ညီငယ်လေးရောက်လာပြီပဲ
Vol. 16 Ch. 237
"မစ္စတာကျန်း မနောက်ပါနဲ့ဗျာ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ကုယွမ်ဝူက ဝမ်ချိုင်ကို တစ်ချက်လှည့်ကြည့်ပြီးနောက် ကူကယ်ရာမဲ့လေဟန် အမူအရာတစ်ခုကို ထုတ်ဖော်ပြသလာသည်။ ခွေးပေါက်လေးတစ်ကောင်မဆိုထားနှင့်။ ကျန်းမုန့်လောင်လို သာမန်လူတစ်ယောက်ပင်လျှင် ထိုဆေးကို သောက်ပြီးပါက အသက်ဆုံးရှုံးနိုင်သည်။
"ကျွန်တော်ကျိန်ရဲတယ်"
ကျန်းမုန့်လောင်လည်း သူ့ညာဘက်လက်ဖဝါးကို မြှောက်လိုက်သည်။
"ကျွန်တော်ပြောတဲ့စကားထဲမှာ မုသားတစ်ခုခုများပါသွားခဲ့ရင် ကျွန်တော့်ရွှေတွင်းထဲက ရွှေတွေကို အကုန်သွားစားပစ်လိုက်မယ်"
"ဝိုး.. ကျိန်တာတောင်မှ မျက်စိနောက်စရာကောင်းနေတာပါလား"
လဲ့ကျွင်းလည်း စိတ်ထဲမှ ညည်းတွားမိသည်။
"တကယ်ကြီးလား"
ကုယွမ်ဝူခမျာ မယုံကြည်နိုင်ဆဲသာ။
"ရွှေအစစ်ထက်တောင် စစ်သေးတယ်"
ကျန်းမုန့်လောင်ကလည်း အတည်ပြုပေးလိုက်သည်။
"ကျုပ် အဲ့ဒီခွေးကို တစ်ချက်လောက်ကြည့်လို့ရမလား"
ကုယွမ်ဝူက မေးလိုက်သည်။
"ရတာပေါ့"
အလွန်အစွမ်းထက်သော လူတစ်ယောက် အနားကိုချဉ်းကပ်လာလေကြောင်း သတိထားမိဟန်တူသော ဝမ်ချိုင်က ပျင်းတိပျင်းလျော့လဲလျောင်းနေရာမှာ နိုးနိုးကြားကြားဖြစ်သွားပြီး ကုယွမ်ဝူကို မာန်ဖီပြလိုက်သည်။
ကုယွမ်ဝူခမျာ ကြက်သေသေသွားရလေသည်။ ထိုအခိုက်အတန့်ဝယ် ခွေးလေး၏ခန္ဓာကိုယ်ထဲတွင် ခပ်ဖျော့်ဖျော့စီးဆင်းနေသော စွမ်းအင်တစ်ရပ်ကို သူ တကယ်ခံစားမိသည်။ ၎င်းမှာ သဘာဝအလျောက်နိုးထသူများ သူတို့၏လျှို့ဝှက်စွမ်းအားများကို အပြည့်အဝမထိန်းချုပ်နိုင်သေးသဖြင့် စိတ်ခံစားချက်ပြင်းထန်သွားချိန်၌ ထွက်ပေါ်လာတတ်သော စွမ်းအင်ပင်။
ဤရှာဖွေတွေ့ရှိချက်ကြောင့် ဤခွေးလေးက သာမန်ခွေးလေးတစ်ကောင်မဟုတ်ကြောင်း အတည်ပြုလိုက်နိုင်သည်။
"ဒီခွေး…"
ကုယွမ်ဝူခမျာ ငိုရအခက်၊ ရယ်ရအခက် ဖြစ်သွားလေသည်။
လွန်ခဲ့သည့်တစ်ပတ်တုန်းက သတင်းရထားပြီးကတည်းက ကမ္ဘာအနှံ့ရှိ စူပါစွမ်းအားရှင်များမှာ လေးလေးနက်နက်ဖြင့် ပြင်ဆင်မှုများစတင်လုပ်ကိုင်ခြင်း၊ ငွေကြေးစုဆောင်းခြင်း၊ လူအင်အားစီမံခြင်းတို့ ပြုလုပ်ကာ ထိုအမတဆေးကို အရယူနိုင်ရန်အတွက် နည်းလမ်းပေါင်းစုံကို ရှာဖွေခဲ့ကြသည်။
သို့သော် မည်သူကများ ထင်ထားမည်နည်း။ နိုင်ငံတစ်နိုင်ငံမှ ထိုအမတဆေးကို အရမယူနိုင်ခဲ့သည့်အပြင် အဆုံးမှာ ခွေးတစ်ကောင်က ထိုဆေးကိုစားသွားခဲ့သည်။
ကျန်းမုန့်လောင်သာ မရှိပါလျှင် ကုယွမ်ဝူမှာ ဝမ်ချိုင်ကိုဒေါသထွက်လွန်းသဖြင့် ချက်ချင်းသတ်ပစ်မိလောက်သည်။
ဤသည်မှာ သိုင်းပညာရှင်တစ်ယောက် သို့မဟုတ် နိုးထသူတစ်ယောက်ကို အဆင့်ကိုးသို့ ကျော်ဖြတ်နိုင်အောင် ကူညီပေးမည့် အမတဆေးတစ်လုံးပင်။ သူတို့တွင်သာ ထိုဆေးရှိနေပါက ဟွာရှား၏ အထူးစွမ်းအားရှင်အရေအတွက်ကလည်း ကမ္ဘာ့ထိပ်တန်းသို့ ချက်ချင်းရောက်သွားနိုင်သည်။ ထို့နောက်တွင်မူ ဟွာရှားကကလည်း ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းနံပါတ်တစ်ဖြစ်လာမည်မှာ ကျိန်းသေပေါက်ပင်။ မည်သည့်အင်အားစုကမှလည်း ကျူးကျော်ရဲကြမည်မဟုတ်။
ဤရတနာကို ခွေးတစ်ကောင်က စားသွားလိမ့်မည်ဟု မည်သူက ထင်မိမည်လဲ။ မည်သူကများ ဤကိစ္စကို သည်းခံနေနိုင်မည်လဲ။
"ခေါင်းဆောင်ကု…ဝမ်ချိုင်လေးက ဘာမှသိတာမှမဟုတ်တာ။ ဒေါသမထွက်ပါနဲ့ဗျာ။ ဟုတ်ပြီလား"
ကျန်းမုန့်လောင်က ရယ်ကာမောကာဖြင့် ပြောလိုက်သည်။
"အဲ့ဒါက ယူရို၁၀၀ဘီလီယံတန်တဲ့ အသက်ရှည်အောင်လုပ်ပေးနိုင်တဲ့ အမတဆေးလုံးလေးတစ်လုံးပါဗျာ။ တကယ်လည်း ထာဝရအသက်ရှင်စေနိုင်မှာမဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လူသားတိုင်းက တစ်နေ့သေရမှာပဲလေ။ ထိုက်တောင်တန်းထက် ပိုလေးလံတာပဲဖြစ်ဖြစ် ငှက်မွေးတစ်ခုထက် ပိုပေါ့ပါ့းတာပဲဖြစ်ဖြစ် နောက်ဆုံးတော့ သေရမှာချည်းပဲ"
"ဒါပေမဲ့ ဒီပစ္စည်းရဲ့အာနိသင်က အသက်ရှည်စေရုံတင်မကဘူး"
ကုယွမ်ဝူခမျာ မျက်ရည်ကျမိတော့မတတ်ပင်။ အကယ်၍ နည်းလမ်းတစ်ခုသာ ရှိမည်ဆိုလျှင် သူ့အနေနှင့် ဝမ်ချိုင်ကိုခေါ်သွားပြီး အဂ္ဂိရတ်ဖိုကို အသုံးပြုကာ အမတဆေး ပြန်လည်ထုတ်လုပ်နိုင်ရန် ကြိုးစားမိမည်ဖြစ်၏။
"ဒီဆေးမှာ ဘာအာနိသင်များ ထပ်ရှိသေးလို့လဲ"
ကျန်းမုန့်လောင်က မသိချင်ယောင်ဆောင်လိုက်သည်။
"အဲ့ဒါက ယောကျ်ားအားမာန်ကို တိုးတက်အောင်လုပ်ပေးနိုင်တာလား။ အဲ့လိုဆိုရင်တော့ ကျွန်တော် တကယ်ပဲ မလိုအပ်ဘူး။ ကျွန်တော်က သန်မာပြီးသား"
"အိမ်း"
ကုယွမ်ဝူ သက်ပြင်းချလိုက်မိသည်။ တကယ်တမ်းမှာတော့ သူ့အနေနှင့် ဤရလဒ်ကို နှမြောတသသဖြင့် လက်ခံနိုင်ပါသည်။
အမတဆေးသာ အခြားနိုင်ငံတစ်ခုခုဆီသို့ ရောက်သွားပါက အထူးသဖြင့် အမေရိကန်များလက်ထဲသို့ ရောက်သွားပါက ၎င်းမှာ အဆိုးဆုံးရလဒ်ပင်ဖြစ်ပေလိမ့်မည်။ အမေရိကဘက်ကသာ အဆင့်ကိုးထက် ကျော်လွန်သော စူပါလူသားအသစ်တစ်ယောက် ပေါ်ထွက်လာပါက ကမ္ဘာကြီးလည်း ထိုအချိန်မှစ၍ ငြိမ်းချမ်းနိုင်တော့မည်မဟုတ်ပေ။
လက်ရှိအခြေအနေကား အလွန်ဆုံးရှိလှ ပထဝီဝင်နိုင်ငံရေးတင်းမာမှုကို ထိန်းသိမ်းပေးထားနိုင်သည်။
"ဒါဆိုရင်တော့ ကျုပ် ခင်ဗျားကို ထပ်မနှောင့်ယှက်တော့ပါဘူး"
ကုယွမ်ဝူ ခေါင်းတခါခါလုပ်လိုက်မိသည်။ သူ့ဥရောပခရီးစဉ်မှာ အချည်းနှီးသာဖြစ်သွားခဲ့ရသည်။
"မစ္စတာကု မစ္စတာလဲ့ ကျေးဇူးပြုပြီး ဂရုစိုက်သွားပါ"
ကျန်းမုန့်လောင်က သူ့ဧည့်သည်များကို အပြင်ဘက်ကို လိုက်လံပို့ဆောင်ပေးလိုက်သည်။
"အိုး..စကားမစပ် မနက်ဖြန်ကျမှာ ကျွန်တော့်ဖျက်သင်္ဘောနဲ့ အတူပြန်လိုက်ချင်လား။ ကျွန်တော့်လေယာဉ်နဲ့ ခင်ဗျားတို့ကို အိမ်ပြန်ပို့ပေးနိုင်ပါတယ်"
"မလိုပါဘူးဗျာ"
ကုယွမ်ဝူက ဌာနချုပ်ကို သတင်းပို့ရန် လောနေသဖြင့် ထိုသို့သာ ပြောလိုက်သည်။ သို့သော် သူ ဘယ်လိုလုပ်ပြီး သတင်းပို့ရမတဲ့လဲ။ အမတဆေးကို ခွေးတစ်ကောင်က စားသွားပြီဟု ပြောပြရလေမလား။ သူ့အထက်လူကြီးများ ထိုစကားကိုယုံကြည်မည်ဆိုလျှင်ပင် အံ့ဩဖို့ကောင်းလိမ့်မည်သာ။
ထိုအခိုက်အတန့်လေးမှာ ကျန်းမုန့်လောင်တစ်ယောက် ဟွာရှားသို့ ပြန်သည့်လမ်းတွင် အန္တရာယ်တစ်စုံတစ်ရာ ကြုံတွေ့ရနိုင်ကြောင်းကိုပင် သူ မေ့လျော့သွားသည်။ မည်သို့ပင်ဖြစ်စေ အခြားနို်ငငံများကတော့ အမတဆေးကို ခွေးတစ်ကောင်စားသွားသည့်ကိစ္စကို ယုံကြလိမ့်မည်မဟုတ်။
ထိုပစ္စည်းက ကျန်းမုန့်လောင်ထံတွင်ရှိကြောင်း သူတို့ယုံကြည်ထားပါလျှင် ကျန်းမုန့်လောင်က သူ့ခွန်အားမျှဖြင့် ဒုတိယကမ္ဘာရှိ လူပေါင်းများစွာကို မည်သို့နှယ် ရင်ဆိုင်နိုင်လေမလဲ။ သူ့ဖျက်သင်္ဘောကား သန္ဓေပြောင်းလူသားများနှင့် စိတ်နယ်လွန်ပညာရှင်များအဖို့တော့ သံချေးတက်နေသော သံမဏိတုံးကြီးတစ်ခုနှင့် မခြားပေ။
...
မနေ့က ကျန်းမုန့်လောင် မနက်စာစားဖို့ ထလာသည့်အခါတွင် ထမင်းစားခန်းထဲ၌ လူအများအပြားရှိနေချေသည်။ ယနေ့တွင်မူ လူဦးရေသုံးပုံတစ်ပုံခန့်သာ ရှိတော့သည်။ သတင်းရထားသူများကတော့ ထွက်ပြေးသွားကြပြီဖြစ်၏။ အကြောင်းမှာ ကျန်းမုန့်လောင်ထံမှ အမတဆေးကို အင်အားသုံး၍ လုယူဖို့ကြိုးစားသည့်အချိန်မှာ အပြစ်မရှိသူများကိုလည်း သက်ရောက်မှုရှိလိမ့်မည်ဖြစ်ကြောင်း သိသွားကြသောကြောင့်ပင်။
"ဒီကောင်လေးက ဘာလို့မပြန်သေးတာလဲ"
ပုန်းအောင်းနေသော စိတ်နယ်လွန်ပညာရှင်များနှင့် သန္ဓေပြောင်းလူသားများက နည်းလမ်းအမျိုးမျိုးသုံး၍ သူ့ကို ခြေရာခံနေကြသည်။
"ငါလည်းမသိတော့ဘူး။ တွေးကြည့်မယ်ဆိုရင် ဟွာရှားကိုယ်စားလှယ်တွေက သက်ဆိုင်ရာသတင်းတွေကို သူ့ကိုပြောပြထားပြီးလောက်ရောပေါ့။ သူက ဘာလို့ ဘာမှမဖြစ်သလိုလုပ်နေတာလဲ"
"ဧကန္တ သူ အဲ့ဒီအမတဆေးကို ဟွာရှားကိုယ်စားလှယ်ဆီကို ပေးပြီးသွားတာများလား"
"မဟုတ်ဘူး။ ငါ သူတို့ကို စောင့်ကြည့်နေခဲ့တာ။ မနေ့ကပဲ အဲ့ဒီကုယွမ်ဝူက ဒီဟွာရှားလူငယ်လေးကို သွားရှာသေးတယ်။ ဒါပေမဲ့ သူ လက်ဗလာနဲ့ပြန်လာခဲ့ရတယ်လေ။ သူ့အမူအရာကတော့ တော်တော်ဆိုးဆိုးဝါးဝါးပဲ။ အငြင်းခံလိုက်ရတာပဲဖြစ်မယ်"
"ဘာ? သူက အဲ့ဒီပစ္စည်းကို ဟွာရှားကိုယ်စားလှယ်လက်ထဲ မအပ်ဘူးလား"
"ဟားဟားဟား ငါသာဆိုရင်လည်း နိုင်ငံတွေကိုယှဉ်နိုင်စွမ်းရှိပြီး အဲ့လိုပစ္စည်းမျိုးကို အရယူနိုင်ခဲ့ရင် လက်လွှတ်ချင်မှာမဟုတ်ဘူး"
"ကိုယ့်လူမျိုးတစ်ယောက်က အဲဒီပစ္စည်းကိုဝယ်သွားတာကြီးက တကယ်ကိုးရိုးကားရားနိုင်တာပဲ။ ခိုးရမယ်ဆိုပြန်တော့လည်း မဟုတ်ပြန်ဘူး။ မခိုးဘူးဆိုပြန်ရင်လည်း အဲ့ဒီပစ္စည်းကို အလကားပေးလိုက်ရသလို ခံစားရဦးမယ်။ လုံရှားက တကယ့်ကိုခွတီးခွကျအနေအထားကို ရောက်နေတာပဲ"
"ဟားဟားဟား"
"မိုက်မဲလိုက်တဲ့ကောင်လေး.. သူ့မှာပိုက်ဆံနည်းနည်းရှိတာနဲ့ ဘာမဆိုလုပ်နိုင်သွားပြီလို့ထင်နေတာလား"
"ဟမ့်! သာမန်လူတွေရဲ့ကမ္ဘာမှာပဲ သူကြိုက်တာလုပ်လို့ရလိမ့်မယ်။ ဒါပေမဲ့ သူက သာမန်လူတစ်ယောက်ပဲလေ။ ငါတို့မျက်လုံးထဲမှာတော့ ဒီသမားရိုးကျလက်နက်တွေက သံချေးတက်နေတဲ့သံမဏိတွေနဲ့ မခြားဘူး"
"ဒီအမတဆေးက အလကားရလိုက်သလိုပဲ။ လုံရှားနိုးထသူတစ်ယောက်ဆီက လုယူရမှာထက်စာရင် သာမန်လူတစ်ယောက်ဆီက လုယူရတာက ပိုလွယ်တာပေါ့"
"အချိန်ကျလာရင် အရည်အချင်းက စကားပြောမှာပဲ။ ဒါပေမဲ့ ငါတို့ရဲ့တိုက်ခိုက်မှုတွေက ညှာတာမှုမရှိဘူးလို့တော့ အပြစ်မတင်လေနဲ့"
"ဘဲစားဘဲကျေပဲ"
ပတ်ပတ်လည်ရှိလူများမှာ အချင်းချင်းတီးတိုးပြောနေကြသည်။ အမတဆေးကို ကျန်းမုန့်လောင်လက်ထဲက လုယူရန်မှာ အိတ်ထဲကို လက်နှိုက်သလောက် လွယ်ကူကြသည်ဟု ထင်မှတ်နေကြသည်။
...
"ကောင်းပြီ။ ငါတို့ ပြန်ဖို့အချိန်ကျပြီ"
ကျန်းမုန့်လောင်က အပျင်းကြောဆန့်လိုက်သည်။ သူတို့ ပျော်လည်းပျော်ခဲ့ကြပြီးပြီဖြစ်ရာ ရက်အနည်းငယ်အတွင်းမှာပင် နှစ်သစ်ကူးပွဲတော် ကျရောက်တော့မည်ဖြစ်၏။ ကျန်းမုန့်လောင်နှင့် လုရီယောင်တို့တွင် ဘာဆွေမျိုးမှမရှိသော်ငြား ထိုကဲ့သို့သောပွဲတော်များမှာ ကိုယ့်မွေးရပ်မြေတွင်သာ ကျင်းပသင့်သည်။
ကျန်းမုန့်လောင်ဝယ်ထားသော လေယာဉ်တင်သင်္ဘောသည် အရွယ်အစားကြီးမားသောကြောင့် အတ္တလန္တိတ်သမုဒ္ဒရာအနီးတွင် ဆိုက်ကပ်ထားသည်။ ဟွာရှားသို့ပြန်ရန်မှာ တစ်လခန့်အချိန်ကြာလိမ့်မည်ဖြစ်၏။ ကျန်းမုန့်လောင်မှာတော့ အချိန်မရှိသဖြင့် သင်္ဘောကို ဟွာရှားသို့ပြန်မောင်းပို့ရန်အတွက် ချက်ချင်းစီစဉ်ခိုင်းလိုက်သည်။
သူတို့ပစ္စည်းများကို ထုပ်ပိုးပြီးနောက် တစ်ဖွဲ့လုံး ဖျက်သင်္ဘောဆီသို့ ပြန်သွားလိုက်ကြသည်။ ဝမ်ချိုင်ကတော့ သူတို့အနောက်မှ လက်ထောက်လေးတစ်ယောက်အလား လိုက်ပါလာသည်။
"ရွက်လွှင့်မယ်။ ဆိပ်ကမ်းက ခွာမယ်"
ကျန်းမုန့်လောင် အမိန့်ပေးလိုက်သည်။
ဖျက်သင်္ဘောကလည်း လှိုင်းလုံးများကိုဖြတ်သန်းသွားလေသည်။ သူ့အရှိန်နှင့်ဆိုလျှင် သူတို့ထွက်ခွာခဲ့သည့် ဆိပ်ကမ်းသို့ပြန်ရောက်ရန်မှာ နှစ်နာရီမျှ အချိန်ကြာလိမ့်မည်ဖြစ်၏။
"ထူးဆန်းလိုက်တာ။ လမ်းတစ်လျှောက်လုံး ဘာလို့ သင်္ဘောတစ်စီးမှ မတွေ့ရတာလဲ"
ဝမ်လင်နှင့် အခြားသူများမှာ အနီးပတ်ဝန်းကျင်တွင် သင်္ဘောအများအပြားရှိနေသင့်သည်ဟု တွေးမိသဖြင့် ကုန်းပတ်မှတစ်ဆင့် အဆုံးမဲ့ကျယ်ဝန်းလှသော မြေထဲပင်လယ်ကြီးကို ကြည့်ရှုနေကြသည်။
"ကြည့်လိုက်။ အဲ့ဒါကဘာကြီးလဲ"
ထိုအချိန်မှာပင် ဝမ်လင်က အဝေးတစ်နေရာကို လက်ညှိုးထိုးပြသည်။
"ဘာကြီးလဲ"
ကျန်းမုန့်လောင်က ထိုတည်နေရာဘက်ကို လှမ်းကြည့်လိုက်လေရာ ကြီးမားလှသော အဖြူရောင်လမ်းကြောင်းရာကြီးသုံးခုက သူတို့ထံသို့ အလွန်လျင်မြန်လှစွာသောအရှိန်ဖြင့် ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။
"ငါးမန်းတွေလား။ မဟုတ်သေးပါဘူး။ ငါးမန်းတစ်ကောင်က ဘယ်လိုလုပ်ပြီး ဒီလောက်မြန်နိုင်မှာလဲ"
ထိုအရာမှာ မြင့်မားလှသောအရှိန်ဖြင့် ဖြတ်သန်းသွားသော ရေယာဉ်တစ်မျိုးကြောင့် လှိုင်းထနေခြင်းဖြစ်ရမည်ဟု မှန်းဆလိုက်သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ထိုရေလှိုင်းလုံးများက သူတို့ဆီသို့ ရောက်ရှိလာသည်။ ရေများဗွမ်းခနဲဖြာထွက်ပြီး ပုံရိပ်သုံးခုက ရေထဲမှ ထွက်ပေါ်လာကာ ကျန်းမုန့်လောင်ရှေ့သို့ ဆင်းသက်လာသည်။
"ဖြောက် ဖြောက်"
သတိပေးခြင်းမရှိပါဘဲ ပင်လယ်ပြင်က အေးခဲလာလေတော့သည်။ ဖျက်သင်္ဘောကြီးကလည်း ယိမ်းယိုင်တုန်ခါသွားပြီးနောက် ရေပြင်ထဲတွင် တုံ့ခနဲရပ်တန့်သွား၏။ ငါးမန်းတောင်များက ကျယ်လောင်စွာမြည်ဟည်းနေသော်လည်း သင်္ဘောကတော့ တုတ်တုတ်မျှမလှုပ်နိုင်တော့ပေ။
"ဒါ… ဒါက ဘယ်လိုအခြေအနေကြီးလဲ"
ဝမ်လင်နှင့် အခြားသူများမှာ ထိတ်လန့်ကြောက်ရွံ့သွားပြီး မျက်နှာများလည်း ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်. ယခုလိုထူးခြားဆန်းကြယ်သော မြင်ကွင်းမျိုးကို သူတို့ လုံးဝမမြင်ဖူးခဲ့ပေ။ အရာအားလုံးမှာ မှော်ဆန်လွန်းလှသည်။
ထိုအခိုက်တွင် နောက်ထပ်ပုံရိပ်ပေါင်းများစွာက ကုန်းပတ်နှင့် ရေခဲပြင်ပေါ်တွင် ထူးဆန်းစွာပေါ်ပေါက်လာသည်။ ပထမဆုံးသုံးယောက်ပါ ထည့်ပေါင်းလိုက်လျှင် ယခု စုစုပေါင်း၁၄ယောက်ရှိသည်။
"မစ္စတာကျန်း.. ကျုပ်တို့ ထပ်တွေ့ရဦးမှာပါလို့ ပြောခဲ့သားပဲ"
ရွှေအိုရောင်ဆံပင်ပိုင်ရှင် အမျိုးသားက အပြုံးလေးဖြင့် ပြောလာသည်။
"အိုး.. ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပါရစေ။ ကျုပ်နာမည်က ရှယ်လ်ပါ။ အမေရိကကပေါ့"
"အိုး! ကျုပ် ခင်ဗျားအသံကို မှတ်မိတယ်"
ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်သည်။ မနေ့က အမေရိကန်မိသားစု၏ ဗီအိုင်ပီအခန်းမှ ထွက်ပေါ်လာသောအသံကို သူမှတ်မိသည်။
ကျန်းမုန့်လောင်၏အမူအရာကား ဖြစ်သင့်ဖြစ်ထိုက်သည့်အရာက ဖြစ်လာသည့်အလား အမူအရာမျိုးပြသလာပြီး ပေါ့ပေါ့ပါးပါးပြောလိုက်လေသည်။
"အိမ်း ဘယ်သူရောက်လာလဲဆိုတာ ကြည့်စမ်းပါဦး"
***********