော့ လုံးဝအံ့ဩသွားပြီ"
ကျန်းမုန့်လောင်က ထိုသို့ပြောပြီးနောက် ထပ်မေးလိုက်သည်။
"ဒါဆို အခု ဧကရာဇ်ကျောက်စိမ်းတံဆိပ်ကရော"
"ဧကရာဇ်ကျောက်စိမ်းတံဆိပ် နောက်ဆုံးအကြိမ်ပေါ်လာခဲ့တာက ကျူးဝမ်က ထန်မင်းဆက်ကို ကျူးကျော်သိမ်းပိုက်ချိန်တုန်းကပါ။ အဲ့ဒီနောက်တော့ ခြေရာလက်ရာတောင်မကျန်ဘဲ ပျောက်သွားခဲ့ပါတယ်။ တကယ်တော့ အဲ့ဒါကို ကျူးဝမ်ရဲ့လက်အောက်က ဗိုလ်ချုပ်တစ်ယောက်က ဥရောပကုန်သည်တစ်ယောက်ရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ခိုးယူသွားခဲ့တာလေ။ အဲဒီကုန်သည်ကလည်း ဗိုလ်ချုပ်ကို ပိုက်ဆံပေးပြီးတဲ့နောက် အဲ့ဒါကိုယူသွားပြီး ဟွာရှားပြည်မကြီးက ထွက်သွားခဲ့တယ်။ ဒီပစ္စည်း နောက်တစ်ကြိမ်ပြန်ပေါ်လာတာက အဲ့ဒီကုန်သည်ရဲ့သားမြေးတွေလက်ထဲမှာပဲ ဖြစ်ရမယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ဒီလိုရတနာမျိုးက ဘာသတင်းအစအနမှမရှိဘဲ ထွက်လာတယ်ဆိုတာ မဖြစ်နိုင်ဘူး"
ကျန်းမုန့်လောင် ခေါင်းညိတ်လိုက်သည်။
"အဲ့ဒါတွေက အရေးမကြီးဘူး။ အရေးကြီးတာက ငါတို့ အဲ့ဒါကို ဒီတစ်ခေါက် ဟွာရှားကိုပြန်သယ်သွားရမယ်"
"ကဲ အခု ဒီဧကရာဇ်ကျောက်စိမ်းတံဆိပ်ကို လေလံစပါတော့မယ်"
"ဟွာရှားရဲ့ ဧကရာဇ်ကျောက်စိမ်းတံဆိပ်က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ငါ့ရဲ့စုစည်းမှုအတွက် ဝယ်မှဖြစ်မယ်"
"ဒီပစ္စည်းက နိုင်ငံရတနာပီသပါပေတယ်။ ဟွာရှားမှာသာဆိုရင် ဒါက လေလံပွဲတစ်ခုမှာတောင် ပေါ်လာမှာမဟုတ်ဘူး"
"အရမ်းလှတာပဲ။ အရမ်းလှတာပဲ။ ဒါက သေချာပေါက်အကောင်းဆုံးအနုပညာလက်ရာပဲ။ အင်ပါယာစွမ်းအားရဲ့သင်္ကေတတစ်ခု။ ငါ ဒါကို ငါတိုတော်ဝင်မိသားစုအတွက် ပြန်ယူသွားချင်တယ်"
"အဟမ်း"
ကျန်းမုန့်လောင်က ပထမဆုံးအသံစထွက်လာသူပင်။
"အဲ့ဒီဟွာရှားလူမျိုးက အခုတစ်ခေါက်လည်း ပိုက်ဆံထပ်သုံးဦးမှာမဟုတ်ပါဘူးနော်"
"ဖြစ်နိုင်ခြေများတယ်။ သူက အသုံးမဝင်တဲ့ပစ္စည်းတွေအကုန်လုံးကိုတောင် ဝယ်ထားတာ။ နိုင်ငံ့ရတနာတစ်ခုကို ဘယ်လိုလုပ်ပြီးကျော်သွားမှာတဲ့လဲ"
"ဒါဆို နည်းလမ်းမရှိတော့ပြန်ဘူး။ ဘယ်သူကများ သူနဲ့ယှဉ်နိုင်မှာလဲ"
"ဟီးဟီး ဒါပေမဲ့ ဒီတစ်ခေါက်ကတော့မတူဘူး။ တခြားပစ္စည်းတွေတုန်းက ဈေးနှုန်းကအရမ်းမြင့်နေခဲ့တယ်ဆိုရင် သူ လက်လျှော့ချင်လက်လျှော့လိမ့်မယ်။ ဒါပေမဲ့ ဒီလိုပစ္စည်းမျိုးကိုတော့ ဘယ်လောက်ပဲဈေးကြီးဈေးကြီး သူ လက်လျှော့မှာမဟုတ်ဘူးလို့ ထင်တာပဲ။ ကျန်းမုန့်လောင်က မျိုးချစ်စိတ်ဓာတ် အရမ်းထက်သန်တာလို့ ငါကြားထားတယ်"
"အိုး? ဒါဆို စိတ်ဝင်စားဖို့ကောင်းတော့မှာပဲ။ သူကတော့ အပီကြမ်းတော့မှာသေချာတေယ်"
"စောင်ကြည့်နေလိုက်။ ဈေးနှုန်းကို အသည်းအသန်မြှင့်ဖို့ကြိုးစားမဲ့လူတွေ သေချာပေါက်ရှိမှာပဲ။ ဘယ်သူကများ သူ့ကို ငါတို့ကိုလာလှောင်ပြောင်ပြီး တအားတွေမောက်မာခိုင်းထားလို့လဲ"
"မစ္စတာကျန်း… လေလံမှာပါဝင်ဖို့စီစဉ်ထားလား"
အမ်မာက ကျန်းမုန့်လောင်ရှိရာဆီသို့ တောက်ပသောအပြုံးတစ်ပွင့်ဆင်မြန်းရင်း ကြည့်လိုက်သည်။ သူ့စိတ်ထဲမှာတော့ လှရက်လွန်းသောဂဏန်းတစ်ခုကို မြင်ယောင်နေမိသည်။
"ဟင့်အင်း။ ဒီတစ်ခေါက် ငါလေလံဝင်ဆွဲဖို့ မစီစဉ်ထားဘူး"
ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။
"လေလံဝင်မဆွဲဘူးလား။ ဒါဆို ဧကရာဇ်ကျောက်စိမ်းတံဆိပ်ကို အရယူဖို့ အစီအစဉ်မရှိဘူးပေါ့။ အဲ့ဒါက ဟွာရှားအတွက် အရမ်းအရေးပါတဲ့ပစ္စည်းမလား"
"လေလံဝင်ဆွဲဖို့ မစီစဉ်ထားဘူးလို့ပဲ ပြောတာပါ။ အဲ့ဒီပစ္စည်းကို ပြန်မယူသွားဘူးလို့ပြောတာမဟုတ်ဘူး"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"အဖွင့်ဈေးက သုညယူရိုမလား"
"ဟုတ်ပါတယ် မစ္စတာကျန်း..ဘယ်ပစ္စည်းမဆို ကြမ်းခင်းဈေးရယ်လို့ မရှိပါဘူး။ တကယ်လို့ ရှင် လေလံဝင်မဆွဲဘူးဆိုရင် တခြားလူတွေက ပြင်းပြင်းထန်ထန်ယှဉ်ပြိုင်ကြမှာနော်"
ကျန်းမုန့်လောင်ကလည်း သူ့အသံကိုမြှင့်၍ ပြောလိုက်သည်။
"ဒါဆို ငါ သုညယူရိုနဲ့ လေလံဆွဲမယ်။ ဒီနေ့ အဲ့ဒါကို ဘယ်သူဝယ်ရဲလဲဆိုတာ ကြည့်ကြရအောင်"
************