ငါ Thanosကို ဆရာအဖြစ်ခေါ်လာဖို့ စီစဉ်ထားတယ်
Vol. 16 Ch. 229
"ဟုတ်သားပဲ ဆရာတိုနီ ပြောမှပဲ ကျွန်တော့်မိဘတွေက ဘယ်ကိုထွက်သွားတာလဲ"
ကျန်းမုန့်လောင်က သူ့စိတ်ထဲမှာ အသိချင်ဆုံးသောမေးခွန်းကို ထုတ်မေးလိုက်သည်။
"ဆရာတိုနီ"ဟု ခေါ်လိုက်သောအခါ ကျန်းမုန့်လောင်၏စိတ်ထဲ အနည်းငယ်ထူးဆန်းသွားသလို ခံစားမိနေသည်။
"သူတို့က တခြားအပြိုင်စကြာဝဋ္ဌာတွေကို သွားကြတာပါ"
သူကလည်း ပြန်ဖြေလာသည်။
"ဘာ?"
ကျန်းမုန့်လောင်၏မျက်လုံးများဟာ မီးအိမ်များထက်ပင် ပိုကြီးလာသည်။
"ခင်ဗျား လျှောက်ပြောနေတာမဟုတ်ဘူးမလား"
"ကျွန်တော် ကျောင်းအုပ်ကြီးကို မလှည့်စားရဲပါဘူး"
တိုနီက ပြောလာလေသည်။
"ထူးရှယ်နတ်ဘုရားကျောင်းတော်က အပြိုင်စကြာဝဋ္ဌာအမျိုးမျိုးနဲ့ ချိတ်ဆက်နိုင်တယ်လို့ ကျွန်တော်ပြောခဲ့တယ်လေ။ ဒီတော့ အဲ့ဒီနေရာကိုသွားလို့ရတဲ့လမ်းတစ်ခုကလည်း သေချာပေါက်ရှိတာပေါ့။ ခင်ဗျားရဲ့မိဘတွေတင်မကဘူး။ ခင်ဗျားရဲ့တခြားအကြီးအကဲတွေရယ် အဘိုးရယ် အဘိုးရဲ့အဖေနဲ့ တခြားလူတွေအကုန်လုံးကလည်း အဲ့ဒီကမ္ဘာတွေမှာ နေထိုင်နေကြတာပါပဲ"
ကျန်းမုန့်လောင် ရုတ်ခြည်းအမှတ်ရလိုက်သည်။ သူ့မိဘများ ထွက်ခွာမသွားခင်က ကမ္ဘာသစ်များကို စူးစမ်းလေ့လာဖို့အတွက် သွားတော့မည်ဖြစ်ကြောင်း ပြောသွားခဲ့သလိုပင်။ သူတို့ဆိုလိုသည်မှာ ကမ္ဘာအသစ်များကို ရှာဖွေစူးစမ်းဖို့များလား။
"ခဏနေပါဦး။ ကျွန်တော့်ရဲ့အဘိုးနဲ့ အဘိုးရဲ့အဖေကရော"
ကျန်းမုန့်လောင်တစ်ယောက် ရုတ်တရက်ဆိုသလို ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းထသွားရသည်။ သူမွေးကတည်းက သူ့အဘိုးနှင့် လုံးဝမတွေ့ခဲ့ဖူးပေ။ လွန်ခဲ့သောလအနည်းငယ်ခန့်ကမှ နိုင်ငံရပ်ခြားတွင် ခမ်းနားလှသော သူ့ဂုဏ်သတင်းအကြောင်းကိုသာ ကြားဖူးထားခဲ့သည်။
သူ့အဘိုး၏အဖေကတော့ အသက်အရွယ်အားဖြင့်ကြည့်မည်ဆိုပါက သူ မဆုံးပါးသေးလျှင် ယခုအချိန်၌ အသက်တစ်ရာကျော်နေလောက်ပြီဖြစ်၏။ ထိုကဲ့သို့သော အဘိုးကြီးတစ်ယောက်က အပြိုင်စကြဝဋ္ဌာများတွင် သွားလာနေမည်တဲ့လား။ ဤသည်မှာ နိုင်ငံတကာဟာသကြီးတစ်ခုအလားပင်။
"ကျောင်းအုပ်ကြီး ထူးရှယ်နတ်ဘုရားကျောင်းတော်ကို အထင်မသေးပါနဲ့။ ဒီနေရာက ဗဟုသုတ၊ စွမ်းအားနဲ့ ထာဝရရှင်သန်ခြင်းတွေကိုတောင် ပေးနိုင်ပါတယ်။ မပေးနိုင်တဲ့အရာဆိုလို့ ဘာမှမရှိပါဘူး"
တိုနီက အပြုံးလေးနှင့် ပြောလာလေသည်။
"ခင်ဗျားတို့မိသားစုထဲက ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ အကူအညီကိုရခဲ့တဲ့ ပထမဆုံးဘိုးဘေးက အခုထိသက်ရှိထင်ရှားရှိနေတုန်းပါပဲ"
"ဘာ?"
ကျန်းမုန့်လောင်မှာ အလွန်အံ့ဩလွန်းသဖြင့် ပါးစပ်ပင်မစေ့နိုင်ချေ။ ပထမဆုံးသော သူ့ဘိုးဘေးက ယခုထိမဆုံးပါးသေးဘူးဆိုပါက ယခုအချိန်ဆိုလျှင် သူသည် အသက်ငါးထောင်ကျော်လောက် ရှိနေချေရော့မည်။
"ဒါပေမဲ့ သူတို့က အပြိုင်စကြာဝဋ္ဌာတွေကို ဘာလို့သွားရတာလဲ။ ကျွန်တော်တို့မိသားစုက ကမ္ဘာ့အချမ်းသာဆုံးပဲလေ။ မကုန်ခမ်းနိုင်တဲ့ပိုက်ဆံတွေနဲ့ကောင်းချီးတွေလည်း ခံစားလို့ရတာပဲကို။ ကမ္ဘာမြေပေါ်မှာနေတာက ပိုမကောင်းဘူးလား"
"ခင်ဗျားရဲ့ဘိုးဘေးတွေ ထူးရှယ်နတ်ဘုရားကျောင်းတော်ကို လက်ခံရရှိပြီးတဲ့နောက်မှာ ကပ်ဘေးတစ်ခုကြောင့် ကျောင်းတော်မှာရှိတဲ့ ဆရာတွေအားလုံး ပျောက်ကွယ်သွားခဲ့ပြီး ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ ဉာဏ်ရည်မြင့်စနစ်ထဲက မှတ်တမ်းတချို့ပဲ ကျန်ခဲ့တော့တာ။ အဲ့ဒီမှတ်တမ်းတွေကြောင့် ခင်ဗျားရဲ့ကနဦးဘိုးဘေးတွေက သူတို့ခန္ဓာကိုယ်ထဲက စွမ်းရည်တွေကို ဖွင့်ထုတ်နိုင်ခဲ့ပြီး အပြိုင်စကြာဝဋ္ဌာတွေဆီကို ထွက်ခွာနိုင်ခဲ့တယ်လေ"
"ဒီတော့ ဒီလိုကိုး"
အဆုံးမှာတော့ ယဲ့ရင်က သူ့အား တစ်နေ့နေ့ကျလျှင် သူလည်း ထူးခြားဆန်းကြယ်ပြီး ဖြုံချင်စရာကောင်းသော စွမ်းအားများကို ပိုင်ဆိုင်ရနိုင်သည်ဟု ဘာကြောင့်ပြောခဲ့မှန်း နားလည်သွားပြီဖြစ်၏။
ဤအတွေးကြောင့် ကျန်းမုန့်လောင် ရုတ်တရက်ကြီး အလွန်စိတ်လှုပ်ရှားသွားမိသည်။
"နေပါဦး။ ကျွန်တော့်ရဲ့အဲ့ဒီဘိုးဘေးတွေက ဆရာတွေရှာဖို့ အပြိုင်စကြာဝဋ္ဌာတွေဆီကို သွားခဲ့ကြတာလား"
ရဲတင်းလှသော အတွေးတစ်ခုက ကျန်းမုန့်လောင်၏ခေါင်းထဲ ပေါ်ပေါက်လာသည်။
"ဟုတ်ပါတယ်"
တိုနီက ခေါင်းညိတ်ပြသည်။
"သူတို့ရဲ့သားစဉ်မြေးဆက်တွေ ပိုမိုထူးချွန်လာစေဖို့အတွက် သူတို့က အပြိုင်စကြာဝဋ္ဌာတွေမှာရှိတဲ့ ဆရာတွေကို ဒီထူးရှယ်နတ်ဘုရားကျောင်းတော်ကို ခေါ်လာနိုင်ဖို့အတွက် ကြိုးစားခဲ့ကြတယ်"
ဤနေရာအရောက်တွင် တိုနီက ကူကယ်ရာမဲ့လေဟန်အမူအရာတစ်ခုကို လှစ်ဟပြလာချေသည်။
"ကျွန်တော့်ကိုတော့ လွန်ခဲ့တဲ့နှစ်လတုန်းက ခင်ဗျားအဖေက ဖမ်းဆီးခဲ့တာပါ။ ဒီနေရာမှာ နှစ်ပေါင်းရာနဲ့ချီပြီး ခြေချုပ်မိနေတဲ့ တခြားကံဆိုးသူတွေနဲ့အတူပေါ့။ ဒီနေရာကို အစောဆုံးရောက်နေတဲ့လူတွေက အခုဆိုရင် နှစ်ပေါင်းနှစ်ထောင်လောက်တောင် ပိတ်မိနေတာပါ။ ခင်ဗျား သူတို့အကြောင်းကို ကြားဖူးလောက်မှာပါ"
"သေစမ်း.. သတင်းအချက်အလက်တွေကများလွန်းလို့ မှတ်တောင်မမှတ်နိုင်တော့ဘူး"
ကျန်းမုန့်လောင်က ဆိုလိုက်လေသည်။
"ကျွန်တော့်မိဘတွေကိုဆက်သွယ်နိုင်မဲ့ နည်းလမ်းတစ်ခုခုများရှိလား"
"နည်းလမ်းတစ်ခုရှိတာပေါ့။ ကျောင်းအုပ်ဟောင်းက တစ်နေ့နေ့ ခင်ဗျားအနေနဲ့ အဲ့ဒီမုန့်ဖိုးတွေကို ကုန်အောင်သုံးနိုင်ပြီး ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ဝင်ခွင့်ကို အောင်မြင်သွားရင် သူတို့ဆီဆက်သွယ်ရမယ်လို့ ကျွန်တော့်ကို ညွှန်ကြားသွားပါတယ်"
ထိုသို့ပြောပြီးနောက် တိုနီ၏ချပ်ဝတ်တန်ဆာရှိ မျက်လုံးနေရာမှ အလင်းတန်းနှစ်ခု ထွက်လာပြီး လေထဲတွင် သုံးဖက်မြင်ရုပ်ပုံတစ်ခုကို ဖန်တီးလိုက်သည်။
"သောက်ကျိုးနည်း အဆင့်မြင့်လိုက်တာ"
ကျန်းမုန့်လောင် တအံ့တဩရေရွတ်လိုက်သည်။ ယခုအချိန်တွင် လူသားများ၏နည်းပညာက သုံးဖက်မြင်ရုပ်ပုံများကို ဤအဆင့်အထိရောက်အောင် တိုးတက်မှုမမြှင့်တင်နိုင်သေးပေ။ ဤအရာကိုသာ စီးပွားဖြစ်အသုံးပြုမည်ဆိုပါက ဧရာမစီးပွားရေးအင်ပါယာကြီးနောက်တစ်ခု ထပ်ပေါ်ပေါက်လာမည်ဖြစ်၏။
ထိုနေရာကား ကမ္ဘာမြေပေါ်မှာကဲ့သို့ စည်ကားလှသောမြို့တစ်မြို့ပင်။ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က မြင့်သွန်းလှသော အဆောက်အအုံကြီးတစ်ခုပေါ်တွင် ခမ်းနားလှသောအစားအသောက်များကို စားသောက်နေကြသည်။ သူတို့အောက်တွင်မူ တစ်မြို့လုံးနီးပါးကို မြင်နေရသည်။
"အဖေ… အမေ"
ကျန်းမုန့်လောင် တစ်ချက်ကြည့်ရုံမျှဖြင့် မှတ်မိလိုက်သည်။ ဤသည်မှာ သူမိဘများကလွဲ၍ အခြားမဟုတ်။
ထိုအမျိုးသားနှင့် အမျိုးသမီးကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်နေရာမှ ကျန်းမုန့်လောင်ဆီသို့ ရုတ်တရက်အကြည့်ရောက်လာသည်။
"သား"
"သေစမ်း ငါ့သား.. မင်း နောက်ဆုံးတော့ ထူးရှယ်နတ်ဘုရားကျောင်းတော်ကို ဖွင့်နိုင်ခဲ့ပြီပေါ့"
ထိုစုံတွဲ၏မျက်နှာထက်တွင် ပြုံးပန်းဝေနေချေသည်။ ကျန်းရှောင်ယွင်က ခပ်မာမာလေသံဖြင့် ပြောလာချေသည်။
"အမေရိကန်ဒေါ်လာ၁၀၀ဘီလီယံသုံးဖို့တောင်မှ လပေါင်းများစွာအချိန်ယူလိုက်ရသတဲ့။ တကယ်ရှက်ဖို့ကောင်းတာပဲ။ ငါ့တုန်းကဆိုရင်…"
"အတိတ်တွေ ပြန်အောက်မေ့မနေနဲ့တော့။ ဒီလောက်နှစ်တွေအများကြီးကြာပြီးတာတောင် ကျွန်တော်တို့မိသားစု မပိုင်ဆိုင်ထားတဲ့အရာရယ်လို့ ဒီကမ္ဘာမှာရှိလို့လား။ ပိုက်ဆံသုံးရတာ အရမ်းခေါင်းခြောက်ဖို့ကောင်းတယ်ဗျ။ သိလား"
"အမှန်ပဲ"
ကျန်းရှောင်ယွင်လည်း ခပ်တိုးတိုးရေရွတ်လိုက်မိသည်။
"အမေနဲ့အဖေ အခုဘယ်မှာလဲ။ အဖေတို့ တကယ်ပဲ အပြိုင်စကြဝဋ္ဌာမှာရှိနေတာလို့တော့ မပြောနဲ့နော်"
"အမှန်ပဲလေ"
ကျန်းရှောင်ယွင်က ဆိုလာလေသည်။
"ငါတို့ အခု Marvelစကြာဝဋ္ဌာမှာ ရှိနေတာ။ တိုနီက အရမ်းတော်တယ်လို့ထင်တာနဲ့ ငါလည်း သူ့ကို ဆရာအဖြစ် ခေါ်ထားတာလေ။ သူက အရမ်းတော်တာ။ သင်္ချာနဲ့သိပ္ပံမှာ ထိပ်တန်းအဆင့်ပဲ။ သူ့ဆီက ကောင်းကောင်းလေ့လာ။ မဟာဘွဲ့ယူပြီး ပါရဂူဘွဲ့တစ်ခုရအောင်ကြိုးစား။ အဲ့လိုဆိုရင် ကျန်းမိသားရဲ့နာမည်ဂုဏ်သတင်းကို မြှင့်တင်ရာရောက်လိမ့်မယ်"
"…"
ကျန်းမုန့်လောင်ခမျာ ပြောစရာစကားကင်းမဲ့သွားရသည်။ သူတို့မိသားစုမှာ ကမ္ဘာမြေကို လွှမ်းမိုးချုပ်ကိုင်ထားလုနီးပါးပင်။ သို့သော် သူတို့၏ဂုဏ်သတင်းက ပညာရေးဘွဲ့များအပေါ် မှီခိုနေသေးသတဲ့လား။ ဤသည်မှာ ဒေါ်လာ၇သန်းနှင့် ကောလိပ်ဝင်ခွင့်အမှတ်၇၀၀ထဲမှာ ဘယ်ဟာကို လိုချင်သလဲဟု မေးနေသည့်အလားပင်။
အချို့ကတော့ အမှတ်ပေါင်း၇၀၀ကို ရွေးချယ်ကောင်းရွေးချယ်နိုင်သော်ငြား ကျန်းမုန့်လောင်ကတော့ ၇၀၀ထရီလီယံကို အသာလေးပိုင်ဆိုင်နိုင်ပေသည်။ ဤမျှချမ်းသာကြွယ်ဝနေမှတော့ ထိုပညာရေးဘွဲ့များကို ဘယ်သူကလိုအပ်နေဦးမည်လဲ။
"မင်းရဲ့အဘိုးက ငါ့ကို တစ်ချိန်လုံးနားပူနေတာ။ ငါ စာကောင်းကောင်းမလေ့လာခဲ့လို့ဆိုပြီး စိတ်ပျက်တယ်တဲ့။ အခုဆိုရင် မင်းက ငါတို့မိသားစုထဲမှာ ပထမဆုံးကောလိပ်တက်ရတဲ့သူပဲ။ ဒီတော့ မင်း စာဆက်လေ့လာရမယ်နော်။ ကြားလား"
ကျန်းရှောင်ယွင်က ပြောလိုက်သည်။
"ရုပ်ဝတ္ထုသိပ္ပံပညာကို မင်းဆက်လေ့လာချင်တယ်ဆိုရင် တိုနီက မင်းကို အများကြီးသင်ပေးနိုင်တယ်။ ဇီဝဗေဒကို စိတ်ဝင်စားတယ်ဆိုရင် ငါ မင်းအတွက် Hulkကို ဖမ်းလာခဲ့ပေးမယ်။ သမိုင်းအကြောင်းကို လေ့လာချင်တယ်ဆိုရင်လည်း ဧကရာဇ်တချို့ကို မင်းဆီ ခေါ်လာခဲ့ပေးမယ်"
"သေစမ်း အဖေက ဒီလိုအကွက်ရွှေ့နေတာလား"
ကျန်းမုန့်လောင်ခမျာ ကြက်သေသေသွားရသည်။ ဤသည်မှာ ကျောင်းတစ်ကျောင်းလေလား။ ဓားပြဂိုဏ်းတစ်ခုလေလား။
"ကောင်းပါပြီ။ ကျွန်တော်နားလည်ပါပြီ"
ကျန်းရှောင်ယွင်၏ တင်းကျပ်လှသောအမိန့်နှင့် ရင်ဆိုင်လိုက်ရသောအခါ ကျန်းမုန့်လောင်လည်း သဘောတူရုံသာ တတ်နိုင်ပေသည်။ ဤကျောင်းတော်သည် တကယ်ပဲ ထိုမျှအထိအံ့ဩဖို့ကောင်းပါက ပါရဂူဘွဲ့ရဖို့ မဆိုထားနှင့်။ ကမ္ဘာပေါ်ရှိ ပါရဂူဘွဲ့တိုင်းကို ရရှိရန်အတွက်ပင် လုံးဝခက်ခဲမည့်ပုံမပေါ်ချေ။
"ဘယ်တော့ပြန်လာဖို့ စိတ်ကူးထားလဲ"
ကျန်းမုန့်လောင် မေးလိုက်လေသည်။
"မသိဘူး။ မင်းအမေနဲ့ငါကတော့ Thanosလို့ခေါ်တဲ့ ခရမ်းရောင်အသားအရေရှိတဲ့လူကို ဖမ်းပြီး ဆရာလုပ်ခိုင်းဖို့ စီစဉ်ထားတယ်။ ပြီးရင်တော့ တခြားကမ္ဘာတွေကို စူးစမ်းဖို့သွားမယ်ကွာ။ မင်းအတွက် ခေါ်လာလို့ရမဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဆရာတွေများ ရှိမလားလို့ သွားရှာမလို့"
"ဒါက တကယ့်ကိုပဲ…"
မှန်ကန်သင့်တော်သော နာမဝိသေသနကို မရှာဖွေနိုင်ကြောင်း ကျန်းမုန့်လောင် သဘောပေါက်လိုက်သည်။ သူတို့က Thanosကိုပင် ဖမ်းဆီးချင်နေကြသည်။ သို့သော် သူက ဘာကိုသင်ပေးနိုင်မှာတဲ့လဲ။ တိုက်ရေးခိုက်ရေးလား။ သို့မဟုတ် စကြဝဋ္ဌာလူမှုဗေဒလား။
"အိုး ဟုတ်သားပဲ သားရေ"
ကျန်းရှောင်ယွင်က ထပ်ဖြည့်ပြောလိုက်သည်။
"အခု မင်း ထူးရှယ်နတ်ဘုရားကျောင်းတော်ကို ဖွင့်လိုက်နိုင်ပြီဆိုတော့ တခြားကိစ္စလေးတွေ စလုပ်လို့ရပြီ။ အခုလောလောဆယ်မှာ ချိတ်ပိတ်မထားတဲ့ဆရာဆိုလို့ တိုနီတစ်ယောက်တည်းပဲရှိတယ်။ တခြားဆရာတွေကို ဖွင့်နိုင်ဖို့အတွက်ဆိုရင် မင်း တချို့ကိစ္စလေးတွေလုပ်ဖို့လိုလိမ့်မယ်"
"ကျွန်တော်က ဘာလုပ်ရမှာလဲ"
ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ အခြားဆရာများကို ကျန်းမုန့်လောင် တကယ်ပင် မျှော်လင့်စောင့်စားမိသည်။ Iron Manကို ဆရာအဖြစ်ရထားသည်ကပင် အလွန်စိတ်လှုပ်ရှားဖို့ကောင်းနေလေပြီ။
"ဟီးဟီး"
ကျန်းရှောင်ယွင်က ရယ်လိုက်သည်။
"သား ကျောင်းတော်ကို အမွေဆက်ခံလိုက်ရပြီဆိုတော့ အရာအားလုံးက အခုပြောင်းလဲသွားလိမ့်မယ်။ အဖေ တိုနီကို အကုန်ပြင်ခိုင်းထားပြီးပြီ။ ဒီနေ့ကစပြီး မင်း အချိန်ကောင်းလေးတစ်ခု ပိုင်ဆိုင်ဖို့ပဲလိုတယ်"
"ဟင်..အဲ့ဒါကဘာအဓိပ္ပာယ်လဲ"
"မကြာခင်သိရမှာပါ"
ကျန်းမုန့်လောင်၏အဖေက ဆိုလာလေသည်။
"တိုနီ ကျန်တာကိုတော့ မင်းကိုပဲဆက်တာဝန်ပေးလိုက်မယ်"
"ဟုတ်ကဲ့ပါ။ ကျောင်းအုပ်ကြီး ကျောင်းကိုကောင်းကောင်းစီမံနိုင်အောင် ကျွန်တော်ကူညီလိုက်ပါ့မယ်"
တိုနီက ကျန်းမုန့်လောင်၏အဖေကို အလေးအနက်ဦးညွှတ်လိုက်ပြီးနောက် လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်သည်။
"ကျောင်းအုပ်ကြီး.. ခင်ဗျား ဒီလက်စွပ်ကိုစွပ်လိုက်တာနဲ့ ဒီကျောင်းတော်ကို တရားဝင်လက်လွှဲယူပြီးသားဖြစ်သွားပါလိမ့်မယ်"
***************