← Chapters

ဒါဆို ငါ ယဉ်ကျေးတဲ့နည်းလမ်းနဲ့ပဲ ကိုင်တွယ်တော့မယ်

Vol. 15 Ch. 223

ဒါဆို ငါ ယဉ်ကျေးတဲ့နည်းလမ်းနဲ့ပဲ ကိုင်တွယ်တော့မယ်

Vol. 15 Ch. 223

အခန်းနံပါတ်၇တွင် အသက်လေးဆယ်ခန့်ရှိသော ခပ်တိုတိုနှင့် သေသပ်စွာဖြီးသင်ထားသောဆံပင်နှင့် အနက်ရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက် ရှိသည်။ သူ့မျက်လုံးများက ဖော်ပြ၍မရနိုင်သောတောက်ပမှုတစ်ခုဖြင့် လင်းလက်နေချေသည်။

သူ့အနောက်တွင်မူ အခြားအမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က မတ်တတ်ရပ်နေ၏။ အမျိုးသားက ပညာတတ်တစ်ယောက်၏ ဟန်ပန်မျိုးရှိပြီး ခပ်ဝိုင်းဝိုင်းဘောင်ကွပ်ထားသော မျက်မှန်ကို တပ်ဆင်ထားကာ လူသားခန္ဓာဗေဒဆိုင်ရာ စာအုပ်တစ်အုပ်ကိုလည်း ကိုင်ထားသဖြင့် ဆရာဝန်တစ်ယောက်ဟု ယူဆနိုင်ပေသည်။

သူတို့အားလုံးက ဒါမန်နိုင်ငံသားများဖြစ်ကြသည်။ ထိုနိုင်ငံသည် ဥရောပတိုက်ကို အကြိမ်ကြိမ်အုပ်စိုးခဲ့ပြီး ကမ္ဘာကြီးကိုပင် သိမ်းပိုက်နိုင်လုနီးပါးဖြစ်ခဲ့သော အင်အားကြီးနိုင်ငံတစ်ခုဖြစ်၏။

"အာဒန်နာ.. ရှင် ဟွာရှားရဲ့ဧကရာဇ်ကျောက်စိမ်းတံဆိပ်ကို ဘာလို့ လေလံဆွဲချင်ရတာလဲ။ ဒီပစ္စည်းက ကျွန်မတို့အတွက် ဘာအဓိပ္ပာယ်မှမရှိဘူးလေ"

အမျိုးသမီးက မကျေမနပ်ဖြစ်နေသော အမူအရာဖြင့် ပြောလိုက်သည်။

"မမေ့လိုက်နဲ့နော်။ ဒီတစ်ခေါက် ကျွန်မတို့ရဲ့ပစ်မှတ်က ဟိုပစ္စည်းပဲ"

"ငါသိပါတယ်"

အာဒန်နာဟုခေါ်သော အမျိုးသားက ပြန်ဖြေလိုက်သည်။

"ငါက အဲ့ဒီဟွာရှားလူမျိုးရဲ့မောက်မာမှုကို သည်းမခံနိုင်ရုံသက်သက်ပါ။ အခုဆိုရင် ခေတ်တွေလည်းပြောင်းလာခဲ့ပြီမို့ သူတို့တွေ အင်အားကြီးလာပြီဆိုပေမဲ့ ငါတို့ဒါမန်တိုင်းပြည်က ကမ္ဘာကြီးကို အုပ်စိုးခဲတဲ့အချိန်တုန်းက သူတို့တွေ ကျွန်ဘဝကနေလွတ်မြောက်ဖို့အတွက် မနည်းရုန်းကန်နေခဲ့ရတယ်ဆိုတာ မေ့သွားကြပုံပဲ"

"အန်နာ အဆင်ပြေပါတယ်။ အာဒန်နာကို ပျော်ခိုင်းလိုက်စမ်းပါ"

မျက်မှန်တပ်ထားသော အမျိုးသားက ကြားဖြတ်ပြောလိုက်သည်။

"အဲ့လိုမှမဟုတ်ရင် ဒီခရီးက အရမ်းပျင်းဖို့ကောင်းနေမှာပေါ့"

"ဟုတ်တယ်။ ဒီဟွာရှားလူမျိုးက တကယ်အရမ်းချမ်းသာတာ။ အင်္ဂလန်က ဖျက်သင်္ဘောကို သူ ဘယ်လိုယူနိုင်ခဲ့ပြီး ပြင်သစ်နိုင်ငံကပါ အဲ့ဒါကိုလက်ခံအောင် သူ ဘယ်လိုလုပ်ခဲ့တယ်မသိဘူး။ ဒါပေမဲ့ ဒီဖျက်သင်္ဘောလေးတစ်စီးတည်းနဲ့ ဒီလေလံပွဲမှာ သူလုပ်ချင်ရာလုပ်လို့ရမယ်လို့ထင်နေရင်တော့ မှားသွားမယ်"

"ဟားဟားဟား အဲ့ဒီလိုမျိုး ပထမကမ္ဘာရဲ့လက်နက်တွေက သာမန်လူတွေကိုပဲ ခြိမ်းခြောက်လို့ရတာ။ ငါတို့အတွက်တော့ အဲ့ဒါတွေက အသုံးမဝင်ဘူး"

အာဒန်နာက ဆက်ပြောလာသည်။

"သူတို့ နောက်ထပ်ဆယ်ဆလောက် ပိုယူလာရင်တောင် ငါတို့ကို ဒီနေရာမှာဆွဲထားနိုင်မှာမဟုတ်ဘူး။ ခုနတုန်းက ပြုမူလိုက်တဲ့ သူ့ရဲ့မောက်မာတဲ့အပြုအမူကို စဉ်းစားကြည့်လိုက်ရင် သူသွေးမထွက်ရင် ဒီပစ္စည်းကို ဟွာရှားကို ပြန်ယူသွားဖို့စိတ်ကူးနိုင်မှာမဟုတ်ဘူး"

"ဒီဟွာရှားလူမျိုးက ဈေးနှုန်းကိုမြှင့်ပြီး ရှင့်ကိုလှည့်စားသွားမှာမကြောက်ဘူးလား"

အမျိုးသမီးက ရယ်လိုက်သည်။

"မဖြစ်နိုင်ဘူး။ ငါ ဟွာရှားလူမျိုးတွေအကြောင်း ကောင်းကောင်းသိတယ်။ သူတို့က နိုင်ငံတော်ရတနာတွေကို တခြားအရာတွေထက် ပိုတန်ဖိုးထားတာ။ ဒီလိုအရေးပါတဲ့ ဧကရာဇ်ကျောက်စိမ်းတံဆိပ်ဆိုရင် ရှိသမျှအကုန်ရောင်းထုတ်ပစ်ရမယ်ဆိုရင်တောင် ဒီပစ္စည်းကို သူတို့ မရရအောင်ဝယ်ဖို့ကြိုးစားကြလိမ့်မယ်"

...

"မစ္စတာကျန်း.. သာမန်သေနတ်တွေက သာမန်လူတွေအတွက်တော့ ခြိမ်းခြောက်နိုင်စွမ်းရှိပေမဲ့ အဆင့်သုံးနဲ့အထက် သန္ဓေပြောင်းလူသားတွေအတွက်တော့ ဘာအဓိပ္ပာယ်မှမရှိပါဘူး"

ယဲ့ရင်က ကျန်းမုန့်လောင်ကို ပြောလိုက်သည်။

"အဆင့်ငါးသန္ဓေပြောင်းလူသားရဲ့ကာကွယ်မှုအောက်မှာ ဖျက်သင်္ဘောက သူတို့ကို တားဆီးလို့ရမှာမဟုတ်ပါဘူး"

"အဲ့ဒါကြောင့် မင်းကိုခေါ်လာတာမဟုတ်ဘူးလား"

ကျန်းမုန့်လောင် ရယ်မောလိုက်သည်။

ယခုလေးတင် ကျန်းမုန့်လောင်၏အများလက်ခံယုံကြည်နိုင်မှုကား ပြင်းပြင်းထန်ထန်စိန်ခေါ်ခံလိုက်ရသည်။ သူ့မှာ စကားဆုံးရုံသာရှိသေး။ တစ်စုံတစ်ယောက်က ချက်ချင်းဈေးခေါ်လိုက်သည်မှာ သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။

အောက်ဘက်ရှိ သာမန်ဧည့်သည်များထံမှ ရယ်သံများ ထွက်ပေါ်လာသည်။ တချို့က အခန်းနံပါတ်၇ရှိ လူများ၏ မသိနားမလည်မှုကြောင့် ရယ်ကြခြင်းပင်။ သူတို့အနေနှင့် ဧကရာဇ်ကျောက်စိမ်းတံဆိပ်ကို အရယူနိုင်ခဲ့လျှင်ပင် ကျန်းမုန့်လောင်၏စရိုက်အရ သူသည် သူတို့ကို အလွယ်တကူအလွတ်ပေးမည်မဟုတ်။

အများစုကတော့ ကျန်းမုန့်လောင်ကို လှောင်ပြောင်ခြင်းဖြစ်ပြီး သူတို့သည် သူ့စကားဟာ ကြွားဝါနေခြင်းသက်သက်လား၊ သို့မဟုတ် တကယ်လုပ်လေမလားဆိုသည်ကို သိချင်နေကြသည်။

အခြားထူးခြားပုဂ္ဂိုလ်များကတော့ ဤဒရမ်မာကိုပျော်ပျော်ကြီးကြည့်နေကြသည်။ သူတို့ကြားရှိ အင်အားကွာခြားမှုက သိပ်မသိသာချေ။ အများစုမှာ တစ်ဦး၏တည်ရှိမှုကို တစ်ဦးက သတိထားမိကြပြီး ဒုတိယကမ္ဘာမှ လူတချို့ကတော့ အချင်းချင်းတိုက်ဖူးခိုက်ဖူးကြသလို သိဖူးကျွမ်းဖူးကြသည်။

ဒါမန်လူမျိုးများက လေလံဆွဲရဲခြင်းမှာ သူတို့တွင် လုံးဝအကြောက်တရားမရှိသောကြောင့် ဖြစ်ကြောင်း သူတို့ သိထားကြသည်။ သူတို့အတွက်တော့ ကျန်းမုန့်လောင်၏ခြိမ်းခြောက်မှုကား မပြောပလောက်ပေ။

သို့သော် ထိုလူများထဲတွင် လူထူးဆန်းတစ်ယောက်ရှိ၏။

"ငတုံးတွေ.. သူ့ကို သွားရန်စရဲသေးတယ်ပေါ့။ သူက လေယာဉ်တွေ စစ်သင်္ဘောတွေကိုပဲ အားကိုးနေတယ်လို့ ထင်နေတာလား"

အခြားဗီအိုင်ပီအခန်းထဲရှိ အရပ်ခပ်ပုပုအမျိုးသားတစ်ယောက်က သူတစ်ပါးဒုက္ခရောက်နေတာကို ဝမ်းသာသော အမူအရာတစ်ခု ပြသနေပေသည်။

ဤအမျိုးသားသည် ယမန်နေ့ညကမှ ကျန်းမုန့်လောင်ထံမှ သင်ခန်းစာပေးခံခဲ့ရသူ ကိုင်ဘွန်အဖွဲ့အစည်း၏ ဥက္ကဋ္ဌဖြစ်သူ ရှီမန်ကုန်ပင်။

မနေ့ညက ယဲ့ရင်သည် ကိုင်ဘွန်မှ ထိုနင်ဂျာကို သတ်မပစ်ခဲ့ပေ။ သူက မြေထဲပင်လယ်အောက်ကြမ်းပြင်ရှိ ကျောက်ဆောင်များကြားသို့ သူ့ကို ထိုးထည့်ခဲ့ခြင်းသာ။

သူ၏ ပြင်းထန်လှသော ရှင်သန်နိုင်စွမ်းနှင့် ပြန်လည်သက်သာနိုင်စွမ်းကို မှီခို၍ မစ္စတာရှန်းယွမ်ခမျာ အဆုံးမှာတော့ ညလယ်ခေါင်ကြီးတွင် ထိုကျောက်ဆောင်အက်ကွဲကြောင်းကြားမှ ထွက်လာနိုင်ခဲ့ပြီး အိပ်မက်နန်းတော်ထဲရှိ သူ့အခန်းဆီသို့ ဒဏ်ရာဗရပွနှင့် လက်တစ်ဖက်ကျိုးလျက် ပြန်ရောက်လာခဲ့သည်။

မစ္စတာရှန်းယွမ်က အိပ်မက်နန်းတော်ကို သူ ယခုအချိန်အထိ တွေ့ဖူးသမျှကြောက်စရာအကောင်းဆုံးပုဂ္ဂိုလ်များထဲတွင် ကိုင်ဘွန်နိုင်ငံထဲရှိ လူနည်းစုက "ဂမ္ဘီရနင်ဂျာများ"ဟု လူသိများသောပုဂ္ဂိုလ်များကပင် သူ့ကို ဤမျှအထိစွမ်းအားမဲ့အောင် မလုပ်ဆောင်နိုင်ခဲ့ပေ။

ယခုတစ်ခေါက်တွင် ဤလေလံပွဲသို့ လာရောက်ကြသော ဒုတိယကမ္ဘာမှလူများသည် အလွန်ဆုံးရှိလှ အဆင့်ငါး သို့မဟုတ် အဆင့်ခြောက်သန္ဓေပြောင်းလူသားအဆင့်မျှသာ ရှိကြသည်။

ထိုနိုင်ငံများတွင် ထိုမျှစွမ်းရည်နိမ့်သောလူများတင် ရှိသည်မဟုတ်။ သူတို့နိုင်ငံများထဲတွင် ထိုထက်ပို၍ စွမ်းအားကြီးသောလူများလည်း ရှိသည်။

နိုင်ငံတိုင်းမှာ ထိုကဲ့သို့သော လူသားအမျိုးအစားမှာ နိုင်ငံအလိုက် အမျိုးအစားကွဲသွားသည်။ ကိုင်ဘွန်တွင် နင်ဂျာများဟု ခေါ်တွင်ကြပြီး တချို့က သန္ဓေပြောင်းလူသားများဟု ခေါ်ကြသည်။ အခြားလူများကမူ စွမ်းအားရှင်လူသားများဟု ခေါ်ကြပြီး ဥရောပနိုင်ငံတချို့တွင်မူ ဗိုင်းကောင့် အီးယားလ်စသဖြင့် အဆင့်ခွဲခြားသတ်မှတ်ကြသည်။

သို့သော် သူတို့ကို ကွဲပြားခြားနားစေရန်အတွက် သူတို့၏စွမ်းအားအဆင့်များကို အဆင့်တစ်မ ကိုးအထိ ကဏ္ဍခွဲခြားထားပြီး စွမ်းအင်တိုင်းကိရိယာတစ်ခုဖြင့် တိုင်းတာသတ်မှတ်ကြသည်။

ဒုတိယကမ္ဘာ၏စည်းမျဉ်းအရ စွမ်းအင်အဆင့်ခုနစ်အထက်ရှိသော ဒုတိယကမ္ဘာလူသားများကို မည်သည့်နိုင်ငံတွင်းကိုမဆို ခွင့်ပြုချက်မရှိပါဘဲ ဝင်ခွင့်မပြုပေ။ သူတို့အနေနှင့် တိုက်ခိုက်မှုပြုချင်ပါက လူသူမဲ့ဧရိယာများတွင်သာ ဖြစ်ရပေမည်။ ထို့ကြောင့် ဤနေရာရှိ အသန်မာဆုံးဖြစ်တည်မှုကား အဆင့်ခြောက်စွမ်းအင်အဆင့်ရှိသော ဒုတိယကမ္ဘာလူသားများပင်။

သူတို့ကိုင်ဘွန်တွင် "ဂမ္ဘီရနင်ဂျာ"ဆိုသည်မှာ အဆင့်ကိုးထက် ကျော်လွန်ပြီးသော စွမ်းအားရှိသူများဖြစ်ပြီး သူတို့တစ်ယောက်ချင်းစီတိုင်းက နိုင်ငံ၏တန်ဖိုးအရှိဆုံးခွန်အားနှင့် ပါရမီကို ကိုယ်စားပြုနိုင်သည့် အစွမ်းထက်ပုဂ္ဂိုလ်များဖြစ်ကြသည်။

ကျန်းမုန့်လောင်ခေါ်လာသည့် ပုဂ္ဂိုလ်မှာ စွမ်းအင်အဆင့်ကိုးအထက်ရှိသူတစ်ယောက်ဖြစ်ရမည်ဟု သူသေချာပေါက်ယုံကြည်ထားသည်။ မနေ့ညက ထိုဟွာရှားလူမျိုး၏ပုံစံမှာ သူ့အား ကစားနေသည်ဟု ခံစားရသည်။ သူ့တည်ရှိမှုကို ခံစားမိလိုက်သည့်အချိန်မှစ၍ သူ တိုက်ခိုက်ခံလိုက်ရသည့်အချိန်အထိ အရာအားလုံးမှာ လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်သွားခဲ့သည်။

ကျန်းမုန့်လောင်က ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ယောက်ကို သူ့နံဘေးတွင် ဘာကြောင့်ခေါ်ထားသလဲဆိုသည်ကို သူမသိသော်ငြား ဒုတိယကမ္ဘာ၏စည်းမျဉ်းကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ရဲသည်ဖြစ်ရာ ကျန်းမုန့်လောင်ဘေးနားရှိ ပုဂ္ဂိုလ်ရှိနေသရွေ့ သူ့ကို သွားရန်စရဲသူတိုင်း ဆိုးဝါးစွာသေဆုံးရပေလိမ့်မည်။

"ဒါမန်တိုင်းပြည်က မောက်မာတဲ့ငတုံးတွေ"

အိပ်မက်နန်းတော်က တစ်ကိုယ်တည်းတီးတိုးရေရွတ်လိုက်သည်။ ဤတစ်ခေါက်တွင် သူတို့ ထိုပစ္စည်းကို ပြန်ယူသွားချင်လျှင်ပင် သူတို့မှာ မျှော်လင့်ချက်မရှိပေ။

...

"မစ္စအမ်မာ.. လေလံပွဲအတွက် မေးမြန်းဖို့အချိန်ကျပြီလေ"

အာဒန်နာက မာန်တက်နေသောလေသံဖြင့် ပြောလိုက်လေသည်။

ထိုအချိန်မှသာ အမ်မာလည်း သူ(မ)၏အလုပ်ကို သတိရသွားသည်။

"ယူရိုငါးသန်း ပထမအကြိမ်ပါ။ ဈေးထပ်မြှင့်မဲ့လူရှိသေးလား"

အမ်မာက ကျန်းမုန့်လောင်ထိုင်နေသော ဗီအိုင်ပီအခန်းဘက်ကိုလှည့်၍ မေးလိုက်သည်။

"ယူရိုငါးသန်း ဒုတိယတစ်ကြိမ်"

"ဟီးဟီးဟီး"

အမ်မာက ဒုတိယအကြိမ် လေလံခေါ်လိုက်သောအခါ ရယ်သံတစ်သံက ဗီအိုင်ပီအခန်းနံပါတ်၇မှ ထွက်ပေါ်လာသည်။

"မစ္စတာကျန်း လေလံဆက်မဆွဲတော့ဘူးဆိုရင် ဒီဧကရာဇ်ကျောက်စိမ်းတံဆိပ်က ကျုပ်အပိုင်ဖြစ်သွားတော့မှာနော်။ မစ္စတာကျန်းရဲ့ရေတပ်က ကျုပ်ကို တကယ်ပဲချောင်ပိတ်ဖမ်းနိုင်ပါ့မလားဆိုတာတော့ သိချင်မိပါရဲ့"

"လောင်ကျန်း.. အဲ့ဒီလူယုတ်မာကြီးက မင်းကိုရန်စနေတာ။ သူ့ကိုဖမ်းပစ်"

ဝမ်လင်က ဒေါသတထောင်းထောင်းထွက်နေကာ အံတကြိတ်ကြိတ်ဖြင့်ပြောလိုက်သည်။

"ငါသိတယ်"

ကျန်းမုန့်လောင်ကတော့ ဒေါသထွက်နေခြင်းမရှိပေ။

"ဒါပေမဲ့ ငါရုတ်တရက်ကြီးစိတ်ပြောင်းသွားပြီ။ အခု နိုင်ငံကြီးသားပီသတဲ့လူတစ်ယောက်ရဲ့နည်းလမ်းကိုသုံးဖို့ စီစဉ်ထားတယ်"

"အာ? နိုင်ငံကြီးသားပီသတဲ့လူတစ်ယောက်ရဲ့နည်းလမ်းလား? မင်း ဘာကိုဆိုလိုချင်တာလဲ"

ဝမ်လင်က နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

"နိုင်ငံကြီးသားပီသတဲ့လူတစ်ယောက်ရဲ့နည်လမ်းက သူ့ကို ငွေနဲ့အနိုင်ပိုင်းတဲ့နည်းလမ်းလေ"

ကျန်းမုန့်လောင်က ကြေညာလိုက်သည်။

"ငွေချေရမဲ့အချိန်ကိုရောက်လာလို့ သူ ငွေထုတ်မပေးနိုင်ရင် ဒီပစ္စည်းကို သူယူသွားလို့ရမှာမဟုတ်ဘူးလေ"

*********

All Chapters