← Chapters

နှစ်ငါးထောင်သက်တမ်းရှိတဲ့ မိသားစုပိုင်အမွေက ဘာမှမပြောပလောက်ဘူးပဲ

Vol. 16 Ch. 228

နှစ်ငါးထောင်သက်တမ်းရှိတဲ့ မိသားစုပိုင်အမွေက ဘာမှမပြောပလောက်ဘူးပဲ

Vol. 16 Ch. 228

"ကျန်းမုန့်လောင်.. မင်း လူကိုဘာလို့လာဆဲနေတာလဲ"

ဝမ်လင်က ကျန်းမုန့်လောင်ကို မကျေနပ်ဟန်ဖြင့် ကြည့်လျက် မေးလိုက်သည်။

ဝမ်လင်၏ကောင်မလေးကလည်း ရယ်ချင်စိတ်ကို ထိန်းထားရသည်။ ဟွာရှားတစ်နိုင်ငံလုံးတွင် ဝမ်လင်ကို "ကောထန်"ဟု ခေါ်ရဲသူကား ကျန်းမုန့်လောင်တစ်ယောက်တည်းသာ ရှိပေလိမ့်မည်။

"အိုး ဘာမှမဟုတ်ပါဘူးကွာ။ ငါ့ဘာသာပြောနေတာပါ။ ငါ အိမ်သာသွားတက်လိုက်ဦးမယ်"

ကျန်းမုန့်လောင်လည်း သူ့စကားလုံးများထဲမှ ရက်စက်ကြမ်းကြုတ်မှုကို လုံးဝဂရုမစိုက်ပါဘဲ ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲကိုဝင်၍သာ ထိုနေရာက ဘယ်လိုနေရာမျိုးလဲဆိုသည်ကို ကြည့်ချင်စိတ်လောနေချေသည်။

"ကလစ်"

ကျန်းမုန့်လောင်တစ်ယောက် သန့်စင်ခန်းထဲသို့ ဝင်လာခဲ့လိုက်ပြီး သူ့အနောက်ရှိ တံခါးကို ချက်ချင်းပိတ်ချလိုက်သည်။

"သောက်ကျိုးနည်း.. ဒီသန့်စင်ခန်းက တော်တော်ခမ်းနားတာပဲ"

"ကောထန်.. ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ဝင်ပေါက်ကို အသက်သွင်းလိုက်တော့"

ကျန်းမုန့်လောင် အမိန့်ပေးလိုက်သည်။

ဤသည်မှာ ထူးဆန်းလှသောခံစားချက်တစ်ခုပင်တည်း။ ကျန်းမုန့်လောင်၏အရှေ့တွင် တံလျှပ်အလား ပုံရိပ်တစ်ခု ထွက်ပေါ်လာဟန်တူပြီး ရုတ်ခြည်းဆိုသလို ရေနံရံတစ်ခုနှင့် အလားသဏ္ဌာန်တူသော အလွှာပါးတစ်ခု ပေါ်ပေါက်လာသည်။

ထိုအလွှာပါးသည် မျက်စိကျိန်းဖွယ် ရောင်စုံအလင်းတန်းများဖြင့် ယှက်သန်းထားပြီး နှင်းဆီရောင်တိမ်တိုက်များဖြင့် ပြည့်နှက်နေသော အပြိုင်ကမ္ဘာကြီးတစ်ခုက ထိုအလွှာပါး၏တစ်ဖက်စွန်းတွင် နောက်ထပ်ကမ္ဘာတစ်ခုအဖြစ် တည်ရှိနေသည့်အလားပင်။

ကျန်းမုန့်လောင် မတ်တတ်ထရပ်လိုက်ပြီး အထဲတွင်ဘာရှိသလဲဆိုသည်ကို ကြည့်ရှုရန်အတွက် ထိုအလွှာပါးအနားသို့ ကပ်သွားလိုက်သည်။ သို့သော် အားကောင်းလွန်းလှသော ဆွဲငင်အားတစ်ခုက သူ့အား ထိုအလွှာပါးမှတစ်ဆင့် ဆွဲခေါ်သွားလေတော့သည်။

...

ယဲ့ရင်၏ပုံပန်းသွင်ပြင်က နားနေခန်းအလွတ်ထဲတွင် ရုပ်လုံးပေါ်လာပြီး အစပိုင်းမှာမူ ကျန်းမုန့်လောင်တစ်ယောက် ရုတ်တရက်ကြီး ဘယ်ပျောက်သွားသလဲဆိုသည်ကို ဖော်ထုတ်ဖို့ကြိုးစားရင်း ထိတ်လန့်သွားသေးသည်။

အစောပိုင်းကပင် ကျန်းမုန့်လောင်၏အသက်ဓာတ်အချက်ပြနှင့် အရှိန်အဝါတို့က နားနေခန်းထဲမှ လျှပ်တစ်ပြက်ပျောက်ကွယ်သွားပေသည်။ ကျန်းမုန့်လောင်ကို ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ပေးခံထားရသူတစ်ယောက်အနေနှင့် ယဲ့ရင် မစိုးရိမ်ဘဲ နေနိုင်ရိုးလား။

သို့သော် ခဏအကြာမှာပင် နားလည်သဘောပေါက်သွားဟန်ဖြင့် ပြုံးလိုက်မိသည်။

"ကြည့်ရတာ မစ္စတာကျန်းက ကျန်းမိသားစုဘိုးဘေးတွေဆီက အဖိုးအတန်ဆုံးလက်ဆောင်ကို အမွေဆက်ခံလိုက်ရပြီထင်တယ်"

ခပ်ဖွဖွရယ်မောသံတစ်သံနှင့်အတူ ယဲ့ရင်၏ရုပ်သွင်က နားနေခန်းထဲမှ တစ်ဖန်ပျောက်ကွယ်သွားပြန်လေသည်။

...

ကမ္ဘာကြီးချာလပတ်လည်နေသည့် ခံစားချက်တစ်ခုက သူ့အားလွှမ်းမိုးထားသည်။ ထို့နောက် ဟန်ချက်ပျက်သွားသော ကျန်းမုန့်လောင်လည်း မြေကြီးပေါ်သို့ ကျွမ်းထိုးမှောက်ခုံပြုတ်ကျသွားလေသည်။ သူ့အမြင်အာရုံ တဖြည်းဖြည်းပြန်ကောင်းလာချိန်မှာတော့ အံ့အားသင့်မှင်တက်သွားရသည်။

သူ့အရှေ့တွင် နားနေခန်းကြီးက မရှိတော့ပါဘဲ အရောင်စုံအသွေးစုံလှသော နှင်းဆီရောင်ကောင်းကင်လောကကြီးတစ်ခု၊ ခမ်းနားထည်ဝါလှသော နန်းတော်ကြီးများ၊ နည်းပညာမြင့်သတ္တုခံတပ်ကြီးများနှင့် လေထဲရှိ လွင့်မျောကျွန်းစုများ ရှိနေချေသည်။ ခပ်လှမ်းလှမ်းတွင် အဆုံးမဲ့ရေခဲပြင်ကြီးများ၊ မုန်တိုင်းထန်သမုဒ္ဒရာများ၊ ရဲရဲတောက်မီးတောင်များနှင့် ခပ်နက်နက်တောအုပ်ကြီးများ တည်ရှိလေသည်။

ဤနေရာသည် အိပ်မက်ထဲတွင် သူမြင်ခဲ့ရသည့်အတိုင်း တစ်ထပ်တည်းပင်။

"အကြီးအကဲ.. ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကြိုဆိုပါတယ်"

ကောထန်၏အသံကား ကျန်းမုန့်လောင်၏နားထဲ ထွက်ပေါ်လာသည်။

"ကောထန်.. ဒီနေရာမှာ ငါတို့တင်ရှိတာမဟုတ်ဘူးမလား"

အံ့ဩမှင်တက်နေသည့် အခိုက်အတန့်များ ပြီးဆုံးသွားသောအခါ ကျန်းမုန့်လောင်လည်း အကြောင်သားဖြစ်နေရာမှ တဖြည်းဖြည်းပြန်သတိဝင်လာသည်။

ဤနေရာကို ကျောင်းဟုခေါ်ဆိုပါက ဆရာများလည်း ရှိရမည်မဟုတ်လား။ သို့သော် ခပ်မြန်မြန်စစ်ဆေးကြည့်ရှုလိုက်သောအခါ သူ့မြင်ကွင်းထဲရှိ ပတ်ပတ်လည်တွင် အခြားသူတစ်ဦးတစ်ယောက်မှမရှိပါဘဲ အမျိုးအမည်မတပ်နိုင်သော သဘာဝစိုက်ခင်းများသာ ရှိနေချေသည်။

"ဆရာတွေအကုန်လုံးကို ၂၄၉ယောက်မြောက်အကြီးအကဲက ချိတ်ပိတ်ထားပါတယ်။ ဒါပေမဲ့ ဒီကျောင်းနဲ့ပတ်သက်တဲ့အကြောင်းတွေကို လူကြီးမင်း နားလည်အောင်ရှင်းပြဖို့အတွက် အကြီးအကဲဟောင်းက လူတစ်ယောက်ကိုတော့ ချန်ပေးသွားပါတယ်။ လူကြီးမင်းနဲ့မိတ်ဆက်ပေးပါရစေ"

ကောထန်က ပြောလိုက်လေသည်။

"အုန်း"

မြေပြင်ကား ရုတ်တရက်တုန်ခါသွားပြီးနောက် ဧရာမအဆောက်အအုံကြီးတစ်ခုက ကျန်းမုန့်လောင်ရှေ့တည့်တည့်တွင် ပေါ်ပေါက်လာသည်။ ကိန်းကြီးခမ်းကြီးနိုင်ပြီး မိမိုက်လွန်းလှသော ထိုအသွင်အပြင်ကြီးက "Iron Man"ရုပ်ရှင်ကို ကြည့်ဖူးသူတိုင်းအတွက် ရင်းနှီးနေလိမ့်မည်သာ။

"Stark Industriesအဆောက်အအုံကြီးလား"

ကျန်းမုန့်လောင်၏မျက်ဝန်းအိမ်ကား အဆမတန်ပြူးကျယ်သွားရလေသည်။

"ဘုရားရေ.. ငါ အခု အချိန်ခရီးသွားလာတာလား။ ဒါက Infinite Terrorထဲက ပင်မနတ်ဘုရားနယ်မြေမဟုတ်ဘူးလား"

မတွေးတတ်လောက်အောင် ခက်ခဲနက်နဲလှသော အတွေးတစ်ခုက ကျန်းမုန့်လောင်၏စိတ်ထဲ ပြည့်နှက်သွားရသည်။

သူ့အကြည့်ကလည်း မလှမ်းမကမ်းဆီသို့ ဆိုက်ရောက်သွားပြီးနောက် ထိုအဆောက်အအုံများမှာ ခပ်မှန်မှန်လေးရွေ့လျားနေကြောင်း သတိထားလိုက်မိသည်။ ပိုအံ့ဩဖို့ကောင်းသော အကြံတစ်ခုက ထပ်မံပေါ်ပေါက်လာပြန်လေသည်။ ဤကမ္ဘာကြီးက သက်ဝင်လှုပ်ရှားနေဟန်တူသည်။

ကျန်းမုန့်လောင်၏မေးခွန်းကို ပြန်အဖြေပေးလာသည့်အလား ကြမ်းပြင်ပေါ်သို့ ရှူးဖိနပ်ထိခတ်သံတစ်သံ ပေါ်ပေါက်လာပြီးနောက် Stark Industriesအဆောက်အအုံ၏တံခါးက ပွင့်ဟလာပြီး သူရင်းနှီးနေသော အသွင်သဏ္ဌာန်တစ်ခု ထွက်ပေါ်လာချေသည်။

"Iron... တိုနီစတက်ခ်လား"

"မဟုတ်ဘူး။ မဟုတ်ပါဘူး ကျောင်းအုပ်ကြီး.. ဒီနေရာမှာတော့ ကျွန်တော့်ကို ဆရာတိုနီလို့ပဲ ခေါ်စေချင်ပါတယ်"

တိုနီစတက်ခ်က ကျန်းမုန့်လောင်ကို အနည်းငယ်ဦးညွှတ်လိုက်သည်။

"ကျွန်တော် ခင်ဗျားကိုစောင့်နေတာကြာပြီ။ နောက်ဆုံးတော့ ခင်ဗျား ကျောင်းကိုရောက်လာခဲ့ပြီပဲ"

"ခင်ဗျား..ခင်ဗျားက တကယ်ကြီး Iron Manလား"

ဒွန်နီ၏မျက်နှာနှင့် ဆင်တူလှသော ထိုမျက်နှာကိုကြည့်ရင်း ၎င်းမှာ တကယ်များလားဟု ကျန်းမုန့်လောင် စတင်သံသယဖြစ်မိလာသည်။

"ခင်ဗျားတို့ကမ္ဘာမှာ ကျွန်တော့်ကိုခေါ်သလိုမျိုးဆိုရင်တော့ ဟုတ်ပါတယ်။ ကျွန်တော့်ကို အဲ့လိုခေါ်တာက မှားတာတော့မဟုတ်ပါဘူး"

တိုနီက လက်နှစ်ဖက်ကို ဖြန့်ကားပြလိုက်သည်။

"နောက်မနေနဲ့တော့။ Iron Manဆိုတာက animationတွေ ရုပ်ရှင်တွေထဲက ဇာတ်ကောင်တစ်ခုပဲ။ သူက ဘယ်လိုလုပ်ပြီး..."

"ဝှစ် ဝှစ် ဝှစ်"

ရွှေရောင်မီးလျှံများခြံရံထားသော အနီရောင်ချပ်ဝတ်တန်ဆာပေါင်းများစွာက ကောင်းကင်ထက်မှ ရုတ်တရက်ထိုးဆင်းလာပြီး တိုနီ၏ဘေးသို့ တိတိကျကျဆင်းသက်လာပြီးနောက် သူ့ခန္ဓာကိုယ်ထက်တွင် ချုပ်ရာစပ်ကြောင်းမရှိ တပ်ဆင်ပစ်လိုက်လေသည်။

"ငါ..ငါ သရဲမြင်လိုက်ရတာပဲ"

လွန်ခဲ့သည့် မိနစ်အနည်းငယ်ခန့်က ကျန်းမုန့်လောင်သည် အသုံးမဝင်သည့်ပစ္စည်းများအတွက် ငတုံးတစ်သိုက်နှင့် လေလံပြိုင်ဆွဲနေခဲ့သည်။ ခဏအကြာတွင်မူ Iron Manက သူ့ရှေ့တွင် ပေါ်လာလေသည်။ ဤကမ္ဘာပေါ်တွင် သည့်ထက်ပိုပြီး ပရမ်းပတာနိုင်၍ အချိတ်အဆက်မမိလှသောကိစ္စမျိုး ရှိနိုင်ဦးမလား။

"ကျောင်းအုပ်ကြီး အပြိုင်ကမ္ဘာသီအိုရီကို ယုံလား"

"အခုနေသာ Ultramanကိုယုံလားလို့မေးရင်တောင် ငါ ယုံပစ်လိုက်မှာ"

ကျန်းမုန့်လောင်လည်း အကြောင်သားဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"သူတို့တွေက တကယ်ရှိပါတယ်"

တိုနီက အပြုံးလေးဖြင့် စတင်ရှင်းပြလာချေသည်။

"ကျောင်းအုပ်ကြီး.. ဒီစကြဝဋ္ဌာပေါ်မှာ အပြိုင်ကမ္ဘာတွေအများကြီးရှိပါတယ်။ ခင်ဗျားတို့ကမ္ဘာပေါ်မှာရှိတဲ့ ရုပ်ရှင်တွေ animationတွေနဲ့ ဝတ္ထုတွေက တကယ်ရှိတဲ့အပြိုင်ကမ္ဘာတွေကို ဖော်ညွှန်းထားတာလေ။ ခင်ဗျားတို့ကမ္ဘာနဲ့ ဆက်သွယ်နိုင်တဲ့ပေါင်းကူးမျိုး မရှိရုံသက်သက်ပါပဲ"

"ဒါဆို ခင်ဗျားက ဒီနေရာမှာ ဘာလို့ပေါ်လာရတာလဲ"

ကျန်းမုန့်လောင် မေးလိုက်လေသည်။

"ကျွန်တော့်ကိုဖမ်းပြီး ဒီနေရာကိုခေါ်လာခဲ့တာပါ"

တိုနီ၏မျက်နှာထက်တွင် ဝမ်းနည်းနေသောအရိပ်အယောင်တစ်ခု ပေါ်ပေါက်လာချေသည်။

"ကျွန်တော့်ကမ္ဘာထဲကနေ ဒီနေရာကို အတင်းအကျပ်ခေါ်ဆောင်ခံခဲ့ရတာပါ"

"အဖမ်းခံရတာလား"

ကျန်းမုန့်လောင်ခမျာ ကြက်သေသေသွားလေသည်။

"ဒီနေရာက တကယ်ပဲဘယ်လိုနေရာကြီးလဲ"

ဤနေရာကို ထူးရှယ်နတ်ဘုရားကျောင်းတော်ဟု ခေါ်ဆိုသည်ကလွဲလျှင် သူ တခြားဘာကိုမှမသိထားကြောင်း ကျန်းမုန့်လောင် ရုတ်တရက်သတိရလိုက်သည်။

"ဒီထူးရှယ်နတ်ဘုရားကျောင်းတော်ဆိုတာ စကြာဝဋ္ဌာထဲက အဆင့်မြင့်လူသားတွေဖန်တီးထားတဲ့ သီးသန့်အာကာသတစ်ခုလို့ ယူဆလို့ရပါတယ်။ ဒီနေရာကို အပြိုင်ကမ္ဘာတွေအားလုံးကလူတွေ ဝင်ရောက်နိုင်တယ်။ ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ ဖန်ဆင်းရှင်တွေက ကမ္ဘာအမျိုးမျိုးကို လှည့်လည်သွားလာပြီး ထူးခြားစွမ်းအင်နဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားကြတဲ့ ကမ္ဘာတစ်ခုချင်းစီတိုင်းက လူတွေကို ဖမ်းခေါ်လာပြီး ဒီကမ္ဘာထဲကိုဆွဲသွင်းထားကြတာ"

"အဆင့်မြင့်လူသားတွေလည်း ပါတာပဲလား"

သူ့မိသားစု၏စည်းစိမ်ကို အမွေဆက်ခံပြီးကတည်းက ကျန်းမုန့်လောင်သည် သာမန်အသိဉာဏ်ထက်ကျော်လွန်သော အကြောင်းအရာများနှင့် အသားကျနေပြီဖြစ်၏။ သို့သော် ဤကိစ္စနှင့်ယှဉ်လိုက်လျှင် ထိုအရာများမှာ ဘာမှမပြောပလောက်ပေ။

အခြားဂြိုလ်မှ သက်ရှိများအကြောင်းကိုပင် ယခုထိ ရှာဖွေမတွေ့ရှိနိုင်သေးသော လူသားများအတွက်တော့ အပြိုင်စကြာဝဋ္ဌာများ၏ အယူအဆသဘောထားများနှင့် အဆင့်မြင့်လူသားများအကြောင်းကား အလှမ်းဝေးလွန်းလှသည်။

"သူတို့တွေ တကယ်ရှိတယ်လို့ ယူဆလိုက်ကြတာပေါ့"

ကျန်းမုန့်လောင်က တစ်ကိုယ်တည်းရေရွတ်လိုက်သည်။

"ဒါပေမဲ့ သူတို့က ဘာလို့ဒီလိုလုပ်ရတာလဲ"

"သူတို့ရဲ့ယဉ်ကျေးမှုကို အဆင့်မြှင့်ဖို့အတွက်ပါ။ ကျွန်တော်တို့ရဲ့စွမ်းအားနဲ့ ဗဟုသုတတွေကိုအသုံးချပြီး ဒီထူးရှယ်နတ်ဘုရားကျောင်းတော်ကနေ သူတို့ရဲ့သားသမီးမြေးမြစ်တွေကို အတော်ဆုံးအဖြစ် မွေးထုတ်ပေးဖို့လေ"

တိုနီက ရှင်းပြလေသည်။

"ဒီတော့ ဆိုလိုချင်တာက ဒီထူးရှယ်နတ်ဘုရားကျောင်းတော်မှာ ခင်ဗျားအပြင် တခြားလူတွေလည်းရှိသေးတာလား"

"ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့တာဝန်ခံက ခုနကပဲ ခင်ဗျားကိုပြောပြထားတဲ့အတိုင်းပါပဲ။ ဒီကျောင်းမှာ ဆရာတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ သူတို့ကို အရင်ကျောင်းအုပ်ကြီးက ချိပ်ပိတ်ထားခဲ့ပါတယ်။ သူ့တောင်းဆိုချက်တွေနဲ့ ပြည့်စုံမှသာ ဖြည်းဖြည်းချင်းပြန်ပွင့်လာမှာ။ ကျွန်တော်ကတော့ ခြွင်းချက်ပေါ့"

တိုနီက ထိုသို့ရှင်းပြလိုက်သည်။

ထို့နောက် တိုနီက ထပ်ရှင်းပြလိုက်ပြန်သည်။

"အမည်ခံအားဖြင့်တော့ ကျွန်တော်တို့က ဒီထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ ဆရာတွေဆိုပေမဲ့ တကယ်တမ်းမှာတော့ ဒီကျောင်းရဲ့အကျဉ်းသားတွေပါပဲ။ ဒီနေရာမှာ အဆုံးမဲ့ရှင်သန်နိုင်နေချိန်အတွင်းမှာ ကျောင်းအုပ်ကြီးရဲ့ဆန္ဒကို ဖီဆန်လို့မရပါဘူး။ ကျောင်းအုပ်ကြီးကသာ ကျွန်တော်တို့ရဲ့သေရေးရှင်ရေးကို အဆုံးအဖြတ်ပေးနိုင်တာပါ"

"ဒါပေမဲ့ ကျွန်တော့်ဘိုးဘေးတွေက ဘယ်လိုလုပ်ပြီး ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးဖြစ်လာရတာလဲ"

ကျန်းမုန့်လောင် သိချင်စိတ်ဖြစ်သွားရသည်။ ယခုလိုထူးခြားဆန်းကြယ်လှသော အရာမျိုး တကယ်ရှိခဲ့မည်ဆိုပါက ယုတ္တိရှိရှိပြောရလျှင် ကမ္ဘာမြေလို အဆင့်နိမ့်နယ်မြေမျိုးနှင့် ပတ်သက်ဆက်နွှယ်မှု မရှိသင့်ချေ။

"အဲ့ဒါတော့ ကျွန်တော်လည်း သေချာမသိပါဘူး"

တိုနီက ခပ်မဲ့မဲ့ပြုံးလျက် ပြောလာလေသည်။

"ဒီထူးရှယ်နတ်ဘုရားကျောင်းတော်ကို ဖန်တီးခဲ့တဲ့လူသားတွေဆီမှာ ဘယ်လိုဘေးအန္တရာယ်မျိုးတွေ ကြုံခဲ့လဲဆိုတာလည်း ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ဒီကျောင်းတော်ကိုဖွင့်ရတဲ့သော့က ကမ္ဘာမြေလို့ခေါ်တဲ့ ဒီဂြိုလ်ပေါ်ကို လွန်ခဲ့တဲ့နှစ်ငါးထောင်ကျော်လောက်တုန်းက ကျရောက်ခဲ့တယ်လေ။ အဲ့ဒါကို ခင်ဗျားရဲ့ဘိုးဘေးတွေထဲက တစ်ယောက်က ကောက်ယူထားခဲ့တာပေါ့။ အဲ့ဒီအချိန်ကတည်းက ကျောင်းတော်ကြီးနဲ့ ကျောင်းအုပ်ကြီးရာထူးကလည်း မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းလာခဲ့ကြတော့တာပါပဲ"

"ဒါကြီးက တကယ်ကိုမယုံနိုင်စရာပဲ"

တိုနီပြောသလိုဆိုလျှင် ဤကျောင်းကို အဆင့်မြင့်လူသားများက သူတို့သားသမီးများကို ပြုစုပျိုးထောင်ရန်အတွက် ဖန်တီးခဲ့ကြသည်ဆိုသောကြောင့် အလွန်အမင်းထူးခြားလှသော အချက်များလည်း ရှိနေလိမ့်မည်သာ။ သူ့မိသားစုက နှစ်ပေါင်းထောင်ချီတည်တံ့ခဲ့ပြီး ဤမျှစည်းစိမ်းချမ်းသာနှင့် အာဏာကို ပိုင်စိုးထားနိုင်ခြင်းမှာ ဤထူးရှယ်နတ်ဘုရားကျောင်းတော်နှင့် ပတ်သက်မှုရှိလောက်ပေသည်။

ကျန်းမုန့်လောင်လည်း မနေနိုင်တော့ဘဲ ရေရွတ်လိုက်မိသည်။

"ဒါနဲ့ယှဉ်လိုက်ရင် နှစ်ငါးထောင်သက်တမ်းရှိတဲ့ မိသားစုအမွေဆိုတာက ဘာမှမဟုတ်ဘူးပဲ"

***********

All Chapters