← Chapters

ပုံမှန်အချိန်ကျမှ ထရအောင်

Vol. 16 Ch. 234

ပုံမှန်အချိန်ကျမှ ထရအောင်

Vol. 16 Ch. 234

မားစ်၏ဗီအိုင်ပီခန်းထဲတွင်မူ မားစ်နှင့် ရွှေအိုရောင်ဆံပင်ပိုင်ရှင်အမေရိကန်လူမျိုးတို့မှာ မျက်နှာပျက်ယွင်းနေကြသည်။

သူတို့ ဟွာရှားနိုင်ငံ၏နိုင်ငံ့ရတနာကို လေလံဆွဲချင်ခဲ့သည်ဆိုသော်ငြား ထိုပစ္စည်း၏တန်ဖိုးမှာ အလွန်ဆုံးရှိလှ ယူရိုသန်းရာဂဏန်းမျှသာ ရှိလိမ့်မည်ပင်။ ထိုအတွက်နှင့် ယူရို၁၀၀ဘီလီယံကိုသုံးဖို့အထိ တန်ရဲ့လား။ ထို့ပြင် ဧကရာဇ်ကျောက်စိမ်းတံဆိပ်က ကျန်းမုန့်လောင်၏လက်ထဲတွင် ရှိနေဆဲသာ။

"ဒေါသဖြေဖို့အတွက်နဲ့ ဒီ၁၀၀ဘီလီယံကို သုံးရလောက်အောင်အထိ ကျုပ်ကို တုံးအနေတယ်လို့များ ထင်နေတာလား"

ကျန်းမုန့်လောင်က သူတို့တွေးနေသည့်အတွေးကို တိုက်ရိုက်ထုတ်ပြောလာသည်။

သူတို့တွေးနေသည်မှာ ထိုအတိုင်းအတိအကျဖြစ်သော်ငြား မည်သူကမှ မတုံ့ပြန်ကြချေ။

"ဆောရီး။ ဒါပေမဲ့ ယူရို၁၀၀ဘီလီယံဆိုတာက ကျုပ်အတွက်တော့ ဘာမှမပြောပလောက်ဘူး။ အဲ့ဒါက ခင်ဗျားတို့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နိုင်ခဲ့တယ်ဆိုရင် သုံးရကျိုးနပ်တယ်လို့ပဲ ကျုပ်ကတော့တွေးတယ်။ ဘာလို့လဲလို့လာမမေးနဲ့။ ပိုက်ဆံရှိရင် ကြိုက်တာလုပ်လို့ရတယ်လေ"

"အဲ့ဒီလုပ်ရပ်အတွက် ငါ မင်းကို ၉၉မှတ်ပေးမယ်။ တစ်မှတ်က မင်း မာန်တက်သွားမှာစိုးလို့ နှုတ်ထားတာ"

ဝမ်လင်က လက်မထောင်ပြလိုက်သည်။ ယူရို၁၀၀ဘီလီယံဆိုသည်မှာ သူတို့အုပ်စုတစ်ခုလုံးကို ဝယ်ယူနိုင်လုနီးပါး ပမာဏဆိုသော်ငြား ကျန်းမုန့်လောင်အဖို့တော့ ဘာမှမပြောပလောက်သည့် ပမာဏပင်။

"ဟားဟားဟား ငါ ဒီလူငယ်လေးကို သဘောကျလာပြီ"

လဲ့ကျွင်း၏ ဗီအိုင်ပီခန်းထဲတွင် လဲ့ကျွင်းတစ်ယောက် ဤမြင်ကွင်းကိုမြင်ပြီး တဟားဟားအော်ရယ်လိုက်သည်။ တစ်ချိန်လုံး မျက်နှာသေနှင့် ရှိနေသော သက်လတ်ပိုင်းအရွယ်အမျိုးသားကပင် ပြုံးနေချေသည်။

အစောပိုင်းက လုပ်ရပ်များမှတစ်ဆင့် ကျန်းမုန့်လောင်သည် မျိုးချစ်စိတ်ထက်သန်သူတစ်ယောက်ဖြစ်ကြောင်း သူတို့ အတပ်ပြောနိုင်လေသည်။ ကျန်းမုန့်လောင်က ထိုတိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးကို ဝယ်ယူသွားသည်ဆိုလျှင်ပင် နိုင်ငံတော်အဆက်အသွယ်လမ်းကြောင်းများမှတစ်ဆင့် သူ့ဆီက ထိုဆေးကို ပြန်ဝယ်ဖို့ရာ အလွန်ခက်ခဲတော့မည်မဟုတ်ချေ။

ဥရောပထဲမှ ထွက်ခွာရန်အတွက် အခက်အခဲများရှိစေကာမူ အမေရိကန်လူမျိုးများလက်ထဲက လုယူရမှာထက်စာလျှင် ဤသည်က ပိုရိုးရှင်းသေးသည်။

အခြားနိုင်ငံများ၏ ကိုယ်စားလှယ်များကတော့ ပို၍ပင် စိတ်လှုပ်ရှားနေကြပြီး တစ်ယောက်ထက်တစ်ယောက် အားရပါးရရယ်မောနေကြလေသည်။ သူတို့သည် လေလံပွဲအတွင်းတွင် အမေရိကန်များ၏ ဖိအားပေးမှုကို ခံခဲ့ကြရသည်။ ယခုတော့ ကျန်းမုန့်လောင်က ရုတ်တရက်ထွက်ပေါ်လာပြီး သူတို့လက်ထဲမှ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးကို ပြန်လုယူပစ်လိုက်ကာ ရန်စလေဟန်စကားများကိုပါ သူတို့ထဲ ပစ်သွင်းလိုက်လေရာ သူတို့အဖို့ အလွန်စိတ်ကျေနပ်စရာကောင်းလှသည်။

"မစ္စတာကျန်း..ခင်ဗျား ဒီကိစ္စကို သေချာစဉ်းစားသင့်တယ်ထင်တယ်နော်။ ကျုပ်တို့အမေရိကန်တွေကို ဆန့်ကျင်တာက ဉာဏ်ရှိတဲ့လုပ်ရပ်တစ်ခုမဟုတ်ဘူး။ ပြီးတော့ ခင်ဗျားရဲ့လက်ထဲမှာရှိတဲ့ အဲ့ဒီပစ္စည်းက အာလူးပူပူကြီးတစ်လုံးပဲ။ အဲ့ဒါကြောင့်နဲ့ ခင်ဗျား ဟွာရှားကိုပြန်တဲ့လမ်းမှာ ပြဿနာပေါင်းသောင်းခြောက်ထောင် ကြုံရလိမ့်မယ်"

"ခင်ဗျားက ကျုပ်အလုပ်ကို ဘယ်လိုလုပ်ရမလဲဆိုတာ လာသင်ပြနေတာလား"

ကျန်းမုန့်လောင်က စက်ဆုပ်ရွံရှာဟန်ဖြင့် ပြောလိုက်လေသည်။

"ခင်ဗျားမှာ ပိုက်ဆံရှိရင် ဆက်လေလံဆွဲလေ။ မရှိရင်လည်း ရပ်လိုက်တော့။ မဝယ်နိုင်ဘူးမလား။ ဒါဆိုလစ်လိုက်တော့လေ။ ကျုပ်ကို လာခြိမ်းခြောက်နေတယ်ပေါ။ ကျန်းမုန့်လောင်ဆိုတဲ့ ကျုပ်က ခြောက်တိုင်းကြောက်မယ်များ ထင်နေလား"

"ကျုပ် ယူရို၁၁၀ဘီလီယံ လေလံတင်မယ်"

"ဝိုး"

တအံ့အဩရေရွတ်သံတစ်သံက ခန်းမတစ်ခုလုံးအနှံ့မှ ထွက်ပေါ်လာသည်။ ကျန်းမုန့်လောင်က ယူရို၈၀ဘီလီယံမှ ၁၀၀ဘီလီယံအထိ ဈေးမြှင့်ချလိုက်ပြီးနောက် ယခုလည်း ထပ်တိုးလိုက်ပြန်သည်။ သူ ဘာလုပ်နေတာလဲ။

ကျန်းမုန့်လောင်ဘက်က ယူရို၁၀၀ဘီလီယံအထိ လေလံတင်လိုက်ပြီးနောက် အခြားမည်သူမျှ လေလံတင်မလာကြတော့ချေ။ မားစ်မိသားစုမှ ကိုယ်စားလှယ်များက လေလံထပ်မဆွဲချင်ကြခြင်းမျိုး မဟုတ်ပေ။ သို့သော် သူတို့ ပိုက်ဆံလုံလုံလောက်လောက် ယူမလာခဲ့မိပေ။ ထို့ပြင် ငွေပမာဏထပ်ဖြည့်ရန်ဆိုသည်မှာလည်း မိနစ်ပိုင်းအတွင်း စီမံနိုင်သောအရာမျိုးမဟုတ်ပေ။

ကျန်းမုန့်လောင်က ယူရို၁၀၀ဘီလီယံဖြင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးကို လုံးဝအရယူလိုက်နိုင်ပြီဖြစ်၏။

သို့သော် ထိုအချိန်မှာပင် ကျန်းမုန့်လောင်က ယူရို၁၁၀ဘီလီယံကို ဈေးထပ်ခေါ်လိုက်ခြင်းမှာ သူ့လေလံကို သူပြန်ပြိုင်သလိုဖြစ်နေသဖြင့် ရှိသမျှလူတိုင်း နားမလည်နိုင်ကြပေ။

"မစ္စတာကျန်း ခင်‌ဗျားက ကျုပ်တို့ကိုဆန့်ကျင်ဖို့ စိတ်ဆုံးဖြတ်ချက်ချထားတာလား"

"ဆင်းရဲတဲ့အရှုံးသမားတစ်သိုက်ကများ"

ကျန်းမုန့်လောင်က ဆက်ပြောလိုက်လေသည်။

"ခင်ဗျားတို့က ကျုပ်ကိုအံတုနိုင်တယ်လို့ ထင်နေတယ်ပေါ့လေ။ ခင်ဗျားတို့နဲ့ တန်တောင်မတန်ဘူး။ ကျုပ်က ခင်ဗျားတို့ထက် ပိုချမ်းသာတယ်။ အဲ့ဒါကို ခင်ဗျားတို့မကျေနပ်ရင် ကျုပ်ကို လာတိုက်လှည့်လေ"

"ဟားဟားဟား"

"ဒီဟွာရှားလူငယ်လေးကတော့ တကယ့်ကို ပါရမီရှိတာပဲ"

"အရမ်းလူပါးဝတာပဲ။ ဒါပေမဲ့ ငါကြိုက်တယ်"

"အဲ့ဒီအမေရိကန်လူမျိုးက တအားတွေစိတ်တိုနေတာနော်။ ငါသာ အဆင့်ခြောက်သန္ဓေပြောင်းလူသားဆိုရင် ဓားတစ်လက်ထုတ်ပြီးနေလောက်ပြီ"

"ယူရို၁၁၀ဘီလီယံတဲ့လား။ နိုင်ငံဘယ်နှနိုင်ငံရဲ့GDPကများ အဲ့ဒီပမာဏကို မီလို့လဲ။ သူကတော့ အဲ့ဒီဈေးနှုန်းကို သာမန်ကာလျှံကာပဲ ဈေးခေါ်လိုက်တာနော်။ အရမ်းအံ့ဩဖို့ကောင်းတာပဲ"

"နိုင်ငံတစ်နိုင်ငံလုံးရဲ့စည်းစိမ်ဥစ္စာကတောင် သူ့ကို မမီနိုင်ဘူး။ ဒါက ဟွာရှားလူမျိုးတွေပြောပြောနေတဲ့ "နိုင်ငံကြီးတွေကိုတောင်ယှဉ်နိုင်တဲ့စည်းစိမ်ချမ်းသာ"ဆိုတာမျိုးပဲ"

"စွမ်းအားအမှတ်အမြောက်အများကို ရရှိလိုက်ပါပြီ"

"အလိုအလျောက်စုဆောင်းမှု စတင်ပါပြီ"

"စုဆောင်းမှု အောင်မြင်ပါတယ်။ စွမ်းအားအမှတ်၂၇မှတ်ရလိုက်တဲ့အတွက် ကျောင်းအုပ်ကြီးကို ဂုဏ်ပြုပါတယ်။ ဆက်လုပ်ထားပါ"

"စွမ်းအားအမှတ်၂၇မှတ်"

ကျန်းမုန့်လောင်၏မျက်ဝန်းအစုံကား လင်းလက်သွားရသည်။ ဤပမာဏက နည်းသလား၊များသလားဆိုသည်ကို မသိသော်လည်း ယခုတော့ ကြွားဝါပြခြင်းဟာ စွမ်းအားအမှတ်များကို တကယ်ရရှိနိုင်ကြောင်း အတည်ပြုလိုက်နိုင်ပြီဖြစ်၏။ ယခုလိုကြွားဝါမှုမျိုးကို နောက်ထပ်လေးကြိမ်လောက်သာ ဆက်လုပ်လိုက်ပါက သူ နောက်ထပ်ဆရာတစ်ယောက်ကို လော့ဖွင့်နိုင်လိမ့်မည်။ သို့မဟုတ်ပါက ဆရာတိုနီ၏စွမ်းရည်များထဲမှ တစ်ခုကို ရရှိပေလိမ့်မည်။

"ခင်ဗျားတို့တွေ‌ လေလံဆက်ဆွဲမှာလား။ မဆွဲဘူးလား။ မိန်းမကြီးတွေလိုမျိုး အီလေးဆွဲနေတာပဲ"

ကျန်းမုန့်လောင်က ခပ်ကြမ်းကြမ်းပင် ဆက်ပြောလိုက်ပြန်သည်။

"မစ္စတာကျန်းက တကယ်ချမ်းသာတာပဲ။ ကျုပ်တို့ အရှုံးပေးပါတယ်"

မားစ်ခမျာ သူ့ဒေါသကို မျိုသိပ်ထားရသည်။ ဤနေရာတွင် အများစုက သာမန်လူများဖြစ်ကြသည်။ သို့ဖြစ်လေရာ သူတို့အနေနှင့် ထိုစွမ်းအားများကို ဤနေရာတွင် အသုံးပြု၍မရနိုင်သည်မှာ ကျိန်းသေပေါက်ပင်။ ဤသည်မှာ ဒုတိယကမ္ဘာ၏ အရေးအကြီးဆုံးစည်းမျဉ်းတစ်ရပ်ဖြစ်၏။ သာမန်လူများရှေ့တွင် စွမ်းအားများကို ထုတ်ဖော်ပြသခြင်းမပြုရပေ။ သူတို့ ဤနေရာရှိလူတိုင်းကို သတ်ပစ်မည်ဆိုလျှင်တော့ တစ်မျိုးပေ။ သို့သော် ဤသည်မှာလည်း လုံးဝမဖြစ်နိုင်ပေ။

"မစ္စတာကျန်းနဲ့ အပြိုင်လေလံတင်နိုင်တဲ့လူ ဘယ်သူမှမရှိတဲ့အတွက် နောက်ဆုံးလေလံပစ္စည်းကို ဗီအိုင်ပီအခန်းနံပါတ်သုညက မစ္စတာကျန်း ပိုင်ဆိုင်သွားကြောင်း ကြေညာလိုက်ပါတယ်"

"အာ..အောင်နိုင်သူဖြစ်ရတာ အရမ်းအထီးကျန်ဖို့ကောင်းတာပဲ"

ကျန်းမုန့်လောင်က သူ့ထိုင်ခုံတွင် ပြန်ထိုင်ရင်း သက်ပြင်းချလိုက်သည်။

"ဒီကလေးကတော့ကွာ"

မာယွင်တို့တစ်သိုက်မှာ မရယ်ဘဲမနေနိုင်တော့ချေ။

ကျန်းမုန့်လောင်က ဂုဏ်သိက္ခာကိုထိန်းသိမ်းရသော ပင်မမိသားစုကြီးများမှ မွေးဖွားလာသော အမွေဆက်ခံသူများနှင့် လားလားမျှမတူချေ။ ဘာပြဿနာပင်ရှိရှိ သူက ဘာမဆိုလုပ်ရဲကိုင်ရဲရှိပြီး ပြောရဲဆိုရဲလည်းရှိလေရာ ဒုတိယမျိုးဆက်လူချမ်းသာတစ်ယောက်နှင့် လုံးဝမတူဘဲ လူရမ်းကားတစ်ယောက်နှင့်ပင် ပိုတူသေးသည်။ သူ့ကို သွားဆန့်ကျင်မိပါက သူ့ပိုက်ဆံဖြင့် အနိုင်ကျင့်ခံရလျှင် ကျင့်ခံရမည်။ သို့မဟုတ်ပါက သူ့စကားများကြောင့် သေမတတ်ဒေါသထွက်ချင် ထွက်ရပေလိမ့်မည်။ မည်သည့်နည်းလမ်းပင်ဖြစ်စေ အဆုံးသတ်ကတော့ မလှပေ။

...

"ဂုဏ်သရေရှိအမျိုးသမီးများနှင့် လူကြီးမင်းများရှင်.. ဒီနေ့ ကျွန်မတို့ရဲ့လေလံပွဲ ပြီးဆုံးပါပြီ။ ကံမကုန်သေးရင်တော့ နောက်ဆယ်နှစ်နေရင် ပြန်ဆုံကြရအောင်ပါ။ အားလုံးပဲ ကျေးဇူးပြုပြီး ကိုယ့်အခန်းကိုယ် ပြန်ပေးပါ။ မနက်ဖြန်မနက်ကျရင် ကျွန်မတို့ဘက်က လူကြီးမင်းတို့ကို ဖြည်းဖြည်းချင်းလိုက်လံပို့ဆောင်ပေးသွားမှာပါ"

အမ်မာ အဆုံးသတ်နှုတ်ဆက်စကားပြောကြားပြီး လေလံပွဲကို ပိတ်သိမ်းလိုက်လေသည်။

ပွဲကြည့်ရန် ရောက်လာကြသော လူအုပ်ကြီးက ထွက်ခွာရန်အတွက် မတ်တတ်ထရပ်လိုက်သည်။ သူတို့ ယနေ့မြင်တွေ့ခဲ့ရသော လေလံပွဲမှာ လာရကျိုးနပ်သောခရီးတစ်ခုဖြစ်သည်ဟု တွေးနေကြသော်လည်း တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးအတွက် ရောက်လာကြသူများကတော့ အရာအားလုံးဟာ ယခုမှစတင်မည်သာဖြစ်၏။

"သူ့ကို သေချာစောင့်ကြည့်ထား။ သူ ဒီညထွက်ပြေးသွားနိုင်တယ်"

"ဘယ်သူက ဒီလိုဖြစ်မယ်လို့ထင်မှာလဲ။ အဲ့ဒီပစ္စည်းက ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းရဲ့လက်ထဲကိုမှ ရောက်မသွားဘဲ ဟွာရှားက သာမန်လူငယ်လေးတစ်ယောက်ဆီကို ရောက်သွားသတဲ့။ မနက်ဖြန်တော့ စိတ်လှုပ်ရှားဖို့ကောင်းဦးမှာပဲ"

"ငါ မနက်ဖြန်ကျရင် သူ့လက်ထဲက တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးကို လုယူချင်ရုံတင်မကဘူ။ သူ့ကိုပါ အသေသတ်ချင်တယ်"

မားစ်နှင့် ရွှေအိုရောင်ဆံပင်ပိုင်ရှင် အမျိုးသားတို့က အံတင်းတင်းကြိတ်ထားလေသည်။

"ဌာနချုပ်ကို အကြောင်းကြားလိုက်။ ဒီနေရာကို လူတွေထပ်လွှတ်ပေးလို့။ တပ်ဖွဲ့နှစ်ဖွဲ့ကိုလည်း ဒီကိုစေလွှတ်ခိုင်းလိုက်။ ပင်လယ်ပတ်ပတ်လည်ကို ပိတ်ထားလိုက်။ သူတို့ကို လေယာဉ်ပေါ်တက်ခွင့်မပေးနဲ့။ ငါတို့ သူတို့နဲ့ ဒီနေရာမှာပဲ ကိစ္စရှင်းကြမယ်"

"ကျိုးခယ်က ပြောတယ်။ ဒီလူငယ်လေးက ငါတို့ကို ပိုက်ဆံတွေအများကြီးဝင်အောင် လုပ်ပေးသွားပေမဲ့ ငါတို့ပစ္စည်းတွေကို အလကားယူသွားတာမို့ သူ့ကို ဒီအတိုင်းပြန်မလွှတ်နိုင်ဘူးတဲ့"

ရုတ်တရက်ဆိုသလို လူတိုင်းတွင် သူတို့အကြံနှင့်သူတို့ ရှိနေကြပြီး ကျန်းမုန့်လောင်ကတော့ မုန်တိုင်းဗဟိုချက် ဖြစ်လာလေသည်။

...

"လောင်ကျန်း.. ငါ့ခြေဖဝါးတွေ ဘာလို့အေးစက်စက်ဖြစ်သလို ခံစားနေရတာလဲ။ တစ်ယောက်ယောက်က ငါတို့ကိုစောင့်ကြည့်နေသလိုပဲ"

သူတို့ပတ်ပတ်လည်တွင် လှိုင်းထနေသော ကျောချမ်းဖွယ်ရာ သတ်ဖြတ်လိုသောရည်ရွယ်ချက်ကြောင့် ဝမ်လင်တစ်ယောက် စိတ်မသက်မသာဖြစ်နေဟန်ပင်။

"ဘာမှမဟုတ်ပါဘူးကွာ။ မင်း စိတ်ထင်လို့ပါ"

ကျန်းမုန့်လောင် ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ လေလံပွဲသည် ညသန်းခေါင်အထိ ဆက်လက်ကျင်းပခဲ့သဖြင့် အပြင်ဘက်တွင် မှောင်နေပြီဖြစ်၏။

"မစ္စတာကျန်း.. လူတော်တော်များများက လုပ်ငန်းစဖို့ပြင်ဆင်နေကြပါပြီ"

ယဲ့ရင်က ကျန်းမုန့်လောင်ကို သူကြားထားသမျှအရာအားလုံးကို ပြောပြလိုက်သည်။

"ရပါတယ်"

ကျန်းမုန့်လောင်ကလည်း ပြောလိုက်သည်။

"မနက်ဖြန် ငါတို့ ပုံမှန်ထနေကျအချိန်ကျမှ ထကြတာပေါ့။ သူတို့က ငါ့ဆီက ကြားဖြတ်လုဖို့ ကြံစည်နေတာမလား။ သူတို့ဘာသာ စောင့်နေပါစေ။ ကောင်းကောင်းမအိပ်ရရင် သူတို့ကိုရင်ဆိုင်ဖို့ ငါ့မှာ ဘယ်လိုလုပ်အားရှိနေမှာလဲ"

***************

All Chapters