← Chapters

အခန်း (၂၃၀)

Vol. 16 Ch. 230

အခန်း (၂၃၀)

Vol. 16 Ch. 230

"ဒါကဘာလဲ"

ကျန်းမုန့်လောင်လည်း တိုနီ၏လက်ထဲမှ လက်စွပ်ကို လှမ်းယူလိုက်သည်။ ထိုလက်စွပ်မှာ ငွေဖြူရောင်ဖြစ်ပြီး ထိပ်ဖျားတွင် လကျောက်မျက်နှင့်ဆင်တူသော ကျောက်မျက်တစ်တုံးကို မြှုပ်ထားပြီး အလွန်လက်ရာမြောက်လှသော်ငြား သက်တမ်းကြာမြင့်မှု၏ အရိပ်လက္ခဏာများကိုလည်း ပြသနေသည်။

"ဒါက ထူးရှယ်နတ်ဘုရားကျောင်းတော်အကြီးအကဲရဲ့ ကိုယ်စားပြုလက်စွပ်ပါ။ ခင်ဗျားမှာ ဒီလက်စွပ်ရှိနေသရွေ့ ကျောင်းတော်ထဲကို အချိန်မရွေးဝင်လို့ရပြီး အသုံးပြုခွင့်အဆင့်အမြင့်ဆုံးမှာ ရှိနေမှာပါ"

တိုနီက ဤသို့နှယ်ရှင်းပြ၏။

ကျန်းမုန့်လောင်လည်း ထိုလက်စွပ်ကို သူ့လက်သူကြွယ်တွင် စွပ်လိုက်သည်။ မူလက ဆိုဒ်ကြီးနေသော လက်စွပ်က မှော်ဆန်လှစွာပင် သူ့လက်နှင့် ကွက်တိတော်သည်အထိ ကျုံ့ဝင်သွားသည်။ ထိုလက်စွပ်မှာ သူ့လက်ညှိုးတွင်စွပ်ထားသော လူးဝစ်(၁၄)ပိုင်ဆိုင်ခဲ့ဖူးသည့် ကျောက်မျက်ရတနာလက်စွပ်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေလေသည်။ တစ်ခုက ကိန်းကြီးခန်းကြီးနိုင်ပြီး ကျန်တစ်ခုကတော့ ရိုးရှင်းသော်ငြား ဆန်းကြယ်လှသည်။

လျှပ်တစ်ပြက်အတွင်းမှာပင် သတင်းအချက်အလက်တစ်လှေကြီးက ကျန်းမုန့်လောင်၏စိတ်အာရုံထဲသို့ စီးဆင်းလာသည်။ တစ်ချိန်တည်းမှာပင် ဆန်းကြယ်လှသော အင်အားတစ်ရပ်က သူ့ခန္ဓာကိုယ်ထဲသို့ သိသိသာသာကူးပြောင်းလာလေသည်။

ဤလက်စွပ်ကား အကြီးအကဲဖြစ်သူ၏သရုပ်သကန်ကို ကိုယ်စားပြုသော သင်္ကေတတစ်ခုသက်သက်မျှ မဟုတ်ပေ။ သူ့တွင် အခြားလုပ်ဆောင်ချက်များစွာလည်း ပါရှိပေသည်။

လက်စွပ်တွင်ပါရှိသော ကျောက်မျက်ရတနာကို ဟင်းလင်းပြင်ကျောက်ဟုခေါ်ပြီး ထိုအထဲတွင် အဆုံးမရှိသော ဟင်းလင်းပြင်ကြီးပါရှိနေသည်မှာ စိတ်ကူးယဉ်ဝတ္ထုများထဲမှ မှော်ဝင်နေရာလွတ်လက်စွပ်များအလားပင်။

ဤလက်စွပ်တွင် သက်ရှိများ၏ ပါရမီများနှင့် စွမ်းအားများကို အာရုံခံနိုင်သည့်စွမ်းရည်လည်း ပါရှိလေရာ ကမ္ဘာပေါ်ရှိ စွမ်းအားအရှိဆုံးကွန်ပျူတာများနှင့် အာရုံခံစက်များထက် အဆပေါင်းများစွာသာလွန်လေသည်။

ဤလက်စွပ်က ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ ဆရာတစ်ဦး၏စွမ်းရည်များထဲမှ တစ်ခုကို ထာဝရကူးယူးထားနိုင်စွမ်းရှိသော်လည်း "စွမ်းအားအမှတ်"ဟုခေါ်သော စွမ်းအင်တစ်မျိုးရှိမှသာ ပုံတူးကူးနိုင်သော ဤလုပ်ဆောင်ချက်ကို အသုံးပြုနိုင်မည်ဖြစ်၏။

တတိယမြောက် အံ့ဩဖို့အကောင်းဆုံးလုပ်ဆောင်ချက်ကား လက်စွပ်ပိုင်ရှင်သည် ကျောင်းတော်ထဲရှိဆရာများထဲမှ တစ်ယောက်၏ စွမ်းရည်အားလုံးကို တိုတောင်းလှသော အချိန်ကာလတစ်ခုအတွင်း ယာယီပိုင်ဆိုင်နိုင်စွမ်းရှိသည်။ ဤလုပ်ဆောင်ချက်ကတော့ တစ်နေ့မှာ တစ်ကြိမ်သာ အသုံးပြုနိုင်ပြီး သုံးမိနစ်သာ ခံလေသည်။

သို့သော် ကန့်သတ်ချက်တစ်ခုကလည်း ရှိပြန်သည်။ ဒုတိယနှင့်တတိယမြောက်လုပ်ဆောင်ချက်တို့မှာ လော့ပွင့်ထားသည့် ကျောင်းတော်ထဲရှိ ဆရာများကိုသာ ပစ်မှတ်ထားနိုင်ပြီး လက်ရှိအချိန်တွင် ချိတ်ပိတ်ခြင်းမှ ပွင့်ထားသောဆရာဟူ၍ တိုနီစတက်ခ်တစ်ယောက်သာ ရှိ၏။

"ဒီကျောင်းမှာ Ultramanတော့ တကယ်မရှိပါဘူးနော်"

ကျန်းမုန့်လောင် တစ်ကိုယ်တည်းရေရွတ်လိုက်မိသည်။ သို့မဟုတ်ပါက ထူးဆန်းလှသော သုံးမိနစ်ကန့်သတ်ချက်မျိုး ရှိနေနိုင်မလဲ။

"စကားမစပ် ဆရာတိုနီ.. "စွမ်းအားအမှတ်"ဆိုတာက ဘာလဲ"

ကျန်းမုန့်လောင်လည်း သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်လေသည်။

"သား ငါ မင်းကိုအဲ့ဒါရှင်းပြမယ်"

ကျန်းမုန့်လောင်၏အဖေက သုံးဖက်မြင်ပုံရိပ်မှတစ်ဆင့် ပြောလာချေသည်။

"ရိုးရိုးလေးပါ။ ကြွားနေလိုက်ရုံပဲ။ မင်း ကြွားဝါပြနေသရွေ့ "စွမ်းအားအမှတ်"တွေ ရနေလိမ့်မယ်။ "စွမ်းအားအမှတ်"တစ်ရာပြည့်တိုင်း ဆရာတစ်ယောက်ကိုအသက်သွင်းပြီး သူတို့ရဲ့စွမ်းရည်တွေထဲကတစ်ခုကို ပုံတူကူးလို့ရတယ်။ ဘယ်လောက်စိတ်လှုပ်ရှားဖို့ကောင်းလိုက်သလဲ"

"ဒါကို ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ဖန်တီးသူက ချမှတ်ထားတာလား"

ကျန်းမုန့်လောင် မေးကြည့်လိုက်မိသည်။ အဆင့်မြင့်လူသားမျိုးနွယ်များက ကြွားဝါခြင်းကို သဘောကျနှစ်သက်လေသလား။

"ဒါပေါ့။ ဒီစည်းမျဉ်းကိုချမှတ်ထားတာ ငါပဲ"

ကျန်းမုန့်လောင်၏အ‌ဖေက ပြောလာလေသည်။

"ဒီကျောင်းတော်နဲ့သာဆိုရင် အခုကစပြီး ကမ္ဘာကြီးက မင်းရဲ့နောက်ဖေးခြံဝင်းတစ်ခုဖြစ်သွားပြီ။ မင်းရဲ့ဘဝကို အပြည့်အဝခံစားလိုက်တော့"

"ကမ္ဘာကြီးက နဂိုကတည်းက ကျွန်တော်တို့မိသားစုရဲ့နောက်ဖေးခြံဝင်းဖြစ်နေပြီးသားပဲ။ ဟုတ်ပြီလား"

ကျန်းမုန့်လောင်က ပြန်ပက်လိုက်သည်။

"ပြီးတော့ အဖေ တကယ့်ကိုပဲ အဖေက ဘာလဲ"

"ကောင်းပြီ။ ငါတို့ အခု Thanosကိုသွားရှာတော့မယ်။ တမြန်နေ့က သူ ထွက်ပြေးသွားပေမဲ့ ငါက သူ့တည်နေရာကို ထပ်ရှာနိုင်ခဲ့တယ်လေ။ ဒီတစ်ခေါက်တော့ သူ မလွတ်စေရဘူး"

ကျန်းရှောင်ယွင်က သူ့ဝိုင်နီကို တစ်ကျိုက်တည်းမော့သောက်လိုက်ပြီး ယခင်တစ်ခေါက် အိပ်မက်ထဲတုန်းကလို အမတတစ်ယောက်အလား လေထဲလွင့်မျောသွားချေသည်။

"အဖေ..သတိထားဦး.."

ထိုအခိုက်အတန့်ဝယ် ကျန်းမုန့်လောင်မှာ ဘာပြောရမှန်း မသိချေ။ သို့သော် အစောပိုင်းက ကျန်းရှောင်ယွင်ပြောသွားသည့်အတိုင်းဆိုလျှင် သူတို့ Thanosကို လိုက်ဖမ်းနိုင်ပုံရသည်။ သို့ဖြစ်လေရာ ဘာအန္တရာယ်မှတော့ မကြုံနိုင်ကောင်းပေ။

သူ့မိဘများက ယဲ့ရင်ထက်ပင် ပိုအစွမ်းထက်ကြောင်း ကျန်းမုန့်လောင် သိလိုက်ရသည်။ မည်သို့ပင်ဖြစ်စေ ဇာတ်လမ်းများထဲမှာ Thanosကို အာကာသ၏ဧကရာဇ်တစ်ပါးအဖြစ် သရုပ်ဖော်ထားသည်မဟုတ်ပါလား။

သုံးဖက်မြင်ဆက်သွယ်ရေးကို ဖယ်ရှားလိုက်ပြီးနောက် ကျန်းမုန့်လောင်၏အကြည့်က အကြီးအကဲလက်စွပ်ဆီသို့ ပြန်ရောက်လာပြန်လေသည်။

"ဒီပစ္စည်းက တကယ်အလုပ်လုပ်ပါ့မလား"

ကျန်းမုန့်လောင်က အကြီးအကဲလက်စွပ်၏ အာရုံခံလုပ်ဆောင်ချက်ကို သူ့ကိုယ်သူ ပြန်စမ်းသပ်ကြည့်လိုက်သည်။

အမည် : ကျန်းမုန့်လောင်

မျိုးနွယ် : လူသား

အထောက်အထား : ထူးရှယ်နတ်ဘုရားကျောင်းတော်၏အကြီးအကဲ

စွမ်းရည်ညွှန်ကိန်း : ???

ပါရမီ : ???

စွမ်းရည် : အဆင့်မြင့်ပေါ်လီမာရုပ်ဝတ္ထုဓာတုဗေဒစမ်းသပ်ချက် (G)၊ ကြွားဝါခြင်း (F)

အကဲဖြတ်ချက် : လက်ရှိမှာ ဝါနုနေသေးသော်ငြား နောင်အနာဂတ်တွင် သေချာပေါက် ဒိတ်ဒိတ်ကြဲတစ်ယောက်ဖြစ်လာနိုင်သည်။

"Fအဆင့်တဲ့လား။ ငါ့ရဲ့ကြွားဝါရေးစွမ်းရည်က Fအဆင့်တဲ့လား"

ကျန်းမုန့်လောင်ခမျာ ရုတ်ခြည်းဆိုသလို မခံမရပ်နိုင်လောက်အောင် ဖြစ်သွားရသည်။ သူ့အနေနှင့် SSအဆင့်မဟုတ်လျှင်ပင် အနည်းဆုံးတော့ Sအဆင့်ဖြစ်သင့်သည်မဟုတ်ပါလား။ ဤအဆင့်များကို မည်သို့နှယ်ဆုံးဖြတ်လေသလဲ။ ထို့ပြင် အကဲဖြတ်ချက်က အတန်ငယ်အရိုအသေတန်နေသလားလို့။

"ဘာဖြစ်တာလဲ။ အဲ့ဒါက ပျက်နေတာလား။ စွမ်းအားညွှန်ကိန်းနဲ့ ပါရမီနေရာမှာ ဘာလို့ အမေးသင်္ကေတတွေဖြစ်နေတာလဲ"

ကျန်းမုန့်လောင် နားမလည်နိုင်လောက်အောင်ဖြစ်သွားရသဖြင့် တိုနီ၏ဒေတာများကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အမည် : တိုနီစတက်ခ်

မျိုးနွယ် : လူသား

အထောက်အထား : စက်ယန္တရားဆိုင်ရာထုတ်လုပ်ရေးဆရာ

စွမ်းအားညွှန်ကိန်း : ၁၂

ပါရမီ : ဖန်တီးမှုနှင့် တီထွင်မှု

စွမ်းရည် : ဉာဏ်ရည်တု (E)၊ စက်ယန္တရားဆိုင်ရာထုတ်လုပ်ရေး (E)၊ ရုပ်ဝတ္ထုနည်းပညာ (E)

အကဲဖြတ်ချက် : နတ်ဘုရားများနှင့်ယှဉ်နိုင်သော လူသားခန္ဓာကိုယ်တစ်ခု

"ကျောင်းအုပ်ကြီး ခင်ဗျားထပ်ကြည့်နေစရာမလိုပါဘူး။ ခင်ဗျားရဲ့ခန္ဓာကိုယ်က အကြီးအကဲလက်စွပ်ကို စွပ်လိုက်တဲ့အချိန်ကပဲ ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ကောင်းချီးကို ခံယူလိုက်ပြီး ခင်ဗျားရဲ့စွမ်းအားနဲ့ ပါရမီကို အဆုံးမဲ့အဆင့်အထိ အဆင့်မြှင့်လိုက်ပါပြီ။ အဲ့ဒါကြောင့် ခင်ဗျားမြင်သမျှဒေတာတိုင်းက အမေးသင်္ကေတတွေဖြစ်နေတာပါ"

"ဒီတော့ ဒီလိုကိုး"

ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်မိသည်။ ဤသည်မှာ အတော်လေးအံ့ဩဖို့ကောင်းလှသည်။

ဤစွမ်းရည်အကဲဖြတ်ချက်များက ဘာအဓိပ္ပာယ်ဆောင်သလဲဆိုသည်ကို သူမသိသော်လည်း အနည်းဆုံးတော့ Jarvisကဲ့သို့ အစွမ်းထက်လှသော ဉာဏ်ရည်တုတစ်မျိုးနှင့် စွမ်းအားကြီးမားလှသော မာ့ခ်စီးရီးသံချပ်ကာကို ထုတ်လုပ်နိုင်စွမ်းရှိသော တိုနီက လက်ရှိလူသားတို့၏ အဆင့်မြင့်နည်းပညာများထက် သာလွန်သည်ကတော့ သေချာပေါက်ပင်။

"နှမြောဖို့ကောင်းလိုက်တာ။ ငါ့မှာ အခုလောလောဆယ် ဘာစွမ်းအားအမှတ်မှ မရှိဘူး"

ကျန်းမုန့်လောင် ပင့်သက်ရှိုက်လိုက်လေသည်။ သူရရှိထားသော အချက်အလက်များကို အခြေခံကြည့်ပါလျှင် စွမ်းအားအမှတ်တစ်ရာပြည့်လျှင် ဆရာတစ်ယောက် သို့မဟုတ် လော့ပွင့်ပြီးသားဆရာသစ်တစ်ယောက်ထံမှ စွမ်းရည်တစ်ခုကို ကူးယူခွင့်ရမည်ဖြစ်၏။

Eအဆင့်ရှိ ဉာဏ်ရည်တုစွမ်းရည်တစ်မျိုးကိုသာ သူ ပုံတူကူးယူလိုက်ပါက သူ့ဘွဲ့ကြိုလေ့လာမှုကို အပြီးသတ်နိုင်ပြီး ပါရဂူဘွဲ့အထိပါ လိုက်စားကာ စာတမ်းတချို့ ထုတ်ဝေ၍ နှစ်အနည်းငယ်အတွင်းမှာပင် တော်ဝင်ပညာရှင်တစ်ဦး ဖြစ်လာနိုင်ခြေရှိသည်ဟု ကျန်းမုန့်လောင် တွေးလိုက်မိသည်။

"ကျန်းမုန့်လောင် မင်းအဆင်ပြေရဲ့လား"

ထိုအချိန်မှာပင် ဝမ်လင်၏အသံကို ကျန်းမုန့်လောင် ကြားလိုက်ရသည်။

"သေလိုက်ပါတော့။ ငါ လေလံပွဲမှာရှိနေတုန်းပဲဆိုတာကို လုံးဝမေ့သွားတယ်"

ကျန်းမုန့်လောင်က သူ့ဖုန်းကိုထုတ်၍ စစ်ကြည့်လိုက်သောအခါ ကံကောင်းထောက်မစွာဖြင့် ၁၈မိနစ်သာရှိသေးကြောင်း သိလိုက်ရသည်။

"ကောထန်..ငါ အပြင်ထွက်မှဖြစ်မယ်"

ကျန်းမုန့်လောင်က အမိန့်ပေးလိုက်သည်။

ပါးလွှာသောအမြှေးပါးလေးက တစ်ဖန်ထွက်ပေါ်လာပြန်လေသည်။ ၎င်း၏ဆန်းကြယ်မှုကို ကျန်းမုန့်လောင် တစ်ဖန်ချီးကျူးလိုက်ပြီးနောက် ခပ်မြန်မြန်ထွက်သွားလိုက်၏။

"နေပါဦး။ ကျောင်းအုပ်ကြီး.. ကျွန်တော်…"

တိုနီက တဂွီဂွီမြည်နေသော သူ့ဗိုက်ကိုထိလိုက်သည်။ ဤနေရာတွင် အဆုံးမဲ့ရှင်သန်ခွင့်ရှိပြီး မသေဆုံးဘူးဆိုသော်ငြား ဗိုက်ကတော့ ဆာလောင်နေဆဲသာ။ ကျန်းရှောင်ယွင် သူ့ကိုဖမ်းခေါ်လာသည့်အချိန်ကတည်းက သာမန်လူများစားသောက်ရမည့် အစားအသောက်များကို မစားရသည်မှာ နှစ်လရှိနေပြီဖြစ်၏။

"ဟူး.. ကြည့်ရတာတော့ ငါ ခဏလောက်တော့ အငတ်ခံရဦးမယ်ထင်တယ်"

တိုနီက သက်ပြင်းတချချဖြင့် Mark-50ကိုထိန်းချုပ်၍ ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲရှိ လမ်းကြားတစ်ခုထဲသို့ ပျံသန်းသွားလိုက်သည်။

ဤလမ်းကြားမှာ အလွန်တိတ်ဆိတ်လွန်းလှသည်။ ထိုနေရာတွင် အသီးအရွက်ဥယျာဉ်တစ်ခုနှင့် အလားသဏ္ဌာန်တူသော နေရာတစ်ခုရှိပြီး ထူးခြားဆန်းပြားသော ပန်းများနှင့် ဆေးဖက်ဝင်အပင်များကလည်း ပေါက်ရောက်နေကာ ဆေးဖက်ဝင်ရနံ့ခပ်ဖျော့ဖျော့တစ်ခုကလည်း လေထဲတွင် ရစ်ဝဲနေချေသည်။

"ဆိုးဝါးတဲ့ ဒီဆေးဖက်ဝင်အရွက်တွေကိုပဲ စားရမှာပဲ"

တိုနီက မြေပြင်ထက်ရှိ ထူးဆန်းလှသောပုံသဏ္ဌာန်ရှိသည့် ဆေးဖက်ဝင်အရွက်ကို ခူးယူ၍ မျက်မှောင်ကြုတ်လျက် တစ်ကိုက်နှစ်ကိုက်ဝါးပြီးနောက် မျိုချလိုက်သည်။

"ယောင်ချန်းလို့ခေါ်တဲ့ ဒီဆရာက ဟင်းသီးဟင်းရွက်တွေကိုကျတော့ ဘာလို့မစိုက်တာပါလိမ့်။ ထူးဆန်းတဲ့ ဒီအပင်တွေကိုပဲ စိုက်နေတော့တာပဲ။ ဒါကဘာကြီးလဲ။ သွေးဝိညာဉ်မိစ္ဆာသစ်သီးလား။ နာမည်ကတင် ကြောက်ဖို့ကောင်းနေပြီ"

...

"မင်း သောက်ကျိုးနည်းဘာလုပ်နေတာလဲ။ဝမ်းချုပ်နေတာလား"

ကျန်းမုန့်လောင် တံခါးဖွင့်ဖွင့်ချင်းမှာပင် ဝမ်လင်က ဒေါသတကြီးပြောလာ၏။

"အရမ်းမွန်းကျပ်ဖို့ကောင်းတာပဲ။ ဒီလောက်အခန်းအကြီးကြီးထဲမှာ အိမ်သာကတစ်လုံးပဲရှိတယ်။ မြန်မြန်လုပ်။ ငါဝင်မလို့။ ငါ ထပ်မအောင့်ထားနိုင်တော့ဘူး"

"ခွီး"

ကျန်းမုန့်လောင်လည်း ရုတ်တရက်ထရယ်လိုက်လေသည်။

"မင်းက ဘာရယ်တာလဲ"

ဝမ်လင်က မျက်မှောင်ကြုတ်လိုက်ချေသည်။

"ဝမ်းချုပ်တာသက်သာသွားတော့ ပျော်သွားပြီပေါ့လေ"

"ဘာမှမဟုတ်ဘူး။ ဘာမှမဟုတ်ဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"မင်း သွားလေ"

"မင်း အရမ်းတွေထူးဆန်းနေတယ်နော်"

ဝမ်လင်က ကျန်းမုန့်လောင်ကိုစိုက်ကြည့်၍ အိမ်သာထဲကိုသာ မြန်မြန်ဝင်သွားလိုက်သည်။

ကျန်းမုန့်လောင်က ယခုလေးတင် ဝမ်လင်၏အချက်အလက်များကို စစ်ဆေးကြည့်လိုက်ခြင်းဖြစ်၏။

အမည် : ဝမ်လင်

မျိုးနွယ် : လူသား

အထောက်အထား : လင်းယွီလုပ်ငန်းစု၏ဥက္ကဋ္ဌ

စွမ်းရည်ညွှန်ကိန်း : ၆

ပါရမီ : အင်တာနက်ဆယ်လီများကို ထည်လဲတွဲခြင်း

စွမ်းရည် : E-Sports (G)၊ ရင်းနှီးမြှုပ်နှံမှု (G)၊ ဒဿနိကဗေဒ (G)

အကဲဖြတ်ချက် : ခွေးတစ်ကောင်တောင်မှ စွမ်းရည်ညွှန်ကိန်း၁အဆင့်ရှိသေးတာပဲ။ သူ့ကို‌တော့ "ခွေးခြောက်ကောင်"စာခွန်အားရှိတယ်လို့ သတ်မှတ်ကြတာပေါ့

ရယ်စရာကောင်းလှသော ဤအကဲဖြတ်ချက်က ကျန်းမုန့်လောင်ကို မရယ်ဘဲမနေနိုင်အောင် ပြုစားနေခြင်းပင်။ "ခွေးခြောက်ကောင်စာခွန်အား"တဲ့လား။ ဤသည်မှာ အံ့ဩဖို့ကောင်းလှသည်။ သို့သော် သာမန်လူသားများအကြားတွင်မူ ဤသည်မှာ မြင့်မားလှသောအဆင့်တစ်ခုပင်ဖြစ်ချေသည်။

"စိတ်ဝင်စားစရာပဲ"

ကမ္ဘာကြီးက ပို၍စိတ်ဝင်စားစရာကောင်းလာသည်ဟု ကျန်းမုန့်လောင် ခံစားလိုက်မိသည်။ ထူးရှယ်နတ်ဘုရားကျောင်းတော်နှင့်သာဆိုလျှင် သူ့ဘဝက ပို၍ပင် ချမ်းသာကြွယ်ဝလာမည်မှာ ကျိန်းသေပေါက်ပင်။

သို့တိုင် ဗလာကျင်းနေသော စွမ်းအားအမှတ်များကို သတိရလိုက်သည့်အခါတွင်မူ ကျန်းမုန့်လောင်လည်း သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။

"လူမှန်ရင် စွမ်းအားအမှတ်တော့ ရှိရမှာပေါ့"

**************

All Chapters