ဘာဆေးမှမရှိဘူး ခွေးတစ်ကောင်ပဲရှိတယ်
Vol. 16 Ch. 238
"ရောက်လာပြီလားတဲ့။ အဲ့ဒါက ဘာအဓိပ္ပာယ်လဲ"
ရှယ်လ်က အံ့အားသင့်လေဟန် အမူအရာတစ်ခုကို ထုတ်ဖော်ပြသလာသည်။ ကျန်းမုန့်လောင်၏လေသံမှတစ်ဆင့် သူသည် သူတို့ရောက်လာမည်ကို ကြိုသိထားဟန်ရှိ၏။
"ယဲ့ရင်.. သင်္ဘောပေါ်က တခြားလူတွေကို ဒီအကြောင်းမသိစေနဲ့"
ကျန်းမုန့်လောင်က ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့ပါ မစ္စတာကျန်း"
ဖျက်သင်္ဘောပေါ်ရှိ စစ်ရေးဝန်ထမ်းများမှာ စစ်သင်္ဘောကြီး ရုတ်တရက် ဘာလို့ဆက်မသွားတော့သလဲဆိုသည်ကို စုံစမ်းစစ်ဆေးနေဆဲမှာပင် သူတို့အားလုံးကို ထူးခြားဆန်းကြယ်လှသော အင်အားတစ်ရပ်က ပြုစားလိုက်သည့်အလား သူတို့အလုပ်ရုံများထဲတွင်ပင် လဲကျသွားကြသည်။
ခဏအကြာ ဖျက်သင်္ဘောကြီးတစ်ခုလုံးပေါ်ရှိ ကိရိယာအများစုလည်း အလုပ်မလုပ်တော့ပေ။ ဤပင်လယ်ပြင်ဧရိယာကား ခပ်ဆိတ်ဆိတ်ဖြစ်သွားလေတော့သည်။
"ဘာဖြစ်နေတာလဲ။ သင်္ဘောပျက်သွားတာလား"
ဝမ်လင်သည် အင်ဂျင်များ အလုပ်မလုပ်တော့သည်ကို သတိထားမိပြီး ချက်ချင်းပင် စိုးရိမ်စိတ်များ ပေါ်ပေါက်လာသည်။
"ပြီးတော့ ဒီလူတွေကဘာတွေလဲ။ ဘယ်လိုလုပ်ပြီး ပင်လယ်ထဲကနေ ထွက်လာတာလဲ"
သူ့ရှေ့တွင် မြင်နေရသည့်အရာများက ဝမ်လင်၏လောကအမြင်ကို ပြောင်းပြန်လှန်ပစ်လိုက်သည်။ ပင်လယ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာသူများသည် ထူးခြားလှသော ဝတ်စုံအမျိုးမျိုးကို ဝတ်ဆင်ထားကြသော်လည်း သူတို့တွင် စက်ပစ္စည်းတစ်ခုမှ ပါလာဟန်မတူချေ။
သို့သော် ထိုလူများမှာ မယုံကြည်နိုင်လောက်သော အရှိန်ဖြင့် သူတို့ဆီကို အပြင်းနှင်ချလာပြီး ထိုအရှိန်ကား မော်တော်ဘုတ်ထက်ပင် ပိုမိုမြန်ဆန်သည့်အပြင် မီတာများစွာမြင့်သော သင်္ဘောကုန်းပတ်ပေါ်ကိုပင် ခုန်တက်လာနိုင်သည်ကို မျက်ဝါးထင်ထင် မြင်လိုက်ရသည်။ လူသားတစ်ဦးသည် ဤသို့ ပြုလုပ်နိုင်ပါသလား။
လူသားတို့သည် သူတို့မသိနားမလည်သော အရာများကို ကြောက်ရွံ့တတ်ကြသည်။ အထူးသဖြင့် သူတို့၏စကားထဲတွင် သတ်ဖြတ်လိုသော ရည်ရွယ်ချက်ကို ခံစားမိသည့်အခါမျိုးတွင် ဖြစ်သည်။ အမြဲတမ်း မကြောက်ရွံ့တတ်ခဲ့သော ဝမ်လင်ပင်လျှင် သူ့မျက်နှာပေါ်ရှိ ကြောက်ရွံ့နေသော အမူအရာကို ဖုံးကွယ်မထားနိုင်ပေ။
သူ့ချစ်သူကတော့ သူ့ပခုံးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး အနည်းငယ် တုန်ရီနေရှာသည်။ သူ(မ)သည် ဝမ်လင်နှင့်အတူ ကမ္ဘာကြီးကို လှည့်လည်ကြည့်ရှုရန် ထွက်လာခဲ့သည်ဟု တွေးထားခဲ့သော်လည်း ဤကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"မုန့်လောင်..."
လုရီယောင်ကမူ ကျန်းမုန့်လောင်၏အဝတ်အစားကို ဆွဲဆုပ်ထားလိုက်သည်။
"စိတ်မပူပါနဲ့။ ငါဒီမှာရှိတယ်လေ"
ကျန်းမုန့်လောင် ရယ်မောလိုက်သည်။
"ဝုတ် ဝုတ် ဝုတ်"
ဝမ်ချိုင်သည် သူတို့ထံသို့ ကျရောက်လာမည့် ဖိအားများကို ခံစားမိသည့်အလား ကျန်းမုန့်လောင်၏ရှေ့တွင်ရပ်ကာ ရန်လိုနေသော သန္ဓေပြောင်းလူသားများကို ဟောင်လိုက်လေသည်။
ရှယ်လ်ကလည်း ဝမ်ချိုင်ကို နှစ်ခါပြန်ကြည့်လိုက်မိသည်။ သူတို့၏တည်ရှိမှုကို အာရုံခံလိုက်မိသည်နှင့် ခွေးပေါက်လေးတစ်ကောင်ပင် မဆိုထားနှင့်။ ကြမ်းတမ်းလှပါချည်ရဲ့ဟူသော ကျားများနှင့် ခြင်္သေ့များပင် သတ္တိနည်းသွားကြပေလိမ့်မည်။ သို့တိုင် ဤခွေးကတော့ သူတို့ကို ဟောင်ပင် ဟောင်ရဲသေးသည်။
"ဒီလူတွေက ဘယ်အဆင့်မှာရှိလဲမသိဘူး"
ကျန်းမုန့်လောင်သည် သူ့ရှေ့တွင်ရှိနေသော ရှယ်လ်ကို ကြည့်လိုက်သည်။
အမည် : ရှယ်လ် ဒိုနာဂါ
မျိုးနွယ် : လူသား
အဆင့်အတန်း : အမေရိကန်စူပါလူသားအဖွဲ့အစည်း၏ အဖွဲ့ဝင်
စွမ်းအားညွှန်ကိန်း : ၁၇
ပါရမီ : မရှိ
ကျွမ်းကျင်မှု : လေကြောင်းထိန်းချုပ်မှု (F)
အကဲဖြတ်ချက် : ဗီဇပြောင်းလဲမှု၏ ထုတ်ကုန်တစ်ခု၊ လူသားအနေနှင့်နေတာ ပိုကောင်းပါလျက်နှင့် ဘာလို့များ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်လာရသလဲ
"ခွီး"
ဤအကဲဖြတ်ချက်ကို မြင်သောအခါ ကျန်းမုန့်လောင်လည်း မရယ်ဘဲ မနေနိုင်တော့ချေ။။ ထူးရှယ်နတ်ဘုရားကျောင်းတော်၏ အကဲဖြတ်ချက်များမှာ အနည်းငယ် ပမာမခန့်နိုင်လွန်းလှသည် မဟုတ်ပါလား။
"ဟွာရှားလူမျိုးချာတိတ်.. မင်း ဘာတွေရယ်နေတာလဲ"
ရှယ်လ်က တစ်စုံတစ်ရာ ထူးဆန်းနေသည်ကို ခံစားမိသည်။
လောလောဆယ်တွင် သူတို့၏စွမ်းအားကို အများကြီးထုတ်မပြရသေးသော်လည်း ရေထဲတွင် လျင်မြန်စွာ ရွေ့လျားနိုင်ခြင်းနှင့် ဆယ်မီတာမြင့်သော သင်္ဘောပေါ်သို့ ခုန်တက်နိုင်ခြင်းတို့ကတင် သူတို့၏တစ်မူထူးခြားမှုကို သက်သေပြလိုက်ပြီးဖြစ်သည်။
ဝမ်လင်နှင့်အခြားသူများ ကြောက်ရွံ့လွန်း၍ ဖြူဖပ်ဖြူရော်ဖြစ်နေချိန်မှာ ကျန်းမုန့်လောင်ကတော့ မတုန်မလှုပ်သာ။ သူသည် ကြောက်ရွံ့ခြင်းမရှိသည့်အပြင် အရှက်မရှိရယ်မောနေသေးသည်။
သူတို့သည် သန္ဓေပြောင်းလူသားများ ဖြစ်ကြသည်။ သာမန်လူသားများထက် အင်အားဆယ်ဆ သို့မဟုတ် ထိုထက်မက သာလွန်သူများဖြစ်၏။ လူသတ်နိုင်စွမ်းရှိသော လူများပင်။
"ဘာရယ်မဟုတ်ပါဘူး။ မင်းက ငါ့ခွေးကိုတောင် မမီဘူးဆိုတာကြီးက ရယ်စရာကောင်းလို့ပါ"
ကျန်းမုန့်လောင် ရယ်မောလိုက်သည်။ ဝမ်ချိုင်သည် တိုက်ခိုက်မှုစိတ်ဝိညာဉ်ဆေးလုံးကို စားပြီးနောက် စွမ်းအားညွှန်းကိန်း ၁၈အထိ ထိုးတက်သွားခဲ့သည်။ ထိုအချိန်တွင် ရှယ်လ်ကတော့ ၁၇သာရှိသည်ဖြစ်ရာ ခွေးလေး၏ ခွန်အားတစ်စိတ်တစ်ပိုင်းကိုပင် မမီပေ။
ရှယ်လ်၏ မျက်နှာအမူအရာလည်း ရုတ်ခြည်းသိသိသာသာပြောင်းလဲသွားသည်။
"ဝှစ်"
မမြင်ရသော လေပြည်ဓားသွားတစ်လက်က ဖျက်သင်္ဘော၏ ကုန်းပတ်ပေါ်ရှိ ပင်မအမြောက်ပြောင်းကြီးပေါ်မှ ဖြတ်သန်းသွားသည်။
အမြောက်ပြောင်း၏ အတွင်းနံရံပေါ်ရှိ ဆယ့်နှစ်မီလီမီတာထူထဲလှသည့် သံမဏိပြားကြီးက ဧရာမပုဆိန်ထက်ထက်တစ်လက်ဖြင့် ပိုင်းဖြတ်လိုက်သကဲ့သို့ ဖြစ်သွားပြီး သံမဏိပြားပေါ်သို့ ပြုတ်ကျသွားသည်။
အဖြတ်ခံလိုက်ရသော မျက်နှာပြင်သည် မှန်တစ်ချပ်ကဲ့သို့ ချောမွေ့နေလေရာ ဘာတွေဖြစ်သွားသလဲဆိုသည်ကို မည်သူမျှ နားမလည်နိုင်ကြပေ။
"ဇာ့စ်ရဲ့လေပြည်ဓားသွားအစွမ်းက အဆင့်ခုနစ်ရှိတဲ့ စူပါလူသားနီးနီးရှိနေပြီကိုး"
အခြားနိုင်ငံများမှ သန္ဓေပြောင်းလူသားများသည် တအံ့တဩရေရွတ်လိုက်ကြ၏။
ဤပြသမှုသည် ကျန်းမုန့်လောင်ကို ခြိမ်းခြောက်ရန် ရည်ရွယ်သော်လည်း ဇာ့စ်သည် အခြားနိုင်ငံများမှ ပြိုင်ဘက်များကိုပါ နောက်ဆုတ်သွားစေလိုသော ရည်ရွယ်ချက်ဖြင့် ဤသို့တမင်ပြုလုပ်လိုက်ခြင်းဖြစ်၏။ သူဟာ အင်အားကြီးမားလှသော်လည်း တစ်ဦးတည်းသာဖြစ်နေသောကြောင့် ဤမျှများပြားလွန်းလှသော လူပေါင်းများစွာ၏ ပေါင်းစည်းတိုက်ခိုက်မှုကို ရင်ဆိုင်ရလျှင်မူ အနိုင်ရရန် မလွယ်ကူပေ။
"အား"
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝမ်လင်၏ချစ်သူကောင်မလေးက မအော်ဘဲမနေနိုင်တော့ပေ။ ဤကဲ့သို့သောမြင်ကွင်းကိုမြင်လျှင် မည်သူမဆို ထိတ်လန့်တုန်လှုပ်သွားပေလိမ့်မည်။
ဝမ်လင်၏မျက်နှာအမူအရာကလည်း ပိုမိုသုန်မှုန်သွားသည်။ ယနေ့ သူသည် ထူးခြားဆန်းကြယ်လှသော အရာတစ်ခုနှင့် ရင်ဆိုင်နေရသည်ဟု ခံစားလိုက်မိသည်။ သူ့အရှေ့ရှိ မြင်ကွင်းက သူ့စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေပေသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ဆယ့်နှစ်မီလီမီတာခန့်ထူသော သံမဏိပြားကို ဖြတ်တောက်နိုင်သူတစ်ယောက်ဟာ လူရောဟုတ်ရဲ့လား။
"ဖြောင်း ဖြောင်း ဖြောင်း"
လူတိုင်း အံ့အားသင့်မှင်တက်နေချိန်တွင် ကျန်းမုန့်လောင်က လက်ခုပ်လက်ဝါးတီးလိုက်သည်။
"ကောင်းတယ်ဟေ့! နောက်တစ်ခါ ထပ်လုပ်ပြပါဦး"
"ဘာတွေဖြစ်နေတာလဲ"
ကျန်းမုန့်လောင်၏ တုံ့ပြန်မှုက ဇာ့စ်အပါအဝင် ရှိသမျှလူတိုင်းကို မှင်တက်သွားစေသည်။
"ဒီဟွာရှားလူမျိုးက ဦးနှောက်ပျက်စီးနေတာလား"
"သူ... သူ အခု ဘာနဲ့ရင်ဆိုင်နေရလဲဆိုတာကို နားမလည်ဘူးလား"
"ဘာကြောင့်မှန်းတော့မသိဘူး။ ငါတော့ တစ်ခုခုထူးဆန်းနေတယ်လို့ ခံစားမိတယ်နော်..."
"ဟေ့.. မင်းတို့ ကင်မရာတွေကို ဘယ်မှာတပ်ထားတာလဲ။ အထူးစွမ်းရည်ပြဇာတ်လမ်းတစ်ခု ရိုက်နေတာလား။ အဲ့ဒါ Ultramanလား။ ဒါမှမဟုတ် ကာမန်ရိုက်ဒါလား။ ငါလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ဝင်ရိုက်လို့ရမလား"
ကျန်းမုန့်လောင်က အပြစ်ကင်းစင်သောလေသံဖြင့် မေးလိုက်သည်။
ဇာ့စ်တစ်ယောက် သတိပြန်ဝင်လာသည်။ ကျန်းမုန့်လောင်က သူတို့ကို ရုပ်ရှင်ရိုက်နေသည်ဟု ထင်နေခြင်းပင်။
"ဝှစ်"
နောက်ထပ် လေပြည်ဓားသွားတစ်လက် ပျံဝဲလာပြန်သည်။ ဤတစ်ခေါက်တွင်မူ ကောင်းကင်ထက်တွင် ပျံသန်းနေသော ပင်လယ်ငှက်တစ်ကောင်ဆီသို့ ဦးတည်သွားလေသည်။
ကံမကောင်းအကြောင်းမလှရှာသော ပင်လယ်ငှက်လေးခမျာ ချက်ချင်း နှစ်ပိုင်းဖြတ်ခံလိုက်ရပြီး သူ့ခန္ဓာကိုယ်နှင့် သွေးများက သင်္ဘောကုန်းပတ်ပေါ်သို့ ကျဆင်းလာသည်။
"အိုး"
ဝမ်လင်၏ကောင်မလေးက နောက်တစ်ကြိမ် အော်ဟစ်မိမတတ်ဖြစ်သွားသည်။ ဝမ်လင်က သူ(မ)ကို နောက်ထပ် ပစ်မှတ်ဖြစ်မလာစေရန်အတွက် သူ(မ)ပါးစပ်ကို အလျင်အမြန်အုပ်ကာထားလိုက်သည်။
"ကျန်းမုန့်လောင်.. ငါ မင်းနဲ့နောက်ပြောင်နေဖို့ အချိန်မရှိဘူး။ ငါ..."
"ချလင် ချွမ်"
ထိုအချိန်တွင် ကျန်းမုန့်လောင်က သူ့အိတ်ကပ်ထဲမှ ရွှေဒင်္ဂါးများကို ထုတ်ယူကာ ဇာ့စ်ဆီသို့ ပစ်ပေးလိုက်သည်။
"နောက်တစ်ခါ ထပ်လုပ်ပြဦး။ နောက်တစ်ခါထပ်လုပ်ပြဦး"
"ချလင် ချွင်"
ဤသည်မှာ ရွှေဒင်္ဂါးအစစ်များဖြစ်သည်။ ဒင်္ဂါးတစ်ပြားက ဇာ့စ်၏ခြေထောက်နားသို့ လိမ့်သွားပြီး ကြမ်းပြင်ပေါ်တွင် ငြိမ်ကျသွားသည်။
"ငါ မင်းကို နှစ်စဉ်လစာ ဒေါ်လာသန်း၂၀ပေးမယ်။ ငါနဲ့အတူ ဟွာရှားကိုပြန်လိုက်ပြီး ငါ့မီးဖိုချောင်မှာ စားဖိုမှူးလုပ်မလား။ ဒီနေ့ကစပြီး ဆာရှီမီလှီးတာတို့ အသားကင်လှီးတာတို့ အကုန် မင်းလုပ်ပေးရမယ်"
ဇာ့စ်က ကျန်းမုန့်လောင်ကို မစင်စားလိုက်ရသလို အမူအရာမျိုးဖြင့် ကြည့်လိုက်သည်။ သူ့ဦးနှောက်က တံခါးကြားမှာ ညပ်သွားတာလား။
"ဒင်.. စွမ်းအားအမှတ်၂၀ရတဲ့အတွက် ကျောင်းအုပ်ကြီးကို ဂုဏ်ပြုပါတယ်"
ကျန်းမုန့်လောင်လည်း ချက်ချင်းပင် ဝမ်းသာသွားရသည်။ အမှတ်၂၀ထပ်ရလိုက်သဖြင့် စုစုပေါင်းအမှတ်၅၀ရှိသွားပြီဖြစ်၏။ နည်းနည်းလောက်ထပ်အားထုတ်လိုက်ရုံဖြင့် အမှတ်၁၀၀အထိ ရောက်နိုင်သည်။ ဆက်ကြိုးစားထား!
"ဇာ့စ်..သူနဲ့အချိန်ဖြုန်းမနေနဲ့။ သူ့ဆီကပစ္စည်းကို ထုတ်ပေးခိုင်းလိုက်။ ပြီးမှ ငါတို့ တခြားနေရာမှာ ထပ်တိုက်ခိုက်ကြတာပေါ့"
အင်ဒီမှ စိတ်မရှည်ဖြစ်နေသော သန္ဓေပြောင်းလူသားတစ်ဦးက ကြားဖြတ်ပြောလာလေသည်။
"ကျန်းမုန့်လောင်.. ငါ့စိတ်ကိုလာမဆွနဲ့နော်"
ဇာ့စ်က အေးစက်စွာပြောလိုက်သည်။
"မနေ့က မင်းဝယ်ထားတဲ့ အမတဆေးလုံးကို ငါ့လက်ထဲထည့်ပေးလိုက်။ ဒါဆိုရင် ငါတို့ မင်းအသက်ကို ချမ်းသာပေးမယ်။ အဲ့လိုမှမဟုတ်ရင်တော့ မြေထဲပင်လယ်ထဲမှာပဲ လက်စတုံးခံရဖို့ပြင်ထားလိုက်တော့"
"အိုး..မင်းတို့က အမတဆေးလုံးအတွက် ရောက်လာကြတာလား"
ကျန်းမုန့်လောင်က ရုတ်တရက် နားလည်သလိုအမူအရာဖြင့် ပြန်ပြောလိုက်သည်။
"မနေ့က ကုယွမ်ဝူဆိုတဲ့ ဟွာရှားလူမျိုးကလည်း လာမေးသွားသေးတယ်။ ဒါပေမဲ့ မင်းတို့နောက်ကျသွားပြီ"
"ဘာ"
အားလုံးတုန်လှုပ်သွားကြသည်။ သူတို့သည် ကုယွမ်ဝူတစ်ယောက် ကျန်းမုန့်လောင်၏အခန်းထဲမှ ဘာတစ်ခုမှယူသွားသည်ကို မမြင်ခဲ့ကြပေ။ သူတို့ တိတ်တဆိတ်လဲလှယ်မှုတစ်ခု ပြုလုပ်ခဲ့ကြလေသလား။
"အဲဒီအမတဆေးလုံးကို ငါ့ရဲ့ဝမ်ချိုင်က စားပစ်လိုက်ပြီ"
ကျန်းမုန့်လောင်က ကြမ်းပြင်ထက်ရှိ ဝမ်ချိုင်ကို လက်ညှိုးထိုးပြလိုက်သည်။
"အခု ဆေးလုံးကမရှိတော့ဘူး။ မင်းတို့လိုချင်ရင် ခွေးတစ်ကောင်တော့ရှိတယ်"
*************