← Chapters

ဒါဆို ငါတို့ တခြားလူတွေကို ဝယ်ခွင့်ပေးလို့မဖြစ်ဘူး

Vol. 16 Ch. 232

ဒါဆို ငါတို့ တခြားလူတွေကို ဝယ်ခွင့်ပေးလို့မဖြစ်ဘူး

Vol. 16 Ch. 232

"ဒါက ဘာကြီးလဲ"

ကျန်းမုန့်လောင်သည် "အမတဆေး"ဟုခေါ်သောအရာကို စူးစမ်းလိုစိတ်အပြည့်ဖြင့် စိုက်ကြည့်နေလေသည်။ သူ့ဘက်က ယူရိုငါးဘီလီယံဟု ဈေးအမြင့်ကြီးအော်ပြီးနောက် ဗီအိုင်ပီအခန်းနံပါတ်လေးရှိ ပုဂ္ဂိုလ်က ယူရို၅.၁ဘီလီယံဖြင့် ဈေးပြိုင်ခေါ်လိုက်လေသည်။

"အဲ့ဒါက တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးပါ"

ယဲ့ရင်က ဆိုလာလေသည်။

"ငါ အများကြီးမသိဘူးဆိုပြီး လာအရူးမလုပ်နဲ့"

ကျန်းမုန့်လောင်က မျက်ဆန်လည်လိုက်မိသည်။

"ကောင်းကင်ဘုံတိုက်ပွဲများဆိုတဲ့ဝတ္ထုကို ငါမဖတ်ဖူးဘူးများထင်နေလား။ အဲ့ဒီပစ္စည်းက ဝတ္ထုထဲကပစ္စည်းလေ။ ငါ့ကို နားမလည်ပါးမလည်များထင်နေတာလား"

ကျန်းမုန့်လောင် ထိုဝတ္ထုကို အခေါက်ခေါက်အခါခါဖတ်ဖူးသည်။ ဆယ်ကြိမ်မဟုတ်လျှင်တောင် အနည်းဆုံးငါးကြိမ်ခြောက်ကြိမ်လောက်ပင်။ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးက တိုက်ခိုက်ရေးဘုရင်တစ်ပါးကို အဆင့်တစ်ဆင့်ဖြတ်ကျော်စေနိုင်ခဲ့သော ဂမ္ဘီရဆေးတစ်လက်ဖြစ်၏။ တိုက်ခိုက်ရေးဘုရင်ဆိုသည်မှာ ချီစွမ်းအင်ကို မြင်းများအဖြစ် ပြောင်းလဲကာ ကောင်းကင်ထက်တွင် ပျံသန်းနိုင်သည့်အပြင် တောင်တစ်လုံးကို လက်ဝါးတစ်ဖက်တည်းဖြင့် ချေမှုန်းနိုင်သူပင်။

"မဖြစ်နိုင်တာ"

ကျန်းမုန့်လောင်သည် သာမန်လူတစ်ဦး၏အတွေးအခေါ်မှ ရုန်းမထွက်နိုင်သေးပေ။ သူ့ဘေးရှိ ယဲ့ရင်ကလည်း တောင်တစ်လုံးကို လက်ဝါးတစ်ဖက်တည်းဖြင့် ခြေမွနိုင်သူတစ်ဦးပင် မဟုတ်လော။

ထိုမျှသာမက ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲတွင် Iron Manကိုပင် ဆရာတစ်ယောက်အဖြစ် ဖမ်းဆီးထားသည်။ ဤစကြဝဋ္ဌာနှင့် သုန်းချီ၏အာဏာစက်ကျရောက်ရာ သုန်းချီလောကတွင်ပင် အပြိုင်ကမ္ဘာများသာ တည်ရှိနေပါလျှင်….

"ကျောင်းအုပ်ကြီး.. လွန်ခဲ့တဲ့နှစ်ပေါင်း၂၅၀၀ကျော်တုန်းက ခင်ဗျားရဲ့ဘိုးဘေးတစ်ယောက်က သုန်းချီတိုက်နယ်လို့ခေါ်တဲ့ အပြိုင်ကမ္ဘာကို သွားရောက်လည်ပတ်ခဲ့ဖူးပါတယ်။ သူက ဆေးနတ်ဘုရားယောင်ချန်းကိုဖမ်းဆီးခဲ့တယ်လေ။ အခုဆိုရင် ထူးရှယ်နတ်ဘုရားကျောင်းတော်မှာ သူက ဆေးပညာဆရာတစ်ယောက်ဖြစ်နေပါပြီ"

ကောထန်၏အသံက ကျန်းမုန့်လောင်၏နားထဲ မြည်ဟည်းလာသည်။

"သေစမ်း"

ကျန်းမုန့်လောင်လည်း ထိတ်လည်းထိတ်လန့်မိသလို မွန်းလည်းမွန်းကျပ်သွားရသည်။

"ရှောင်ယန်ကိုလည်း ဖမ်းထားတယ်လို့ ပြောမလို့လား"

"ဟုတ်ပါတယ်။ ဆရာရှောင်ယန်က အခုဆိုရင် သုန်းချီကျင့်ကြံရေးအတန်းရဲ့နည်းပြဖြစ်နေပါပြီ"

ကောထန်က ထိုသို့ပြောလာသည်။

"ခင်ဗျားရဲ့ဘိုးဘေး‌တွေက သူ့ကိုတင် ဖမ်းလာတာမဟုတ်ပါဘူး။ သူ့မိန်းမကိုပါ ခေါ်လာတာပါ။ အမှန်အတိုင်းပြောရရင် ကျွန်တော်လည်း နည်းနည်းတော့မကြည့်ရက်ဘူး"

"တော်ပြီ။ မပြောနဲ့တော့…"

ကျန်းမုန့်လောင်ခမျာ သူ့လောကအမြင်ကြီး လုံးဝပြိုလဲသွားသလို ခံစားလိုက်ရသည်။ သူ့ဘိုးဘေးက ဘယ်လိုလူမျိုးလေလဲ။

...

"မစ္စတာကျန်း.. လူကြီးမင်းအနေနဲ့ မိသားစုရဲ့အရေးကြီးဆုံးရတနာကို အမွေဆက်ခံပြီးလောက်ရောပေါ့။ တချို့အရာတွေဆိုရင် ကျွန်တော့်ထက် လူကြီးမင်းကတောင် ပိုသိလိမ့်မယ်ထင်တယ်"

ယဲ့ရင်က ကျန်းမုန့်လောင်ကို ပြောလိုက်သည်။

"အင်း.. ငါ အခုသိသွားပြီ"

ကျန်းမုန့်လောင်ကလည်း ပြောလိုက်၏။

ယခုလေးတင် ကောထန်က ကျန်းမုန့်လောင်ကို အကုန်ပြောပြထားပြီးဖြစ်၏။ အမ်မာပြောလိုက်သည့် ရှုဖူရှာဖွေတွေ့ရှိခဲ့သည်ဆိုသော အမတကား တကယ်တမ်းမှာတော့ ကျန်းမုန့်လောင်၏ဘိုးဘေးပင်။ ထိုတိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးများမှာ သူ့ဘိုးဘေးက သူ့အတွက် လက်ဆောင်အဖြစ် ပြုလုပ်ပေးခဲ့ခြင်းဖြစ်၏။

ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် ဆေးနတ်ဘုရားယောင်ချန်း၏ အဂ္ဂိရတ်နည်းပညာများကို သင်ယူလေ့လာထားသူများအနေနှင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးများက ဘာမှမပြောပလောက်ပေ။ အဂ္ဂိရတ်ပညာအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများအတွက်မူ ယောင်ချန်းက ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲတွင် ကြီးမားလှသော ဆေးဖက်ဝင်ဥယျာဉ်ကြီးတစ်ခုကို စိုက်ပျိုးထားသည်။ ထိုနေရာတွင် ဝိညာဉ်ရေးရာစွမ်းအင်ပြည့်ဝနေသောကြောင့် ဆေးဖက်ဝင်အပင်များ၏ ကြီးထွားနှုန်းကား မယုံနိုင်လောက်အောင် မြန်ဆန်လှပြီး အဆင့်မြင့်ဆေးဖက်ဝင်များသည်ပင် ပေါင်းပင်များအလား ဖြစ်သွားစေသည်။ သူတို့၏ကြီးထွားဖွံ့ဖြိုးရေးအတွက် ပုံမှန်ရိတ်သိမ်းပေးဖို့ကလည်း မရှိမဖြစ်လိုအပ်သည်။

အခြားဆရာများကဲ့သို့ပင် လက်ရှိယောင်ချန်းကိုလည်း ကျန်းမုန့်လောင်၏ဘိုးဘေးများက ဖမ်းဆီးပိတ်လှောင်ထားခြင်းဖြစ်သည်။ သူ့ကို လော့ပွင့်စေလိုလျှင် စွမ်းအားအမှတ်များစွာလိုအပ်သည်။

"လူကြီးမင်းရဲ့ဘိုးဘေးတွေက ကျွန်တော်တို့ယဲ့မိသားစုလိုမျိုး စွမ်းအားတွေအများကြီးကျင့်ကြံခဲ့တာပါ"

ယဲ့ရင်က ပြောလိုက်သည်။

"လူတိုင်းမှာ သူ့တာဝန်နဲ့သူရှိတယ်လေ။ ကျွန်တော်တို့ယဲ့မိသားစုက လူကြီးမင်းတို့မိသားစုရဲ့လုံခြုံရေးအတွက် တာဝန်ယူထားရတာ။ ကျွန်တော်တို့ကို လေ့ကျင့်ပေးဖို့အတွက် ဒီပြဒါးရှင်လုံးတွေကိုဖန်တီးပေးရတဲ့လူတွေကလည်း သက်သက်ရှိတာပေါ့။ ဒီတိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးက ကျွန်တော်တို့အတွက်တော့ သိပ်အဖိုးမတန်ပါဘူး။ လူအင်အားကလွဲရင် တခြားဘာကုန်ကျစရိတ်မှမရှိဘူးလေ"

ကျန်းမုန့်လောင်လည်း သူ့မိသားစု၏အကြောင်းကို အကြမ်းဖျင်းခန့်မှန်းလိုက်နိုင်သည်။ တချို့မိသားစုများက သူတို့မိသားစုအတွက်‌ ငွေရှာရန် တာဝန်ရှိကြသည်။ အချို့ကမူ အာဏာတည်မြဲစေရေးအတွက် တာဝန်ယူထားရပြီး တချို့ကတော့ ထောက်ပံ့ရေးတာဝန်ယူရသည်။ ကြည့်ရသလောက်တော့ သူ့ဘိုးဘေးများက ထူးရှယ်နတ်ဘုရားကျောင်းတော်မှ သင်ယူလေ့လာခဲ့သော အဂ္ဂိရတ်နည်းပညာများကို သူတို့ကိုယ်ပိုင်အင်အားစုများကိုသာ သင်ကြားပေးခဲ့ဟန်တူသည်။

ယဲ့ရင်ပိုင်ဆိုင်ထားသော စွမ်းရည်ကလည်း ထူးရှယ်နတ်ဘုရားကျောင်းတော်မှတစ်ဆင့် သွယ်ဝိုက်သောနည်းလမ်းတစ်ခုနှင့် ရရှိထားခြင်းဖြစ်သည်။ ကျန်းမုန့်လောင်၏ဘိုးဘေးများက ယဲ့ရင်၏ဘိုးဘေးများဆီသို့ လက်ဆင့်ကမ်းခဲ့ခြင်းမျိုးနှင့် ပိုတူလှသည်။ ဤသို့ဖြင့် ယဲ့ရင်တို့မိသားစုထဲရှိ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းခဲ့ကြဟန်ပင်။

"၆.၂ဘီလီယံ"

"၆.၈ဘီလီယံ"

...

တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံး၏ တန်ဖိုးမှာ ဆက်လက်မြင့်တက်နေချေသည်။ ကျန်းမုန့်လောင်အတွက်တော့ ထိုတန်ဖိုးမှာ Maltesersတစ်ခုစာနှင့် ညီမျှကောင်းညီမျှနိုင်သော်ငြား ဤကမ္ဘာပေါ်ရှိ အခြားလူများအဖို့တော့ တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခုပင်။

ဤကမ္ဘာပေါ်တွင် နိုင်ငံတိုင်းနှင့် နယ်မြေတိုင်းမှာ ထူးခြားသည့် ဒုတိယကမ္ဘာသားများ ရှိကြသည်။ သူတို့သည် သာမန်လူသားများထက် ကျော်လွန်သော စွမ်းရည်များကို ပိုင်ဆိုင်ထားကြပြီး အသက်ပိုရှည်ကြသည်။ သို့သော် သူတို့၏တိုးတက်မှုကလည်း မလွယ်ကူလှပေ။ သူတို့အတွက်တော့ စွမ်းအင်အဆင့်တစ်ဆင့်တက်ဖို့ပင်လျှင် နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ့်နှစ်နှစ်လောက်ကြာနိုင်သည်။

အဆင့်ကိုးကို ကျော်လွန်ထားပြီးသော ဒုတိယကမ္ဘာလူသားတစ်ယောက်က နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံတကာအဆင့်အတန်းကို ပြောင်းလဲပစ်နိုင်သည်။ သို့သော် ထိုကဲ့သို့သောအစွမ်းထက်ပုဂ္ဂိုလ်များကို ပိုင်ဆိုင်ထားသော နိုင်ငံများမှာ ၁၅နိုင်ငံပင် မပြည့်နိုင်လောက်ပေ။

ဤတိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးက ဒုတိယကမ္ဘာလူသားတစ်ယောက်ကို စွမ်းအင်အဆင့်ကိုးကို ကျော်ဖြတ်နိုင်အောင် ကူညီပေးနိုင်သည်။ ထို့ကြောင့်လည်း ၎င်း၏ဆွဲဆောင်မှုက အလွန်ပြင်းထန်နေခြင်းပင်။

ယခုတော့ ထိုနိုင်ငံကြီးများအားလုံးက ဤနောက်ဆုံးလေလံပစ္စည်းကို လေလံတင်ဖို့အတွက် ကိုယ်စားလှယ်များကို ဘာကြောင့် အသည်းအသန် စေလွှတ်လိုက်သလဲဆိုသည်ကို ကျန်းမုန့်လောင် နားလည်လိုက်လေပြီ။

လေလံပွဲကျင်းပရာ ခန်းမအတွင်းရှိ ဖိအားသည် လေးလံသည်ထက် လေးလံလာသည်။ ဈေးနှုန်းက ဤအနေအထားအထိ ရောက်နေပါလျှင် သာမန်လူချမ်းသာများ ဝယ်ယူနိုင်သောပမာဏအတွင်းတွင် ရှိတော့မည်မဟုတ်ချေ။ နိုင်ငံတစ်နိုင်ငံ၏ ကျောထောက်နောက်ခံသာမရှိလျှင် ကျန်းမုန့်လောင်ကဲ့သို့ သာမန်ထက်ထူးခြားသူများက လွဲလျှင် မည်သူကမျှ ထိုမျှငွေသားပမာဏအထိ ထုတ်နိုင်မည်မဟုတ်။

လက်ရှိအချိန်အထိ လေလံဆွဲနေကြသူများမှာ ဒုတိယကမ္ဘာလူသားများ ပါရှိပါသည့် နိုင်ငံ၁၂နိုင်ငံနှင့် အစောပိုင်းက ယဲ့ရင်ပြောပြထားသည့် စွမ်းအားရှိသူများပင်။

"ထူးဆန်းလိုက်တာ။ ဒီလောက်ကောင်းနေတဲ့ပစ္စည်းကို သူတို့က ဘာလို့လေလံတင်ပစ်ရတာလဲ"

ကျန်းမုန့်လောင်လည်း တအံ့တဩတွေးလိုက်မိသည်။ သူသာဆိုလျှင် ဤပစ္စည်းကိုရရချင်းမှာပင် သောက်ပစ်လိုက်မည်မဟုတ်လား။

"သူတို့ လုပ်ရဲမှာမဟုတ်ဘူး"

ယဲရင်က ဆိုလာသည်။

"ဘယ်လောက်ပဲ အစွမ်းထက်ထက် သူတို့က အဖွဲ့အစည်းလေးတစ်ခုပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတော်အဆင့်ယန္တရားတစ်ခုနဲ့တော့ မယှဉ်နိုင်ဘူးပေါ့။ ဒါပေမဲ့ ပြဒါးရှင်လုံးက တစ်လုံးတည်းရှိပြီး လိုချင်နေကြတဲ့နိုင်ငံတွေကလည်း တစ်ဒါဇင်ကျော်တာကိုး။ သူတို့ ဘယ်သူ့ကိုပဲရောင်းလိုက်ရောင်းလိုက် တခြားနိုင်ငံတွေကို စော်ကားသလိုဖြစ်မှာပါပဲ"

"ဟားဟားဟား အဲ့လိုကိုး"

ကျန်းမုန့်လောင် သဘောပေါက်သွားသည်။ ထို့ကြောင့် သူတို့က ဤသတင်းအချက်အလက်ကို ဖောက်ချ၍ သူတို့အချင်းချင်းကိုသာ တိုက်ခိုက်စေခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် မည်သူ့ကိုမှ စော်ကားရာမရောက်တော့သလို သူတို့လည်း အကျိုးအမြတ်များများရပေလိမ့်မည်။ ဤသည်မှာ ထက်မြက်လှသော အကွက်ရွှေ့မှုတစ်ခုပင်တည်း။

"ယူရို၁၀ဘီလီယံ"

ထိုအချိန်တွင် ဗီအိုင်ပီအခန်းနံပါတ်သုံးမှ တစ်စုံတစ်ယောက်က ပထမဆုံးအကြိမ် စကားဟလာချေသည်။ ဗီအိုင်ပီအခန်းနံပါတ်သုံးမှ ထိုလူသည် လေလံပွဲအစမှ အဆုံးအထိ တိတ်ဆိတ်နေခဲ့သဖြင့် ကျန်းမုန့်လောင်က သူတို့ကို ပွဲကြည့်ရုံသက်သက် ရောက်လာသည်ဟုပင် ထင်ခဲ့မိသည်။

"ယဲ့ရင်.. ဗီအိုင်ပီအခန်းနံပါတ်သုံးကလူက ဘယ်နိုင်ငံကို ကိုယ်စားပြုတာလဲ"

"မစ္စတာကျန်း သူတို့က ဟွာရှားကပါ"

"အိုး"

ကျန်းမုန့်လောင်လည်း ရုတ်ခြည်းဆိုသလို သတိကပ်သွားလေသည်။ ဤနေရာတွင် နိုင်ငံပေါင်းများစွာမှ ကိုယ်စားလှယ်များ ရှိနေမှတော့ ဟွာရှားနိုင်ငံ၏ကိုယ်စားလှယ်လည်း မရှိဘဲဘယ်နေပါ့မလဲ။ သူသည် မာယွင်၊မာဟွားနှင့် အခြားသူများနှင့်သာ ပတ်သက်ဆက်ဆံနေခဲ့သဖြင့် ဤအကြောင်းကို မေ့လျော့နေမိသည်။

"ယဲ့ရင်.. ဟွာရှားက ဒီတိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးကို တကယ်လိုအပ်နေတာလား"

"ဟုတ်ပါတယ်"

ယဲ့ရင်က ပြောသည်။

"အမေရိကနဲ့ဟွာရှားက ဒုတိယကမ္ဘာလူသားတွေအများဆုံးရှိနေကြတဲ့နိုင်ငံပါ။ ဟွာရှားမှာရှိတဲ့လူအများစုက ရှေးဟောင်းကျင့်ကြံရေးစနစ်က လာတာလေ။ လူကြီးမင်းတို့အခေါ်အရဆိုရင် ရှေးဟောင်းသိုင်းပညာပေါ့။ ဒီလူတွေကို ရှေးဟောင်းသိုင်းပညာကျင့်ကြံသူတွေလို့ခေါ်ပြီး ဟွာရှားမှာဆိုရင် အဆင့်ကိုးကိုကျော်လွန်ထားသူ ငါးယောက်ရှိပါတယ်။ အဆင့်ကိုးကိုဖြတ်ကျော်ထားနိုင်တဲ့ သဘာဝနိုးထသူသုံးယောက်လည်း ရှိပါသေးတယ်"

"နိုးထသူတွေလား"

"သူတို့ကို စိတ်နယ်လွန်ပညာရှင်တွေလို့ မှတ်ထားလိုက်လို့ရပါတယ်"

"ဒါဆို စုစုပေါင်းရှစ်ယောက်ပေါ့"

"အမေရိကဘက်မှာတော့ အကုန်လုံးက သန္ဓေပြောင်းလူသားတွေချည်းပါပဲ။ ဒါပေမဲ့ သူတို့က သူတို့ကိုယ်သူတို့ စူပါလူသားတွေဆိုပြီး နာမည်တစ်ခုပေးထားပါတယ်။ အဆင့်ကိုးကိုကျော်ဖြတ်ထားနိုင်တဲ့ စူပါလူသားရှစ်ယောက်လည်းရှိပါတယ်။ တတိယအများဆုံးဖြစ်တဲ့ အင်္ဂလန်မှာတော့ ငါးယောက်ပဲရှိပါတယ်"

"ဒီတော့ ဟွာရှားနဲ့အမေရိကနိုင်ငံအတွက်တော့ ဒီတိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးက ကမ္ဘာ့နံပါတ်တစ်အစွမ်းအထက်ဆုံးနိုင်ငံက ဘယ်သူဖြစ်မလဲဆိုတာကို အဆုံးအဖြတ်ပေးမဲ့ အဓိကအချက်တစ်ခုပေါ့"

"အဲ့လိုပြောလို့လည်းရပါတယ်"

ယဲ့ရင်က ပြန်ပြောလိုက်သည်။

"မစ္စတာကျန်းရဲ့ဩဇာအာဏာအောက်ကလူတွေကိုတော့ ထည့်တွက်လို့မရဘူးပေါ့"

"အဲ့လိုဆိုရင်.."

ကျန်းမုန့်လောင်က ညစ်ကျယ်ကျယ်ပြုံးလျက် ပြောလိုက်သည်။

"အစတုန်းကတော့ ငါစိတ်မဝင်စားပေမဲ့ မင်းပြောတာကိုကြားပြီးတဲ့နောက်မှာတော့ ဒီတိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးကို တခြားလူတွေလက်ထဲ ရောက်ခွင့်မပေးနိုင်ဘူး"

*************

**********

All Chapters