မင်းတို့ကောင်တွေက အရမ်းစိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းတာပဲ
Vol. 16 Ch. 233
"ယဲ့ရင်"
ကျန်းမုန့်လောင် ပြောလိုက်သည်။
"ငါ မင်းကို မေးခွန်းတစ်ခုလောက် အမြဲမေးချင်နေခဲ့တာ"
"မစ္စတာကျန်း.. ကျွန်တော့်အစွမ်းက ဘယ်လောက်သန်မာသလဲဆိုတာကို သိချင်နေတာလား"
ယဲ့ရင်ကလည်း အပြုံးလေးဖြင့် ပြန်ဖြေလေသည်။
"ဟုတ်တယ်"
ကျန်းမုန့်လောင် ထိုသို့ပြန်ဖြေလိုက်သည်။
"အမေရိကက အဲ့ဒီစူပါလူသားရှစ်ယောက်ကို သတ်ဖို့ဆိုတာက ကျွန်တော့်အတွက်တော့ ကြက်လေးငှက်လေးသတ်ရသလောက် လွယ်ပါတယ်"
"အဲ့ဒါက အရမ်းဟိတ်ဟန်များလွန်းတယ်"
ကျန်းမုန့်လောင် ထိုသို့တွေးလိုက်မိသည်။ သူ့မှန်းဆချက်ကလည်း ဆင်တူသော်ငြား တကယ်တမ်းကြားလိုက်ရချိန်မှာလည်း အံ့အားသင့်သွားရဆဲသာ။
"စကားမစပ် ယဲ့ရင်.. ငါသာ အဲ့ဒီတိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးကို သောက်လိုက်မယ်ဆိုရင် ငါလည်း ချက်ချင်းအံ့မခန်းအစွမ်းထက်သွားမှာလား"
"အဲ့လိုဖြစ်မှာမဟုတ်ပါဘူး"
ယဲ့ရင်က ပြောလိုက်သည်။
"လူကြီးမင်းရဲ့ခန္ဓာကိုယ်က အခုလောလောဆယ်မှာ သာမန်လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပဲရှိပါသေးတယ်။ အဲ့လောက်အစွမ်းထက်တဲ့ဆေးဝါးသက်ရောက်မှုမျိုးကို ခံနိုင်ရည်မရှိသေးပါဘူး။ ပြီးတော့ ဒီလိုပြဒါးရှင်လုံးမျိုးဆိုတာက အကူပစ္စည်းသက်သက်ပါပဲ။ လူကြီးမင်းခန္ဓာကိုယ်ရဲ့စွမ်းအားကို တိုးတက်စေချင်တယ်ဆိုရင် တစ်ဆင့်ပြီးတစ်ဆင့်ချဉ်းကပ်တဲ့နည်းလမ်းတစ်ခုကိုပဲ သုံးသင့်ပါတယ်"
"ကောထန်..တစ်ဆင့်ပြီးတစ်ဆင့်ချဉ်းကပ်ပုံနည်းလမ်းဆိုတာက ဘာအဓိပ္ပာယ်လဲ"
ကျန်းမုန့်လောင် ထိုသို့မေးလိုက်ပြီးနောက် တစ်စုံတစ်ခုကို ရုတ်ခြည်းအမှတ်ရလိုက်သည်။ ယဲ့ရင်က သူ့စိတ်ကိုဖတ်နိုင်သော်ငြား ကောထန်၏ဖြစ်တည်မှုကိုတော့ အာရုံမခံမိနိုင်ဟန်ပင်။
"ပြောရရင်တော့ အရှည်ကြီးပါပဲ"
ကောထန်က ပြောလာသည်။
"ရှေးဟောင်းသိုင်းပညာစနစ်မှာ အတွင်းစိတ်ကျင့်ကြံရေးနည်းလမ်းတွေက အခြေခံနည်းလမ်းတွေပါပဲ။ စိတ်ကူးယဉ်ကမ္ဘာတွေမှာဆိုရင် ကျင့်ကြံရေးနည်းဗျူဟာတွေက အခြေခံပါ။ သဘာဝလွန်စွမ်းအားစနစ်မှာ လူတစ်ယောက်ရဲ့စွမ်းရည်ကို မြှင့်တင်ခြင်းက အခြေခံနည်းစနစ်ပေါ့။ ခင်ဗျားအနေနဲ့ စွမ်းအားအမှတ်နဲ့ ဆရာတစ်ယောက်ကို လော့ဖွင့်ပြီး သူတို့ရဲ့ကျင့်ကြံရေးနည်းဗျူဟာတွေကို ပုံတူကူးလို့ရပါတယ်။ ခင်ဗျားရဲ့အဆုံးမဲ့ခွန်အားစွမ်းရည်တွေကြောင့် ဒီလိုလုပ်လို့ရတာပေါ့"
"စွမ်းအားအမှတ်က အဓိကပဲကိုး"
ကျန်းမုန့်လောင် သဘောပေါက်သွားလေသည်။ သူ့အဖေချမှတ်ထားသော စည်းမျဉ်းများအရဆိုလျှင် သူ့တွင် စွမ်းအားအမှတ် လုံလုံလောက်လောက်မရှိပါက ထူးရှယ်နတ်ဘုရားကျောင်းတော်ကလည်း အသုံးမဝင်ဘဲဖြစ်လိမ့်မည်။
"ဒါပေမဲ့ နားထောင်ကြည့်လေလေ ငါ ကျင့်ကြံရေးစလုပ်ဖို့လိုအပ်တယ်လို့ ခံစားမိလေလေပဲ"
"ဆရာတွေဆီက တိုက်ရိုက်သင်ယူလို့လည်းရတယ်လေ။ သူတို့အတန်းတွေထဲမှာ သင်ယူရတာတွေက အဲ့ဒီစွမ်းရည်တွေတင်မကဘူး"
ကောထန်က သတိပေးလာသည်။
"ငါ ဘယ်လောက်အထိဟိတ်ဟန်ထုတ်ပြပြီးမှ စွမ်းအားအမှတ်တွေရမလဲဆိုတာ မသိတော့ဘူး"
ကျန်းမုန့်လောင်လည်း နောင်တတကြီးစဉ်းစားလိုက်မိသည်။ လွန်ခဲ့သောလအနည်းငယ်အတွင်းမှာ သူ ကြွားလုံးထုတ်ခဲ့သည့် အကြိမ်ပေါင်းကား အကြိမ်၈၀မှ ၁၀၀အတွင်း ရှိသည်။ ဤအရာများကိုသာ စွမ်းအားအမှတ်အဖြစ် ပြောင်းနိုင်မည်ဆိုပါလျှင် အတန်အသင့်များပြားလှသော ပမာဏတစ်ခုအဖြစ် သတ်မှတ်နို်ငမည်မှာ သေချာသည်။
"အဲ့ဒီတုန်းက ငါ ခပ်လျှိုလျှိုပဲနေခဲ့ရမှာ"
ကျန်းမုန့်လောင် သက်ပြင်းချလိုက်မိသည်။ လွန်ခဲ့သည့်သုံးလအတွင်းတွင် သူသည် တတ်နိုင်သမျှ ကြွားလုံးထုတ်ခဲ့သည်ဖြစ်ရာ တကယ်တမ်း ကြွားလုံးထုတ်ဖို့လိုအပ်လာချိန်တွင် ဘာမှကြွားစရာမရှိတော့သလို ခံစားရသည်။
"ယူရို၁၀.၂ဘီလီယံ"
"၁၀.၅ဘီလီယံ"
"၁၁ဘီလီယံ"
ပမာဏကား မိုးထိတိုင် မြင့်တက်နေပြီး နိုင်ငံတိုင်းမှ ကိုယ်စားလှယ်များကလည်း ထိုတိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးကိုသာ စိတ်အားထက်သန်မှုနှင့် စိတ်ပိုင်းဖြတ်မှုအပြည့်ဖြင့် အာရုံစိုက်နေကြသည်။
"သေစမ်းကွာ။ ဒီလူတွေ ရူးနေပြီလား"
ဝမ်လင့်အဖို့တော့ ဤမျှရူးနှမ်းသည့် လေလံပွဲတစ်ခုကို ယခင်က မမြင်ဖူးပေ။ ပစ္စည်းတစ်ခုက ယူရိုဆယ်ဘီလီယံဖြင့် မည်သို့နှယ်ရောင်းချနိုင်ရလေသလဲ။ ယနေ့ခေတ်တွင် ငွေကြေးလိမ်လည်မှုပြုဖို့ သည်မျှအထိ လွယ်ကူနေပြီလား။
"သူတို့တွေအကုန်လုံးက အရူးတွေလို့များ မင်းထင်နေလား"
ကျန်းမုန့်လောင်က ဝမ်လင့်ကို ပြောလိုက်သည်။
"မဟုတ်သေးပါဘူး။ မင်း ဒီလိုအရာမျိုးကို ယုံကြည်နေတာတော့မဟုတ်ဘူးမလား"
ဝမ်လင့်ခမျာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေချေသည်။
"ထားလိုက်တော့။ မင်းနားလည်မှာမဟုတ်ဘူး"
ကျန်းမုန့်လောင် သက်ပြင်းချလိုက်သည်။
"အနှေးနဲ့အမြန်ဆိုသလို မင်းသိရမှာပါ"
...
"ရူးနေပြီ။ ဒီလူတွေအကုန် ရူးနေပြီ"
"ဘာမဟုတ်တဲ့ဆေးတစ်လုံးကို ၅၀ဘီလီယံအထိ ဈေးခေါ်နေကြသတဲ့။ ဒီလူတွေမှာ ဒီလောက်ပိုက်ဆံအများကြီး ဘယ်လိုလုပ်ရှိနေရတာလဲ"
အမှန်ပင်။ ဤမျှအထိပြင်းထန်လှသော ယှဉ်ပြိုင်မှုအောက်တွင် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံး၏ ဈေးနှုန်းကား ယူရို၅၀ဘီလီယံကျော်သွားပြီဖြစ်၏။ သိထားရမည့်အချက်မှာ Forbesစာရင်းတွင်ပင် အမေရိကန်ဒေါ်လာ၅၀ဘီလီယံပိုင်ဆိုင်သူဟူ၍ လက်တစ်ဖက်တည်းနှင့် ရေတွက်နိုင်သည်။ ဤအထဲတွင်ပင် သူတို့ရှယ်ယာတန်ဖိုးများလည်း ပါဝင်နေသေးသည်။
ယူရို၅၀ဘီလီယံကို ချက်ချင်းလက်ငင်းထုတ်ပြနိုင်သူ တစ်ဒါဇင်လောက် ရုတ်တရက်ထွက်ပေါ်လာခြင်းကား သဘာဝမကျပေ။
သို့သော် နိုင်ငံအများအပြားအတွက်ပင် ယူရို၅၀ဘီလီယံဆိုသည်မှာ များပြားလှသော ပမာဏတစ်ခုပင်။ နောက်ဆုံးမှာတော့ ဈေးနှုန်းကား ယူရို၆၀ဘီလီယံအထိ မြင့်တက်သွားခဲ့ပြီး ပထမဆုံးလူကတော့ လက်လျှော့သွားသည်။
ထို့နောက် ဒုတိယမြောက်နှင့် တတိယမြောက်လူများလည်း လက်လျှော့သွား၏။ နိုင်ငံတစ်နိုင်ငံအတွက်ပင်လျှင် သူတို့၏ဘဏ္ဍာရေးအခြေအနေကား များပြားလှသော ဤပမာဏကို လိုက်မမီတော့ချေ။
"သောက်ကျိုးနည်း.. သူတို့ ဒီလောက်အထိကောင်းကောင်းပြင်ဆင်လာလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ"
"စိတ်မပူပါနဲ့။ သူတို့ အခုလောလောဆယ် ပစ္စည်းကိုရသွားတယ်ဆိုရင်တောင် ဥရောပထဲကနေ ဘယ်သူက အဲ့ဒါကိုယူသွားနိုင်မလဲဆိုတာ မသိရသေးပါဘူး"
"ဟမ့်.. လောလောဆယ်တော့ သူတို့ပျော်ပါစေဦး"
...
"အဆုံးတော့လည်း ဟွာရှားနဲ့အမေရိကကိုယ်စားလှယ်တွေပဲ ကျန်ခဲ့တော့တာပဲ"
ကျန်းမုန့်လောင်သာ ဗီအိုင်ပီအခန်းနံပါတ်၃တွင် ရှိနေပါက ဖန်သားပြင်ရှေ့တွင် ထိုင်နေသော သက်လတ်ပိုင်းအရွယ်အမျိုးသားကို သေချာပေါက်မှတ်မိမည်ဖြစ်၏။ ထိုလူမှာ Xiaomiစမတ်ဖုန်းဘရန်း၏ တည်ထောင်သူလဲ့ကျွင်းကလွဲ၍ အခြားမဖြစ်နိုင်ပေ။ ထိုလူသည် စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးဖြစ်သော်လည်း မာယွင်တို့လိုလူများနှင့် ယှဉ်ကြည့်လိုက်ပါက လဲ့ကျွင်းက ဟွာရှားအတွက် သူ့ကိုယ်ပို်ငဘရန်းတစ်ခုကို တည်ထောင်ခဲ့ပြီး ပရဟိတအများဆုံးလုပ်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ ထို့ကြောင့်လည်း ဤတစ်ခေါက်တွင် နိုင်ငံ့ကိုယ်စားပြုအဖြစ် ရွေးချယ်ခံခဲ့ရခြင်းပင်။
သူ့နောက်တွင်ရပ်နေသူ အမျိုးသားကတော့ အသက်သုံးဆယ်လေးဆယ်မျှ ရှိပုံပေါ်သည်။ သူက လဲ့ကျွင်း၏အနောက်တွင်သာ ငြိမ်ငြိမ်လေးရပ်နေသော်လည်း စိတ်နှလုံးတုန်လှုပ်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက သူ့ထံမှ ထွက်ပေါ်နေချေသည်။
"ဒီတစ်ခေါက် ပြိုင်ပွဲက တအားပြင်းထန်လိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ"
သက်လတ်ပိုင်းအရွယ်အမျိုးသားက လေးနက်မှုအပြည့်ဖြင့် ပြောလာလေသည်။
"ယူရို၇၄ဘီလီယံ"
လဲ့ကျွင်း၏နဖူးထက်ဝယ် ချွေးရွှဲနေချေသည်။ နိုင်ငံတော်က ရန်ပုံငွေယူရို၈၀ဘီလီယံသာ ပြင်ဆင်ပေးထားသဖြင့် သူ့အကန့်အသတ်ကို ရောက်လုနီးနီးဖြစ်သွားလေပြီ။
တစ်ဖက်တွင်မူ အမေရိက၏ကိုယ်စားလှယ်ကလည်း အဆင်ပြေလှသည်တော့မဟုတ်ချေ။ သူတို့၏GDPက ဟွာရှားထက် အတန်အသင့်မြင့်ပြီး နည်းပါးသောလူဦးရေ၊ ကျယ်ပြန့်သောမြေနေရာတွင် လူတစ်ဦးချင်းစီ၏GDPမှာ သိသိသာသာမြင့်မားသည်ဆိုသော်ငြား သိပ္ပံသုတေသနနှင့် စစ်ရေးရန်ပုံငွေအတွက် သူတို့ နှစ်စဉ်ရင်းနှီးမြှုပ်နှံထားသော ပမာဏမှာ ကြီးမားလွန်းလှသည်။
အထူးသဖြင့် ယခုနောက်ပိုင်းနှစ်များတွင် ရန်ပုံငွေအမြောက်အများကို စူပါလူသားများအတွက် သုတေသနလုပ်ရန် ပုံအောထားခဲ့သည်။ ဇီဝနည်းပညာမှတစ်ဆင့် ဤစူပါလူသားများကို အဆက်မပြတ် အဆင့်မြှင့်တင်ရန်နှင့် သူတို့ကို ပိုသန်မာလာအောင်လုပ်ရန်အတွက် ငွေကို ရေလိုသုံးစွဲခဲ့ကြသည်။ သူတို့သည် အပြင်လူများထင်နေသလို ချမ်းသာနေခြင်းမျိုးမဟုတ်ပေ။
"၇၄.၅ဘီလီယံ"
"၇၅ဘီလီယံ"
...
"၈၀ဘီလီယံ"
လဲ့ကျွင်းက သူ့အတွက် နောက်ဆုံးအကန့်အကတ်ဖြစ်သည့် ပမာဏကို တန်းအော်လိုက်သည်။
"၈၀.၅ဘီလီယံ"
"၈၁ဘီလီယံ"
ထင်မှတ်မထားပါဘဲ လဲ့ကျွင်းက ဈေးထပ်မြှင့်လိုက်သည်။
"မစ္စတာလဲ့"
သက်လတ်ပိုင်းအရွယ်အမျိုးသားက အံ့အားသင့်သွားဟန်ပင်။ သူတို့သည် ယူရို၈၀ဘီလီယံသာ ယူလာခဲ့ခြင်းဖြစ်၏။
"ဒီအပိုင်းကို ငါ့ဘက်ကပဲ စရိတ်ခံမယ်"
လဲ့ကျွင်း အံတင်းတင်းကြိတ်လိုက်သည်။
"မစ္စတာလော့က အဲ့ဒီဆေးကို ဘာလို့ဝယ်ချင်ရတာလဲဆိုတာကို မသိပေမဲ့ နိုင်ငံအတွက်လိုအပ်တယ်ဆိုမှတော့ အရမ်းအရေးကြီးလို့ပဲဖြစ်ရမယ်။ ဒါကို နိုင်ငံ့အတွက် ကျုပ်ရဲ့အစစ်မှန်ဆုံးကူညီထောက်ပံ့မှုလို့ သဘောထားပေးပါ"
"မစ္စတာလဲ့ ဟွာရှားနိုင်ငံကိုယ်စား ကျွန်တော်ကပဲ ခင်ဗျားကိုကျေးဇူးတင်ပါတယ်"
သက်လတ်ပိုင်းအရွယ်အမျိုးသားက လေးနက်စွာဆိုလာလေသည်။
"၈၂ဘီလီယံ"
သို့သော် အမေရိက၏ကိုယ်စားလှယ်ကလည်း သူတို့၏မျှော်လင့်ချက်ကို ဖျက်ဆီးပစ်လိုက်သည်။ လဲ့ကျွင်းက စုစုပေါင်း ယူရို၁.၂ဘီလီယံသာ ယူလာခဲ့သည်ဖြစ်ရာ ယခုတော့ဖြင့် သူလည်း ရွေးချယ်စရာမရှိတော့ပေ။
"တောင်းပန်ပါတယ် မစ္စတာလော့..ကျုပ်တတ်နိုင်တာတော့ ဒီလောက်ပဲ"
လဲ့ကျွင်းက သက်ပြင်းချလိုက်လေသည်။
"စိတ်မပူပါနဲ့ မစ္စတာလဲ့"
သက်လတ်ပိုင်းအရွယ်အမျိုးသားက ဆိုလာလေသည်။
"အမေရိကန်တွေဘက်က ဒီပြဒါးရှင်လုံးကို လေလံနိုင်သွားခဲ့ရင်တောင် အဲ့ဒါကို သူတို့နဲ့အတူ ပြန်ယူသွားဖို့တော့ လွယ်ကူမှာမဟုတ်ပါဘူး"
"ခင်ဗျားဆိုလိုချင်တဲ့သဘောက…"
လဲ့ကျွင်း မျက်လုံးပြူးသွားလေသည်။ ထို့နောက် ဤလေလံပွဲက ပိုမိုကြီးမားသော အကြံအစည်ကြီး၏ အစကနဦးမျှသာဖြစ်ကြောင်း သဘောပေါက်သွားလေတော့သည်။
"လေလံပွဲပြီးသွားရင် ခင်ဗျား ဒီနေရာကနေ မြန်မြန်ထွက်သွားသင့်တယ်။ အရှေ့ဘက်အခြမ်းကနေသွားပြီး နောက်ပြန်လှည့်မကြည့်နဲ့"
သက်လတ်ပိုင်းအရွယ်အမျိုးသား၏အကြည့်ကား ခက်ထန်သွားချေသည်။
အကယ်၍ ထိုပစ္စည်းသာ သူတို့လက်ထဲတွင် ရှိနေပါက တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးနှင့်အတူ လုံလုံခြုံခြုံထွက်ခွာရန် သူ ယုံကြည်မှုအပြည့်ရှိသည်။ အကြောင်းမှာ သူ့အနေနှင့် ထွက်ပြေးဖို့သာ လိုသောကြောင့်ပင်။ ဟွာရှားနယ်စပ်နားသို့ ရောက်သည်နှင့် သူ့ကိုလာကြိုသူများလည်း ရှိနေလိမ့်မည်သာ။
သို့သော် အရှုပ်အထွေးကြီးကြားက ထိုအရာကို လုယူရမည်ဆိုပါက မသေချာမှုများနှင့် အန္တရာယ်များက ပိုများလာလိမ့်မည်ဖြစ်၏။ ထို့ပြင် သူတို့အနေနှင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးကို အမေရိကန်လူမျိုးများ အမေရိကကိုမရောက်ခင် လုယူရဦးမည်ဖြစ်၏။
"ယူရို၁၀၀ဘီလီယံ"
ထိုအချိန်မှာပင် ခန်းမထဲမှ ရုတ်တရက်ဆန်သောအသံတစ်သံ ထွက်ပေါ်လာချေသည်။ လူတိုင်း၏အကြည့်ကလည်း ကျန်းမုန့်လောင်၏အခန်းဆီသို့ ကျရောက်သွားသည်။
"အဲ့ဒီဟွာရှားလူငယ်လေးပဲ"
အမေရိကန်မှ မားစ်သည် အံတင်းတင်းကြိတ်လျက် အားမလိုအားမရဖြစ်နေချေသည်။
အမေရိကန်ကိုယ်စားလှယ်က ယူရို၉၅ဘီလီယံကိုသာ ပြင်ဆင်လာခဲ့ပြီး မားစ်မိသားစုမှယူလာခဲ့သော အပို၂ဘီလီယံလည်း ရှိသေးသည်။ သူတို့အနေနှင့် ယူရို၁၀၀ဘီလီယံပြည့်ဖို့ အတော်လေးလိုအပ်နေသေးသည်။
ကျန်းမုန့်လောင်တွင် ယူရို၁၀၀ဘီလီယံသာ ရှိသလားဆိုသည်ကိုလည်း မည်သူမျှမသိနိုင်ချေ။
"သူက ဘယ်ကနေများ ဒီလောက်ပိုက်ဆံအများကြီးရနေတာလဲ"
အမေရိကန်သန္ဓေပြောင်းလူသားက နံရံကို လက်သီးဖြင့် ထိုးချလိုက်ပြီး ထုတ်ချင်းပေါက်အပေါက်တစ်ခု ဖြစ်သွားစေသည်။ သူတို့ အောင်မြင်ခါနီးနေသည့်အချိန်မှာပင် ဤဟွာရှားလူမျိုးက ရုတ်တရက်လာနှောင့်ယှက်ခြင်းပင်။
"မစ္စတာကျန်း အမှန်အတိုင်းပြောရရင် ဒီပစ္စည်းက ခင်ဗျားအတွက် သိပ်အသုံးဝင်မှာမဟုတ်ပါဘူး။ ကျုပ်တို့ကို မျက်နှာသာပေးတဲ့အနေနဲ့ ခင်ဗျား ဆက်မပြိုင်ဖို့ ကျုပ်အကြံပေးချင်ပါတယ်။ နောင်အနာဂတ်မှာ ခင်ဗျား အမေရိကကိုလာခဲ့ရင် ကျုပ်တို့ ခင်ဗျားကို အထင်ကရဧည့်သည်တော်တစ်ဦးအနေနဲ့ အလှိုက်လှဲဆုံးကြိုဆိုပေးမှာပါ"
ရွှေအိုရောင်ဆံပင်ပိုင်ရှင် သန္ဓေပြောင်းလူသားက မိုက်ခရိုဖုန်းမှတစ်ဆင့် ဦးစွာစကားစလိုက်လေသည်။
"ဒီပစ္စည်းက ကျုပ်အတွက် အသုံးမဝင်လောက်ဘူးဆိုတာ ကျုပ်သိပါတယ်"
"ဒါဆို ခင်ဗျား…"
ထိုသန္ဓေပြောင်းလူသား၏မျက်ဝန်းကား ဒေါသကြောင့် ရဲရဲနီသွားလေသည်။ အသုံးမဝင်မှန်း သိပါလျက်နှင့် ထိုအရာအတွက် ဘာကြောင့်ပိုက်ဆံသုံးချင်ရတာလဲ။
"ဒါပေမဲ့"
ကျန်းမုန့်လောင်က စိတ်ပျက်ဖို့ကောင်းသည့် အမှုမထားဟန်လေသံဖြင့် ပြောလာလေသည်။
"ကျုပ်က ခင်ဗျားတို့တွေ အဲ့ဒီပစ္စည်းရသွားမှာကို မလိုချင်ရုံသက်သက်ပဲ။ ခုနတုန်းက ခင်ဗျားတို့ကို ဘယ်သူက ဧကရာဇ်ကျောက်စိမ်းတံဆိပ်ကို လေလံဝင်ဆွဲခွင့်ပြုခဲ့လို့လဲ။ အဲ့ဒါကြောင့် ကျုပ် တော်တော်လေးဒေါသထွက်ခဲ့ရတာ"
**************