ကျုပ်က အခွင့်ထူးခံခွေးတစ်ကောင်လေ
Vol. 15 Ch. 225
"ဘာ? အပိတ်ခံထားရတာလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
အာဒန်နာက ထိုင်နေရာမှ ချက်ချင်းမတ်တတ်ထရပ်လိုက်မိသည်။
ဆွစ်ဘဏ်၏ အဓိကဖောက်သည်တစ်ယောက်ဖြစ်သည့်အတွက် သူသည် ဘဏ်ထဲတွင် ယူရိုတစ်ဘီလီယံကျော် ထည့်ထားသည်မှာ ကြာလှရှိလေပြီ။ သူ့လိုအဆင့်ရှိသော ဖောက်သည်များအတွက် အထူးဝန်ဆောင်မှုအဖွဲ့ကလည်း အချိန်ပြည့်ရှိနေသဖြင့် သူ့အကောင့်ထဲက အချိန်မရွေးငွေထုတ်ဖို့မှာ လွယ်လင့်တကူပင်။
ယခုထုတ်လိုက်မှာ ယူရိုတစ်ဘီလီယံကျော်ကျော်ဖြစ်၏။ ယခုအချိန်ကျမှ ဘာလို့ငွေထုတ်မရတော့သလဲ။ ထို့ပြင် ဖောက်သည်တစ်ယောက်၏အကောင့်ကို မပိတ်ခင်မှာ ဘဏ်ဘက်က အကြောင်းအရင်းနှင့် သင့်တော်သောသတိပေးချက်တို့ကို ထုတ်ပြန်လေ့ရှိသည်။ စကားတစ်ခွန်းမဟဘဲ ဘယ်လိုလုပ်အကောင့်ပိတ်လိုက်ရလေသလဲ။
"သူတို့ကို အခုချက်ချင်းဖုန်းဆက်ပြီး သောက်ကျိုးနည်းဘာတွေဖြစ်နေလဲဆိုတာ စုံစမ်းလိုက်"
အာဒန်နာက ထိုသို့စေခိုင်းလိုက်သည်။
အာဒန်နာ၏လက်ထောက်လည်း အထူးဝန်ဆောင်မှုနံပါတ်ကို ချက်ချင်းခေါ်ဆိုလိုက်သော်ငြား သူ့အကောင့်ထဲရှိ ငွေများ၏ မူလဇစ်မြစ်မှာ ပြဿနာရှိနေကြောင်းနှင့် ထိုပိုက်ဆံများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုမပြီးမချင်း အကောင့်ပိတ်ထားမည်ဖြစ်ကြောင်း ပြောလိုက်လေသည်။
"သောက်ပေါက်ကရတွေ"
အာဒန်နာခမျာ ဒေါသတကြီးဆဲရေးလိုက်မိသည်။ ဤအကောင့်ထဲသို့ သူလွှဲပြောင်းထားသော ငွေများမှာ လေလံပွဲတွင် ပါဝင်ရန်အတွက်ဖြစ်၏။ ပမာဏက အတော်အတန်များပြားသော်လည်း မူလဇစ်မြစ်ကမူ ပြဿနာလုံးဝမရှိပေ။ ထိုသို့မဟုတ်ပါလျှင် ဘဏ်ဘက်က သူငွေလာထည့်ချိန်ကတည်းက ပြဿနာရှာလိမ့်မည်ဖြစ်၏။ ယခုမှ ရုတ်တရက်ကြီး သူ့အကောင့်ကို ဘာကြောင့်ပိတ်မတဲ့လဲ။
"တခြားနည်းလမ်းမရှိဘူးလား"
အာဒန်နာက စိုးရိမ်ပူပန်စွာ မေးမြန်းလိုက်သည်။ သူ့နဖူးထက်တွင် ဇောချွေးများ ပြန်နေလေပြီ။ အစောကပင် သူသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပျော်ရွှင်နေခဲ့သော်ငြား ယခုတော့ စိတ်သောကရောက်နေရသည်။
ဤဗီအိုင်ပီအခန်းက ယုံကြည်ရသော်လည်း ဤလေလံပွဲတွင် သူ့အသိအကျွမ်းတချို့ရှိသည်ဖြစ်ရာ သူတို့ထဲကတချို့က ဗီအိုင်ပီအခန်း၇တွင်ရှိနေသူမှာ သူဖြစ်ကြောင်း သိကြသည်။
ဧကရာဇ်ကျောက်စိမ်းတံဆိပ်ကို လေလံတင်ဝယ်ယူလိုက်နိုင်သော်လည်း ငွေမချေနိုင်ခဲ့ပါက ဤသတင်းလည်း ပျံ့နှံ့သွားမည်ဖြစ်ရာ သူ့အဖို့တော့ မျက်နှာပျက်အရှက်ကွဲရရုံသာမက သူ၏အများယုံကြည်လက်ခံနိုင်မှုနှင့် စီးပွားရေးလုပ်ငန်းများကိုပါ ထိခိုက်နိုင်သည်။ ဤသည်မှာ အသေးအဖွဲကိစ္စလေးတစ်ခု မဟုတ်ချေ။
"မစ္စအန်နာ"
အာဒန်နာက မိန်းမလှလေးကို လှည့်ကြည့်လိုက်ပြီး တိတ်တိတ်လေးအကူအညီတောင်းလိုက်သည်။
"စဉ်းတောင်မစဉ်းလေနဲ့"
အန်နာက ပြောလိုက်သည်။
"ကျွန်မတို့ယူလာတဲ့ပိုက်ဆံက ဒီလိုဘာမဟုတ်တဲ့ပစ္စည်းလေးအတွက်နဲ့ သုံးဖို့မဟုတ်ဘူး။ မမေ့နဲ့နော်။ ကျွန်မတို့ ဒီကိုလာရတဲ့ရည်ရွယ်ချက်က ဟိုပစ္စည်းတစ်ခုတည်းပဲ။ တခြားဘယ်အရာကမှ ကျွန်မတို့အတွက် တန်ဖိုးမရှိဘူး"
"မစ္စအန်နာ.. ခင်ဗျားယူလာတဲ့ပိုက်ဆံတွေက အများကြီးဆိုတာ ကျုပ်သိတယ်။ ယူရိုတစ်ဘီလီယံကျော်လောက်ကတော့ ခင်ဗျားထုတ်ပေးနိုင်မှာပါ"
အာဒန်နာကလည်း လက်မလျှော့ချေ။
"ယူရိုဆယ်သန်းဆိုရင်တောင် နောက်ဆုံးလေလံပွဲရဲ့ရလဒ်ကို အကျိုးသက်ရောက်မှုရှိနိုင်တယ်"
အန်နာ၏လေသံက အနည်းငယ်ဖော်ရွေမှုကင်းမဲ့သွားသည်။
"ပြီးတော့ ဒီအဖွဲ့အစည်းပိုင်ပိုက်ဆံက ရှင်ရော ကျွန်မရော စိတ်ကြိုက်သုံးစွဲခွင့်မရှိဘူး"
"ဗီအိုင်ပီအခန်းနံပါတ်၇ရှင့်.. ငွေချေပြီးပါပြီလား။ တကယ်လို့ ငွေချေဖို့အခက်အခဲရှိတယ်ဆိုရင် တစ်နာရီအတွင်း ငွေသွင်းနိုင်ပါတယ်။ ဒါမှမဟုတ် ဒုတိယဈေးအများဆုံးလေလံတင်သူကို လွှဲပေးလိုက်လို့လည်း ရပါတယ်"
"ဟုတ်တယ်။ ခင်ဗျားမှာ ပိုက်ဆံရှိလား မရှိဘူးလား။ မရှိဘူးဆိုရင် ကျုပ်တို့အချိန်ကို လာဖြုန်းမနေနဲ့"
"ဗီအိုင်ပီအခန်းထဲက လူတစ်ယောက်က ဒီလောက်တော့တတ်နိုင်တာသေချာပါတယ်။ ဘာတွေစိတ်ပူနေတာလဲ"
"ဘယ်သူသိနိုင်မှာလဲ။ သူ့ဗီအိုင်ပီလက်မှတ်က မသန့်ရှင်းတဲ့နည်းလမ်းတွေနဲ့ ရလာတာလည်းဖြစ်နိုင်တာပဲ"
"ဟေး.. ခင်ဗျားပေးနိုင်လား။ မပေးနိုင်ဘူးလား"
ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ယခုလောက်ဆိုလျှင် ဗီအိုင်ပီအခန်းနံပါတ်၇မှ ဧည့်သည်တစ်ယောက် စိတ်ရှုပ်နေလောက်ပြီဖြစ်ကြောင်း သူတို့သိထားပြီးဖြစ်၏။ ဆွစ်ဘဏ်မှ ယူရိုတစ်ဘီလီယံမျှသာမဟုတ်ဘဲ တစ်ပြားပင် ထုတ်နိုင်မည်မဟုတ်။
"သေစမ်း"
အာဒန်နာလည်း ဒေါသတကြီးဖြင့် လက်သီးတင်းတင်းဆုပ်ထားလိုက်မိသည်။
"တောင်းပန်ပါတယ်။ ကျုပ်ဘက်မှာ ငွေလွှဲဖို့ ပြဿနာတချို့ရှိနေလို့ပါ။ ကြည့်ရတာတော့ ဧကရာဇ်ကျောက်စိမ်းတံဆိပ်က ကျုပ်နဲ့ ကံမပါဘူးထင်တယ်"
တစ်နာရီကြာလျှင်ပင် သူ့အကောင့်သည် အပိတ်ခံထားရဆဲဖြစ်နေလိမ့်မည်ဖြစ်ကြောင်း အာဒန်နာသိသည်။ တစ်နာရီစောင့်ပြီး သူ့တွင် ငွေမရှိကြောင်း သွယ်ဝိုက်ဖော်ပြနေမည့်အစား ငွေလွှဲမှုတွင် ပြဿနာရှိနေကြောင်း ပွင့်ပွင့်လင်းလင်းဝန်ခံလိုက်ခြင်းကသာ ပိုကောင်းပေသည်။
သူထင်ထားသည့်အတိုင်း လူအုပ်ထဲတွင် တီးတိုးပြောသံအမြောက်အများရှိနေဆဲဖြစ်သော်ငြား အသံကား သိပ်မကျယ်လှပေ။ ထိပ်တန်းအဆင့်စီးပွားရေးလုပ်ငန်းရှင်များအတွက်မူ ငွေလွှဲမှုပြဿနာများမှာ တစ်ခါတစ်ရံဖြစ်ပေါ်တတ်သဖြင့် အဆန်းမဟုတ်ချေ။ အဆိုးဆုံးရှိလှ သူ့ဘက်က ပြင်ဆင်မှုအပိုင်းတွင် အားနည်းသည်ဟုသာ ဆိုနိုင်လေသည်။
"ကြည့်စမ်းပါဦး။ ပိုက်ဆံမရှိဘဲ လေလံတင်ပြနေတာ ရှက်ဖို့ကောင်းချက်"
ကျန်းမုန့်လောင်၏ သရော်သံက ခန်းမတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားပြီး ဟွာရှားမှ လုပ်ငန်းရှင်အများအပြားလည်း ချက်ချင်းဆိုသလို သဘောတကျပြုံးရယ်လိုက်မိသည်။
"ဟားဟားဟား.. ဒီကောင်လေးကတော့ အခွင့်သာပြီဆိုတာနဲ့ လူတစ်ယောက်ကို ကန်ထုတ်ဖို့ ဘယ်တော့မှမမေ့ဘူးပဲ"
လီဟုန်းက ရယ်မောနေသော်ငြား သူ့အပြုံးကတော့ အနည်းငယ်ခါးသက်သက်နိုင်လှသည်။
"သူ့စရိုက်က နည်းနည်းဝင့်ကြွားတတ်ပေမဲ့ ငါ သူ့ကိုသဘောကျမိနေပြီဆိုတာတော့ ဝန်ခံရလိမ့်မယ်"
ကျန်းမုန့်လောင်နှင့် အကြိမ်အနည်းငယ်ထိပ်တိုက်တွေ့ခဲ့ဖူးသော မာဟွားက ရယ်မောလိုက်ချေသည်။
"ငါတို့ရဲ့ဟွာရှားရတနာတွေကို တခြားတစ်ယောက်ယူသွားတာကို ဘယ်လိုလုပ်ခွင့်ပြုပေးနိုင်မှာလဲ။ သူတို့ဘက်က ဆန္ဒရှိရင်တောင် ခွင့်ပြုပေးလို့မရဘူး။ ငါသာဆိုရင်လည်း သူ့ကို အခုလိုလုပ်မိမှာပဲ"
"မဟုတ်ဘူး။ ငါ့အထင်တော့ ပြဿနာတစ်ခုရှိတယ်ထင်တယ်"
မာယွင်က ပြောလာသည်။
"ဗီအိုင်ပီအခန်းနံပါတ်၇ကလူက ဒါမန်က အာဒန်နာပဲ။ မင်းတို့လည်း သူ့ကိုကြားဖူးလောက်မှာပါ"
"အာဒန်နာလား။ ဒါမန်က နည်းပညာလုပ်ငန်းရှင်ကြီးလေ"
"သူပဲ"
မာယွင်က ဆို၏။
"သူက ဒါမန်ရဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းကို တစ်ယောက်တည်းအားနဲ့တွန်းတင်ခဲ့တဲ့ အဆင့်မြင့်ပညာတတ်တစ်ယောက်လေ။ အခုဆိုရုင် ကမ္ဘာပေါ်က အဆင့်အမြင့်ဆုံးချပ်စ်ပြားတွေရဲ့ သုံးပုံတစ်ပုံက သူ့ကုမ္ပဏီကလာတာ။ အမေရိကတောင်မှ သူတို့ကို ကျော်မတက်နိုင်ဘူး။ ပြီးတော့ သူက ဉာဏ်ပညာနဲ့ဖန်တီးထားတဲ့ မူပိုင်ခွင့်ကို အရင်းအနှီးအဖြစ်အသုံးချပြီး ရှယ်ယာ၈၀ရာခိုင်နှုန်းကျော်ကိုလည်း သူကိုယ်တိုင်ကိုင်ထားတာ။ သူ့ပိုင်ဆိုင်မှုဆိုရင်လည်း အမေရိကန်ဒေါ်လာတစ်ရာဘီလီယံကျော်တယ်။ သူက ဘယ်လိုလုပ်ပြီး ယူရိုသန်းတစ်ရာကျော်လောက်လေးကို မထုတ်နိုင်ရတာလဲ"
"တစ်ယောက်ယောက်က အကွက်ရွှေ့နေတယ်လို့ သံသယဖြစ်မိလား"
မာဟွားလည်း ဤ"နည်းပညာလုပ်ငန်းရှင်ကြီး"အကြောင်း ကြားဖူးနားဝရှိထားသည်။ ထိုလူမှာ စီးပွားရေးပါရမီရှင်တစ်ယောက်သာမက သိပ္ပသုတေသနဉာဏ်ကြီးရှင်တစ်ယောက်လည်း ဖြစ်၏။
"မဖြစ်နိုင်တာ။ လူတိုင်းရဲ့ငွေတွေကို ဆွစ်ဘဏ်ကတစ်ဆင့် လွှဲပြောင်းတာလေ။ ဘယ်သူကများ အဲ့ဒါကို ကြားဝင်ဖျက်နိုင်မှာလဲ"
"ဧကန္တ..ကျန်းမုန့်လောင် အဲ့ဒီကလေးများလား"
လီဟုန်းက ခန့်မှန်းတွေးဆကြည့်လိုက်သည်။
"အာဒန်နာက ဒီပိုက်ဆံကိုထုတ်နိုင်ပါ့မလားလို့ ပထမဆုံးမေးခဲ့တဲ့လူက သူပဲလေ။ သူ့ပုံစံအရဆိုရင် အာဒန်နာ ငွေမချေနိုင်လောက်ဘူးဆိုတာ သေချာနေသလိုပဲ။ သူကြိုသိထားတာမျိုးရော…"
"အခု မင်းပြောမှပဲ အဲ့ဒါက မဖြစ်နိုင်တာတော့မဟုတ်ဘူး"
"သေစမ်း..ဒီကလေးက ဘယ်လောက်တောင်အစွမ်းထက်တာလဲဟ"
...
"အဲ့လိုဆိုရင်တော့ အရမ်းစိတ်မကောင်းဖြစ်စရာပါပဲ"
အမ်မာက သက်ပြင်းချလိုက်သည်။
"ဒါဆို ဒီလေလံပစ္စည်းက ဗီအိုင်ပီအခန်းနံပါတ်၅မှာရှိတဲ့ ဧည့်သည်ဆီကို လွှဲပြောင်းပေးအပ်ရမှာဖြစ်ပါတယ်"
"ဟားဟားဟား.. ဒါမန်ရဲ့ချမ်းသာကြွယ်ဝမှုဆိုတာ ဒီလောက်ပါပဲ"
မားစ်မိသားစုမှ ကိုယ်စားလှယ်တစ်ယောက်က ရယ်မောလိုက်လေသည်။ သို့သော် သူ ငွေလွှဲဖို့ပြင်လိုက်ချိန်မှာပင် သူ့အမူအရာက ချက်ချင်းပြောင်းလဲသွား၏။ သူ့ပိုက်ဆံများလည်း အပိတ်ခံလိုက်ရလေပြီ။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ကျုပ်..ကျုပ်ရဲ့ပိုက်ဆံလည်း လွှဲပြောင်းတဲ့နေရာမှာ ပြဿနာတက်နေလို့ ဒီဧကရာဇ်ကျောက်စိမ်းတံဆိပ်ရဲ့ လေလံပြိုင်ခွင့်ကို စွန့်လွှတ်လိုက်ပါတယ်"
"ဝိုး"
လူတစ်ယောက်တည်းက ငွေလွှဲပြောင်းမှုပြဿနာနှင့် ကြုံရသည်ဆိုပါလျှင် မတော်တဆမှုတစ်ခုဖြစ်နိုင်သော်ငြား လူနှစ်ယောက်က တစ်ချိန်တည်းမှာ မတော်တဆဖြစ်နိုင်ခြေကား နည်းပါးလှသည်။
ဤအဖြစ်ကြောင့် လူအုပ်ကြီးထဲမှ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
"သေလိုက်ပါတော့။ ဘာတွေဖြစ်နေတာလဲဟ"
"ဆွစ်ဘဏ်က ပြဿနာတစ်ခုခုတက်နေတာများလား။ မဖြစ်နိုင်ဘူး။ ငါ့အကောင့်ကို အခုချက်ချင်းသွားစစ်မှဖြစ်မယ်"
"ငါ့အကောင့်ကတော့ အဆင်ပြေပါတယ်"
"ဘာတွေဖြစ်နေတာလဲ"
"ကျုပ်..ကျုပ်လည်း လက်လျှော့လိုက်ပါပြီ"
လူအုပ်ထဲတွင် ဆွေးနွေးမှုများ အုံကြွနေချိန်မှာ တတိယမြောက်ဈေးအမြင့်ဆုံးပေးထားသူကလည်း လေလံကို လက်လျှော့သွားချေသည်။
"ကျုပ်လည်း လက်လျှော့ပါတယ်"
ပထမသုံးယောက်နှုတ်ထွက်သွားပြီးနောက် ကျန်လူများလည်း စိတ်ပိုင်းဆိုင်ရာဖိစီးမှုမရှိပါဘဲ လိုက်လုပ်ရန် ပိုလွယ်ကူသွားသည်။
သို့သော် ဤနေရာအရောက်မှာတော့ လှည့်ကွက်တစ်ခုခုရှိနေပြီဖြစ်ကြောင်း မည်သူမဆို ရိပ်စားမိပြီဖြစ်၏။
"အံ့ဩဖို့ကောင်းလိုက်တာ"
ဟွာရှားပိုင်ရတနာကို ထိပါးဖို့ကြိုးစားခဲ့သူများ တစ်ယောက်ပြီးတစ်ယောက် အရေးနိမ့်သွားသည်ကို ကြည့်ရင်း ဝမ်လင်ခမျာ အပျော်လုံးစို့နေပေသည်။
"မာန်တက်ပြဦးလေ။ ဆက်ပြီးမာန်တက်ပြကြစမ်းပါ ဟားဟားဟား"
"ဟားဟားဟား ဒီနေ့တော့ ငါက တကယ့်ကိုအာဏာလွှမ်းမိုးသူတစ်ယောက်ပဲ။ လေလံဆွဲချင်လား။ မင်းတို့ရဲ့အကောင့်ကို ချက်ချင်းဘန်းပစ်လိုက်ရုံပဲ"
ကျန်းမုန့်လောင်ကလည်း ပါးစပ်မပိတ်နိုင်လောက်အောင် ရယ်မောနေချေသည်။
"ကြည့်ကြရအောင်"
ကျန်းမုန့်လောင်၏အသံက နောက်တစ်ကြိမ်ထွက်ပေါ်လာပြန်သည်။
"ကြည့်ရတာတော့ လေလံဆွဲသူတွေအကုန်လုံး လက်လျှော့သွားကြပြီထင်တယ်နော်။ ကျုပ် မှတ်မိတာသာမှန်မယ်ဆိုရင် ယူရိုသုညနဲ့လေလံဆွဲထားတဲ့လူက ကျုပ်တစ်ယောက်တည်းပဲ။ ဒီတော့ အခု ဒီဧကရာဇ်ကျောက်စိမ်းတံဆိပ်ကလည်း ကျုပ်အပိုင်ဖြစ်သွားပြီနော်။ ဟုတ်တယ်ဟုတ်"