← Chapters

ကျွန်တော်တို့အတွက် ဒါက သရေစာပါ

Vol. 16 Ch. 231

ကျွန်တော်တို့အတွက် ဒါက သရေစာပါ

Vol. 16 Ch. 231

"နင် အဆင်ပြေရဲ့လား"

မှန်ပြတင်းပေါက်နားသို့ ပြန်ရောက်လာသောအခါ လုရီယောင်က ကျန်းမုန့်လောင်ကို စိုးရိမ်ပူပန်နေဟန်အကြည့်တစ်ချက် ကြည့်လာသည်။ သူသည် အိမ်သာထဲတွင် အကြာကြီးရှိနေခဲ့သည်။ ဝမ်းများလျှောနေလေသလား။

"ငါအဆင်ပြေပါတယ်။ ဒီအတိုင်းအိမ်သာတက်နေတာပါ။ အိမ်သာထဲကို ဖုန်းယူသွားရင် နာရီဝက်လောက်ကြာနေလည်း ဘာမှမထူးဆန်းဘူးလေ"

ကျန်းမုန့်လောင်က ရယ်ကာမောကာဖြင့် ပြောလိုက်လေသည်။ ထိုအခွင့်အရေးကို အသုံးချ၍ လုရီယောင်နှင့် ဝမ်လင်၏ချစ်သူကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထူးရှယ်နတ်ဘုရားကျောင်းတော်၏ အကြီးအကဲရာထူးကို ကိုယ်စားပြုသည့် လက်စွပ်က သူတို့၏အချက်အလက်များကို ချက်ချင်းထုတ်ပြလာသည်။

လုရီယောင်၏ စွမ်းအားညွှန်ကိန်းက ၅ဖြစ်ပြီး ဂီတအဆိုပါရမီနှင့် Dအဆင့်ပေါ့ဂီတအဆိုစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ဝမ်လင်၏ကောင်မလေးကတော့ စွမ်းအားညွှန်ကိန်း ၄သာရှိပြီး ပါရမီဟူ၍ မရှိပါဘဲ Eအဆင့်အကစွမ်းရည်တစ်ခုသာ ရှိသည်။

ကျန်းမုန့်လောင် ခန့်မှန်းထားသည့်အတိုင်း သာမန်လူများ၏ စွမ်းအားညွှန်ကိန်းမှာ ၅ပတ်ချာလည်သာ ရှိသည်။

"ယဲ့ရင်က ဘယ်လောက်တောင်များ အစွမ်းထက်တာပါလိမ့်"

ကျန်းမုန့်လောင်လည်း သိချင်စိတ်မဖြစ်မိဘဲ မနေနိုင်ချေ။

လက်စွပ်က ကျန်းမုန့်လောင်၏အတွေးများကို ဖတ်နိုင်ပုံရသည်။ ကျန်းမုန့်လောင် ယဲ့ရင်ကို မမြင်ရသော်လည်း ထိုလက်စွပ်သည် အကွာအ‌ဝေးတစ်ခုအတွင်းရှိ သက်ရှိများကို အာရုံခံနိုင်ပုံရပြီး ယဲ့ရင်၏‌အချက်အလက်များကိုပါ သူ့မျက်စိရှေ့တွင် ဖော်ပြပေးနေချေသည်။

အမည် : ယဲ့ရင်

မျိုးနွယ် : လူသား

အထောက်အထား : ကိုယ်ပိုင်သက်တော်စောင့်

စွမ်းအားညွှန်ကိန်း : ၈၀

ပါရမီ : လုပ်ကြံသတ်ဖြတ်ခြင်း

စွမ်းရည် : စိတ်စွမ်းအားမြှင့်တင်ခြင်း (D)၊ ရုပ်ပိုင်းဆိုင်ရာမြှင့်တင်ခြင်း (D)

အကဲဖြတ်ချက် : အတန်အသင့်စွမ်းအားရှိသောလူသား

"အတန်အသင့်စွမ်းအားရှိသောလူသားတဲ့လား"

ကျန်းမုန့်လောင် မျက်ဆန်လည်လိုက်လေသည်။ ယဲ့ရင်လို လူတစ်ယောက်ကိုသာ အတန်အသင့်စွမ်းအားရှိသည်ဟု သတ်မှတ်ရပါလျှင် ဤလက်စွပ်သည် အလွန်တင်းကျပ်နေသည်မဟုတ်ပါလား။

သို့‌သော် သူ့မိဘများက Thanosကို လိုက်လံဖမ်းဆီးနေသည့်အဖြစ်ကို စဉ်းစားကြည့်လိုက်လျှင်မူ သိပ်လည်းမထူးဆန်းတော့သလိုပင်။

"ငါအချိန်မီလက်စသတ်ခဲ့ပြီ"

အိမ်သာတက်၍ ပြီးစီးသွားသော ဝမ်လင်က အမြန်ပြန်ရောက်လာသည်။

"မစသေးဘူးလား"

"အခုမှစတာ"

ကျန်းမုန့်လောင်က ခပ်ဖွဖွပြုံးလိုက်လေသည်။ ထိုအခိုက်အတန့်တွင် အမ်မာက လေလံပွဲစင်မြင့်ထက်သို့ ပြန်လျှောက်လာသည်။

လုရီယောင်က သူ့ကို အတန်ငယ်စိမ်းသက်နေသော အကြည့်တစ်မျိုးဖြင့် ကြည့်နေလေကြောင်း ကျန်းမုန့်လောင် သတိမထားမိချေ။ ကျန်းမုန့်လောင်နှင့် နီးစပ်သူတစ်ယောက်အနေနှင့် လွန်ခဲ့သည့်မိနစ်နှစ်ဆယ်ကနှင့် ယှဉ်ကြည့်လိုက်ပါက ကျန်းမုန့်လောင်ထံတွင် တစ်စုံတစ်ရာမသိမသာပြောင်းလဲသွားကြောင်း ထိုးထွင်းဉာဏ်ဖြင့် သတိပြုမိသည်။ သို့သော် ထိုအရာကို သူ(မ) မဖော်ထုတ်နိုင်ပေ။

"ငါ အတွေးလွန်နေတာပဲဖြစ်မှာပါ"

လုရီယောင်လည်း လေလံပွဲကိုသာ ပြန်အာရုံစိုက်လိုက်သည်။

"အမျိုးသမီးများနဲ့ အမျိုးသားများရှင်.. လူကြီးမင်းတို့အ‌နေနဲ့ ဒီနောက်ဆုံးလေလံပစ္စည်းကို အချိန်အကြာကြီးစောင့်လာခဲ့တယ်ဆိုတာ ကျွန်မသိပါတယ်"

အမ်မာက ဆို၏။

"ကျွန်မတို့ရဲ့အဆင့်မြင့်လေလံပွဲက ထိပ်တန်းလျှို့ဝှက်ချက်အဆင့်မှာ ရှိတယ်ဆိုပေမဲ့ လူကြီးမင်းတို့တွေထဲမှာ တချို့ကတော့ သတင်းရထားပြီးသားဖြစ်မှာပါ။ အခု နောက်ဆုံးလေလံပစ္စည်းကို လူတိုင်းရဲ့ရှေ့မှောက်မှာ ထုတ်ဖော်ပြသပေးတော့မှာပါ"

အမ်မာက နောက်ဆုံးလေလံပစ္စည်း၏ဖိုင်ကို ဖွင့်လိုက်လေသည်။ သူ(မ)ကိုယ်တိုင်လည်း ယခုမှသာ ဤပစ္စည်းကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်၏။ ထိုအရာ၏ အကျဉ်းချုပ်ဖော်ပြချက်ကို ကြည့်ရှုပြီးနောက်တွင် သူ(မ) အံ့အားသင့်မှုကြောင့် ပင့်သက်မရှိုက်ဘဲ မနေနိုင်ခဲ့ပေ။

"အဲ့ဒါက ဘာပစ္စည်းမို့လို့လဲ။ သူက ဘာလို့အဲ့လိုဖြစ်သွားရတာလဲ"

"ကြည့်ရတာတော့ နောက်ဆုံးလေလံပစ္စည်းက သာမန်ပစ္စည်းတစ်ခုမဟုတ်ဘူးထင်တယ်။ အစပိုင်းမှာ ရတနာတွေအများကြီးကို မြင်ခဲ့တာတောင်မှ သူ အခုလိုတည်ငြိမ်မှုပျောက်ဆုံးသွားတာမျိုး ငါမမြင်ခဲ့မိဘူး"

"ဒါ..ဒါက မယုံကြည်နိုင်စရာပဲ"

အမ်မာက နောက်ဆုံးလေလံပစ္စည်း၏ ဆန်းကြယ်မှုကို ထုတ်ဖော်ပြသရင်း ရေရွတ်လိုက်ချေသည်။

"ဒါက ဘာလဲ"

ဖန်သားပြင်ထက်တွင် လူကြီးလက်သီးတစ်ဆုပ်စာအရွယ်ခန့်ရှိသော သေတ္တာလေးတစ်လုံးကိုသာ ပြသထားသည်။ ထိုအထဲတွင်မူ အချင်းသုံးစင်တီမီတာရှိသော ခရမ်းရင့်ရောင်အလုံးတစ်လုံး ရှိ၏။ သူ့မျက်နှာပြင်ကား ကွေးကောက်နေသည့် အစင်းကြောင်းများပါရှိပြီး အလွန်အမင်းလက်ရာမြောက်လှပေသည်။

"ဒါက Maltesersမဟုတ်လား။ တစ်ထုပ်ကို ဒေါ်လာနည်းနည်းလောက်ပဲ ပေးရတာလေ။ လာနောက်နေတာလား"

ဝမ်လက်၏မျက်နှာထက်တွင် စိတ်ပျက်လေဟန်အမူအရာတစ်ခုက အထင်းသားပေါ်ပေါက်လာချေသည်။

"ဘာMaltesersလဲ။ ဒါက ပြဒါးရှင်လုံးတစ်လုံးနဲ့ ပိုတူတယ်လို့ ထင်တာပဲ"

"ချီးကို ပြဒါးရှင်လုံးလား"

ဝမ်လင်က ရယ်လိုက်လေသည်။

"ဒီကမ္ဘာပေါ်မှာ အံ့ဖွယ်ကောင်းတဲ့ ပြဒါးရှင်လုံးရောင်းကြတဲ့ လူလိမ်တွေမှအများကြီးပဲ။ လွန်ခဲ့တဲ့နှစ်နည်းနည်းလောက်တုန်းကဆိုရင် ငါ့အဖေက သူ့ကိုယ်သူ ယွမ်ထျန်းအန်ရဲ့မျိုးဆက်လို့ပြောတဲ့ လူလိမ်တစ်ယောက်နဲ့ ပက်ပင်းတိုးခဲ့တယ်ကွ။ သူက အဂ္ဂိရတ်ပညာကို တတ်ကျွမ်းတာမို့ ခွန်အားဖြည့်ဆေးလုံးကို ဖော်စပ်နိုင်တယ်လို့ပြောသတဲ့"

"နောက်တော့ ဘာဆက်ဖြစ်သွားလဲ"

ကျန်းမုန့်လောင်ကလည်း စိတ်ဝင်တစား မေးကြည့်လိုက်သည်။

"နောက်တော့ သူက ကျောက်ကပ်အားဖြည့်ဆေးကို ဒေါ်လာနှစ်သောင်းပေးပြီး ဝယ်လာခဲ့တယ်လေ။ အဲ့ဒီဆေးကို သောက်လည်းသောက်ပြီးရော တစ်ပတ်လုံး ဝမ်းလျှောတော့တာပဲ"

ဝမ်လင်က သင်္ကာမကင်းဟန်အကြည့်ဖြင့် ကြည့်၍ ပြောလာလေသည်။

"ဒါပေမဲ့ ဒါကြီးက အဓိပ္ပာယ်မရှိဘူး။ ဒီအဆင့်မြင့်လေလံပွဲက အရမ်းကြီးကျယ်ခမ်းနားနေရမှာကို။ သူတို့တွေ ပစ္စည်းအတုတွေကို မရောင်းသင့်ဘူး"

"သူ့ရဲ့ရှင်းလင်းချက်ကို နားထောင်ကြည့်ကြတာပေါ့။ အဲ့လိုဆိုရင် ငါတို့သိရမှာပဲ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒါက တကယ်ကြီး အံ့ဖွယ်ကောင်းတဲ့ ပြဒါးရှင်လုံးဖြစ်နေရင် ဘယ်လိုလုပ်မလဲ"

"ရှင်တို့တွေအားလုံး သိချင်နေကြမယ်ထင်ပါတယ်"

အမ်မာ့ပုံစံကား ထိုပစ္စည်း၏ ထူးခြားလှသောသဘောသဘာဝကြောင့် ထိတ်လန့်နေဆဲဖြစ်ဟန်တူသည်။

"ဟွာရှားရဲ့သမိုင်းကြောင်းကို နားလည်သူတစ်ယောက်ယောက်များ ဒီနေရာမှာရှိနေမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်နှစ်ထောင် ချင်မင်းဆက်တုန်းက ဧကရာဇ်ချင်းရှီဟွမ်းက ထာဝရအသက်ရှင်ပြီး ဟွာရှားရဲ့ထာဝရအုပ်ချုပ်သူတစ်ယောက် ဖြစ်လာဖို့အတွက် ရှုဖူလို့ခေါ်တဲ့လူတစ်ယောက်ကို ပြဒါးရှင်လုံးကိုရှာဖို့ ပင်လယ်ထဲကို စေလွှတ်ခဲ့တဲ့အကြောင်း သိကြမှာပါ"

ပရိသတ်များထဲရှိ နိုင်ငံခြားသားများအားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ တော်တော်များများက ဟွာရှားသမိုင်းကိုနားလည်နိုင်လောက်သည်အထိ စိတ်ဝင်စားမှုမရှိကြသော်လည်း ဧည့်ပရိသတ်ထဲရှိ ဟွာရှားလူမျိုးများကမူ စိတ်ဝင်တစားနားထောင်နေကြပေသည်။ အမတပြဒါးရှင်လုံးကို ရှာဖွေခိုင်းခဲ့သည့် ဧကရာဇ်ချင်းရှီဟွမ်း၏ဇာတ်လမ်းမှာ ဟွာရှားယဉ်ကျေးမှုအကြောင်း အနည်းငယ်နားလည်ထားသူများအဖို့တော့ စိမ်းသက်မနေပေ။

ရှုဖူတစ်ယောက် ပင်လယ်ထဲသို့ ထွက်ခွာသွားပြီးနောက်မှာ ခြေရာလက်ရာပင်မကျန်ရစ်ဘဲ ပျောက်ကွယ်သွားခဲ့သည်ဟု ဆိုကြလေသည်။ တချို့ကတော့ သူသည် ပင်လယ်ထဲတွင် သေဆုံးသွားကြသည်ဟု ဆိုကြပြီး အခြားလူများကမူ သူသည် အမတပြဒါးရှင်လုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး သူကိုယ်တိုင်သောက်ပစ်လိုက်သည်ဟု ဆိုကြသော်ငြား ထိုဇာတ်လမ်းများမှာ အတည်ပြုထားခြင်းမရှိသော ဒဏ္ဍာရီဇာတ်လမ်းများသာ ဖြစ်၏။

"တကယ်တော့ ရှုဖူက မသေခဲ့ပါဘူး။ သူ တကယ်ပဲ အမတတစ်ပါးနဲ့တွေ့ပြီး သူ့ရဲ့ရိုးသားစစ်မှန်မှုနဲ့ အဲ့ဒီအမတကို စိတ်လှုပ်ရှားသွားအောင် လုပ်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် အမတကလည်း အမဆေးသုံးလုံးဖော်စပ်ပြီး သူ့ကိုပေးခဲ့ပါတယ်"

"သေစမ်း။ ဒါကြီးက ပိုပိုပြီးယုတ္တိမရှိတော့ဘူး"

ဝမ်လင့်ကိုကြည့်ရသည်မှာ ဆက်နားထောင်နိုင်တော့ဟန်မတူပေ။ ဤကမ္ဘာပေါ်တွင် အမတများသာ တကယ်ရှိပါက သရဲတ‌စ္ဆေများကိုပင် သူတို့ မြင်ကြရပေလိမ့်မည်။

"တကယ်တော့ မစ္စတာရှုဖူတွေ့ခဲ့တဲ့လူက အမတတစ်ပါးမဟုတ်ပါဘူး။ ဒါပေမဲ့ ရှေးဟောင်းဟွာရှားအဂ္ဂိရတ်ပညာကို တတ်ကျွမ်းတဲ့ဆရာသခင်တစ်ယောက်ပါ။ ဒီအမတဆေးလုံးတွေက ထာဝရရှင်သန်ခြင်းအစစ်အမှန်ကို မပေးနိုင်ပေမဲ့ အသက်ရှည်အောင်လုပ်ပေးနိုင်ပြီး လူသားစွမ်းရည်ကိုလည်း တိုးမြှင့်ပေးနိုင်ပါတယ်"

"ယုံတာမယုံတာကတော့ လူကြီးမင်းတို့နဲ့ပဲ သက်ဆိုင်ပါတယ်။ လေလံပွဲကို စလိုက်ကြရအောင်"

"ဒါက တကယ့်အစစ်ကြီးလား"

တီးတိုးသံများက ဧည့်ပရိသတ်များထဲ စတင်ပျံ့နှံ့လာလေသည်။

"ဒါကြီးက တအားနားလည်ရခက်လာပြီ။ ဟွာရှားဒဏ္ဍာရီကို ဒီလိုအသုံးချရဲတယ်ပေါ့လေ။ ဒီအဆင့်မြင့်လေလံပွဲက သူတို့ဂုဏ်သတင်းကိုထိခိုက်အောင် လုပ်နေတာလား"

"ဟားဟားဟား.. ဒီပစ္စည်းက လူတစ်ယောက်ကို အသက်ရှည်အောင်လုပ်ပေးနိုင်တာလည်း ဟုတ်ချင်ဟုတ်မှာပေါ့"

တစ်စုံတစ်ယောက်က ရယ်မောလိုက်လေသည်။

"ဟွာရှားက အရမ်းမှော်ဆန်တဲ့နိုင်ငံတစ်နိုင်ငံပဲလေ"

"ဒီတော့ ခင်ဗျားဝယ်မှာလား"

"ဟားဟား ကျုပ်မဝယ်ပါဘူး။ ဝယ်တဲ့လူကတော့ ငတုံးပဲ"

"ဒါပေမဲ့ သူတို့က ဒီလိုပစ္စည်းမျိုးကို ဘာလို့ နောက်ဆုံးလေလံပစ္စည်းအဖြစ် သုံးတာလဲ။ တစ်ယောက်ယောက်က ဒါကို တကယ်ကြီး ဈေးကောင်းပေးမှာတဲ့လား"

"ယူရိုသန်းငါးဆယ်"

အံ့ဩဖို့ကောင်းလောက်အောင်ပင် တစ်စုံတစ်ယောက်က ဈေးစခေါ်လာလေသည်။ ဤအသံကား အစကတည်းက တိတ်ဆိတ်နေခဲ့သော ဗီအိုင်ပီအခန်းနံပါတ်တစ်မှ ထွက်ပေါ်လာခြင်းဖြစ်၏။ အဖွင့်ဈေးကလည်း ချက်ချင်းယူရိုသန်းငါးဆယ်တင်လိုက်ခြင်းပင်။

"ယူရိုသန်းတစ်ရာ"

"သန်း၁၅၀"

"ယူရိုသန်း၂၀၀"

...

အားလုံးအံ့ဩသွားရသည်မှာ လေလံဈေးကား အလျင်အမြန်မြင့်တက်လာပြီး ယခင်လေလံပစ္စည်းများထက်ပင် အဆတစ်ရာ ထိုးတက်သွားခဲ့သည်။ ကျန်းမုန့်လောင်ကလွဲလျှင် ဗီအိုင်ပီအခန်းများရှိ ဧည့်သည်များအားလုံး ပါဝင်နေကြခြင်းပင်။

"ဧကရာဇ်ချင်းရှီဟွမ်းရဲ့ အမတဆေးလုံးတွေထဲက နောက်ဆုံးတစ်လုံးကို တစ်စုံတစ်ယောက်က တကယ်ရှာတွေ့ခဲ့တာပဲ။ ငါ အဲ့ဒါကိုဝယ်မှဖြစ်မယ်"

အိပ်မက်နန်းတော်ရှိရာ ဗီအိုင်ပီအခန်းထဲမှာမူ ရှန်းယွမ်ကျွင်းဟု အမည်ရသော ကိုင်ဘွန်လူမျိုးတစ်ယောက်က တည်ကြည်လေးနက်နေသော အမူအရာတစ်ခုဖြင့် ဆိုလာလေသည်။

ဤဒဏ္ဍာရီက မှန်ကန်ကြောင်း သူတို့ အတပ်သိထားသည်။

ထိုအမတဆေးလုံးများက အံ့ချီးဖွယ်ရာအစွမ်းများ စင်စစ်ရှိပါသော်ငြား ရှုဖူက ထိုဆေးလုံးများကို ပြန်မယူလာနိုင်ခဲ့ပေ။ အကြောင်းမှာ လမ်းခုလတ်တွင် ထိုဆေးလုံးများကို လာခိုးသည့် အမျိုးသမီးတစ်ယောက်နှင့် ပက်ပင်းတိုးခဲ့သည်ဖြစ်ရာ သူ(မ)က အမတဆေးလုံးတစ်လုံးကို သောက်ပစ်လိုက်သဖြင့် ဘယ်လူသားမှ မပိုင်နိုင်သည့်စွမ်းအားများကို ပိုင်ဆိုင်သွားကာ ကျန်ဆေးနှစ်လုံးကိုပင် လုယူဖို့ ကြိုးစားခဲ့သေးသည်။

သို့သော် ထိုအချိန်တုန်းက အမတဆေးလုံး၏စွမ်းအားများကို အလုံးစုံမချေဖျက်နိုင်ခင်မှာပင် သူ(မ)နောက်သို့ ရှုဖူဦးဆောင်သည့် စစ်သည်များက လိုက်ဖမ်းဆီးနေသဖြင့် ကိုင်ဘွန်သို့ ထွက်ပြေးသွားခဲ့သည်။ ဤသို့ဖြင့် သူ(မ)၏ နာမည်ကြီးပုံရိပ်တစ်ခုဖြစ်သော အမြီးကိုးချောင်းမြေခွေး တာမာမို-နို-မဲ့ ပေါ်ပေါက်လာခြင်းပင်။

နောက်ပိုင်းတွင် ဤအမျိုးသမီးမှာ ပြင်းထန်လှသော ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့သည်ဟု ဆို၏။ သို့ဖြစ်လေရာ ကျန်ဆေးလုံးနှစ်လုံး၏တည်နေရာလည်း ပျောက်ဆုံးသွားပေသည်။ အစတုန်းကတော့ ကိုင်ဘွန်လူမျိုးများက ဤအဖြစ်ကို ဒဏ္ဌာရီအဖြစ် သတ်မှတ်ခဲ့ကြသည်။

လွန်ခဲ့သည့်နှစ်ပေါင်းအနည်းငယ်တုန်းက အမေရိကန်စစ်တပ်ထဲရှိ လူတစ်ယောက်က ထိုအမတဆေးလုံးထဲမှ တစ်လုံးကို ရှာဖွေနိုင်ခဲ့သည်။ နှစ်ပေါင်းနှစ်ထောင်ကျော်ကြာမြင့်သည့်တိုင် ဤအမတဆေးလုံးကို ကောင်းမွန်စွာထိန်းသိမ်းထားနိုင်ခဲ့သည်။ ထို့ပြင် အဆင့်ခုနစ်ရှိသူသာ ဤဆေးကိုသောက်လိုက်လျှင် နှစ်ဝက်အတွင်းမှာပင် အဆင့်ကိုးကိုကျော်ဖြတ်နိုင်သည့် လူတစ်ယောက်ဖြစ်လာနိုင်သည်။

ဤသတင်းကား ဒုတိယကမ္ဘာရှိ သေးငယ်သောအသိုင်းအဝိုင်းထဲတွင် ပျံ့နှံ့သွားခဲ့လေသည်။

ဒုတိယကမ္ဘာရှိ လူသားတစ်ဦးမှာ အဆင့်ကိုးကို ကျော်သွားပါက တစ်ကမ္ဘာလုံး၏ မြေအောက်အခြေအနေများကို ပြောင်းလဲနိုင်စွမ်းရှိသည်။ ထိုအချိန်မှစ၍ ကမ္ဘာအနှံ့ရှိ ဒုတိယကမ္ဘာလူသားများမှာ ဤတတိယ‌မြောက်အမတဆေးလုံးကို အရူးအမူးရှာဖွေခဲ့ကြသည်။

မကြာသေးမီကပင် ဤတတိယ‌‌မြောက်အမ‌တဆေးလုံးကို အဆင့်မြင့်လေလံပွဲမှ လူများက ရှာဖွေတွေ့ရှိခဲ့လေရာ အင်အားကြီးနိုင်ငံများက ချမ်းသာကြွယ်ဝ‌သော ကိုယ်စားလှယ်များကို စေလွှတ်ကာ ဤတတိယ‌မြောက်အမတဆေးလုံးကို လျှို့ဝှက်စွာ လေလံပြိုင်ခိုင်းခဲ့သည်။

သို့သော် ဒုတိယကမ္ဘာရှိလူများနှင့် အင်အားနိုင်ငံများမှ အဆင့်မြင့်အရာရှိများကလွဲ၍ မည်သူမျှ ဤအကြောင်းကို မသိကြပေ။ ကျန်းမုန့်လောင်ကိုယ်တိုင်ပင် မသိခဲ့ချေ။

"မစ္စတာကျန်း...ဒါက တကယ့်အစစ်ပါ"

ယဲ့ရင်က ပြောလာ‌လေသည်။ သူက ရှေးဟောင်းဒဏ္ဍာရီအကြောင်းကို အတိုချုံးပြောပြလာသည်။ ထိုအချိန်မှာပင် စျေးနှုန်းက ယူရို၂.၁ဘီလီယံအထိ မြင့်တက်သွားခဲ့သည်။

"ဘာ? တကယ်လား"

ကျန်းမုန့်လောင်က ထိုအကြောင်းကိုကြားပြီး ရုတ်တရက်ကြီး စိတ်အားထက်သန်လာသည်။

"ဒီလိုမဖြစ်ရဘူး။ငါ ဒါကိုဝယ်ရမယ်"

"ယူရို၅ဘီလီယံ"

ကျန်းမုန့်လောင်က ရုတ်တရက်ဆိုသလို စျေးနှုန်းကို နှစ်ဆတင်ပစ်လိုက်သည်။

"ကျန်းမုန့်လောင်..Maltesersတစ်လုံးအတွက်နဲ့ ယူရို၅ဘီလီယံပေးမလို့လား။ မင်း ရူးသွားပြီလား"

ဝမ်လင်က မတ်တတ်ထရပ်လိုက်သော ကျန်းမုန့်လောင်ကို ဆွဲချ၍ ပြန်ထိုင်ခိုင်းလိုက်သည်။

"မစ္စတာကျန်း..ဒီလိုအရာမျိုးအတွက် ပိုက်ဆံအကုန်ခံစရာမလိုပါဘူး"

ယဲ့ရင်က ပြုံးရယ်ကာ ပြော‌လာ‌ချေသည်။

"ငါက ဒါကို ဘာလို့မဝယ်ရမှာလဲ။ ဒါက အသက်ရှည်စေတယ်လေ။ Steroidsတွေထက်တောင် ပိုကောင်းတဲ့ အားဖြည့်ဆေးပဲကွ"

ကျန်းမုန့်လောင်က တအံ့တဩရေရွတ်လိုက်သည်။

ယဲ့ရင်က ရယ်သည်။

"တကယ်တော့ လူကြီးမင်းရဲ့အိမ်မှာဆိုရင် ကျွန်တော်တို့က အဲ့ဒါကို သရေစာအဖြစ် သဘောထားကြတာပါ"

**************

All Chapters