← Chapters

အမေရိကန်ဒေါ်လာတစ်ရာဘီလီယံသုံးရမဲ့တာဝန်ကို အောင်မြင်သွားပါပြီ

Vol. 16 Ch. 227

အမေရိကန်ဒေါ်လာတစ်ရာဘီလီယံသုံးရမဲ့တာဝန်ကို အောင်မြင်သွားပါပြီ

Vol. 16 Ch. 227

"ဘာဖြစ်တာလဲ။ ငါ့အကောင့်က ဘာလို့အပိတ်ခံလိုက်ရတာလဲ။ ခုနက စစ်ကြည့်တုန်းကတော့ အကောင်းကြီးပဲရှိပါသေးတယ်"

"ဘာ။ မင်းအကောင့် ပိတ်ခံထားရတယ်ဟုတ်လား။ ငါရောပဲ။ ဆွစ်ဘဏ်က သောက်ကျိုးနည်း ဘာဖြစ်နေတာလဲ"

ဖြစ်ပျက်သွားသော ကိစ္စများကြောင့် လေလံဝင်ဆွဲရန် ရည်ရွယ်ထားကြသူများအားလုံးလည်း သူတို့၏ဆွစ်ဘဏ်အကောင့်များကို စတင်စစ်ဆေးကြည့်လိုက်ကြတော့သည်။ သို့သော် ခြွင်းချက်မရှိပါဘဲ သူတို့၏အကောင့်များလည်း အပိတ်ခံထားရကြောင်း သိလိုက်ရသည်။ အပိတ်ခံရသည်မှာလည်း မိနစ်အနည်းငယ်သာ ကြာသေးသည်။

ဤအဖြစ်ကြောင့် တချို့က ဆွစ်ဘဏ်ကိုယ်တိုင်က ပြဿနာတက်နေသလားဟု သံသယဝင်လာမိကြသည်။

"မဟုတ်ဘူး။ အဲ့ဒါက ဆွစ်ဘဏ်နဲ့မဆိုင်ဘူး"

ဘီလျံနာတစ်ယောက် သူ့ဖုန်းကိုချလိုက်သည်။

"ငါ အခုလေးတင် ငါ့မိတ်ဆွေကိုမေးကြည့်ပြီးပြီ။ သူ့ဆွစ်ဘဏ်က လုံးဝအဆင်ပြေတယ်တဲ့"

"ဒီတော့ ဒီနေရာမှာရှိတဲ့လူတွေရဲ့အကောင့်တွေကပဲ အပိတ်ခံရတာပေါ့"

"အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ဒီကိစ္စတွေရဲ့နောက်ကွယ်က သူ့လက်ချက်များလား"

လူတော်တော်များများက ကျန်းမုန့်လောင်ရှိရာဆီသို့ လှည့်ကြည့်လာကြသည်။

ဤနေရာရှိလူတိုင်းက ငွေသားဘီလီယံနှင့်ချီ၍ သယ်လာကြသော်ငြား ယခုတော့ဖြင့် တစ်ပြားမှထုတ်မရချေ။ ဤအဖြစ်ကား အနှိပ်ခံဖို့သွားရာက အရေးအကြီးဆုံးအချိန်မှာမှ ကွန်ဒုံးမပါမှန်း သတိရလိုက်သလိုဖြစ်နေချေသည်။ ဤသည်ကား လူတစ်ယောက်ကို ရူးသွပ်သွားစေသည်။

ဤဖြစ်ရပ်က ကျန်းမုန့်လောင်နှင့် သက်ဆိုင်မှုရှိမရှိ လူတိုင်းဆွေးနွေးနေကြချိန်ဝယ် သူက စကားထပ်စလာပြန်သည်။

"အားလုံးက တအားတွေငြိမ်နေမှတော့ ကျုပ် ကျန်းမုန့်လောင်ကတော့ ပွဲခံဖို့ မစောင့်နိုင်တော့ဘူး"

ကျန်းမုန့်လောင်က ဖြည်းဖြည်းချင်းပြောလိုက်သည်။

"ကျုပ် ယူရိုသုညနဲ့လေလံတင်မယ်"

"ဒါက သူ့လက်ချက်ပဲဖြစ်ရမယ်"

"ဆွစ်ဘဏ်မှာရှိတဲ့ ငါတို့အကောင့်တွေအားလုံးကို ပိတ်နိုင်လောက်အောင်အထိ သူ့မှာ ဘယ်လိုအစွမ်းမျိုးရှိတာမို့လို့လဲ။ ဆွစ်ဘဏ်က ဒီလိုလုပ်ရပ်မျိုးအတွက် နောက်ဆက်တွဲတွေကို ဂရုမစိုက်တော့ဘူးလား"

"ဆွစ်ဘဏ်က သူ့မိသားစုပိုင်ဖြစ်မှာပေါ့"

"ငါနှင့်မဆိုင်"ဟုသဘောထားကြသူများကတော့ အေးအေးလူလူပင်။ ဤလေလံပွဲတွင် စိတ်လှုပ်ရှားမှုရရုံသက်သက် ရောက်လာကြသူများလည်း အများသားပင်။ သူတို့က ဘာမှယှဉ်ပြိုင်လိုစိတ်လည်း မရှိကြပေ။ ထို့ကြောင့် သူတို့အကောင့်များ အပိတ်ခံရသည်ဖြစ်စေ၊ မပိတ်ခံရသည်ဖြစ်စေ သူတို့အပေါ် သက်ရောက်မှုအနည်းငယ်မျှပင်မရှိပါဘဲ ထေ့လုံးငေါ့လုံးများပင် စတင်ပြုလုပ်လာကြသည်။

"ဟားဟားဟား မင်းပြောတာ ချက်ကောင်းထိတယ်ဟေ့"

"အမှန်ပဲ။ ချင်းချိုးနိုင်ငံငယ်လေးတစ်ခုတည်းမှာတောင် သူက အမေရိကန်ဒေါ်လာထရီလီယံနဲ့ချီပြီး ပိုင်ဆိုင်ထားတာ။ ဒီလောက်လျော်ကြေးနည်းနည်းလေးကို ဂရုစိုက်မတဲ့လား"

သူတို့မသိသည်မှာ သူတို့ပြောသည့်စကားက အမှန်ဖြစ်ကြောင်းကိုပင်။ ဆွစ်ဘဏ်သည် စင်စစ်ပင် ကျန်းမုန့်လောင်၏မိသားစုပိုင် ဖြစ်၏။

"မစ္စအမ်မာ… အလုပ်စဖို့အချိန်တန်ပြီ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ကျွန်..ကျွန်မတို့ရဲ့လေလံပွဲစည်းမျဉ်းအရ ယူရိုငါးသန်းတိုးပေးနိုင်တဲ့လူမရှိရင် ဂန်ကျန်းနဲ့မိုယဲ့ဆိုတဲ့ ဒီဓားတစ်စုံက မစ္စတာကျန်းဆီကို ရောက်သွားမှာပါ"

ယခုဆိုလျှင် ကျန်းမုန့်လောင်က ဗီအိုင်ပီအခန်းနံပါတ်သုညတွင်ရှိကြောင်း လူတိုင်းသိထားပြီးဖြစ်လေရာ အမ်မာ့အနေနှင့်လည်း သူ့သရုပ်မှန်ကို ထပ်ဖုံးကွယ်ထားစရာ မလိုတော့ချေ။

ဆယ်စက္ကန့်ကြာသွားသည့်တိုင် မည်သူမှ အသံထွက်မလာချေ။

မိနစ်ဝက်ခန့်အကြာတွင်လည်း မည်သူမှ စကားစမလာပေ။ သူတို့လည်း လေလံမဆွဲချင်ကြခြင်းမဟုတ်ပေ။ ပိုက်ဆံထုတ်၍မရနိုင်သောကြောင့်ဖြစ်သည်။

လက်ငင်းငွေသားငါးသန်းကို ယူလာခဲ့လျှင်မူ ငါးသန်းတိုးပေးဖို့က ဖြစ်နိုင်သည်။ သို့သော် ငွေသားယူရိုငါးသန်းကို သယ်လာခြင်းကား လူတစ်ယောက်ကို သေစေနိုင်လောက်သည်။ ငွေသားများကို လေလံပွဲသို့ သယ်လာလျှင် ရူးနှမ်းရာကျသွားပေလိမ့်မည်။

"ဒါဆို ဒီရှေးဟောင်းဓားတစ်စုံရဲ့ပိုင်ရှင်ဖြစ်လာတဲ့အတွက် မစ္စတာကျန်းကို ဂုဏ်ပြုပါတယ်"

"သေစမ်းကွာ။ အခွင့်ထူးခံခွေးတစ်ကောင်ဖြစ်ရတာက ဘယ်လောက်တောင်ပျော်ဖို့ကောင်းလဲဆိုတာ ငါသိသွားပြီ"

အောက်ဘက်ရှိ တိတ်ဆိတ်နေသောလူအုပ်ကြီးကို စောင့်ကြည့်ရင်း ဝမ်လင့်စိတ်ထဲ ကျေနပ်အားရမှုလှိုင်းလုံးတစ်ခု ဖြတ်ပြေးသွားသည်။

"စမ်းကြည့်ချင်သေးလား။ နောက်တစ်ခေါက်ကျရင် ဟွာရှားဘဏ်တွေထဲက မင်းရဲ့အကောင့်တွေအကုန်လုံးကို ပိတ်ပေးမယ်လေ"

ကျန်းမုန့်လောင်က ‌ပြောလိုက်သည်။

"ဟွာရှားပြည်သူ့ဘဏ်ကတော့ အစိုးရပိုင်မို့လို့ ထားပါတော့။ ကျန်တာတွေကတော့ အရင်းရှင်တွေပိုင်တာဆိုတော့ ဘယ်အကောင့်မဆို ပိတ်ပစ်စေချင်ရင် ငါ စကားတစ်ခွန်းဟလိုက်ရုံပဲ"

"မလုပ်ပါနဲ့ကွာ။ ငါက နောက်နေတာပါ"

ရုတ်ခြည်းဆိုသလို ဝမ်လင်က မျက်နှာချိုသွေးလိုက်သည်။

"သူတို့တွေကို မင်းစိတ်ကြိုက်အရေးယူလို့ရတယ်လေ။ ဘာလို့ ငါ့ကို လာလုပ်နေရတာလဲ"

...

လေလံပွဲ၏စင်အနောက်ဘက်တွင်မူ ထူးခြားဆန်းကြယ်လှသော ဥရောပသားနှစ်ယောက်၏ မျက်နှာများကား အလွန်ပျက်ယွင်းနေချေသည်။

"အိုင်ဆာ…ငါတို့ဘာလုပ်ကြမလဲ။ ဒီဟွာရှားလူမျိုးကိုကြည့်ရတာ ဟွာရှားရဲ့အမွေအနှစ်တွေအကုန်လုံးကို တစ်ပြားမှမပေးဘဲ ယူသွားမဲ့ပုံပဲ"

"ဟွာရှားရဲ့ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းတွေကို အကုန်လုံးကြိုပြီးလေလံတင်ပေးဖို့ အမ်မာ့ကိုသွားပြောလိုက်။ အခုလောလောဆယ်‌တော့ ဒီဟွာရှားလူငယ်လေးကို ပျော်ခွင့်ပေးထားလိုက်ဦး"

အိုင်ဆာက အေးတိအေးစက် ဆိုလာချေသည်။

"အခုလေးတင် သူက ဟွာရှားရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုပဲ လိုချင်တယ်လို့ ပြောလိုက်တာမလား။ ငါ့အထင်တော့ တခြားပစ္စည်းတွေကျရင် သူ ပုံမှန်နည်းလမ်းနဲ့ပဲ လေလံဆွဲလိမ့်မယ်ထင်တယ်။ တခြားပစ္စည်းတွေရဲ့လေလံကိုတော့ အများကြီးမသက်ရောက်လောက်ပါဘူး"

"ဟမ် ဒါဆို မင်း…"

"ငါ ကျိုးခယ်ကို သွားရှာမယ်"

အိုင်ဆာက မတ်တတ်ထရပ်လိုက်သည်။

"ဘယ်သူမှ ငါတို့အဖွဲ့အစည်းထဲက ပစ္စည်းတွေကို အလကားယူသွားခွင့်မပြုနိုင်ဘူး"

...

နောက်ထပ်လေလံတင်မည့်အရာမှာ ဟွာရှားမှ အမွေအနှစ်ပစ္စည်းများပင်။ အနောက်ကျိုးမင်းဆက်တုန်းက ကြီးမားလွန်းလှသော ဒယ်စောက်ကြီး၊ ချန်းလုံနှင့်အတူ မြှုပ်နှံခဲ့သော နဂါးကိုးကောင်ဓားနှင့် ကိုင်ဘွန်အရေးအခင်းတုန်းက ပျောက်ဆုံးသွားခဲ့သည့် ပီကင်းလူသားဦးခေါင်းခွံဖြစ်၏။ ဤပစ္စည်းတစ်ခုချင်းစီတိုင်းဟာ ဟွာရှားငွေတစ်ဘီလီယံကျော် တန်ဖိုးရှိသည်။

ပြိုင်ဘက်ကင်းမဲ့နေချိန်မှာပင် ကျန်းမုန့်လောင်က ထိုပစ္စည်းများကို အားထုတ်မှုကင်းကင်းဖြင့် ရရှိလိုက်သည်။

"ဒီလူတွေက တစ်ခုခုတော့ တစ်ခုခုပဲ။ ဟွာရှားလူမျိုးတွေ အချိန်အကြာကြီးလိုက်ရှာနေခဲ့တဲ့ ဒီပစ္စည်းတွေကို သူတို့က အကုန်လုံးရှာနိုင်ခဲ့တာပဲ"

ကျန်းမုန့်လောင် ယဉ်ကျေးမှုလက်ရာများ ကိန်းအောင်းနေပါသော ထိုပစ္စည်းများကို ကြည့်လိုက်မိချိန်မှာ စိတ်ခံစားချက်တို့ နက်ရှိုင်းသွားရသည်။

"လောင်ကျန်း.. မင်း ဒီပစ္စည်းတွေကို ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ"

"ငါ့ရင်ဘတ်မှာ တလှုပ်လှုပ်ဖြစ်နေတဲ့ ဒီအနီရောင်လည်စည်းကို တွေ့လား"

ကျန်းမုန့်လောင်က ကိုယ်ကိုထူမတ်လိုက်သည်။

"သေချာပေါက် ဒါတွေကို နိုင်ငံတော်ကို ပြန်အပ်မှာပေါ့ကွ။ ဘယ်လိုပဲဖြစ်ဖြစ် ငါလည်း တစ်ပြားမှကုန်ခဲ့တာမှမဟုတ်တာ"

"မင်း.. မင်း ထပ်မစဉ်းစားတော့ဘူးလား။ ဒီပစ္စည်းတွေက အဖိုးမဖြတ်နိုင်ဘူးနော်"

ဝမ်လင်သာဆိုလျှင် ထိုပစ္စည်းများကို အလကားရခဲ့သည်ဆိုသည့်တိုင် နိုင်ငံတော်ကိုအပ်ဖို့ကတော့ ခက်ခဲမည်ဖြစ်၏။

"ဘာကိုအဖိုးမဖြတ်နိုင်တာလဲ။ ဒါတွေအကုန်ပေါင်းလိုက်ရင် အများဆုံးရှိလှ ယူရိုသန်းငါးရာပဲရှိတာ"

ကျန်းမုန့်လောင်က အမှုမထားဟန်ဖြင့် ပြောလာလေသည်။

"ဟိုဥက္ကာခဲတွေကို သစ်ကြားသီးထုဖို့အတွက် လေးငါးခုလောက်ဝယ်ထားရုံနဲ့တင် လုံလောက်ပါပြီ"

"သေစမ်းကွာ"

အဆုံးမှာတော့ ဝမ်လင်နားလည်လိုက်လေပြီ။ ကျန်းမုန့်လောင်က အမြင်မှန်ရခြင်းမျိုး စိုးစဉ်းမျှမရှိ။ သူ့ရင်ဘတ်ပေါ်ရှိ အနီရောင်လည်စည်းကလည်း ပြစားရုံသက်သက်သာ။ သူသည် ဤယဉ်ကျေးမှုအမွေအနှစ်များကို သိပ်တန်ဖိုးမထားပေ။ မျိုးချစ်စိတ်အနည်းငယ်ရှိရုံမျှသာ ဖြစ်၏။

"ကောင်းပြီလေ။ ငါတို့ဟာကို ငါတို့ပြန်ယူမှာပဲ။ ငါတို့ဟာမဟုတ်ရင်တော့ ကိုယ့်အစွမ်းအစနဲ့ကိုယ် ရအောင်ယူမယ်"

ကျန်းမုန့်လောင်က ထိုအကောင့်များကို ပြန်ဖွင့်ပေးရန် ဟေဂန့်ဆီသို့ မက်ဆေ့ချ်တစ်စောင်ပို့လိုက်သည်။ တကယ့်လေလံပွဲအစစ်ကား ယခုမှ စတင်မည်ဖြစ်၏။

"ငါ့အကောင့် ပြန်ရပြီ"

"ငါ့ဟာရောပဲ"

သိပ်မကြာခင်မှာပင် သူတို့၏ဆွစ်ဘဏ်အကောင့်များ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီဖြစ်ကြောင်း သိသွားကြသည်။ ဤအဖြစ်ကား ဟွာရှား၏အမွေအနှစ်များအားလုံး ကျန်းမုန့်လောင်လက်ထဲသို့ တစ်ပြားမှမကုန်လိုက်ဘဲ ရောက်သွားပြီးနောက်မှ တိုက်တိုက်ဆိုင်ဆိုင် လာဖြစ်နေချေသည်။

ယခုမူ ဆွစ်ဘဏ်ကိစ္စသည် ကျန်းမုန့်လောင်၏လက်ချက်ဖြစ်ကြောင်း ထင်ရှားသွားလေပြီ။

ထိုသို့ဆိုလျှင်ပင် လေလံပွဲပုံစံကတော့ သိသိသာသာပြောင်းလဲသွားခြင်းမရှိချေ။

"ယူရိုသန်းနှစ်ရာ"

"ယူရိုသန်းရှစ်ရာ"

"ချီးပဲ။ ကောင်းလိုက်တဲ့ပစ္စည်း။ ငါ ယူရိုသန်းငါးရာနဲ့ လေလံတင်မယ်"

ဤအခိုက်အတန့်လေးတွင် သူတို့ဘဏ်အကောင့်များကို ပိတ်ခြင်း၊မပိတ်ခြင်းက လေလံပွဲ အနိုင်အရှုံးအပေါ် သက်ရောက်မှု လုံးဝမရှိကြောင်း ထိုလုပ်ငန်းရှင်များ သဘောပေါက်သွားကြသည်။

ကျန်းမုန့်လောင်သာ တစ်စုံတစ်ခုကို လိုချင်ခဲ့ပါက သူသည် ဈေးနှုန်းကို လုံးဝဂရုမစိုက်ဘဲ လေလံဈေးကို မြှင့်သည်ထက် မြှင့်ပစ်လိမ့်မည်သာ။

ကျန်းမုန့်လောင်က သူစိတ်မဝင်စားသော ပစ္စည်းများကလွဲလျှင် လေလံပစ္စည်းများထဲမှ ၇၀ရာခိုင်နှုန်းနီးပါးကို အလွန်မြင့်မားသောဈေးနှုန်းဖြင့် ဝယ်ယူပစ်လိုက်သည်။

"ဒီကမ္ဘာကျော်ပန်းချီကားကို ယူရိုသန်းလေးရာနဲ့ လေလံနိုင်သွားတဲ့အတွက် မစ္စတာကျန်းကို ဂုဏ်ပြုပါတယ်။ အခုဆိုရင် ကျွန်မတို့ရဲ့နောက်ဆုံးလေလံပစ္စည်းကို ရောက်ရှိလာပါပြီ။ ကျေးဇူးပြုပြီး မိနစ်နှစ်ဆယ်လက်ဖက်ရည်သောက် အနားယူလိုက်ကြပါဦး။ နောက်လာမဲ့လေလံပွဲက အရမ်းကိုပြင်းထန်တဲ့ပြိုင်ပွဲတစ်ခုဖြစ်လိမ့်မယ်ဆိုတာ သေချာပါတယ်"

နောက်ဆုံးယူရိုသန်းလေးရာကို ပေးချေပြီးနောက် ကျန်းမုန့်လောင်၏စိတ်အာရုံထဲတွင် သူ့အိပ်မက်ထဲ၌ အကြိမ်ပေါင်းများစွာပေါ်လာခဲ့ဖူးသော အသံတစ်သံက တစ်ပြိုင်တည်းထွက်ပေါ်လာသည်။

"ဒင်! ၂၄၉ယောက်မြောက်အကြီးအကဲချမှတ်ထားခဲ့တဲ့ တာဝန်ကို ပြီးမြောက်အောင်မြင်သွားပါပြီ။ ထူးရှယ်နတ်ဘုရားကျောင်းတော်ကို တရားဝင်ဝင်ခွင့်ရသွားပါပြီ"

ထိုအသံက ကျန်းမုန့်လောင်ကို အံ့အားသင့်သွားစေပြီး ဤမျှအထိ မျှော်လင့်စောင့်စားနေကြသော နောက်ဆုံးနာမည်ကြီးလေလံပစ္စည်းက ဘာဖြစ်နိုင်လေသလဲဟူသော အတွေးကိုပင် မေ့လျော့သွားစေသည်။

"ကောထန်?"

ကျန်းမုန့်လောင်လည်း လွန်ခဲ့သည့်လအနည်းငယ်တုန်းက သူ့အမေ၏အိပ်မွေ့ချခြင်းမှတစ်ဆင့် ကျောင်းတော်ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့စဉ်က ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ဉာဏ်ရည်တုစနစ်ကို သူကိုယ်တိုင်ပေးခဲ့သည့်နာမည်ကို သတိရသွားသည်။

"လေးစားရပါသော ၂၅၀ယောက်မြောက်အကြီးအကဲ… ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ ဉာဏ်ရည်တုစနစ် ကောထန်က သင့်ကိုဝန်ဆောင်မှုပေးဖို့ အသင့်ဖြစ်နေပါပြီ။ လူကြီးမင်းအနေနဲ့ ထူးရှယ်နတ်ဘုရားကျောင်းတော်ကို ဝင်ရောက်ဖို့အတွက် စိတ်နဲ့အမိန့်ပေးပြီး ဝင်ပေါက်ကိုဖွင့်လို့ရပါတယ်။ လူကြီးမင်း ကျောင်းတော်ထဲကိုဝင်ပြီးပြီဆိုတာနဲ့ နောက်ထပ်သတင်းအချက်အလက်တွေကို ကျွန်ုပ်ထပ်မိတ်ဆက်ပေးပါ့မယ်"

**********

All Chapters