← Chapters

အမတဆေးလုံးကို ခွေးစားသွားပြီ

Vol. 16 Ch. 235

အမတဆေးလုံးကို ခွေးစားသွားပြီ

Vol. 16 Ch. 235

"ငါတော့ မင်းဘာတွေတွေးနေလဲဆိုတာ တကယ်နားမလည်နိုင်ဘူး။ အားဖြည့်ဆေးလုံးတစ်လုံးအတွက်နဲ့ ယူရို၁၀၀ဘီလီယံကိုသုံးလိုက်သတဲ့။ မင်း အဲ့ဒါကိုသောက်ပြီးသွားရင် ဝမ်းပျက်ဦးမယ်။ သတိထားဦး"

တင်းမာပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသော လေလံပွဲပြီးသွားသည့်နောက်တွင် ကျန်းမုန့်လောင်တို့တစ်သိုက်လည်း အနည်းငယ်ဗိုက်ဆာနေကြသဖြင့် မအိပ်ခင်မှာ စားသောက်ဆိုင်တွင် တစ်ခုခုစားသွားရန် ဆုံးဖြတ်ချက်ချလိုက်သည်။

"မင်း ဦးနှောက်မသုံးတတ်ဘူးလား။ တစ်ချိန်လုံး မိန်းမတွေပွေရှုပ်ဖို့လောက်ပဲ တွေးတတ်တာလား။ တခြားကိစ္စတွေကိုရော မတွေးနိုင်ဘူးလား"

ကျန်းမုန့်လောင် မျက်ဆန်လည်လိုက်မိသည်။

"ဒါက ဘာမဟုတ်တဲ့ဆေးလုံးသာဆိုရင် နိုင်ငံဆယ့်နှစ်နိုင်ငံလောက်က ယူရိုဘီလီယံနဲ့ချီပြီး တိုက်ခိုက်ရလောက်အောင်အထိ ဆွဲဆောင်နိုင်မယ်လို့ထင်နေတာလား။ သူတို့ကို ငတုံးတွေလို့များ မင်းထင်နေလား"

"ဒါက…."

ဝမ်လင် ထိတ်လန့်သွားရသည်။ ဟုတ်ပေသည်။ ထိုနိုင်ငံများ၏ ကိုယ်စားလှယ်များက ငတုံးငအများ မဟုတ်ကြပေ။ လူတော်တော်များများက "အမတဆေးလုံး"ဟုခေါ်သော ဤအရာအတွက်နှင့် ဤလေလံပွဲသို့ ရောက်လာကြသည်မှာ အသိသာကြီးပင်။ ကောလာဟလကြောင့် ရောက်လာကြသော ဒိတ်ဒိတ်ကြဲသူဌေးများဆိုလျှင်လည်း ထားဦး။ သို့သော် နိုင်ငံတော်အင်အားစုများကိုပါ ဤနေရာသို့ ရောက်လာနိုင်အောင် ဆွဲဆောင်နိုင်ခဲ့သည်မှာ သာမန်တော့မဟုတ်တန်ရာ။

"အမ်မာပြောပြခဲ့တဲ့ဒဏ္ဍာရီက တကယ်ကြီးများလား"

ဝမ်လင့်အတွက်တော့ ဤအရာကို လက်ခံရန် အနည်းငယ်ခက်ခဲပေသည်။ ဆယ်စုနှစ်တစ်ခုကျော်သက်တမ်းရှိသော သူ့အဆင့်မြင့်ပညာရေးနှင့် ဆယ်စုနှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့သော သူ့လောကအမြင်ကား ယခင်က တစ်ခါမှ စိန်ခေါ်မခံရဖူးပေ။

အမ်မာက သူ့ဖော်ပြချက်တွင် အသက်ရှည်ခြင်းနှင့် စွမ်းအားများကို ဖွင့်နိုင်သည်ဟုသာ အသားပေးဖော်ပြခဲ့သည်။ ဤအချက်များကပင် အလွန်မယုံကြည်နိုင်စရာကောင်းနေပြီဖြစ်၏။

"ထားလိုက်ပါတော့။ မင်းပျော်ရင်ပြီးတာပဲ"

ဝမ်လင်၏ဦးနှောက်က အနည်းငယ်ထုံထိုင်းလာလေပြီ။

"ဘယ်လိုပဲဖြစ်ဖြစ် မင်းသုံးလိုက်တာ မင်းပိုက်ဆံပဲလေ။ ငါက ဘာလို့ မင်းအတွက် စိတ်ပူပေးရမှာလဲ။ မင်း အစာအဆိပ်သင့်သွားခဲ့ရင်တောင် အကောင်းဆုံးICUအခန်းကို တတ်နိုင်တာပဲ"

"ဟားဟား လူယုတ်မာကောင်"

ကျန်းမုန့်လောင်က ရယ်မောလျက် ဆဲရေးလိုက်ချေသည်။

ထိုအချိန်မှာပင် ပွဲတက်ဝတ်စုံကို လဲဝတ်လိုက်ပြီဖြစ်သော အမ်မာက ရောက်ချလာသည်။

သူ(မ)ကို တွေ့လိုက်ရသောအခါ ကျန်းမုန့်လောင် နည်းနည်းရှက်သွားမိသည်။ ထိုနေ့က ဘာမှမဖြစ်ခဲ့သော်ငြား သူသည် အတင်းအကျပ်အနမ်းခံခဲ့ရပြီး သူ(မ)ကို သူ့အပိုင်အဖြစ် လုပ်ဖို့ရာ ဖိအားပေးခံခဲ့ရသည်။ လုရီယောင်ပြီးလျှင် သူ(မ)က သူနှင့် အနီးစပ်ဆုံးဖြစ်ခဲ့သူပင်။

လုရီယောင်ကလည်း အမ်မာဆွတ်ထားသော ထူးခြားသည့်ရေမွှေးနံ့ကို အနံ့ရသွားဟန်ပင်။ ထို့ကြောင့် ကျန်းမုန့်လောင်ဘက်ကို လှည့်ကြည့်လိုက်သည်။ ထိုနေ့က ကျန်းမုန့်လောင် အခန်းထဲသို့ ပြန်ရောက်လာချိန်တုန်းက သူ့ကိုယ်ပေါ်တွင် ခပ်ဖျော့ဖျော့ရလိုက်သော ရေမွှေးနံ့ကို သူ(မ) ရှင်းရှင်းလင်းလင်းမှတ်မိနေသည်။ ဤအနံ့ကား ထိုရနံ့ပင်တည်း။

"မစ္စတာကျန်း… ကျွန်မ ဒီမှာထိုင်လို့ရမလား"

"ဒါ.. ဒါက အဆင်မပြေဘူးထင်တယ်"

ကျန်းမုန့်လောင်က ငြင်းဆန်ချင်နေသည်။

"ရပါတယ်။ ထိုင်လေ မစ္စအမ်မာ"

လုရီယောင်က ဦးစွာစကားစလာသည့်အတွက် သူ အံ့ဩသွားရသည်။

"သေစမ်း။ မိန်းမနှစ်ယောက်ကြားကတိုက်ပွဲ စပြီဟေ့"

ဝမ်လင်က တိတ်တိတ်လေးရေရွတ်လိုက်သည်။

လုရီယောင်က ဉာဏ်များသူတစ်ယောက် မဟုတ်သော်ငြား ယခုလိုအချိန်မျိုးမှာတော့ သူ(မ)၏ပိုင်ဆိုင်မှုကို ထုတ်ပြဖို့ လိုပေသည်။

"မစ္စလုက တကယ့်ကိုစိတ်ထားကောင်းတဲ့လူပဲ။ မစ္စတာကျန်းက ရှင့်ကို အရမ်းစွဲလမ်းနေတာ မထူးဆန်းတော့ပါဘူး"

အမ်မာက မနာလိုအားကျစွာဖြင့် ပြောလိုက်လေသည်။

"မစ္စအမ်မာကမှ ကမ္ဘာ့အသိအမှတ်ပြုနတ်ဘုရားမတစ်ပါးလေ။ ရှင့်ကို စွဲလမ်းကြတဲ့အမျိုးသားတွေက ပိုများမှာပေါ့"

"အဲ့ဒါက ဘာအရေးလဲ"

အမ်မာက သက်ပြင်းချလိုက်လေသည်။ သူ(မ)သည် အခြားအမျိုးသားများ မဆိုထားနှင့်။ အင်္ဂလန်မင်းသားလေးကိုပင် ဂရုမစိုက်ခဲ့ပေ။ သူ(မ)စိတ်ထဲတွင်မူ ကျန်းမုန့်လောင်လို ထူးခြားသူတစ်ယောက်ကသာ သူ(မ)နှင့် ထိုက်တန်သည်ဟု ထင်မိသည်။

"ကောင်းပြီလေ။ အချင်းချင်းချီးမွမ်းနေကြတာတွေ တော်လိုက်တော့"

အမ်မာက သူနှင့် ဆွေးနွေးချင်သည့်ကိစ္စတစ်ခုခု ရှိရမည်ဖြစ်ကြောင်း ကျန်းမုန့်လောင် အတပ်ပြောနိုင်သည်။

"မစ္စအမ်မာ.. မင်း တစ်ခုခုပြောမလို့မဟုတ်လား"

"ဟုတ်ပါတယ်"

အမ်မာက ပြောလာလေသည်။

"ကျွန်မ မစ္စတာကျန်းကို ပြောပြချင်တဲ့ကိစ္စက နှစ်ခုရှိပါတယ်"

"မစ္စအမ်မာ..ကျေးဇူးပြုပြီး ပြောဖို့တွန့်ဆုတ်မနေပါနဲ့"

"ပထမဆုံးအနေနဲ့ ကျွန်မ မစ္စတာကျန်းကို ကျေးဇူးတင်ချင်ပါတယ်"

အမ်မာက ပြောလိုက်၏။

"မစ္စတာကျန်းရဲ့ကျေးဇူးကြောင့် ကျွန်မ ဒီည ငွေအများကြီးရှာနိုင်ခဲ့တယ်"

ယနေ့ညတွင် ကျန်းမုန့်လောင်တစ်ဦးတည်း သုံးစွဲခဲ့သော ငွေပမာဏမှာ ယူရို၁၄၀ဘီလီယံကျော်သွားခဲ့သည်။ အမ်မာ၏ကော်မရှင်ခက မျှော်မှန်းထားသောပမာဏထက် ၃၀ရာခိုင်နှုန်းကျော်သွားခဲ့သည်။

တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးကို ဖယ်ထားလိုက်လျှင် ကျန်းမုန့်လောင် လေလံတင်ဝယ်ယူခဲ့သော လေလံပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးကား ယူရို၃၅ဘီလီယံပင်။

သို့တိုင် ဤပစ္စည်းများ၏ ခန့်မှန်းဈေးနှုန်းမှာ ယူရို၂၀ဘီလီယံအောက်ထစ်သာ ရှိသဖြင့် ဤတစ်ခုတည်းနှင့်ပင် အမ်မာက ယူရိုငါးဘီလီယံနီးနီးရလိုက်သည်။

တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံး၏ စတော့တန်ဖိုးမှာ ၈၀ဘီလီယံဖြစ်ပြီး နောက်ဆုံးဈေးနှုန်းမှာမူ အံ့ဩဖို့ကောင်းလောက်အောင်ပင် ယူရို၁၁၀ဘီလီယံအထိ ရောက်သွားခဲ့သည်။ ဤပမာဏတစ်ဆင့်ရသော ကော်မရှင်ခကား ယူရို၉ဘီလီယံပင်။

ဤတစ်ခေါက်တွင် သူ(မ)၏ပါဝင်ကြေးသည် ယူရို၁၀ဘီလီယံမျှသာ ရှိသော်ငြား သူ(မ)၏ကော်မရှင်ခကမူ ယူရို၁၄ဘီလီယံအထိ ရောက်သွားခဲ့သည်။ အကုန်လုံးကလည်း ငွေသားများပင်။ သူ(မ)၏ပိုင်ဆိုင်မှုမှာ Forbesစာရင်း၏ထိပ်ဆုံးသို့ ရောက်လုနီးနီးပင်။

သာမန်အခြေအနေမျိုးတွင် ဤကဲ့သို့မြင့်မားလှသော နောက်ဆုံးဈေးနှုန်းမှာ ဖြစ်နိုင်ဖွယ်ရာမရှိပေ။

ပစ္စည်းတိုင်း၏ခန့်မှန်းဈေးနှုန်းကို ကျွမ်းကျင်သူများက အကဲဖြတ်ပေးထားပြီး နောက်ဆုံးလဲလှယ်မှုဈေးနှုန်းမှာလည်း ထိုပမာဏနှင့် မကွာခြားတတ်ပေ။ နောက်ဆုံးတစ်ခေါက်လေလံပွဲတုန်းက နောက်ဆုံးပမာဏက ခန့်မှန်းတန်ဖိုးထက် အမေရိကန်ဒေါ်လာသန်း၁၂၀ကျော်ရုံမျှသာ ရှိခဲ့သည်။ ဒေါ်လာသန်းပေါင်းများစွာ ကော်မရှင်ခရခဲ့သည်ဆိုသော်ငြား ယူရို၁၄ဘီလီယံကိုတော့ မယှဉ်နိုင်ပေ။

ဤသည်မှာ ကျန်းမုန့်လောင်၏ ရူးသွပ်ဖွယ်ကောင်းလောက်အောင် မြင့်မားလှသော လေလံဈေးနှုန်းများကြောင့်ပင်။

အခြားလူများက တစ်ကြိမ်ကို ငါးသန်းသာ ဈေးတင်ကြသော်လည်း ကျန်းမုန့်လောင်တစ်ယောက်တည်းကသာ သန်းပေါင်းများစွာဖြင့် လေလံဈေးစဖွင့်ပေးခဲ့သည်။ ထိုသို့ဖြစ်ရာ သူ(မ) မချမ်းသာလာရန်မှာ မဖြစ်နိုင်သောကိစ္စပင်။

ကျန်းမုန့်လောင်က ဤကိစ္စကို တမင်သက်သက်လုပ်နေသလားဟုပင် သူ(မ) သံသယဖြစ်ခဲ့မိသည်။ သို့သော် ကျန်းမုန့်လောင်က ပိုက်ဆံပိုသုံးချင်သောကြောင့် ယခုလိုလုပ်နေမှန်းသာ သိလိုက်ရပါက သူ(မ) စိတ်ပျက်သွားလောက်သည်။

"ဒီမှာတော့ အရေးကြီးတဲ့ကိစ္စလို့ထင်နေတာ"

ကျန်းမုန့်လောင် ရယ်လိုက်မိသည်။

"အဲ့ဒါက ပိုက်ဆံနည်းနည်းလေးပါ။ တအားယဉ်ကျေးနေစရာမလိုပါဘူး။ အဲဒီပိုက်ဆံကို တစ်ရက်အတွင်းတောင် ပြန်ရတယ်"

အမ်မာ၏မျက်ဝန်းထဲဝယ် အံ့အားသင့်သွားလေဟန်အမူအရာတစ်ခု ပေါ်ပေါက်လာသည်။

"တစ်ရက်တည်းနဲ့ ယူရို၁၀၀ဘီလီယံလောက် ဝင်တယ်ပေါ့။ ဒါဆို မစ္စတာကျန်းက တစ်နှစ်ကို ယူရိုထရီလီယံပေါင်းများစွာ ဝင်တာပေါ့။ ဒါက..ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ဒင်.. စွမ်းအားအမှတ်သုံးမှတ်ရလိုက်တဲ့အတွက် ကျောင်းအုပ်ကြီးကို ဂုဏ်ပြုပါတယ်"

ကျန်းမုန့်လောင်လည်း သူ့ခေါင်းထဲတွင် ကောထန်၏ သာယာနာပျော်ဖွယ်အသံလေးကို ကြားလိုက်ရသည်။

ကျန်းမုန့်လောင်က ခပ်ဖွဖွပြုံးလိုက်မိသည်။

"ကျွန်တော့်အတွက်တော့ ပိုက်ဆံဆိုတာ ကိန်းဂဏန်းတစ်ခုသာသာပါပဲ။ အဲ့လောက်လည်း အဓိပ္ပာယ်မရှိပါဘူး။ မင်းပြောချင်တဲ့ ဒုတိယကိစ္စက ဘာများလဲ"

"မစ္စတာကျန်း.. ကျွန်မ ရှင့်ကို ဒီကနေ ဒီညချက်ချင်းပြန်ဖို့ အကြံပေးချင်ပါတယ်"

အမ်မာက အလွန်လေးနက်စွာ ဆိုလာလေသည်။

"အမတဆေးလုံးက ဘာလုပ်ပေးနိုင်လဲဆိုတာ‌တော့ ကျွန်မ အတိအကျမသိပါဘူး။ ပွဲစီစဉ်သူတွေက ကျွန်မကို အချက်အလက်တွေအများကြီးပေးထားပေမဲ့ ဒီပစ္စည်းက ထူးခြားတယ်လို့ ကျွန်မခံစားမိတယ်။ ကျွန်မသိသလောက်ဆိုရင် ဒီနေ့ ရှင်နဲ့အပြိုင်လေလံဆွဲခဲ့ကြတဲ့လူတွေအားလုံးက ဖွံ့ဖြိုးပြီးနိုင်ငံတွေက ကိုယ်စားလှယ်တွေပဲ"

"ဒီပစ္စည်းကသာ အဲ့လောက်အရေးမကြီးဘူးဆိုရင် သူတို့ ဒီလောက်အားထုတ်ပြီး ပြိုင်လုနေမှာမဟုတ်ဘူးလေ။ သူတို့ တကယ်ပဲ လွယ်လွယ်နဲ့လက်လျှော့မှာမဟုတ်ဘူး။ အဲ့ဒါကိုရဖို့အတွက် အထူးနည်းလမ်းတွေကိုတောင် ထုတ်သုံးလာနိုင်တယ်လို့ ကျွန်မထင်တယ်"

အမ်မာက ဆက်ပြောလိုက်သည်။

"ဒါက လျှို့ဝှက်ချက်တစ်ခုမဟုတ်တော့ဘူး။ ဧည့်သည်တော်တော်များများက ပါဝင်ပတ်သက်မိမှာစိုးလို့ ညတွင်းချင်းပြန်ဖို့ စီစဉ်နေကြပြီ။ ရှင်သာ သူတို့နဲ့ရောပြီး ထွက်သွားနိုင်ခဲ့ရင် ပြဿနာပိုနည်းသွားလိမ့်မယ်"

"ဒါက တကယ်ကြီး အဲ့လောက်တောင်လေးနက်တာလား"

ဝမ်လင်၏မျက်လုံးထဲတွင် ဖိအားများ ရုတ်ခြည်းပြည့်နှက်သွားသည်။

"ခုနတုန်းက ငါ ဘာလို့ စိတ်မအေးသလိုခံစားနေရပါလိမ့်လို့ တွေးနေတာ။ ကြည့်ရတာတော့ ဒီပစ္စည်းက တကယ်ပဲ အာလူးပူပူကြီးတစ်လုံးပဲထင်တယ်"

လုရီယောင်ကလည်း စိုးရိမ်ပူပန်မှုအပြည့်ဖြင့် ကျန်းမုန့်လောင်၏လက်မောင်းကို ဆုပ်ကိုင်ထားလိုက်လေသည်။

"ဘာမှမဖြစ်ပါဘူး"

ကျန်းမုန့်လောင်က အေးအေးလူလူပြုံးလျက် ပြောလိုက်လေသည်။

"အခုဆိုရင် ကမ္ဘာကြီးက အေးချမ်နေပါပြီ။ သူတို့ ပြောင်ပြောင်တင်းတင်းအကွက်ရွှေ့ရဲလိမ့်မယ်လို့ မထင်ဘူး။ ငါ့ဖျက်သင်္ဘောပေါ်က လက်နက်တွေက အလှဆင်ရုံသက်သက်ပဲလို့ သူတို့ထင်နေကြတာလား"

"ဟုတ်တယ်"

ဝမ်လင်က ရုတ်ခြည်းဆိုသလို စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။ သူက ဒုတိယကမ္ဘာလူသားများ၏ အရေးကိစ္စများကို မသိပေ။ သူ့စိတ်ထဲမှာတော့ ဖျက်သင်္ဘောရှိနေလျှင် မည်သူကမှ သူတို့ကိုရန်စရဲသည်အထိ တုံးအမည်မဟုတ်ဟူ၍ပင်။

ပြီးခဲ့သည့်တစ်ခေါက်တုန်းက ကျန်းမုန့်လောင် လှမ်းခေါ်ခဲ့သည့် တိုက်လေယာဉ်အစင်းတစ်ရာကျော်ကလည်း ဟာသမဟုတ်ပေ။

"ရှင်ပြောတာ မှန်ပါတယ်"

အမ်မာက ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆို ကျွန်မ ရှင်တို့ကို ဆက်မနှောင့်ယှက်တော့ပါဘူး"

အမ်မာက ကျန်းမုန့်လောင်ကို ကြည့်လိုက်သည်။

"မစ္စတာကျန်း.. ကံမကုန်ရင် ကျွန်မတို့ ဟွာရှားမှာ ထပ်ဆုံကြသေးတာပေါ့"

"ရတာပေါ့"

အမ်မာထွက်သွားပြီးနောက် လက်တစ်ဖက်က သူ့ခါးတစ်ဝိုက်ရှိ အသားနုနုလေးကို ရုတ်တရက်လာဆွဲဆိတ်နေသည်ကို ကျန်းမုန့်လောင် ခံစားလိုက်မိသည်။ လုရီယောင်၏မျက်ဝန်းများက နတ်ဆိုးလေးတစ်ကောင်အလား လင်းလက်နေချေသည်။

"နောက်ထပ်တွေ့ခွင့်ရပါစေဆိုပဲ"

"အဟားဟား ငါက ဒီအတိုင်းယဉ်ကျေးသမှုနဲ့ပြောလိုက်တာပါ အား.."

"ဝုတ် ဝုတ် ဝုတ်"

ထိုအချိန်မှာပင် သူ့ဘောင်းဘီအောက်အနားစကို တစ်စုံတစ်ခုက လာဆွဲနေသည်ကို ကျန်းမုန့်လောင် ခံစားလိုက်ရသည်။

သူ အောက်ငုံ့ကြည့်လိုက်သောအခါ ဟက်စကီးခွေးလေးတစ်ကောင်က အမြီးတနန့်နန့်လုပ်နေသည်ကို တွေ့လိုက်ရသည်။ ဤအကောင်လေးသည် ဈေးကြီးလှသော ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားသောကြောင့် လူချမ်းသာတစ်ယောက်၏ခွေးဖြစ်လောက်ပေမည်။

"အကောင်ပေါက်လေး..မင်းရဲ့ပိုင်ရှင်က ဘယ်မှာလဲ"

ကျန်းမုန့်လောင်က ဟက်စကီးလေး၏ခေါင်းကို ပွတ်သပ်ပေးလိုက်လေရာ ခွေးလေးကလည်း သူ့ကို နမ်းလာလေသည်။ ထိုအချိန်တွင် သူ့မျက်လုံးအောက်၌ မျက်ရည်စက်လေးများရှိနေသည်ကို သူသတိထားမိလိုက်သည်။

"သေစမ်း။ ဒီဟက်စကီးက ဉာဏ်အလင်းရထားတာများလား"

ကျန်းမုန့်လောင်က တအံ့တဩရေရွတ်လိုက်သည်။

"အရမ်းသနားဖို့ကောင်းတာပဲ"

လုရီယောင်က ဆောင့်ကြောင့်ထိုင်ချလိုက်သည်။

"သူ့သခင်က အလျင်လိုနေလို့ သူ့ကိုမေ့သွားတာများလား"

"ဖြစ်နိုင်တယ်"

ကျန်းမုန့်လောင် ခေါင်းညိတ်လိုက်သည်။ လူချမ်းသာတော်တော်များများက ပြဿနာတက်မည်စိုး၍ ထွက်ပြေးသွားကြပြီဖြစ်လေရာ သူတို့၏အိမ်မွေးတိရစ္ဆာန်များကို မတော်တဆမေ့ကျန်ရစ်ခဲ့ခြင်းမျိုးကား စင်စစ်ဖြစ်နိုင်သည်။

"ကြည့်ရတာ ဒီကောင်လေး ဗိုက်ဆာနေပုံပဲ"

ကျန်းမုန့်လောင်က စားပွဲပေါ်မှ အသားပိုင်းတစ်ပိုင်းကို ယူလိုက်သော်လည်း သူငုံ့ကိုင်းလိုက်ချိန်မှာပင် သူ့အိတ်ကပ်ထဲရှိ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးထည့်ထားသော သေတ္တာဘူးသေးသေးလေးက ပြုတ်ကျသွားပြီးနောက် ဆေးလုံးကလည်း အထဲက လိမ့်ထွက်သွားသည်။

ဟက်စကီးလေးက ထိုအရာကို သတိကြီးကြီးထားကာ တရှုံ့ရှုံ့လုပ်၍ တစ်ကိုက်တည်းနှင့် မျိုချပစ်လိုက်လေတော့သည်။

အရာအားလုံးက ဖြစ်ပျက်သွားတာ အလွန်မြန်လွန်းလှသဖြင့် ကျန်းမုန့်လောင်တို့တစ်သိုက်လည်း အချိန်မီမတုံ့ပြန်လိုက်နိုင်ပေ။

ဝမ်လင်က ဟက်စကီးလေးကို စိုက်ကြည့်ရင်း အကြောင်သားဖြစ်နေချေသည်။

"အဲ့ဒီအမတဆေးလုံးကို ခွေးစားသွားပြီပေါ့"

**************

All Chapters