သူက ငါ့မိသားစုထဲက အားအနည်းဆုံးဘော်ဒီဂတ်ပဲ
Vol. 16 Ch. 239
"ဘာ... ဘာ?"
ကျန်းမုန့်လောင်နှင့် သူ့အဖော်သုံးယောက်ကလွဲ၍ ကျန်သူများအားလုံး ကြက်သေသေသွားကြသည်။ အမတဆေးလုံးကို ခွေးတစ်ကောင်က စားပစ်လိုက်ပြီတဲ့လား။ ထိုအရာမှာ ယူရိုဘီလီယံပေါင်းများစွာ တန်ဖိုးရှိသည့် ရတနာတစ်ပါးပင်။ ထိုအရာကား ကမ္ဘာပေါ်တွင် တစ်လုံးတည်းရှိသော စင်စစ်ထူးကဲလှသည့်အရာတစ်ခုပင်။
သူတို့အနေနှင့် ထိုအမတဆေးကို သူတို့နိုင်ငံသို့ ယူသွားနိုင်ခဲ့လျှင်ပင် ထိုဆေးကို မည်သူသောက်ရမလဲဆိုသည်ကို ရွေးချယ်သည့်လုပ်ငန်းစဉ်က သေချာပေါက်တင်းကျပ်ပြီး စေ့စပ်လိမ့်မည်သာ။
ထိုကဲ့သို့ အရေးကြီးလှသည့်အရာကို ခွေးတစ်ကောင်က စားပစ်လိုက်ပြီဆိုခြင်းမှာ ယုံနိုင်ဖွယ်ရာမရှိပေ။
"ဒါမဖြစ်နိုင်ဘူး"
ရှယ်လ်က အံ့သြမှင်တက်စွာ အော်ဟစ်လိုက်သည်။
"ယူရိုဘီလီယံပေါင်းရာချီတန်တဲ့ ပစ္စည်းတစ်ခုကို ခွေးတစ်ကောင်က စားပစ်လိုက်ပြီဆိုတာကို ငါတို့က ယုံမယ်များထင်နေတာလား။ ငါတို့ကို ငတုံးတွေလို့ ထင်နေတာလား"
"အဲ့ဒါက မတော်တဆဖြစ်သွားတာပါ"
မနေ့ညက အဖြစ်အပျက်ကို ပြန်သတိရလိုက်မိသည့်အခါ ကျန်းမုန့်လောင်ခမျာ ရယ်ရအခက်၊ ငိုရအခက် ဖြစ်နေလေတော့သည်။
"ငါကျိန်ရဲတယ်။ အဲဒီဆေးလုံးကို ဒီခွေးက တကယ်စားပစ်လိုက်တာ။ ငါ မုသားတစ်ခုခုပြောခဲ့မိရင် ဒီနေရာမှာတင် ပြောင်းပြန်မတ်တတ်ရပ်ပြီး ခေါင်းလျှော်ပြမယ်"
"ရှယ်လ်...ဒီကောင်ပြောသမျှ အလိမ်အညာတွေချည်းပဲ။ သူ့ကိုသတ်ပစ်လိုက်စမ်းပါ"
အဘယ်နိုင်ငံမှ လာသည်ကိုမသိသော သန္ဓေပြောင်းလူသားတစ်ယောက်က ပြောလာလေသည်။ သူ့အသားအရေမှာ ဖြူရော်ပြီး ပိန်လှီကာ ဥရောပရှိ သွေးစုပ်ဖုတ်ကောင်များနှင့်ပင် ခပ်ဆင်ဆင်တူနေပေသည်။
"ငါတကယ်ပြောနေတာ။ မယုံရင် သူတို့ကိုမေးကြည့်"
ကျန်းမုန့်လောင်က ဝမ်လင်နှင့်သူ့အဖော်များကို လက်ညှိုးထိုးပြလိုက်သည်။
လူအားလုံး၏မျက်လုံးများက ချက်ချင်းပင် ဝမ်လင့်ဘက်သို့ လှည့်လာကြသည်။
ဝမ်လင်လည်း ဤသတ္တဝါဆန်းများ၏အာရုံကို သူ့ဆီရောက်လာအောင် လုပ်လိုက်သည့်အတွက် ကျန်းမုန့်လောင်၏ဘိုးဘေးများကို စိတ်ထဲမှ တိတ်တိတ်ဆဲရေးနေမိသည်။ ကျန်းမုန့်လောင်က ဘယ်လိုလုပ်ပြီး သည်လောက်အထိ အသည်းနှလုံးမဲ့ရလေသလဲ။
ဝမ်လင့်ကို ပိုအံ့အားသင့်စေသည့် ကိစ္စမှာ ကျန်းမုန့်လောင်က ဤကဲ့သို့ မယုံနိုင်စရာကောင်းလောက်သည့် အခြေအနေမျိုးတွင် တည်တည်ငြိမ်ငြိမ်ရှိနေသည့် အဖြစ်ပင်။ ထို့ပြင် သူက ရွှေဒင်္ဂါးများကိုပင် သူတို့ဆီကို ပစ်ပေးရဲသေးသည်။ ဤသည်မှာ ပရဟိတတစ်ခုလေလား။ သူတို့ကို ဆပ်ကပ်အဖွဲ့သားများသဖွယ် သဘောထားနေခြင်းလေလား။
ထို့ပြင် ကျန်းမုန့်လောင်က ထိုရွှေဒင်္ဂါများကို ဘယ်အချိန်ကများ တိတ်တိတ်လေးပြင်ဆင်ထားလေသလဲ။ သူကရော ဘာလို့သတိမထားမိရလေသလဲ။
"အမတဆေးလုံးကို ဒီခွေးက စားပစ်လိုက်တာလို့ သူပြောလိုက်တာမလား"
ရှယ်လ်က ဝမ်လင့်ကို မေးလိုက်သည်။
ရှယ်လ်၏ ပြင်းထန်လှသောအကြည့်အောက်မှာ ဝမ်လင်လည်း ခေါင်းညိတ်ပြလိုက်သည်။
"သောက်ကျိုးနည်း.. ဒီလိုဖြစ်လာမယ်မှန်းသာ ကြိုသိခဲ့ရင် ငါ လေလံပွဲပြီးပြီးချင်း ထွက်ပြေးသွားမှာပေါ့"
"ရှယ်လ်"
မျက်မှန်တပ်ထားသော ဒါမန်လူမျိုးက ထူးဆန်းလှသော ကိရိယာတစ်ခုကို ကိုင်ထားရင်း ကြားဖြတ်ပြောလာလေသည်။
"သူ့ဆီမှာ အမတဆေးလုံးရဲ့စွမ်းအင်သဲလွန်စတွေ မတွေ့ရဘူး။ အဲ့ဒီပစ္စည်းက သူ့ဆီမှာ တကယ်မရှိလောက်ဘူး"
"သေစမ်း"
ရှယ်လ်က ဒေါသတကြီးဆဲရေးလိုက်ချေသည်။
"မဖြစ်နိုင်ဘူး"
အခြားတစ်ယောက်က ဝင်ပြောလာသည်။
"ဟွာရှားလူမျိုးတွေက လှည့်ကွက်တွေအများကြီးသုံးတတ်တယ်။ မင်းတို့တောင် စွမ်းအင်လှိုင်းကို ခြေရာခံနိုင်တဲ့ ကိရိယာတွေကို တီထွင်နိုင်တယ်ဆိုရင် သူတို့လည်း စွမ်းအင်အချက်ပြကို ဖုံးကွယ်နိုင်တဲ့နည်းလမ်းတစ်ခုခုတော့ ရှာနိုင်မှာပဲ"
"ဟုတ်တ်။ သူတို့တွေအကုန်လုံးကိုသတ်ပြီးမှ သင်္ဘောပေါ်မှာ ဖြည်းဖြည်းချင်းရှာကြမယ်"
"ဟွာရှားလူမျိုး.. ငါ မင်းကို နောက်ဆုံးအကြိမ်အခွင့်အရေးတစ်ခုပေးမယ်"
ရှယ်လ်က ကျန်းမုန့်လောင်ဘက်သို့လှည့်လိုက်သည်။ သူတို့သာ ကျန်းမုန့်လောင်ကိုသတ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါက မီတာရာချီကျယ်ဝန်းသော ဖျက်သင်္ဘောပေါ်တွင် ဆန်စေ့အရွယ်မျှသာရှိသော အမတဆေးလုံးကို ရှာဖွေရန်မှာ တကယ်တမ်းတွင် မဖြစ်နိုင်ကြောင်း သူတို့ ကောင်းကောင်းသိထားသည်။
"ဝိုး..ငါ ရူးတော့မှာပဲ။ အဲ့ဒီဆေးကို ခွေးစားလိုက်ပါပြီလို့ တစ်ချိန်လုံးပြောနေတာကို မင်းတို့ကမယုံဘူးပေါ့"
ကျန်းမုန့်လောင်က ခံပြင်းဒေါသထွက်နေလေဟန် အမူအရာကို ပြသလာသည်။
"ပြီးတော့ ငါကမ်းလှမ်းထားတဲ့ စားဖိုမှူးအလုပ်ကရော။ တစ်နှစ်ကို သန်းနှစ်ဆယ်ပေးတာက မလောက်ဘူးဆိုရင် သန်းသုံးဆယ်အထိ တိုးပေးနိုင်တယ်။ ဒါပေမဲ့ အခုကစပြီး ငါက ကြံချောင်းစားချင်တယ်ဆိုရင် မင်းကိုယ်တိုင် ငါ့ကို အခွံခွာပေးရမှာနော်"
"ဟွာရှားလူမျိုး..မင်းကတော့ သေချင်နေတာပဲ"
ရှယ်လ်က စူပါလူသားအဖွဲ့အစည်းတွင် ရာထူးမြင့်မြင့်မရှိသော်ငြား သာမန်လူများအတွက်မူ သူသည် နတ်ဘုရားတစ်ပါးအလားပင်။ ရှယ်လ်အနေနှင့် ဘယ်သောအခါကများ ယခုလိုသာမန်လူသားတစ်ယောက်ထံမှ ယခုလို လှောင်ပြောင်ခံခဲ့ရဖူးသလဲ။
ကျန်းမုန့်လောင်က အစမှ အဆုံးထိတိုင် သူတို့ကို ရိုသေလေးစားမှု အနည်းငယ်သော်မှ မပြသခဲ့ဘဲ ရှယ်လ်၏ဒေါသကိုသာ ငယ်ထိပ်ထိတိုင် ရောက်စေခဲ့သည်။
"ဒါဆို ငါ မင်းရဲ့သူငယ်ချင်းတွေကိုအရင်သတ်မယ်။ ပြီးမှ မင်းအလှည့်ပေါ့"
အဆုံးမှာတော့ ရှယ်လ်က သတ်ဖြတ်လိုသော ရည်ရွယ်ချက်ကို စတင်ထုတ်ဖော်ပြသလာသည်။ သူ့ပတ်ပတ်လည်ရှိလေထုသည် မမြင်ရသော အင်အားတစ်ခုဖြင့် ဖိညှစ်ခံထားရသလို ဖြစ်နေပြီး မမြင်ရသောဓားသွားများကလည်း ပတ်ပတ်လည်၌ ဝန်းရံနေကာ မျက်စိဖြင့် မမြင်ရသော်လည်း ပတ်ဝန်းကျင်ရှိ သန္ဓေပြောင်းလူသားများကတော့ လေထဲတွင် အနည်းငယ်စူးရှသောအရာတစ်ခု ရှိနေသည်ကို ခံစားမိကြသည်။
မမြင်ရသော ဓားသွားများက ဝမ်လင်နှင့် သူ့အဖော်များထံသို့ ချက်ချင်းဦးတည်သွားလေသည်။ သူတို့က အမှန်တကယ်ပင် သေစေလိုသောဆန္ဒဖြင့် တိုက်ခိုက်လာခြင်းဖြစ်၏။
လေပြည်ဓားသွားများက သံမဏိကုန်းပတ်ကို ဖြတ်သန်းလာသောအခါ လွယ်လင့်တကူအပိုင်းပိုင်းဖြတ်တောက်ပစ်လိုက်သည်ဖြစ်ရာ ဝမ်လင်တို့တစ်သိုက်လည်း သူတို့ မည်ကဲ့သိုသော အန္တရာယ်မျိုးနှင့် ရင်ဆိုင်ရနိုင်သလဲဆိုသည်ကို မသိလိုက်ခင်မှာပင် နှစ်ပိုင်းကွဲသွားပေလိမ့်မည်သာ။
သို့သော် ကုန်းပတ်ပေါ်ရှိ အက်ကွဲကြောင်းကြီးမှာ တစ်စုံတစ်ရာက တားဆီးထားလိုက်သည့်အလား ဝမ်လင်၏အရှေ့တစ်မီတာအကွာတွင် ရပ်တန့်သွားခဲ့သည်။
ထိုအချိန်တွင် ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့လည်း ကြမ်းပြင်ပေါ်ရှိ အက်ကွဲကြောင်းကြီးကို သတိထားမိလိုက်သည်။ ဝမ်လင်၏ကျောပြင်ဆိုလျှင် ချက်ချင်းပင် ချွေးများစိုရွှဲသွားချေသည်။
"အမလေး.. သူတို့က တစ်ခွန်းတောင်မဟတော့ဘဲ တကယ်သတ်ဖို့ကြိုးစားကြတော့တာကိုး"
ကျန်းမုန့်လောင်လည်း ထိုလူများ၏ရက်စက်မှုကို ပထမဆုံးအကြိမ်အဖြစ် သဘောပေါက်သွားသည်။ ယဲ့ရင်ကြောင့်သာမဟုတ်ပါက ထိုအခိုက်အတန့်လေးမှာ ဝမ်လင်နှင့် သူ့ကောင်မလေးတို့ အပိုင်းပိုင်းပြတ်ပြီး သေဆုံးနေလောက်ပြီ။
"ဒီလူတွေက တကယ်ပဲ ဒီလိုလက်လွတ်စပယ်လူသတ်ခွင့်ရှိတာလား"
ကျန်းမုန့်လောင်၏ရင်ထဲ အေးခနဲဖြစ်သွားသည်။
"မစ္စတာကျန်း.. ဒီလူတွေအတွက်တော့ သာမန်လူသားတွေရဲ့အသက်က ဈေးပေါတဲ့အရာတစ်ခုပါပဲ"
ယဲ့ရင်၏အသံက သင်္ဘောကုန်းပတ်ပေါ်မှ ထွက်ပေါ်လာသည်။ သူ့ရုပ်သွင်ကလည်း သရဲတစ္ဆေတစ်ကောင်အလား ကျန်းမုန့်လောင်ရှေ့သို့ ထွက်ပေါ်လာချေသည်။
"သူတို့က သေသေသပ်သပ်လုပ်ကိုင်ပြီး လူပေါင်းများစွာကို အထိတ်တလန့်ဖြစ်အောင် မလုပ်မိသရွေ့ ဘာမဆိုလုပ်ရဲကြပါတယ်"
ဝမ်လင်က ခြေနှစ်လှမ်းမျှ နောက်ဆုတ်လိုက်သည်။ သူ့မသိစိတ်ထဲတွင် သူနှင့် သက်တူရွယ်တူသာရှိဦးမည့် ဤလူငယ်လေးက ထိုမကောင်းဆိုးဝါးများထက်ပင် ပိုကြောက်ဖို့ကောင်းသည်ဟု ပြောနေချေသည်။
"မင်းက ဘယ်သူလဲ"
ရှယ်လ်၏မျက်ဝန်းများ မှေးကျဉ်းသွားရသည်။
"မင်းက ဟွာရှားက နိုးထသူတစ်ယောက်လား။ ဒါမှမဟုတ် ရှေးဟောင်းသိုင်းပညာရှင်လား"
"မဟုတ်ဘူး။ သူက နိုးထသူတစ်ယောက်ပဲဖြစ်ရမယ်"
ရှယ်လ်က ချက်ချင်းကောက်ချက်ချပစ်လိုက်သည်။ ဟွာရှားရှိ ရှေးဟောင်းသိုင်းပညာရှင်များသည် ငယ်စဉ်ကတည်းက ကျင့်ကြံအားထုတ်ခဲ့ကြပြီး အသက်ငါးဆယ်ခြောက်ဆယ်အရွယ်မှသာ ပေါက်မြောက်အောင်မြင်မှုကို ရရှိတတ်ကြသည်။ အကယ်၍ သူသာ ရှေးဟောင်းသိုင်းပညာရှင်တစ်ယောက်ဆိုပါက ယဲ့ရင်လိုအသက်အရွယ်မျိုးတွင် အဆင့်နှစ် သို့မဟုတ် အဆင့်သုံးမျှသာ ရှိနိုင်ဦးမည်ဖြစ်၏။
သူ့လေပြည်ဓားသွားများကို ပိတ်ဆို့နိုင်ဖို့အတွက်ဆိုလျှင် အဆင့်ငါး သို့မဟုတ် ထိုထက်ပိုမြင့်မျှသာ ဖြစ်နိုင်ခြေရှိပေလိမ့်မည်။ ထူးခြားစွမ်းရည်များဖြင့် မွေးဖွားလာသော နိုးထသူတစ်ယောက်ကသာ ယခုလိုစွမ်းရည်မျိုး ပိုင်ဆိုင်နိုင်သည်။
သို့သော် ယဲ့ရင်က စကားတစ်ခွန်းမှမပြောပေ။ သူသည် တကယ်တမ်းတွင် အလွန်တိတ်ဆိတ်သော လူတစ်ယောက်ဖြစ်ပြီး ကျန်းမုန့်လောင်နှင့် သူနှင့်ဆက်စပ်သူများကလွဲလျှင် အခြားမည်သူ့ကိုမျှ နှစ်ခါပြန်မကြည့်တတ်ပေ။
"သတိထား။ ဟွာရှားက ဒီနိုးထသူက လှည့်စားတတ်တယ်"
"ယဲ့ရင်.. သူ့ကို ငါ့အတွက် သွားရိုက်ပေးစမ်းပါ"
ကျန်းမုန့်လောင်က ရှယ်လ်ကို လက်ညှိုးထိုးပြလိုက်သည်။
"ဟုတ်ကဲ့ပါ မစ္စတာကျန်း"
ယဲ့ရင်၏ခန္ဓာကိုယ်က လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားပြီး ဖြောင်းခနဲအသံနှစ်သံသာ ထွက်ပေါ်လာကာ ရှယ်လ်၏မျက်နှာထက်တွင် အနီရောင်လက်ဝါးရာကြီးနှစ်ခု ပေါ်ပေါက်လာသည်။
ခဏအကြာတွင် ယဲ့ရင်က မူလနေရာသို့ ပြန်ရောက်လာ၏။ ထိုဖြစ်စဉ်တစ်ခုလုံးမှာ တစ်စက္ကန့်ပင်မကြာလိုက်ချေ။
"ဖွီး"
ရှယ်လ်ခမျာ သွားအကျိုးများနှင့် သွေးတစ်ပွက်စာကို အန်ထုတ်ပစ်လိုက်သည်။ သူ့မျက်နှာထက်တွင်မူ နီရဲနေသော လက်ဝါးရာကြီးနှစ်ခုက အထင်းသားပင်။ သူ့အမူအရာကတော့ အလွန်တရာအံ့အားသင့်နေချေသည်။
သူသည် တုံ့ပြန်ဖို့မဆိုထားနှင့်။ ယဲ့ရင်၏လှုပ်ရှားမှုကိုပင် လုံးဝမမြင်လိုက်ရပေ။ သူ့စွမ်းအားက အဆင့်ကိုးအထူးနိုးထသူတစ်ယောက်ကိုပင် ကျော်လွန်နေလေသလား။
ရှယ်လ်က ဟွာရှားမှ အထူးနိုးထသူသုံးယောက်နှင့် မတွေ့ဖူးသော်ငြား သူတို့၏ဓာတ်ပုံများကိုတော့ မြင်ဖူးသည်။ ထိုအထဲတွင် သူ့ရှေ့ရှိလူငယ်လေးတော့ မပါချေ။
"သူက ဟွာရှားက လျှို့ဝှက်ထားတဲ့ ဆရာတစ်ယောက်များလား"
ရှယ်လ်လည်း ကြောက်ဖို့ကောင်းသည့် ဖြစ်နိုင်ခြေတစ်ခုကို တွေးဆလိုက်မိသည်။
"ဒါမှမဟုတ် ဒီလူ့ကို ကျန်းမုန့်လောင်ရဲ့မိသားစုကိုယ်တိုင် လေ့ကျင့်ပေးထားတာများလား"
"မဟုတ်ဘူး။ မဖြစ်နိုင်ဘူး"
ရှယ်လ်က ထိုအတွေးကို ချက်ချင်းပယ်ချလိုက်သည်။ အဆင့်ကိုးထက်ကျော်လွန်ထားသော နိုးထသူတစ်ယောက်ကို လေ့ကျင့်သင်ကြားပေးမည်တဲ့လား။ သူတို့အမေရိကတစ်နိုင်ငံလုံးပင်လျှင် ထိုသို့မလုပ်နိုင်ပေ။
ကျန်းမုန့်လောင်က နိုင်ငံတစ်နိုင်ငံလောက် ချမ်းသာသည်ဆိုသော်ငြား များပြားလှသော သူ့ပိုက်ဆံများဖြင့် မစွမ်းဆောင်နိုင်သောကိစ္စတချို့လည်း ရှိသေးသည်သာ။
သူတို့၏အမေရိကမှာ သန္ဓေပြောင်းလူသားများကို ဖန်တီးရာတွင် သုံးစွဲခဲ့သော ဆေးဝါးများက အမေရိကန်ဒေါ်လာထရီလီယံချီ၍ ကုန်ကျခဲ့သည်။ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က ဘယ်လောက်ပဲချမ်းသာချမ်းသာ နိုင်ငံတစ်နိုင်ငံ၏သိပ္ပံသုတေသနှင့် နည်းပညာအင်အားကိုတော့ ယှဉ်နိုင်မည်တဲ့လား။
"ကျန်းမုန့်လောင် .. သူကဘယ်သူလဲ"
ထိုအချိန်တွင် ဝမ်လင်က ထိတ်လန့်နေရာမှ အနည်းငယ်ပြန်သတိဝင်လာသည်။ ဤလူငယ်လေး၏ ရုတ်တရက်ထွက်ပေါ်လာခြင်းက အတော်လေးအထင်ကြီးဖို့ကောင်းလှသည်။
ကျန်းမုန့်လောင်က ဝမ်လင့်ကို ပြုံးပြလိုက်သည်။
"ဒါက ငါ့ရဲ့ကိုယ်ပိုင်ဘော်ဒီဂတ်လေ။ အထင်ကြီးဖို့ကောင်းတယ်မလား။ ဒါပေမဲ့ သူက ငါတို့မိသားစုထဲမှာ အားအနည်းဆုံးပဲ"
**************