← Chapters

- မပြေးနဲ့ဦး။ ဆက်နေပြီး ငါကြွားတာကို ကြည့်ဦးလေ

Vol. 16 Ch. 240

- မပြေးနဲ့ဦး။ ဆက်နေပြီး ငါကြွားတာကို ကြည့်ဦးလေ

Vol. 16 Ch. 240

"ဒင်! စွမ်းအားအမှတ်၂၀ရလိုက်တဲ့အတွက် ကျောင်းအုပ်ကြီးကို ဂုဏ်ပြုပါတယ်"

"ဟားဟားဟား.. ဒါက စွမ်းအားအမှတ်တွေရဖို့အတွက် အကောင်းဆုံးအကွက်ပဲဟေ့"

ကျန်းမုန့်လောင်က ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောလိုက်သည်။

"မင်းရဲ့ကိုယ်ပိုင်ဘော်ဒီဂတ်လား။ အားအနည်းဆုံးပေါ့လေ"

ဝမ်လင့်ခမျာ မျက်လုံးအပြူးသားဖြစ်သွားရသည်။

"သူက အစကတည်းက ငါတို့နဲ့အတူ ဥရောပကိုလိုက်လာတာလား"

"ဒါပေါ့။ အဲ့လိုမှမဟုတ်ရင် သူ့ကို ကိုယ်ပိုင်ဘော်ဒီဂတ်လို့ ဘာလို့ခေါ်တော့မှာလဲ"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်လေသည်။

"ငါက အရမ်းချမ်းသာတယ်လေ။ ဒီတော့ ငါ့ချမ်းသာကြွယ်ဝမှုကို လုယူဖို့ကြိုးစားမဲ့လူတွေလည်း‌ သေချာပေါက်ရှိတာပေါ့။ ငါ့အနားမှာသာ ဘော်ဒီဂတ်နည်းနည်းလောက်မထားဘူးဆိုရင် ငါက လူသားATMကြီးဖြစ်နေမှာမဟုတ်ဘူးလား"

"ဒါပေမဲ့ ငါက သူ့ကို ဘာလို့သတိမထားမိရတာလဲ"

ဤသည်မှာ ဝမ်လင့်ကို အံ့အားအသင့်စေဆုံးကိစ္စပင်။ သူတို့နှင်အတူ တစ်ပတ်လောက်အတူရှိနေခဲ့သော လူသားတစ်ယောက်ကို သူကတော့ လုံးဝသတိမထားခဲ့မိချေ။

"ဒါကတော့ ဖြစ်သင့်ဖြစ်ထိုက်တာပဲလေ။ သူ့မှာ စွမ်းရည်တစ်ခုခုသာ မရှိဘူးဆိုရင် ဘယ်လိုလုပ်ပြီး ငါ့ဘော်ဒီဂတ်ဖြစ်လာနိုင်မှာလဲ"

ကျန်းမုန့်လောင်ကလည်း ခွန်းတုံ့ပြန်လိုက်သည်။

"သူတို့က တကယ်ပဲ ဘယ်သူတွေလဲ"

ယခုမူ ဝမ်လင့်စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ စိုးမိုးထားသည်။

"ကိုယ့်လူ… မင်းမှာ မေးစရာတွေများနေလား"

ကျန်းမုန့်လောင်က ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောလာလေသည်။

"ငါ မနေ့ကပြောခဲ့သားပဲ။ ဒီကမ္ဘာပေါ်မှာ သာမန်လူတွေရဲ့မျက်လုံးနဲ့ မမြင်နိုင်တဲ့အရာတွေ အများကြီးရှိတယ်လို့။ အခု မင်းနားလည်ပြီလား"

"မင်း ဟိုအမတဆေးအကြောင်း ပြောနေတာလား"

ဝမ်လင်လည်း ရုတ်တရက်ကြီး သဘောပေါက်သွားသည်။

အကြည့်တစ်ချက်တည်းနှင့် သတ္တုကိုပင် ဖြတ်တောက်နိုင်သူတစ်ယောက်ကို မည်သူကများ မြင်ဖူးပါအံ့နည်း။ ယခုတော့ သူ မြင်ဖူးလိုက်ပြီ။ သူကိုယ်တိုင် မျက်စိနှင့်တပ်အပ်မြင်ခဲ့ခြင်းမဟုတ်ပါက ထိုကဲ့သို့သောအရာများ ဤကမ္ဘာပေါ်တွင် ရှိလေကြောင်း သူ ယုံကြည်နိုင်မည်မဟုတ်။

ထို့ပြင် မနေ့က အမတဆေးလုံးကို အပြင်းအထန်ပြိုင်လုခဲ့ကြတုန်းက ဝမ်လင် ထိုအဖြစ်ကို လှောင်ပြောင်ခဲ့သော်ငြား ယခုတော့ဖြင့် သူကသာ အမြင်မရှိသူဖြစ်ကြောင်း သိလိုက်ရသည်။ ထိုအရာကသာ လူလိမ်များဖန်တီးထားသည့် ဆေးအတုဆိုပါလျှင် ဤမျှများပြားလှသည့် နိုင်ငံပေါင်းများစွာက အသည်းအသန်အရယူဖို့ ကြိုးစားမည်တဲ့လား။ အလွန်အမင်းထူးချွန်လှသော ဤလူများက သည်လောက်အန္တရာယ်များသည့်ကိစ္စမျိုးကိုရော ဖန်တီးပါ့မလား။

"မနေ့တုန်းက အမတဆေးလုံးက ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်နိုင်တဲ့အစွမ်းသတ္တိမျိုး တကယ်ရှိနေတာလား"

"ဟုတ်တယ်"

ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။

"ဘယ်လိုပြောရမလဲ။ ရှင်းရှင်းပြောရရင် ဒီကမ္ဘာပေါ်မှာ အထူးစွမ်းရည်ကိုပိုင်ဆိုင်ထားတဲ့ လူသားတချို့ရှိတယ်။ သန္ဓေပြောင်းလူသားတွေ ရှေးဟောင်းသိုင်းပညာရှင်တွေ ကျင့်ကြံသူတွေ..အိုး..ကျင့်ကြံသူတွေဆိုတာက ငါ့ဘာသာလုပ်ကြံပြီးပြောတာ။ သူတို့ တကယ်ရှိမရှိတော့ ငါလည်းမသိဘူး"

ဝမ်လင်က မျက်ဆန်လည်လိုက်မိသည်။ ကျန်းမုန့်လောင်က ယခုလိုအချိန်မျိုးမှာတောင် ဘယ်လိုလုပ်ပြီးတော့များ‌ နောက်ပြောင်နေနိုင်ရသလဲ။ ဤနေရာရှိအခြေအနေက အချိန်မရွေး တိုက်ပွဲတစ်ခုဖြစ်သွားနိုင်ကြောင်း သူမမြင်ဘူးလား။

"မနေ့တုန်းက အဲ့ဒီအမတဆေးက"

ကျန်းမုန့်လောင်က ဆက်ပြောလိုက်သည်။

"သူတို့ရဲ့ခွန်အားကို မြှင့်တင်ပေးနိုင်တယ်။ ပြီးတော့ သူတို့ကိုယ်စားပြုတဲ့နိုင်ငံကိုလည်း နိုင်ငံတကာရပ်တည်မှုမြင့်မားအောင် စွမ်းဆောင်ပေးနိုင်တယ်လေ။ ဒါဆို မင်း အခုနားလည်ပြီလား"

ဝမ်လင် ခေါင်းညိတ်ပြလိုက်သည်။ အတန်ငယ်နားလည်သွားသလိုရှိသော်ငြား သူ သေချာပေါက်သိသည့်ကိစ္စတစ်ခုမှာ ဤလူများက သာမန်လူများမဟုတ်ကြပေ။ သူတို့အာလုံးက ထိုအမတဆေးကို လိုက်နေကြခြင်းပင်။

"ဒါပေမဲ့ အဲ့ဒီဆေးကို မင်းရဲ့ခွေးက စားပစ်လိုက်ပြီလေ"

ဝမ်လင်လည်း ယုံရခက်နေဟန်ဖြင့် ပြောလိုက်သည်။

"မင်းရဲ့ခွေးက ဉာဏ်အလင်းပွင့်ပြီး အမတဖြစ်သွားတာတော့မဟုတ်ပါဘူးနော်"

"အဲ့ဒါတော့ ငါလည်းမသိဘူး။ ဒါပေမဲ့ သူ တော်တော်လေးဉာဏ်ကောင်းလာတာတော့ အမှန်ပဲ"

ကျန်းမုန့်လောင်က ဝမ်ချိုင်ကို သူ့ရင်ခွင်ထဲ ပွေ့ထားလိုက်သည်။

"မင်းက တကယ့်ကိုပဲ ဘယ်သူတုန်းကွ"

ကျန်းမုန့်လောင်နှင့်ပတ်သက်ပြီး ပိုမိုရှုပ်ထွေးလာသလို ဝမ်လင် ခံစားလိုက်ရသည်။ သူ့ချမ်းသာကြွယ်ဝမှုသာမက သူ့ကိုကာကွယ်ပေးနေသည့် အစွမ်းထက်ပြီးထူးခြားသည့်ပုဂ္ဂိုလ်ကလည်း ရှိနေပြန်သည်။

"ငါက ငါပဲလေ။ အရောင်မတူတဲ့ မီးရှူးမီးပန်းတစ်ခုပေါ့"

ကျန်းမုန့်လောင်က ပေါ့ပေါ့ပါးပါးပြောလိုက်လေသည်။

"တကယ်တော့ ဘာရယ်မဟုတ်ပါဘူး။ ငါ့မှာ ပိုက်ဆံနည်းနည်းရယ် မိသားစုဩဇာအာဏာနည်းနည်းနဲ့ နည်းနည်းလောက်အစွမ်းထက်တဲ့ ဘော်ဒီဂတ်တွေရှိနေရုံလေးပါပဲ"

"ဒါက နည်းနည်းလေးပေါ့လေ"

ဝမ်လင်ခမျာ မျက်ဆန်လည်လိုက်မိသည်။

"မင်းရဲ့ဘော်ဒီဂတ်တွေက အလုပ်ဖြစ်ပါ့မလား။ သူတို့ဘက်က ဆယ့်နှစ်ယောက်ကျော်လောက်ရှိတယ်နော်"

"အလုပ်ဖြစ်ပါ့မလားဆိုတာက ဘာသဘောလဲ။ ယောကျ်ားတစ်ယောက်က သူမလုပ်နိုင်တာကို မပြောဘူးကွ"

ကျန်းမုန့်လောင် ကြေညာချက်ထုတ်လိုက်သည်။

"သူတို့က ကျန်းမုန့်လောင်ဆီက လာလုယက်နေတာလေ။ ဒီနေ့ ဘာမှမချန်ထားခဲ့ဘဲ ဘယ်သူမှပြန်လို့မရဘူး"

"ဟွာရှားမှာ ဒီလောက်အစွမ်းထက်တဲ့လူရှိတာလား"

ထိုအခိုက်အတန့်ဝယ် သန္ဓေပြောင်းလူသားများအားလုံး၏ အမူအရာများမှာ အလွန်အမင်းလေးနက်သွားကြသည်။

သူတို့ထဲတွင် ရှယ်လ်ကသာ အသန်မာဆုံးဖြစ်၏။ သို့သော် သူ့ခမျာ ပြန်ခုခံဖို့ အခွင့်အရေးတစ်ခုမှ မရလိုက်ပါဘဲ ထိုပုဂ္ဂိုလ်ထံမှ အရိုက်ခံလိုက်ရသဖြင့် သူတို့လည်း စိုးရိမ်စိတ်များ ပြည့်နှက်သွားရသည်။

"လူတစ်ယောက်က ဘာလို့ပျောက်နေတာလဲ"

ရုတ်ခြည်းဆိုသလို ကိုင်ဘွန်နိုင်ငံမှ အရှင်ရှန်းယွမ်ပျောက်နေကြောင်း သူတို့ သတိထားမိလိုက်သည်။ သူတို့သည် တစ်ယောက်၏ဖြစ်တည်မှုကို တစ်ယောက်သိထားကြပြီး တချို့ဆိုလျှင် ယခင်က တိုက်ခိုက်ဖူးကြသည်။ ထို့ကြောင့် အရှင်ရှန်းယွမ်ကိုသိသူကလည်း တစ်ယောက်မကပေ။

"ဘယ်သူသိမှာလဲ။ ကိုင်ဘွန်က ရှီမန်ကုန်က မနေ့ညကပဲ ပြန်သွားပြီလေ။ ကြည့်ရတာ အရှင်ရှန်းယွမ်လည်း သူတို့နဲ့များ အတူပြန်သွားတာများလား"

"မနေ့က လေလံပွဲတုန်းကလည်း ရှီမန်ကုန်က ဘာလေလံမှမတင်ခဲ့သလိုပဲ"

"သူတို့ တစ်ချိန်လုံး တစ်ခုခုကိုသိထားကြတာများလား"

"ဟမ့်! ငကြောက်ကိုင်ဘွန်လူမျိုး"

အရပ်ရှည်ပြီး ကြောက်မက်ဖွယ်ကောင်းသော သန္ဓေပြောင်းလူသားတစ်ယောက်က နှာခေါင်းရှုံ့လိုက်သည်။

"ဒီကမ္ဘာက ဒုတိယကမ္ဘာရဲ့စည်းမျဉ်းတွေနဲ့ ချည်နှောင်ထားတယ်လေ။ အဆင့်ခြောက်နဲ့အထက်ရှိတဲ့လူတွေက တခြားနိုင်ငံရဲ့လွှမ်းမိုးမှုအောက်မှာ ထင်တိုင်းကြဲလို့မရဘူး။ ပြင်သစ်နိုင်ငံသားတွေသာသိသွားရင် ဒီကျန်းမုန့်လောင် နယ်စပ်ကိုတောင် ဖြတ်နိုင်မှာမဟုတ်ဘူး။ ပြင်သစ်က အဆင့်ကိုးကိုကျော်ဖြတ်ထားနိုင်တဲ့ စွမ်းအားရှင်တစ်ယောက်က သူ့ကို ချက်ချင်းခေါင်းဖြတ်ပစ်မှာ"

"အမှန်ပဲ။ သူက သာမန်အဆင့်ခြောက်နိုးထသူတစ်ယောက်ထက်တော့ နည်းနည်းပိုအားကောင်းတာပဲလေ။ ငါတို့မှာလည်း လူအင်အားတွေအများကြီးရှိတယ်။ သူတစ်ယောက်တည်းကို ဘာလို့ကြောက်နေမှာလဲ"

"အတူတိုက်ခိုက်ကြစို့"

လျှပ်တစ်ပြက်အတွင်းမှာပင် လူတိုင်းက သဘောတူညီမှုယူလိုက်ကြလေရာ ယဲ့ရင်က သူတို့၏ဘုံရန်သူဖြစ်လာသည်။

သူတို့မသိသေးသည့်အချက်မှာ ယဲ့ရင်ကသာ သူ့ကိုယ်သူမဖော်ထုတ်လိုပါက အဆင့်ကိုးကိုကျော်ထားသော ကျွမ်းကျင်သူတစ်ယောက်ပင်လျှင် သူ့တည်ရှိမှုကို အာရုံခံနိုင်မည်မဟုတ်ပေ။ ထို့ပြင် ထိုကဲ့သို့သောလူတစ်ယောက်က သူ့တည်ရှိမှုကို အာရုံခံနိုင်ခဲ့လျှင်ပင် သူ့လမ်းကြောင်းကို လာတားရဲမလားဆိုသည်ကတော့ မသေချာပေ။

"ချီတက်ကြ"

အားလုံးက တစ်ပြိုင်တည်းနီးပါး စတင်တိုက်ခိုက်ကြပြီး တစ်ဒါဇင်ကျော်သော ပြင်းထန်လှသည့်အရှိန်အဝါများက သင်္ဘောတစ်စင်းလုံးကို အပြင်းအထန်တုန်ခါနေစေသည်မှာ ပြိုလဲသွားတော့မည့်အလားပင်။

"ယဲ့ရင်.. မြန်မြန်လုပ်။ ငါ ဒီည ကျောက်ပုစွန်စားဖို့စောင့်နေတယ်"

ကျန်းမုန့်လောင်က အမိန့်ပေးလိုက်သည်။

"ကျောက်ပုစွန်စားဖို့တောင် တွေးနေသေးတယ်ပေါ့။ ဟွာရှားလူမျိုး.. ဒီည မြေထဲပင်လယ်ထဲမှာ ငါးစားအကျွေးခံရဖို့ ပြင်ထားလိုက်တော့"

ရှယ်လ်က အရှေ့ကဦးဆောင်၍ တိုက်ခိုက်သည်။ အစောပိုင်းကအဖြစ်အပျက်ကိုတော့ သူသတိလွတ်သွား၍ဟုသာ မှတ်ယူလိုက်သည်။ ယဲ့ရင်က မြန်ကောင်းမြန်နိုင်သော်ငြား သူသာ တကယ်ပဲအစွမ်းထက်သည်ဆိုလျှင် အစောကတည်းက သူ့ခေါင်း ပေါက်ကွဲထွက်သွားလောက်ပြီဖြစ်၏။

"ဘုန်း"

ကြီးမားလှသော လှိုင်းလုံးကြီးတစ်ခုက ယဲ့ရင်၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ ပြီးခဲ့သည့်တစ်ခေါက် လာဆွပေးခဲ့သောသူကို ကိုင်တွယ်ခဲ့တုန်းကလိုပင်။ သူ့ဆီကို ချီတက်လာကြသူအားလုံးမှာ ထိုလှိုင်းလုံးကြောင့် လွင့်ထွက်ကုန်ကြသည်။

ဤစွမ်းအားသည် ကြောက်မက်ဖွယ်ရာကောင်းလှသည်။ လူဆယ်ယောက်ကျော် သွေးအန်သွားကြပြီးနောက်မှာ သူတို့မျက်လုံးထဲတွင် မယုံကြည်နိုင်လေဟန် အမူအရာတို့ဖြင့် ပြည့်နှက်သွားသည်။

သူတို့ သူ့ကို လျှော့တွက်မိခဲ့ကြသည်။ ဤလူငယ်လေးက အဆင့်ခြောက်နိုးထသူတစ်ယောက် မဖြစ်နိုင်ပေ။

"သူက အဆင့်ခုနစ် ဒါမှမဟုတ် အဆင့်ရှစ်နိုးထသူတစ်ယောက်ပဲ ဖြစ်ရမယ်။ ဒါမှမဟုတ် အဆင့်ကိုးကိုကျော်ဖြတ်ထားနိုင်တဲ့ နိုးထသူတစ်ယောက်လည်း ဖြစ်နိုင်တာပဲ"

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူ့ဆီမှာ အဆင့်ကိုးနိုးထသူတစ်ယောက်က ဘော်ဒီဂတ်အဖြစ် ဘယ်လိုလုပ်ရှိနိုင်မှာလဲ။ မဖြစ်နိုင်တာ"

သူတို့ နားမလည်နိုင်သည့်အချက်မှာ ဤမျှစွမ်းအားရှိသည့် နိုးထသူတစ်ယောက်မှာ ဟွာရှားနိုင်ငံအတွက်ပင် အရေးကြီးလှသောပုဂ္ဂိုလ်တစ်ဦးဖြစ်လေရာ ထိုလူက နိုင်ငံ့ခေါင်းဆောင်တစ်ယောက်မဟုတ်လျှင် တစ်စုံတစ်ယောက်၏ဘော်ဒီဂတ်အဖြစ် ရပ်တည်လိမ့်မည်မဟုတ်။

သို့တိုင် သူတို့မြင်တွေ့လိုက်ရသော စွမ်းအားကလည်း ဤအချက်က စစ်မှန်ကြောင်း ပြောပြနေသည်။ ထို့ပြင် ဤပုဂ္ဂိုလ်က သူ့စွမ်းအားကို အကုန်ထုတ်မသုံးရသေးပေ။

လူဆယ်ယောက်ကျော်လောက်က ပုံပျက်ပန်းပျက်ဖြင့် ကြမ်းပြင်ပေါ်တွင် လဲကျနေကြပြီး လေထဲတွင် ကျန်ရစ်နေသူဆိုလို့ အမေရိကမှ ရှယ်လ်တစ်ယောက်သာ ရှိ၏။ သူ့ကိုတော့ မမြင်ရသောလက်တစ်ဖက်က ဖမ်းချုပ်ထားဟန်ရှိပြီး လွတ်မြောက်ဖို့အတွက် ရုန်းကန်နေသည်မှာလည်း အချည်းနှီးပင်။

"သူ့ကိုသတ်ပစ်လိုက်"

ကျန်းမုန့်လောင်က အေးတိအေးစက်ပြောလိုက်လေသည်။ ယခင်က ဝမ်လင့်ကို သတ်ဖို့ကြိုးစားခြင်းကပင် ကျန်းမုန့်လောင်အတွက်တော့ ခွင့်လွှတ်၍မရနိုင်သည့်လုပ်ရပ်တစ်ခု ဖြစ်နေလေပြီ။ သူ့အနားရှိတစ်စုံတစ်ယောက်ကို အန္တရာယ်ပေးဖို့ ကြိုးစားရဲသူတိုင်းကို ခွင့်လွှတ်မပေးနိုင်ချေ။

"ဂျွတ်"

အရိုးကျိုးသံတစ်ခုကို ကြားလိုက်ရပြီးနောက် ရှယ်လ်၏လည်ပင်းလည်း ထောက်ခနဲကျိုးသွားလေတော့သည်။

"ဒုန်း"

အသက်ဓာတ်ကင်းမဲ့သွားပြီဖြစ်သော ရှယ်လ်က ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ့မျက်လုံးများမှာ မယုံကြည်နိုင်ဟန်ဖြင့် အပြူးသားဖြစ်နေခဲ့ပြီး သူ့နောက်ဆုံးအချိန်လေးမှာပင် အနိုင်မတိုက်နိုင်သောလူတစ်ယောက်ကို သွားရန်စမိခဲ့သည့်အဖြစ်ကို လက်မခံနိုင်ဖြစ်နေခဲ့သည်။

"အမှိုက်တွေ။ တစ်ယောက်မှမတိုက်ခိုက်နိုင်ကြဘဲနဲ့"

ကျန်းမုန့်လောင်က အထင်အမြင်သေးဟန်ဖြင့် မှတ်ချက်ပေးလိုက်သည်။

"ဒင်! စွမ်းအားအမှတ်၅၀ကိုရရှိလိုက်တဲ့အတွက် ကျောင်းအုပ်ကြီးကို ဂုဏ်ပြုပါတယ်"

"သေစမ်း..ဒီတစ်ခေါက်တော့ များသားပဲ"

ကျန်းမုန့်လောင် စိတ်ကျေနပ်သွားသည်။ ဤသို့ဆိုလျှင် သူ့တွင် စွမ်းအားအမှတ်၁၂၀ စုဆောင်းထားနိုင်ပြီးဖြစ်၏။

"ပြေးကြ"

တစ်စုံတစ်ယောက်က ရုတ်တရက်ကြီး ထအော်လာသည်။

အသန်မာဆုံးဖြစ်သော ရှယ်လ်ပင်လျှင် တစ်ဖက်လူက လက်တစ်ချောင်းတောင် မမလိုက်ရဘဲ အသတ်ခံလိုက်ရသည်။ ယခုမှသာ သူတို့ မပြန်ဘူးဆိုပါလျှင် ဤနေရာမှာတင် သုတ်သင်ခံရတော့မည်ဖြစ်၏။

"ယဲ့ရင်"

ကျန်းမုန့်လောင်က အော်ပြောလိုက်သည်။

"တံခါးကို သေချာပိတ်ထား။ တစ်ယောက်မှ ထွက်မပြေးစေနဲ့။ မင်းတို့တွေအကုန် ထွက်ပြေးသွားရင် ငါကြွားဝါပြတာကို ဘယ်သူကကြည့်ပေးမှာလဲ"

All Chapters