← Chapters

ကျုပ်ပြောပြရင် ခင်ဗျားယုံမှာမဟုတ်ဘူး

Vol. 16 Ch. 236

ကျုပ်ပြောပြရင် ခင်ဗျားယုံမှာမဟုတ်ဘူး

Vol. 16 Ch. 236

"သေစမ်း"

ကျန်းမုန့်လောင်လည်း မဆဲဘဲ မနေနိုင်တော့ပေ။

ဤအဆင့်မြှင့်တင်ရေးဆေးလုံးမှာ သူ့အတွက် အသုံးမဝင်သလို သူကိုယ်တိုင်ကလည်း သိပ်ဂရုမစိုက်သော်ငြား လေလံပွဲတွင် ယူရို၁၁၀ဘီလီယံသုံး၍ အရယူထားရသောအရာကို ခွေးတစ်ကောင်က စားသွားသည်ကတော့ သူ့အတွက် လက်မခံနိုင်စရာပင်။

"မြန်မြန်ထွေးထုတ်လိုက်"

ကျန်းမုန့်လောင်လည်း ဟက်စကီးခွေးလေးကို ကောက်ကိုင်လိုက်ချိန်တွင် ယဲ့ရင်ပြောသောစကားများကို သတိရလိုက်သည်။ ထိုဆေးကို သူကိုယ်တိုင်စားလိုက်မိလျှင်ပင် ထိုဆေးထဲရှိစွမ်းအင်က သူ့သွေးကြောများကို ပေါက်ကွဲသွားစေနိုင်သည်အထိ အာနိသင်ပြင်းထန်ကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်‌စေနိုင်သည်ဟု ဆိုထားသည်။

ဟက်စကီးလေးမှာ ခွေးပေါက်လေးမျှသာဖြစ်ပြီး အသက်ကလည်း သုံးလလေးလအရွယ်ခန့်သာ ရှိဦးမည်ဖြစ်လေရာ သူ့ခန္ဓာကိုယ်လေးက ကျန်းမုန့်လောင်ထက်ပင် ပိုအားနည်းလှသည်။ သူသာ ဆေးကိုသောက်လိုက်မိပါက သေချာပေါက်သေစေနိုင်မည်မဟုတ်လော။

ဘီလီယံတစ်ရာကျော် ဆုံးရှုံးသွားခြင်းကား ပြဿနာမဟုတ်သော်ငြား ဤခွေးသေးသေးလေးသာ ယခုလိုသေသွားပါလျှင် သူလည်း စိတ်ထိခိုက်ရပေလိမ့်မည်။

"ဟင်"

ယဲ့ရင်ထံမှ ဇဝေဇဝါဖြစ်သံတစ်သံက ကျန်းမုန့်လောင်၏စိတ်အာရုံထဲ ပဲ့တင်ထပ်သွားချေသည်။

"သူ တကယ်အဆင်ပြေရဲ့လား"

ယဲ့ရင်က တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးများနှင့် ရင်းနှီးကျွမ်းဝင်သူတစ်ယောက်ဖြစ်သည်။ ကျန်းမိသားစု၏ လေ့ကျင့်ပေးမှုကို ခံယူထားရသော သူ့လိုလူမျိုးများကို စွမ်းအားရှင်များအဖြစ် သတ်မှတ်ကြသည်။ ကမ္ဘာ့သတ်မှတ်ချက်အရ စွမ်းအားအဆင့်တစ်မှ ကိုးအတွင်းရှိသော ဒုတိယကမ္ဘာရှိ လူသားများကို ရွက်ပုန်းသီးဒြပ်စင်အသုံးပြုသူများဟု သတ်မှတ်ကြသည်။ ထိုစွမ်းအားရှင်များမှာ သူတို့ခန္ဓာကိုယ်ထဲရှိ ဖုံးကွယ်နေသောစွမ်းအားတချို့ကို လော့ဖွင့်ထားနိုင်ပြီးဖြစ်၏။

စွမ်းအားရှင်များ၏စွမ်းအားများမှာ အဆင့်မြင့်သိုင်းပညာလောကနှင့် ကျင့်ကြံရေးစိတ်ကူးယဉ်ကမ္ဘာများမှ ဆင်းသက်လာခြင်းဖြစ်၏။ သူတို့၏ခွန်အားက ရှေးဟောင်းသိုင်းပညာရှင်များ၊ နိုးထသူများ၊ သန္ဓေပြောင်းများ သို့မဟုတ် စိတ်နယ်လွန်ပညာရှင်များကဲ့သို့ အဆင့်တူအချင်းချင်းနှင့်ယှဉ်လျှင်ပင် မတွေးတတ်လောက်အောင်ပိုမြင့်မားလှသည်။

သူတို့၏ကနဦးအဆင့်စွမ်းအားများကို တိုးမြှင့်ချိန်မှစ၍ အဆင့်တစ်စွမ်းအားရှင့်အဆင့်သို့ ရောက်လာလျှင် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးကို စတင်သောက်သုံးနိုင်ပြီဖြစ်၏။ သို့သော် အဆင့်သုံးထက် နိမ့်သူများ ထိုဆေးကို သောက်မိပါက နာကျင်လှစွာသော ရောင်ရမ်းသည့်ဝေဒနာကို ခံစားရနိုင်ပြီး ပြင်းထန်လှစွာသော အာနိသင်များလည်း ပြသလာနိုင်သည်။

အဆင့်တစ်စွမ်းအားရှင်တစ်ယောက်တွင် အနည်းဆုံးအဆင့်ငါးရှိသော စွမ်းအင်အဆင့်တစ်ခု ပိုင်ဆိုင်ထားသည်။ သူတို့သာ ထိုဆေး၏စွမ်းအားကို ခံနိုင်ရည်မရှိဘူးဆိုပါက ဒုတိယကမ္ဘာရှိ သာမန်လူများလည်း သောက်သုံးနိုင်မည်မဟုတ်။ သာမန်လူများအဖို့တော့ ထိုဆေးကိုသောက်သုံးမိလျှင် အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်သည်။ သို့ဖြစ်လေရာ ခွေးပေါက်လေးတစ်ကောင်ဆိုလျှင် အသက်ရှင်ဖို့မဆိုထားနှင့်။ တောင့်ခံနိုင်ဖို့ပင် မဖြစ်နိုင်ချေ။ သူ့ကို အနံ့အရသာပြည့်စုံအောင် ဘယ်လိုချက်ပြုတ်မလဲဆိုသည်ကိုပင် စတွေးသင့်နေပြီဖြစ်၏။

သို့သော် ဟက်စကီးခွေးလေးက ဆေးကို မျိုချပစ်လိုက်ပြီးသည်အထိ ဘာတုံ့ပြန်မှုမှမရှိပေ။ ထိုအစား သူ့ပုံစံက ယခင်ကထက်ပင် ပိုတက်ကြွလန်းဆန်းနေဟန်ဖြင့် လျှာတစ်လစ်ထုတ်ကာ ကျန်းမုန့်လောင်၏လက်ကို လျက်နေပေသည်။

ကျန်းမုန့်လောင်လည်း သူ့ကို အသားနှစ်တုံးလောက် ကျွေးလိုက်လေရာ ခွေးလေးကလည်း ချက်ချင်းမျိုချလိုက်ပြန်သည်။

"ဒီခွေးပေါက်လေးက နည်းနည်းတော့ထူးခြားတယ်"

ယဲ့ရင်က ပြောလာလေသည်။

"ပုံမှန်ဆိုရင် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးကို မျိုချပြီးသွားရင် တစ်မိနစ်အတွင်း သေရမှာပဲ။ ဒါပေမဲ့ သူကတော့ ပိုပြီးတော့တောင်တက်ကြွလန်းဆန်းနေသေးတယ်။ စိတ်ဝင်စားစရာပဲ"

"ဘာဖြစ်နေတာလဲဆိုတာ မင်းသိလား"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"သေတော့မသေချာဘူး"

ယဲ့ရင်က ပြန်ဖြေလာသည်။

"ကျွန်တော့်ငယ်ငယ်ကတည်းက မစ္စတာကျန်းကို ဘယ်လိုကာကွယ်ပေးရမလဲဆိုတာပဲ သင်ယူခဲ့ရတာ။ တခြားအရာတွေက ကျွန်တော်သင်ယူထားတဲ့အရာတွေထဲမှာ မပါဘူးလေ"

"ထားလိုက်တော့။ ငါ အခွင့်အရေးရမှပဲ ထူးရှယ်နတ်ဘုရားကျောင်းတော်က ဆရာတစ်ယောက်ကို မေးလိုက်လို့ရတာပဲ"

ကျန်းမုန့်လောင်လည်း တစ်ကိုယ်တည်းတီးတိုးရေရွတ်လိုက်သည်။

"မုန့်လောင်.. ငါစုံစမ်းပြီးပြီ။ ဒီဟက်စကီးလေးက စစ်တပ်မိသားစုကလာတာလေ။ အော်ဒီဆင်လို့ခေါ်တဲ့ သူဌေးကြီးရဲ့ခွေးလေးပဲ။ ဝန်ထမ်းတွေကလည်း သူ့ကို ဆက်သွယ်ပြီးပြီတဲ့။ မစ္စတာအော်ဒီဆင်ကလည်း သူ့ကိုပြန်လာခေါ်ဖို့ အဆင်မပြေဘူးလို့ပြောထားတာတဲ့။ ငါတို့ဆန္ဒရှိရင် သူ့ကိုမွေးစားလို့ရတယ်"

"ကောင်းတယ်။ သူ့ခမျာ တအားတွေကြောက်သွားလို့ သူ့ခွေးကိုတောင် မလိုချင်တော့ဘူးပဲ"

ကျန်းမုန့်လောင်က အေးစက်စက်မှတ်ချက်ပေးလိုက်သည်။ အော်ဒီဆင်ဆိုသူမှာ တစ်စုံတစ်ရာသောသတင်းကိုရပြီး လစ်ပြေးခြင်းဖြစ်ရပေမည်။

လုရီယောင်၏ မျှော်လင့်တကြီးဖြစ်နေသော အကြည်ကို မြင်လိုက်ရသောအခါ ကျန်းမုန့်လောင်လည်း ပြုံးလိုက်မိသည်။

"ဒီအကောင်လေးက ငါတို့နဲ့ ကံစပ်ပုံပဲ။ ဒါဆိုလည်း သူ့ကို အိမ်ပြန်ခေါ်သွားကြတာပေါ့"

"ရေး"

လုရီယောင် ဝမ်းသာအားရဖြစ်သွားချေသည်။

"သေစမ်း..ဘယ်လိုမိသားစုအခြေအနေကများ ဟက်စကီးတစ်ကောင်မွေးဖို့တတ်နိုင်မှာလဲ"

ဝမ်လင်က ဘေးနားမှနေ၍ ကပြက်ကချော်မှတ်ချက်ပေးလာသည်။ ဟက်စကီးများမှာ ပြဿနာရှာတတ်သည်ဟု နာမည်ကြီးသည်။

"ဒီအကောင်ပေါက်လေးက အခုမှရောက်လာတာတောင် မင်း ၁၀၀ဘီလီယံကျော်ပေးပြီး ဝယ်ထားရတဲ့ပစ္စည်းကို စားပစ်လိုက်ပြီးပြီ။ မင်းတော့ နောက်ပိုင်း တကယ်ပြဿနာတက်တော့မယ်"

"သူဘယ်လောက်စားစား ငါတတ်နိုင်တယ်"

ကျန်းမုန့်လောင်က ဟက်စကီးလေးကို ကောက်ပွေ့ရင်း ပြောလိုက်သည်။

"ခွေးလေး သူ့ကိုကိုက်ပစ်လိုက်"

"ဝုတ် ဝုတ် ဝုတ်"

ကျန်းမုန့်လောင်၏အမိန့်ကို နားလည်သည့်အလား ခွေးပေါက်လေးက ဝမ်လင့်ကို လှည့်ဟောင်ပါတော့သည်။

"သေစမ်း..မင်းက လူစကားကိုနားလည်တာလား။ ဒီအကောင်ပေါက်လေးက တကယ်ကြီး ဉာဏ်အလင်းပွင့်နေတာများလား"

သူတို့သုံးယောက်သားလည်း ထိတ်လန့်သွားဟန်ဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထက်မြက်သော တချို့ခွေးများက လူသားများ၏စကားကို တကယ်နားလည်ကြပါသော်ငြား ထိုခွေးများမှာ ကောင်းမွန်စွာအရွယ်ရောက်ပြီးသောခွေးများပင်။ ဤဟက်စကီးမှာ ယခုမှ သုံးလလေးလသားအရွယ်လေးသာ ရှိသေးသည်။

"မစ္စတာကျန်း.. ကြည့်ရတာတော့ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးက အဆင့်မြှင့်နိုင်ရုံတင်မကဘဲ သူ့စွမ်းရည်တွေကိုပါ ဖွင့်ပေးလိုက်တဲ့ပုံပဲ"

ယဲ့ရင်က အပြုံးလေးဖြင့်ပြောလာသည်။

"နောင်အနာဂတ်ကျရင် ဒီခွေးက ထူးခြားတဲ့အမတခွေးတွေကိုတောင် ကျော်တက်သွားနိုင်လောက်တယ်"

"ဟုတ်သားပဲ"

ကျန်းမုန့်လောင်လည်း ခွေးပေါက်လေးကို စစ်ဆေးရန်အတွက် သူ့အကြီးအကဲလက်စွပ်၏အစွမ်းကို ထုတ်သုံးလိုက်သည်။

အမည် : ???

မျိုးနွယ် : ဟက်စကီး

အဆင့်အတန်း : ကျောင်းအုပ်ကြီး၏အိမ်မွေးတိရစ္ဆာန်

စွမ်းအားညွှန်ကိန်း : ၁၈

ပါရမီ : အိမ်တွင်းအမွှေစိန်

ကျွမ်းကျင်မှု : ကိုက်ခြင်း(G)

အကဲဖြတ်ချက် : ဤခွေးလေး အရွယ်ရောက်လာပါက တိုက်ခိုက်ရေးစိတ်ဝိညာဉ်သိုင်းပညာရှင်၏ ခွန်အားမျိုးကို ပိုင်ဆိုင်နိုင်စွမ်းရှိသည်။

"ဘုရားရေ သောက်ကျိုးနည်း"

စွမ်းအားညွှန်ကိန်း၁၈ဆိုသည်မှာ သာမန်လူတစ်ယောက်ထက်ပင် ကျော်လွန်နေသေးသည်။ ဝမ်လင်၏စွမ်းအားညွှန်ကိန်းကပင် ၆သာရှိသည်။ ထိုပမာဏကား ခွေးလေး၏ သုံးပုံတစ်ပုံပင်မရှိပေ။

"သူ့ကို နာမည်ပေးကြရအောင်"

လုရီယောင်က အကြံပေးလာသည်။

"ငါစဉ်းစားလိုက်ဦးမယ်"

ကျန်မုန့်လောင်က ဟက်စကီးလေးကို ကောက်ပွေ့၍ သူ့လိင်အမျိုးအစားကို စစ်ဆေးလိုက်သည်။ ဤခွေးလေးကား အထီးလေးပင်။

"ဒါဆို သူ့ကို ဝမ်ချိုင်လို့ခေါ်ကြတာပေါ့"

"တကယ်ကြီး အဲ့လောက်အထိရွံဖို့ကောင်းအောင်လုပ်မလို့လား"

ဝမ်လင်ကတော့ လက်ခလယ်ထောင်ပြလိုက်သည်။

"တစ်ရာဘီလီယံတန်တဲ့ခွေးကို မင်းက ဝမ်ချိုင်လို့ပေးမလို့ပေါ့။ လူတွေ ရယ်သေကုန်လိမ့်မယ်ဟ"

"အူး အူး"

သို့သော် အံ့အားသင့်ဖို့ကောင်းစွာပင် ခွေးပေါက်လေးကတော့ ထိုနာမည်ကို သဘောကျသည့်အလား အလွန်စိတ်လှုပ်ရှားနေဟန်ပင်။

"ကောင်းပြီလေ။ ကာယကံရှင်က သဘောတူနေမှတော့ ငါလည်းဂရုစိုက်မနေတော့ဘူး"

"နှမြောစရာပဲ"

လုရီယောင်က ပြောလာသည်။

"ငါက သူ့ရဲ့အဖြူနဲ့အနက်စပ်ကြားလေးကို မြင်ပြီး ဖန်တွမ်(ဆန်ကိတ်လုံးလေး)လို့ နာမည်ပေးမလို့ဟာကို။ ဒါပေမဲ့ သူကြိုက်တယ်ဆိုတော့လည်း ဝမ်ချိုင်လို့ပဲခေါ်တာပေါ့"

"ဒါဆို ဝမ်ချိုင်က နာမည်အရင်း။ ဖန်တွမ်က နာမည်ပြောင်လုပ်လိုက်ရအောင်"

"ဖန်တွမ်.. နောင်အနာဂတ်ကျရင်လည်း ငါတို့ ပြေပြေလည်လည်နေသွားရအောင်"

ထိုအချိန်တွင် ဝမ်ချိုင်၏အချက်အလက်များ ပြောင်းလဲသွားကြောင်း ကျန်းမုန့်လောင် သတိထားလိုက်မိသည်။

အမည် : ဝမ်ချိုင် (ဖန်တွမ်)

အခန်းထဲသို့ ပြန်ရောက်သောအခါ ဝမ်ချိုင်သည် သက်သောင့်သက်သာရှိသော ဆိုဖာတစ်လုံးကို တွေ့သွားပြီး ပစ်ထိုင်ချကာ အိပ်ပျော်သွားလေတော့သည်။ ကျန်းမုန့်လောင်နှင့် လုရီယောင်တို့ စုံတွဲလိုက်ရေချိုးဖို့ အဆင်သင့်ပြင်နေချိန်တွင် အခန်းတံခါးခေါက်သံကို ရုတ်တရက်ကြားလိုက်ရသည်။

"ယဲ့ရင် အဲ့ဒါဘယ်သူလဲ"

ကျန်းမုန့်လောင် မေးလိုက်သည်။

"မစ္စတာကျန်း.. အဲ့ဒါက ဟွာရှားက မစ္စတာလဲ့ကျွင်းနဲ့ အဆင့်ခြောက်နိုးထသူတစ်ယောက်ပါ"

"အိုး"

ကျန်းမုန့်လောင် စဉ်းစားနေစရာပင် မလိုချေ။ သူတို့က တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးအတွက် ရောက်လာကြခြင်းသာဖြစ်ပေမည်။

"ကလစ်"

ကျန်းမုန့်လောင်ကလည်း တံခါးဖွင့်ပေးလိုက်သည်။

"မင်္ဂလာပါ မစ္စတာကျန်း ကျုပ်က လဲ့ကျွင်းပါ"

လဲ့ကျွင်းက ယဉ်ယဉ်ကျေးကျေးပြောလာသည်။

"မစ္စတာလဲ့.. ခင်ဗျားလည်း ဒီလေလံပွဲကိုလာတက်မယ်လို့ ထင်မထားဘူး။ အစောက ဧည့်ခံပွဲမှာ ဘယ်လိုလုပ်ပြီးမမြင်မိတာပါလိမ့်"

ကျန်းမုန့်လောင် သူနှင့် လက်ချင်းဆွဲ၍ နှုတ်ဆက်လိုက်သည်။

"ကျွန်တော်က ဒီတစ်ခေါက် ဒီကို အထူးမစ်ရှင်တစ်ခုကြောင့် ရောက်လာတာလေ။ အဲ့ဒါကြောင့် မျက်နှာပြဖို့ မသင့်တော်လို့ပါ"

လဲ့ကျွင်းကလည်း ပြန်ဖြေလိုက်သည်။

"ဒီလူကြီးမင်းက ဘယ်သူပါလိမ့်"

ကျန်းမုန့်လောင်က သက်လတ်ပိုင်းအရွယ်အမျိုးသားကိုကြည့်၍ မေးလိုက်သည်။

"မင်္ဂလာပါ မစ္စတာကျန်း"

သက်လတ်ပိုင်းအရွယ်အမျိုးသားက ကျန်းမုန့်လောင်ထံသို့ အနီရောင်စာစောင်အသေးလေးတစ်အုပ်ကို လှမ်းပေးလိုက်သည်။ ထိုအထဲတွင် ရွှေရောင်နဂါးအမှတ်အသား ပါရှိသည်။ ကြည့်ရပုံထောက်သော် သက်သေခံစာရွက်စာတမ်းတစ်ခုဖြစ်ပုံရသည်။

"ဒီလောက်အထိလျှို့ဝှက်… ခင်ဗျားက ဟွာရှားနဂါးအုပ်စုကတော့ မဟုတ်ဘူးမလား"

ကျန်းမုန့်လောင် ဟာသလုပ်လိုက်သည်။

ထို့နောက် သူ အလုပ်အိုင်ဒီကို လှန်ကြည့်လိုက်၏။

"လုံရှား အထူးလှုပ်ရှားစည်းရုံးရေးအဖွဲ့ : ကုယွမ်ဝူ"

"ဒီအထူးလှုပ်ရှားစည်းရုံးရေးအဖွဲ့ကို တကယ်ပဲ နဂါးအုပ်စုလို့ခေါ်တာပဲ"

ကျန်းမုန့်လောင်လည်း ထိုသို့မှတ်ချက်မပေးဘဲ မနေနိုင်တော့ချေ။

"မစ္စတာကု.. မစ္စတာကျန်းနဲ့စကားပြောနေလိုက်ပါ။ ကျုပ်ဘေးဖယ်နေလိုက်ပါ့မယ်"

လဲ့ကျွင်းက ဆိုလာချေသည်။

"မလိုပါဘူးဗျာ"

ကုယွမ်ဝူက ‌ပြောလာသည်။

"ကျုပ် မစ္စတာလဲ့ကိုယုံပါတယ်"

"မစ္စတာကျန်း.. ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပါရစေ။ ကျုပ်နာမည်က ကုယွမ်ဝူပါ။ "လုံရှား'အထူးလှုပ်ရှားစည်းရုံးရေးအဖွဲ့ဝင်တစ်ယောက်ပါ။ လက်ရှိမှာတော့ တတိယအဖွဲ့ရဲ့ခေါင်းဆောင်ပေါ့။ ကျုပ်တို့"လုံရှား"က ဟွာရှားရဲ့၁၃၅ခုမြောက်ဌာနစုအထူးတပ်ဖွဲ့ရဲ့ ဆက်ခံသူပါ။ ခင်ဗျားအနေနဲ့တော့ ဟွာရှားရဲ့အထူးစစ်တပ်တစ်ခုလို့ မှတ်ယူလို့ရပါတယ်"

"ကျွန်တော်သိပါတယ်။ ဝတ္ထုတွေထဲမှာ ဖတ်ဖူးတယ်လေ။ မြို့ပြစိတ်ကူးယဉ်ဝတ္ထုဆယ်အုပ်မှာ ခုနစ်အုပ်လောက်က ခင်ဗျားတို့နဂါးအုပ်စုကိုထည့်ရေးထားကြတာ"

ကျန်းမုန့်လောင် ရယ်မောလိုက်သည်။

"မစ္စတာကျန်းက သာမန်လူတွေနဲ့မတူဘူးပဲ"

အကယ်၍ အခြားလူတစ်ယောက်ယောက်သာဆိုပါက ပထမဆုံးအကြိမ်တွေ့လိုက်ရပါလျှင် ရဲခေါ်သည်အထိ ထိတ်လန့်သွားရလောက်သည့် လဲ့ကျွင်းလိုလူမျိုးနှင့် ဆုံလိုက်ရလျှင် အလွန်အမင်းအံ့ဩသွားမည်ဖြစ်၏။

"ဒါပေမဲ့ လုံရှားလို့ခေါ်တာက ပိုသင့်တော်ပါတယ်။ နဂါးအုပ်စုဆိုတာက အရပ်အခေါ်သက်သက်ပါပဲ"

"မစ္စတာကု.. ခင်ဗျား အခုရောက်လာတာ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးအကြောင်း ဆွေးနွေးဖို့မလား"

"တို်ကခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံး"

ကုယွမ်ဝူကား ကြက်သေသေသွားရလေသည်။ ယခုအချိန်ထိတိုင် ထိုဆေးတွင် နာမည်မရှိပေ။ ထိုအရာကို "ဟွာရှားအမတဆေး"ဟုသာ ဒုတိယကမ္ဘာရှိလူသားများက သိထားကြသည်။

"အိုး…ကျွန်တော် "ကောင်းကင်ဘုံတိုက်ပွဲများ"ဝတ္ထုကို အဖတ်များသွားပြီး ပါးစပ်က လွှတ်ခနဲထွက်သွားတာ"

ကျန်းမုန့်လောင်က ထိုသို့ပြောလိုက်လေသည်။

"ကိစ္စကတော့ မစ္စတာကျန်းရေ.. အမတဆေးက ဟွာရှားရဲ့နိုင်ငံတော်လုံခြုံရေးနဲ့ အနာဂတ်နိုင်ငံတကာရပ်တည်မှုအတွက် အရမ်းအရေးကြီးတယ်ဗျ။ ခင်ဗျား အဲ့ဒါကို ကျုပ်တို့လက်ထဲထည့်ပေးဖို့ မျှော်လင့်ပါတယ်။ ကျုပ်တို့ဘက်က ခင်ဗျားကို လေလံဆွဲခဲ့ရတဲ့ဈေးနှုန်းကို အပြည့်ပြန်ပေးမှာပါ"

ကုယွမ်ဝူက ရှင်းပြလိုက်သည်။

သူတို့အနေနှင့် ငွေအလုံအလောက်မရှိသောကြောင့် မဟုတ်ပါဘဲ သတင်းရချိန်က အလွန်နောက်ကျနေပြီဖြစ်သောကြောင့် သူတို့စုနိုင်သလောက်ငွေသားကလည်း ထိုမျှသာရနိုင်ခဲ့သည်။ နိုင်ငံကြီးတစ်နိုင်ငံအနေနှင့် ငွေသားယူရိုတစ်ရာဘီလီယံသာ ရှိသည်ဆိုခြင်းမှာ ဘယ်လိုလုပ်ဖြစ်နိုင်လေမလဲ။

"ဒါက…"

ကျန်းမုန့်လောင်လည်း အခက်တွေ့သွားရသည်။

"ကျွန်တော် ခင်ဗျားကို ပေးလိုက်ချင်ပေမဲ့ ပြောရင်တော့ ခင်ဗျားယုံမှာမဟုတ်ဘူး"

ကျန်းမုန့်လောင်က မျက်လုံးတစ်ဖက်ဖွင့်ထားသော ဝမ်ချိုင်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

"အဲ့ဒီအမတဆေးလုံးကို အဲ့ဒီခွေး စားပစ်လိုက်ပြီ"

*************

All Chapters