ဓားပြတိုက်နေတာနော်။ ပါသမျှပိုက်ဆံအကုန်ထုတ်ပေး
Vol. 17 Ch. 241
"ဟုတ်ကဲ့ပါ မစ္စတာကျန်း"
ယဲ့ရင်၏မျက်ဝန်းအစုံထဲဝယ် ခရမ်းရောင်အလင်းတန်းများ လက်နေချေသည်။ ဖျက်သင်္ဘောတစ်စီးလုံး၏ ပတ်ပတ်လည်တွင် မမြင်နိုင်သောနံရံတစ်ခု ပေါ်ထွက်လာဟန်တူပြီး ဤနေရာတစ်ခုလုံးကို အပြည့်အဝပိတ်ဆို့ထားလိုက်သည်။
"ဒုန်း"
ထွက်ပြေးဖို့ကြိုးစားသော ပထမဆုံးသန္ဓေပြောင်းလူသားခမျာ မမြင်ရသော နံရံတစ်ခုနှင့်ဝင်တိုက်ပြီး ဦးခေါင်းထိခိုက်မိကာ သွေးထွက်သွားလေသည်။
သူသည် မယုံနိုင်စရာကောင်းလောက်အောင် ပြန်ထလာပြီး မမြင်နိုင်သောနံရံကြီးကို ထိကြည့်ရန်အတွက် လက်ဆန့်ထုတ်လိုက်သော်လည်း နံရံက လျှပ်စစ်ဓာတ် ထုတ်လွှတ်ထားသည့်အလား ဖြစ်နေပေသည်။ သူ ထိကြည့်လိုက်သည့်အချိန်မှာပင် လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ အကြမ်းပတမ်းပစ်ကျသွား၏။ ဤတစ်ခေါက်တွင်မူ သူ လုံးဝပြန်မထနိုင်တော့ပေ။
"ဒါက ဘယ်လိုနည်းစနစ်မျိုးလဲ"
ကျန်နေသေးသော သန္ဓေပြောင်းလူသားဆယ်ယောက်ခမျာ ကြောက်ရွံ့တုန်လှုပ်သွားပြီး ဖြူဖပ်ဖြူရော်ဖြစ်ကုန်ကြသည်။ သူတို့ ဤကဲ့သို့သောနည်းလမ်းမျိုးကို တစ်ခါမှမမြင်ဖူးခဲ့ပေ။ သူတို့နိုင်ငံထဲရှိ အစွမ်းထက်လှပါချည်ရဲ့ဟူသော အဆင့်ကိုးသန္ဓေပြောင်းလူသားပင်လျှင် ထိုကဲ့သို့သောစွမ်းရည်မျိုးကို မပိုင်ဆိုင်ထားပေ။
"သူက ဘယ်လိုနိုးထသူမျိုးလဲ။ သူက လေထိန်းချုပ်သူလား။ ဒါမှမဟုတ် စိတ်ထိန်းချုပ်သူလား"
"ဟွာရှားမှာ ဘယ်လိုလုပ်ပြီး ဒီလောက်အစွမ်းထက်တဲ့နိုးထသူတစ်ယောက် ရှိနေရတာလဲ။ ပြင်သစ်က အထူးစိတ်နယ်လွန်ပညာရှင်တွေက သုံးစားမရတော့ဘူးလား"
"ဒါက တကယ်ပဲ ထောင်ချောက်တစ်ခုများလား။ ဟွာရှားက ဒီနေရာကို တကယ့်ဆရာကြီးတစ်ယောက်ကို တိတ်တိတ်လေးစေလွှတ်လိုက်တာလား"
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သန္ဓေပြောင်းလူသားများက စိတ်ထဲတွင်ကျိတ်၍ ဆဲရေးနေကြပြီး ယဲ့ရင်၏ခွန်အားကြောင့် စိတ်ပျက်အားလျော့နေကြချေသည်။
"ဟားဟားဟား… ငါ ကားတံခါးတွေကိုပိတ်ထားလိုက်ပြီ။ မင်းတို့ ထွက်နိုင်တယ်လို့ ထင်နေသေးတာလား"
ကျန်းမုန့်လောင်က အားရပါးရအော်ရယ်လေ၏။ ကြွားဝါရမည့် ယခုလိုရှားပါးအခွင့်အရေးတစ်ခုကို သဘောတွေ့နေပေတော့သည်။ ဤအဖြစ်ကို ကျော်သွားပါက မည်မျှနောင်တရဖို့ကောင်းလိုက်လေမလဲ။
"ကျန်းမုန့်လောင်.. မင်းရဲ့ဘော်ဒီဂတ်က တကယ်ပဲ ဘယ်သူတုန်းကွာ"
ဝမ်လင်က ထိုပုံရိပ်ကိုငေးကြည့်ရင်း ယနေ့ သူကြုံတွေ့ခဲ့ရသည့်အရာများမှာ သူ့လောကအမြင်ကို ထပ်ခါထပ်ခါစိန်ခေါ်နေသည့်အလား တွေဝေမှင်တက်နေချေသည်။
"သူ့နာမည်က ယဲ့ရင်တဲ့။ သူ့မိသားစုက ငါ့မိသားစုကိုခစားလာတာ မျိုးရိုးအဆက်ဆက်ပဲ"
ကျန်းမုန့်လောင်က ရှင်းပြလိုက်သည်။
"သူက အရမ်းလုပ်ရည်ကိုင်ရည်ရှိတာလေ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ငါတို့ ချင်းချိုးနိုင်ငံကပြန်လာတော့ လူတစ်စုက ငါ့ကိုလုပ်ကြံဖို့အတွက် သန္ဓေပြောင်းလူသားတစ်ယောက်ကို စေလွှတ်ခဲ့တယ်လေ။ ယဲ့ရင်က သူ့ကို သေလုမြောပါးရိုက်နှက်ပစ်ခဲ့တာ"
"ဘုရားရေ.. မင်း ဒီလောက်အထိ မဆင်မခြင်နဲ့ကြွားဝါပြနေတာ မဆန်းတော့ပါဘူး"
ဝမ်လင်က လေးစားအားကျစွာ ရေရွတ်လိုက်သည်။
"မင်း ဟိတ်ဟန်ထုတ်တဲ့ ကြွားလုံးမျိုးနဲ့ဆိုရင် တကယ်လို့ မင်းဘေးမှာသာ အစွမ်းထက်တဲ့ ဘော်ဒီဂတ်တချို့ရှိမနေရင် ဟိုးအရင်ကတည်းက အသတ်ခံနေရလောက်ပြီ"
"အဲ့ဒါက အမှန်ပဲမဟုတ်ဘူးလား"
ကျန်းမုန့်လောင်က ပြုံးလိုက်သည်။
"ငွေက နတ်ဆိုးကိုတောင် အလုပ်လုပ်ခိုင်းလို့ရတယ်။ မင်းမှာ ပိုက်ဆံလုံလုံလောက်လောက်ရှိနေသရွေ့ အစွမ်းအထက်ဆုံးဆိုတဲ့လူတွေကတောင် မင်းကို ခစားချင်ကြမှာပဲ"
"ဒါပေမဲ့ အဲ့ဒီလူက…"
ကျန်းမုန့်လောင်က မြေပြင်ထက်ရှိ ဇာ့စ်၏အသက်မဲ့ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။
"မင်း အခုလေးတင် လူသတ်ခိုင်းလိုက်တာဆိုတော့ ပြဿနာတော့မတက်ဘူးမလား"
တကယ်တမ်းတွင် ဇာ့စ်၏သေဆုံးမှုကြောင့် ဝမ်လင် အလွန်စိတ်လှုပ်ရှားမိသည်။ ယခုလေးတင် သူသည် မမြင်နိုင်သောဓားသွား၏ အံ့မခန်းစွမ်းအားတစ်ရပ်ကို မြင်တွေ့ခဲ့ရသည်။ အကယ်၍ ယဲ့ရင်ကြောင့်သာမဟုတ်ပါက သူနှင့်သူ့ကောင်မလေးလည်း ယခုလောက်ဆိုလျှင် အပိုင်းပိုင်းဖြတ်တောက်ခံနေရလောက်ပြီဖြစ်၏။ သူ့ကိုသတ်ချင်နေသူတစ်ယောက်ကို စာနာပေးမိပါလျှင် လူကောင်းဟန်ဆောင်ခြင်းသက်သက်သာ။
သို့သော် ထိုအတွက်ကြောင့်နှင့် ကျန်းမုန့်လောင် ပြဿနာတစ်စုံတစ်ရာတက်သွားမည်ကိုတော့ ဝမ်လင် စိတ်ပူမိသည်။
"စိတ်မပူနဲ့"
ကျန်းမုန့်လောင်က သူ့ကို အာမခံလိုက်သည်။
"ဒီလူတွေရဲ့တိုက်ပွဲတွေက အရမ်းလျှို့ဝှက်ပြီးတော့ ဘယ်ဥပဒေ ဘယ်ကိုယ်ကျင့်တရားကမှလည်း ကန့်သတ်မှုမရှိဘူး။ သူတို့အတွက်တော့ လက်သီးကသာ တရားသူကြီးအစစ်ပဲ။ ယဲ့ရင်မရှိလို့ ငါတို့ ဒီနေ့ ဒီနေရာမှာ အသတ်ခံလိုက်ရရင် ငါတို့အတွက် လက်စားချေပေးမဲ့လူမရှိမှာတောင် စိတ်ပူမိတယ်"
"ဒါဆို ငါစိတ်ချသွားပါပြီကွာ"
ဝမ်လင်က ခေါင်းညိတ်ပြလိုက်သည်။
"ဒီလူတွေကို မင်း ဘယ်လိုလုပ်ဖို့စီစဉ်ထားလဲ"
"ဟီးဟီးဟီး"
ကျန်းမုန့်လောင်က တခစ်ခစ်ရယ်မောလိုက်၏။
"သူတို့က ငါတို့ဆီက လုယက်ဖို့ရောက်လာကြတာမလား"
"ဟုတ်တယ်လေ"
ဝမ်လင်ကလည်း ပြန်ဖြေသည်။
"ဒါပေမဲ့ သူတို့ခမျာ တကယ့်ကိုကံမကောင်းကြဘူးပဲ။ ဘာမှမရလိုက်တဲ့အပြင် မင်းလိုလူတစ်ယောက်နဲ့တောင် တိုးနေလိုက်သေး။ ကံဆိုးလိုက်ပုံများတော့"
"ငါက တရားမျှတတဲ့လူတစ်ယောက်ပါ"
ကျန်းမုန့်လောင်က ထိုသို့ကြေညာလိုက်သည်။
"သူတို့က ငါ့ဆီကို လုယက်ဖို့ရောက်လာတာဆိုတော့ ငါလည်း သူတို့ဆီက ပြန်ဓားပြတိုက်မယ်။ ဒီလေလံပွဲအတွက် သူတို့တွေ ပိုက်ဆံအများကြီးယူလာခဲ့မှာပဲမဟုတ်လား"
"သောက်ကျိုးနည်း မင်း.."
ဝမ်လင် မျက်လုံးပြူးသွားရသည်။ အမတဆေးလုံးအတွက်ပြိုင်ကြသည့် နောက်ဆုံးယှဉ်ပြိုင်ပွဲတွင် သူတို့၏ရူးသွပ်မှုကို ဝမ်လင် မျက်မြင်တွေ့ခဲ့ရသည်။ ဤလူများထဲမှ တစ်ယောက်ချင်းစီတိုင်းတွင် အနည်းဆုံး ငွေသားယူရိုဘီလီယံပေါင်းများစွာတော့ ပါလာကြသည်။ ထိုပိုက်ဆံများအားလုံးသာ ဓားပြတိုက်ခံလိုက်ရပါက ယူရိုဘီလီယံရာဂဏန်းတော့ ရှိပေလိမ့်မည်။
ထို့အပြင် ကျန်းမုန့်လောင်ကသာ သူတို့ကို တကယ်ဓားပြတိုက်လိုက်ပါက ထိုနိုင်ငံများနှင့် ရန်ဖက်များဖြစ်သွားပေလိမ့်မည်။ သူတို့ဘက်က ပိုအစွမ်းထက်သောလူများကိုလွှတ်ပြီး သူ့ကို ဒုက္ခပေးလာခဲ့ပါက…
"မုန့်လောင်.. ဘာပြဿနာမှတော့မဖြစ်ဘူးမလား"
လုရီယောင်က စိုးရိမ်ပူပန်ဟန်ပြလာလေသည်။
"စိတ်ချထားလိုက်။ ငါ့မှာယုံကြည်ချက်ရှိပါတယ်"
ကျန်းမုန့်လောင်က ခပ်ဖွဖွပြုံးပြ၍ ပြောလာလေသည်။
"ငါ မသေချာဘဲနဲ့ တစ်ခုခုလုပ်တာမျိုး မင်းမြင်ဖူးလို့လား"
ကျန်းမုန့်လောင် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
"ကဲ အခု ဒီမှာရှိတဲ့လူတွေအားလုံး မသေချင်ရင် ငါ့ရှေ့ကိုလာပြီး အရပ်အရှည်ဆုံးကနေ အပုဆုံးရောက်တဲ့အထိ ဘယ်ဘက်ကနေ ညာဘက်ကို တန်းစီကြ။
ဒဏ်ရာရထားသော သန္ဓေပြောင်းလူသားများက တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ကျန်းမုန့်လောင် ဘာလုပ်ရန်ကြံနေသလဲဆိုသည်ကို နားမလည်ကြပေ။
"ငါ သုံးအထိရေမယ်"
ကျန်းမုန့်လောင်က သူတို့ ယဲ့ရင်ကိုသာကြောက်ပြီး သူ့ကို မကြောက်သောကြောင့် လှုပ်ရှားမလာသည့်အတွက် စိတ်အနှောင့်အယှက်ဖြစ်ပြီး ပြောလိုက်ချေသည်။ ဤသည်မှာ သူ့ကို မရိုမသေပြုသည့်သဘောလေလား။
"သုံး"
"နှစ်"
"တစ်"
"ယဲ့ရင်"
ကျန်းမုန့်လောင်က ယဲ့ရင်ကို အကြည့်ဖြင့် အချက်ပြလိုက်သည်။
ယဲ့ရင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် နောက်ထပ်စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။ လေးလံလှသောတူကြီးတစ်ချောင်းက သူတို့နံရိုးများကို ရိုက်ခွဲလိုက်သည့်အလား သူတို့ရင်ဘတ်ကို ဝင်တိုက်လိုက်လေရာ အော်ဟစ်သံများ ချက်ချင်းထွက်ပေါ်လာသည်။
"သူ..သူက တကယ်ကြီး ဟိုလူ့ကိုအမိန့်ပေးနိုင်တယ်"
ဤတစ်ခေါက်တွင်မူ အားလုံး ယုံကြည်လက်ခံသွားကြသည်။ ယဲ့ရင်က စင်စစ်ပင် ကျန်းမုန့်လောင်၏ဘော်ဒီဂတ်ဖြစ်၏။ ဟွာရှား၏နဂါးအဖွဲ့အစည်းမှ လွှတ်လိုက်သော နိုးထသူတစ်ယောက်မဟုတ်ချေ။
"ငါ မင်းတို့ကို နောက်တစ်ခေါက်အခွင့်အရေးထပ်ပေးမယ်။ ငါ့ရဲ့စိတ်ရှည်မှုကို လာမစမ်းသပ်နဲ့နော်"
ကျန်းမုန့်လောင်က အေးတိအေးစက်လေသံဖြင့် ပြောလိုက်သည်။
သန္ဓေပြောင်းလူသားဆယ့်နှစ်ယောက်လောက်က အလွန်ဒူပေနာပေခံလှသည်။ ဒဏ်ရာအပြင်းအထန်ရထားပါသည့်တိုင် အကုန်မတ်တတ်ထရပ်ပြီး ကျန်းမုန့်လောင်ရှေ့တွင် အရပ်အနိမ့်အမြင့်အလိုက် အမြန်တန်းစီလိုက်သည်။
"ဒင်! စွမ်းအားအမှတ်၂၀ရတဲ့အတွက် ကျောင်းအုပ်ကြီးကို ဂုဏ်ပြုပါတယ်"
"ကျစ် ကျစ် ကျစ်.. ဒုတိယကမ္ဘာသားတွေရှေ့မှာ ဟိတ်ဟန်ထုတ်ပြရတာက သာမန်လူတွေရှေ့မှာထက်တောင် စွမ်းအားအမှတ်တွေ ပိုများပါလား"
ယမန်နေ့ကဆိုလျှင် ကျန်းမုန့်လောင်သည် အမ်မာ့ထံမှ စွမ်းအားအမှတ်သုံးမှတ်သာ ရခဲ့သည်။ ကွာခြားမှုကား ကြီးမားလှသည်။
"အမှတ်စဉ်ရေမယ်"
"ဟမ်"
သန္ဓေပြောင်းလူသားများသာမက ဝမ်လင်တို့တစ်သိုက်ပင် ကြက်သေသေသွားလေသည်။
ကျန်းမုန့်လောင် ဘာလုပ်နေတာပါလိမ့်။ သူက သူတို့ကို လှောင်နေတာလား။ အမတဆေးလုံးကို စားလိုက်သော ဝမ်ချိုင်က လူသားအဖြစ် ကျင့်ကြံနိုင်မလားတော့ သူတို့သေချာမသိသော်ငြား ကျန်းမုန့်လောင်ကတော့ အလွန့်အလွန်ထူးဆန်းလှပေသည်။
"တစ်"
"နှစ်"
...
ယဲ့ရင်ကိုကြည့်လိုက်မိသည့်အခါ သန္ဓေပြောင်းလူသားများမှာ အေးစက်စက်နိုင်လှသော ထိုမျက်ဝန်းများကြောင့် ခိုက်ခိုက်တုန်သွားပြီး ကျန်းမုန့်လောင်ညွှန်ကြားသည့်အတိုင်း အမှတ်စဉ်ရေကြပေတော့သည်။
"ဆယ့်သုံးယောက်။ ရှယ်လ်က သေသွားပြီ။ ရှန်းယွမ်က ထွက်ပြေးသွာတယ်။ ဒါပေမဲ့ ကျန်တဲ့လူတွေအကုန်လုံး ဒီမှာရှိတယ်"
ကျန်းမုန့်လောင် ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။
"ငါ မင်းတို့ကိုပြောသားပဲ။ အမတဆေးလုံးကို ခွေးစားသွားပါတယ်ဆိုမှ။ ဒါပေမဲ့ မင်းတို့တွေက ငါ့ကိုမယုံဘူးလေ"
ကျန်းမုန့်လောင်က ခေါင်းမာလှသော ကလေးတစ်ယောက်ကို ဆုံးမနေသည့်အလား မွန်းကျပ်ဟန်ဖြင့် ခေါင်းခါယမ်းလိုက်သည်။
"ယူရိုဘီလီယံတစ်ရာလောက်ပဲတန်တဲ့အရာတစ်ခုလေ။ မင်းတို့ကို ငါအရူးလုပ်နေတယ်လို့ ထင်နေကြတာလား"
"ယူရိုတစ်ရာဘီလီယံလောက်ပဲတန်တဲ့အရာတစ်ခုတဲ့လား။ မင်းက အဲ့ဒါကို ဘာမှမဟုတ်သလိုပြောနေတာပဲ"
သန္ဓေပြောင်းလူသားများက စိတ်ထဲမှကျိတ်၍ ဆဲဆိုလိုက်မိသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်တုန်းကဆိုလျှင် ထိုပမာဏဖြင့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နိုင်နေပြီသာ။
သို့သော် အမတဆေးလုံးကို ခွေးမစားသွားလျှင်ပင် ကျန်းမုန့်လောင်၏လက်ထဲက လုယူဖို့ရန်မှာ မဖြစ်နိုင်တော့ကြောင်း သူတို့ ကောင်းကောင်းသိလိုက်လေပြီ။
"ငါက ပုံမှန်ဆိုရင်တော့ အေးအေးဆေးဆေးသမားပဲ"
ကျန်းမုန့်လောင်က ဝမ်ချိုင်ကို လက်ညှိုးထိုးပြလိုက်သည်။
"ဒီခွေးကို မနေ့ညကမှကောက်လာတာ။ နှစ်ခါပြန်တောင်စဉ်းစားမနေဘဲ ငါလည်း သူ့ကို မွေးစားလိုက်တာပေါ့။ ငါ တစ်ချက်တောင်မျက်တောင်မခတ်ဘဲ သူ့ကို တစ်ရာဘီလီယံတန်တဲ့ပစ္စည်းတစ်ခုကို ကျွေးခဲ့တာ။ ငါက ဘယ်လောက်တောင်ကြင်နာလိုက်သလဲ"
"မင်းသာ ကြင်နာတတ်တဲ့လူဆိုရင် ဒီကမ္ဘာပေါ်မှာ မကောင်းဆိုးဝါးရယ်လို့ရှိမှာမဟုတ်တော့ဘူး။ ရှယ်လ်က သူ့လည်ပင်းသူလိမ်ချိုးပြီး သတ်သေသွားတာမို့လို့လား"
သန္ဓေပြောင်းလူသားတစ်စုက ယခုအချိန်မှာတော့ ကျန်းမုန့်လောင်ဟာ ကြောင်သူတော်တစ်ယောက်ဖြစ်ကြောင်း လက်ခံယုံကြည်လိုက်ပြီဖြစ်သည်။
"ကောင်းပြီလေ။ ငါ မင်းတို့နဲ့ ထပ်စကားပေါမနေတော့ဘူး။ ငါ့ကိုအနှောင့်အယှက်မပေးတဲ့လူကို ငါကလည်း မနှောင့်ယှက်ဘူး။ ဒါပေမဲ့ မင်းတို့ ငါ့ကိုလာရန်စရင်တော့ မင်းတို့တစ်မိသားစုလုံးကို ငါ ဖျက်ဆီးပစ်မယ်"
ကျန်းမုန့်လောင်က အသံမြှင့်၍ ပြောလိုက်သည်။
"ကဲ မင်းတို့တွေအားလုံးပဲ.. ဒီလေလံပွဲအတွက် မင်းတို့ယူလာခဲ့တဲ့ပိုက်ဆံတွေအကုန် ငါ့လက်ထဲအပ်လိုက်တော့။ ဒါ ဓားပြတိုက်နေတာပဲ"
**********