← Chapters

ခင်ဗျားတို့သိတယ်မလား ကမ္ဘာ့အချမ်းသာဆုံးလူဆိုတာက စိတ်ရှုပ်စရာကြီးပါ

Vol. 17 Ch. 244

ခင်ဗျားတို့သိတယ်မလား ကမ္ဘာ့အချမ်းသာဆုံးလူဆိုတာက စိတ်ရှုပ်စရာကြီးပါ

Vol. 17 Ch. 244

နောက်ဆုံးတွင်မူ ကျန်းမုန့်လောင်က ခေါင်းမာစွာဖြင့် အထူးလေကြောင်းလိုင်းမှတစ်ဆင့် ကုယွမ်ဝူနှင့်အတူ ဟွာရှားသို့ ပြန်လိုက်ရန်ငြင်းဆန်ပြီး သူ့ကိုယ်ပိုင်လေယာဉ်ဖြင့်သာ ပြန်မည်ဟု ဇွတ်တရွတ်ပြော‌နေခဲ့သည်။ ကျန်းမုန့်လောင်၏ ဘေးကင်းလုံခြုံရေးကို ကာကွယ်ရန်အတွက် ကုယွမ်ဝူကလည်း သူနှင့်အတူ ပြန်လိုက်သွားရန်သာ ရွေးချယ်ခဲ့ရသည်။

လဲ့ကျွင်းမှာမူ အပြန်‌လေကြောင်းလမ်းတွင် အမတဆေးကို လုယူရန်အတွက် စောင့်ကြိုနေသူများနှင့် ရင်ဆိုင်ရနိုင်ခြေရှိကြောင်း သိထားသဖြင့် သူတို့နှင့်လမ်း‌ကြောင်းခွဲထွက်ဖို့ ဆုံးဖြတ်လိုက်သည်။ သူသည် မျိုးချစ်စိတ်ရှိသော်လည်း ဤသည်မှာ သေရမှာမကြောက်ဘူးဟုတော့ သဘောမသက်ရောက်ပေ။

ခရီးတစ်လျှောက်လုံး ဝမ်လင်တို့တစ်သိုက်မှာ ရယ်မောလျက် စကားပြောလာကြပြီး မုန့်စားရင်း ရုပ်ရှင်ကြည့်နေကြသည်။ ထို့ပြင် ကျန်းမုန့်လောင်ဝယ်ယူလာသည့် ရှားပါးရတနာများကိုလည်း လေးစားအားကျစွာ လေ့လာကြည့်ရှုကြသည်။ သို့သော် ကုယွမ်ဝူမှာမူ လေယာဉ်ပြတင်းပေါက်ရှေ့တွင် တည်ကြည်လေးနက်လေဟန် အမူအရာဖြင့် မတ်တတ်ရပ်နေကာ သူ့စိတ်ထဲတွင်လည်း လေးလံလှသောအတွေးများ ဖိစီးနေပုံရသည်။

နိုးထသူများနှင့် သန္ဓေပြောင်းလူသားအများအပြားသည် ကောင်းကင်တွင် မပျံသန်းနိုင်ချေ။ လေထဲတွင် တိုက်ခိုက်ရန်မှာလည်း အလွန်အန္တရာယ်များလှသည်။ ကုယွမ်ဝူအနေနှင့် သူ့ကိုယ်သူ အနည်းငယ်ကာကွယ်နိုင်သော်လည်း ကျန်းမုန့်လောင်၏လုံခြုံရေးကိုမူ အပြည့်အဝအာမမခံနိုင်ချေ။

"မုန့်လောင် ဒီလူက ဘာလို့ တရားထိုင်နေတဲ့ဘုန်းကြီးတစ်ပါးလို မတ်တတ်ရပ်နေတာလဲ"

လုရီယောင်က လေယာဉ်ပေါ်တက်ပြီးကတည်းက လှုပ်ရှားမှုမရှိဘဲ တစ်နေရာတည်းတွင်သာ ရပ်နေသော ကုယွမ်ဝူကို စူးစမ်းလိုဟန်ဖြင့်ကြည့်လျက် မေးမြန်းလိုက်သည်။

"ငါမသိဘူးလေ။ သူက အာရုံပျံ့လွင့်နေတာဖြစ်ချင်ဖြစ် ဒါမှမဟုတ် လိုင်းပေါ်က စိတ်ဓာတ်ကျစရာသီချင်း‌တွေကို နားထောင်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့"

ကျန်းမုန့်လောင်က ရယ်မောလျက် ပြောလိုက်‌လေသည်။

တကယ်တော့ ကုယွမ်ဝူစိုးရိမ်နေသည့် အကြောင်းအရာကို သူ တပ်အပ်သိသည်။ သို့သော် ထိုစိုးရိမ်မှုများမှာ လုံးတမလိုအပ်‌ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုသန္ဓေပြောင်းလူသားများကို သူ စည်းစိမ်အ‌ပြောင်လုယက်ပြီး မြေထဲပင်လယ်ထဲသို့ ပစ်ချထားခဲ့ပြီးဖြစ်၏။ သို့သော် ဤအကြောင်းကို ကုယွမ်ဝူအား ပြောပြရန် မဖြစ်နိုင်ချေ။

"မစ္စတာကု ခင်ဗျား တအားစိတ်ပူနေတာလား"

ကျန်းမုန့်လောင်က သူ့အနားကိုချဉ်းကပ်ပြီး မေးလိုက်သည်။

"ခင်ဗျားတကယ်စိတ်ပူနေရင်လည်း ကျုပ် တိုက်လေယာဉ်တပ်ဖွဲ့ နှစ်ရာသုံးရာလောက်ခေါ်ပြီး ကျုပ်တို့ကို အိမ်အပြန်လမ်းအတွက် လိုက်စောင့်ရှောက်ခိုင်းလိုက်မယ်လေ"

"မစ္စတာကျန်း ခင်ဗျားနားမလည်ပါဘူး"

ကုယွမ်ဝူက ကူကယ်ရာမဲ့စွာပြုံးရယ်ကာ ပြောလိုက်သည်။

"တိုက်လေယာဉ်တွေက အဲ့ဒီလူတွေအတွက် ခြိမ်းခြောက်မှုမဖြစ်စေနိုင်ဘူး။ သူတို့ဟာ သာမန်လူတွေမဟုတ်ဘူး။ တချို့အရာတွေကို ခင်ဗျားကို မပြောပြနိုင်ပေမဲ့ ခင်ဗျားအခုအချိန်မှာ အရမ်းအန္တရာယ်များတဲ့ အခြေအနေထဲကို ရောက်နေတယ်ဆိုတာတော့ နားလည်ထားဖို့လိုတယ်"

"ဪ...ဒါဆို ဆက်ပြောပါဦး"

ကျန်းမုန့်လောင်က မှင်တက်စွာဖြင့် ပြောလိုက်‌လေသည်။ ကုယွမ်ဝူက အဘယ့်ကြောင့်များ ဤမျှခေါင်းမာနေရသလဲ။

"ဪတဲ့လား"

ကုယွမ်ဝူက ကျန်းမုန့်လောင်ကို မယုံကြည်နိုင်လေဟန်ဖြင့် ကြည့်လိုက်မိသည်။ မွေးခါစနွားပေါက်လေးတစ်ကောင်ပင် ကျားကိုမကြောက်ဟု ထင်ရသော်လည်း အန္တရာယ်ရှိ‌ကြောင်း အကြိမ်ကြိမ်သတိပေးပြီးနောက်မှာပင် သူ့အခြေအနေက မည်မျှပြင်းထန်‌‌နေသလဲဆိုသည်ကို သဘောမပေါက်သေးဘူးလား။

...

သို့သော် ကုယွမ်ဝူမျှော်လင့်ထားသည့် အဖြစ်အပျက်များမှာ မဖြစ်ပွားခဲ့ပေ။ ကမ္ဘာ့မြေမျက်နှာပြင်တစ်ဝက်ကျော်ကို ဖြတ်သန်း၍ပျံသန်းလာခဲ့ပြီး အန္တရာယ်များသည့် နေရာများကို ကျော်ဖြတ်ခဲ့သော်ငြား ကျန်းမုန့်လောင်၏ကိုယ်ပိုင်လေယာဉ်က လေဆိပ်သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။ ဤအဖြစ်ကြောင့် ကုယွမ်ဝူ အံ့အားသင့်သွားခဲ့ရသည်။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူတို့‌အားလုံး ရူးသွားကြပြီလား။ သူ့ကို ဒီအတိုင်းပဲ ဘေးကင်းကင်းနဲ့ ပြန်ခွင့်ပြုလိုက်တယ်ပေါ့"

ဝမ်ချိုင့်ထံမှ တလှိုင်လှိုင်ထွက်ပေါ်နေသည့် ထူးဆန်းလှသော စွမ်းအင်လှိုင်းများကိုသာ မမြင်ရပါက ကျန်းမုန့်လောင်သည် အခြားနိုင်ငံမှလူများထံ အမတဆေးကို လျှို့ဝှက်စွာလွှဲပြောင်းပေးခဲ့သည့် သစ္စာဖောက်တစ်‌ယောက်ဟုပင် သံသယဝင်မိမည်ဖြစ်၏။

"အိမ်ပြန်ရောက်ပြီလေ မစ္စတာကု"

ကျန်းမုန့်လောင်က ကုယွမ်ဝူ၏ပခုံးကို ပုတ်လိုက်သည်။

"ဘာမှမဖြစ်ဘူးလို့ ကျုပ်ပြောခဲ့တယ်နော်။ ကျုပ်တို့က ငြိမ်းချမ်းတဲ့ခေတ်၊ တရားဥပဒေစိုးမိုးတဲ့ လူ့အဖွဲ့အစည်းထဲမှာ နေထိုင်နေကြတာ‌လေ။ ခင်ဗျားက အရမ်းစိတ်ပူလွန်းနေတာပဲ"

ကုယွမ်ဝူမှာ မည်သို့နှယ်ပြန်ဖြေရမည်ကို မသိ‌တော့ပေ။ ဤကမ္ဘာကြီးသည် ငြိမ်းချမ်းနေဟန်ရှိသော်လည်း နောက်ကွယ်တွင်မူ နိုင်ငံတိုင်း၏ ဒုတိယကမ္ဘာလူသားအဖွဲ့အစည်းများက ရက်စက်သောတိုက်ပွဲများကို ဆင်နွှဲနေကြသည်။ နှစ်စဉ်နှစ်တိုင်း လူ‌ပေါင်းများစွာ သေဆုံးနေကြသော်ငြား ဤဖြစ်ရပ်များကို ကောင်းစွာထိန်းချုပ်ထားသဖြင့် အသံတစ်သံမျှပင် မ‌ပေါက်ကြားခဲ့ချေ။

ငြိမ်းချမ်းမှု၏နောက်ကွယ်တွင် အမည်မသိသူရဲကောင်းများစွာက ဤကမ္ဘာကြီး၏ဝန်ကို သူတို့ပခုံးပေါ်၌ ထမ်းရွက်ထားကြသည်။

"အာဟား ကျုပ်နားလည်ပြီ"

ကျန်းမုန့်လောင်က ရုတ်တရက်ထအော်လိုက်သဖြင့် ကုယွမ်ဝူမှာ အလိုအလျောက် ခုခံကာကွယ်မှုပြုလုပ်မိလုနီးပါး ဖြစ်သွားသည်။ နိုင်ငံခြားတွင် လုပ်ကြံမှုမပြုလုပ်နိုင်ခဲ့သူများက သူတို့နောက်ကို တိတ်တဆိတ်လိုက်လာလေသလား။ မဖြစ်နိုင်‌ပေ။ ဤနေရာမှာ ဟွာရှားနိုင်ငံရှိ ကျန်းနန်းမြို့ဖြစ်၏။ ဤနေရာတွင် လုပ်ကြံမှုကို ကြံစည်ရဲသူမှာ သေခြင်းတရားကို တောင်းဆိုနေသည်နှင့် မခြားပေ။

ကုယွမ်ဝူမှာ ကျန်းမုန့်လောင် ဘာပြောမလဲဆိုသည်ကို စောင့်စားရင်း နားမလည်နိုင်ဟန်ဖြင့် ကြည့်နေမိသည်။

"မစ္စတာကုတို့ရဲ့ လုံရှားအဖွဲ့အစည်းက ခရီးစရိတ်လုံလုံလောက်လောက် မပေးလို့များလား"

ကျန်းမုန့်လောင်က ဟာသလုပ်ကာ ပြောလိုက်သည်။

"ဒါကြောင့် ကျုပ်ကိုကာကွယ်ဖို့ အကြောင်းပြပြီးတော့ ကျုပ်ရဲ့ကိုယ်ပိုင်လေယာဉ်နဲ့ လမ်းကြုံလိုက်လာတာလား"

"လုပ်စမ်းပါဗျာ။ ခင်ဗျားရဲ့ဌာနက နိုင်ငံတော်ရဲ့အထူးဌာနဆိုတော့ ငွေကြေးအခက်အခဲရှိနေတယ်ဆိုတာ‌တော့ မဖြစ်နိုင်ဘူးမလား"

ကျန်းမုန့်လောင်က ခေါင်းခါယမ်းလိုက်သည်။

"ဒါမှမဟုတ် ကျုပ် လှူဒါန်းဖို့များလိုမလား။ နောက်ပိုင်းကျရင် ခင်ဗျားတို့‌အားလုံး လေယာဉ်အကောင်းစားတွေ စီးရမယ်။ အဆင့်မြင့်ဟိုတယ်တွေမှာ နေရမယ်။ ဘာလို့လဲလို့‌တော့လာမမေးနဲ့။ ကျုပ်ကချမ်းသာပြီး မျိုးချစ်စိတ်ရှိတဲ့လူတစ်ယောက်မို့လို့လေ"

ကျန်းမုန့်လောင်၏ ကြံဖန်စဉ်းစားတတ်မှု‌ကြောင့် ကုယွမ်ဝူခမျာ ရှုံ့မဲ့ကာပြုံးလိုက်မိသည်။ သို့သော် သူတို့ ဟွာရှားသို့ ဘေးကင်းစွာ ပြန်ရောက်ပြီဖြစ်သောကြောင့် ကျန်းမုန့်လောင်ကို ဆက်ကာကွယ်‌ပေးရန် မလိုတော့ပေ။

"မစ္စတာကျန်း..အခု ဘာမှမဖြစ်တော့တဲ့အတွက် ကျွန်တော်အရင်သွားနှင့်ပါ့မယ်"

ကုယွမ်ဝူက သူ့လက်ပတ်နာရီပေါ်ရှိ ခလုတ်အနည်းငယ်ကိုနှိပ်ကာ ပြောလာ‌လေသည်။ ထိုအရာမှာ သူ့အဖွဲ့အစည်းကို အခြေအနေနှင့်ပတ်သက်ပြီး အစီရင်ခံတင်ပြရန် ဆက်သွယ်သည့်အရာ ဖြစ်နိုင်‌လောက်သည်။

"အာ"

ကျန်းမုန့်လောင်က အပျင်းကြောဆန့်၍ အနားယူလိုက်သည်။

"ကိုယ့်တိုင်းပြည်လောက် ဘယ်နေရာကမှ မကောင်းဘူးပဲ"

"ကပ္ပတိန်ဟယ့်.. နှစ်သစ်ကူးလည်း နီးလာပြီဆိုတော့ လေယာဉ်ခရီးစဉ်တွေလည်း သိပ်မရှိတော့ဘူး။ ဒီအချိန်လေးမှာ ကောင်းကောင်းအနားယူလိုက်ပါ"

ကျန်းမုန့်လောင်က ကပ္ပတိန်ဟယ့်လျန်ကို နှုတ်ဆက်ပြီးနောက် လုရီယောင်နှင့် အခြားသူများကို ခေါ်ကာ လေဆိပ်မှ ထွက်ခွာသွားသည်။

"ကလစ် ကလစ်"

လေဆိပ်အပြင်သို့ ခြေချရုံရှိသေး။ သတင်းထောက်အုပ်စုကြီးတစ်စုက ဇွန်ဘီများကဲ့သို့ ကျန်းမုန့်လောင်တို့တစ်သိုက်ကို ချက်ချင်းဝိုင်းရံထားလိုက်ကြသည်။

"သောက်ကျိုးနည်း ဘာဖြစ်နေတာလဲ"

ကျန်းမုန့်လောင်ခမျာ ချက်ချင်း အံ့အားသင့်သွားရသည်။ သူပြန်‌ရောက်လာကြောင်းကို ဤမျှလူအများကြီး သိကြလိမ့်မည်မဟုတ်ပေ။ သို့ဖြစ်လေရာ ဤသတင်းထောက်များက သူ့ကို အထူးတလည်စောင့်မျှော်နေကြသည်မှာ အဘယ်ကြောင့်နည်း။

"ဝမ်လင်"

ကျန်းမုန့်လောင် သူ့ဘက်သို့ လှည့်ကြည့်လိုက်သည်။

"အဟားဟား ငါ ဝေးပေါ်မှာ ပို့စ်တင်လိုက်တာပဲရှိတာ။ မင်းရဲ့ကိုယ်ပိုင်လေယာဉ်နဲ့ ကိုယ်ပိုင်လေဆိပ်က တအားကြမ်းလွန်းလို့လေ။ အဲ့ဒါနဲ့ လွန်ခဲ့တဲ့တစ်ပတ်တုန်းကတည်းက ငါ မထိန်းနိုင်တော့လို့ တင်လိုက်တာ"

ဝမ်လင်က ရယ်မောလိုက်လေသည်။

"သူတို့တွေ ဒီလောက်ရက်တွေအကြာကြီး ဒီနေရာမှာစောင့်နေလိမ့်မယ်လို့တော့ ဘယ်သူကထင်ထားမှာလဲကွ"

"သေစမ်း"

ကျန်းမုန့်လောင် ဆဲရေးလိုက်မိသော်လည်း စိတ်ထဲတွင်မူ နားမလည်နိုင်ဖြစ်နေချေသည်။ ထိုသို့ဆိုလျှင်ပင် သတင်းထောက်အယောက်တစ်ရာလောက်က ဤနေရာတွင် တကယ်စောင့်နေမည်တဲ့လား။

ဘာသတင်းထူးများ ရနိုင်မှာမို့လို့လဲ။ ယခုနောက်ပိုင်း သူက ဟိတ်ဟန်ထုတ်ဖို့ အလုပ်များနေတော့ သတင်းထူးတစ်ခုခုကိုများ လွတ်သွားလေသလား။

"မစ္စတာကျန်း.. ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်လာရတဲ့အတွက် ဘယ်လိုခံစားမိလဲ"

"မစ္စတာကျန်းရဲ့ပိုင်ဆိုင်မှုက ဘယ်လောက်ရှိပါသလဲ။ အခုလောလောဆယ်မှာတော့ Forbesအဆင့်က အဆင့်သတ်မှတ်ချက်အသစ်‌ ထုတ်ပြန်လိုက်ပေမဲ့ ရှင့်ရဲ့ပိုင်ဆိုင်မှုအတိအကျကိုတော့ မဖော်ပြထားသေးပါဘူး"

"မစ္စတာကျန်း ခင်ဗျားစည်းစိမ်တွေအားလုံးရဲ့အရင်းအမြစ်က တရားဝင်ရဲ့လား"

...

"ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တဲ့လား။ ငါကလား"

ကျန်းမုန့်လောင်က သူ့မိသားစုသည် ကမ္ဘာ့အချမ်းသာဆုံးဖြစ်ကြောင်း သိပါသော်ငြား သူတို့နာမည်သည် Forbesစာရင်းတွင် လုံးဝထွက်ပေါ်ဖူးခြင်းမရှိပေ။ သူ့မိဘများလည်း မရှိဖူးသလို သူ့အကြီးအကဲများလည်း မရှိခဲ့ဖူးချေ။

"လောင်ကျန်း Forbesက သူတို့အဆင့်သတ်မှတ်ချက်တွေကို ပြင်လိုက်ပြီကွ"

ဝမ်လင်က ကျန်းမုန့်လောင်ရှေ့သို့ သူ့ဖုန်းကို ထိုးပေးလိုက်သည်။

ဤအတောအတွင်း ကျန်းမုန့်လောင်၏ ဟိတ်ဟန်ထုတ်သော အပြုအမူက အာရုံစိုက်မှုများကို ဆွဲဆောင်မိခဲ့ပုံပင်။ အထူးသဖြင့် ချင်းချိုးနိုင်ငံတွင် ဖြစ်ပွားခဲ့သော ကိစ္စအပြီးတွင်ဖြစ်၏။ Forbesဘီလျံနာစာရင်းတွင် အကြီးမားဆုံးမှားယွင်းမှုကြီးတစ်ခုဖြစ်နေလေကြောင်း သာမန်လူများပင် သိနိုင်လေသည်။

Forbesမဂ္ဂဇင်းကလည်း ချက်ချင်းပင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ကျန်းမုန့်လောင်၏ပိုင်ဆိုင်မှုအစစ်အမှန်ကို မသိရသော်ငြား ချင်းချိုးနိုင်ငံမှ ဖော်ပြခဲ့သော ငွေကြေးပမာဏများမှာ အမှန်တကယ်မဖြစ်နိုင်ဟု ယူဆရသည်။

သို့သော် အချက်အလက်မျိုးစုံက ကျန်းမုန့်လောင်၏နောက်ခံနှင့် ချမ်းသာကြွယ်ဝမှုတို့မှာ စင်စစ်ကြောက်မက်ဖွယ်ကောင်းလှကြောင်း ညွှန်ပြနေပေသည်။ ထို့ကြောင့် သူတို့လည်း ကျန်းမုန့်လောင်၏နာမည်ကို Forbesစာရင်း၏ထိပ်ဆုံးတွင် ချက်ချင်းထည့်သွင်းလိုက်ကြ၏။

စာရင်းအသစ်ထုတ်ပြီးနောက် သုံးရက်ကျော်သွားသော်လည်း စာရင်းထဲတွင်ပါရှိသော စီးပွားရေးလုပ်ငန်းရှင်များထဲက တစ်ယောက်မှ ကန့်ကွက်ခြင်းမပြုခဲ့ပေ။ ဤအချက်မှာ မည်သည့်အကြောင်းပြချက်ကြောင့်ဖြစ်စေ သူတို့သည် ကျန်းမုန့်လောင်၏အဆင့်က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည်ဟု လက်ခံထားကြောင်း သိသာနေပေသည်။

Forbesစာရင်းဝင်ဘီလျံနာများ အလုံးအရင်းတက်ရောက်ခဲ့ကြသော လေလံပွဲကလည်း သူတို့၏ချမ်းသာကြွယ်ဝမှုက ကျန်းမုန့်လောင်နှင့်ယှဉ်ပါက အနည်းငယ်မျှပင် မနီးစပ်ကြောင်း ဖော်ထုတ်ပြောဆိုခဲ့သည်။ ယူရိုတစ်ရာဘီလီယံကိုပင် အသာလေးထုတ်ပေးနိုင်သူတစ်ယောက်ရှေ့မှာ မည်သူကများ ပေါက်ကရပြောရဲမည်နည်း။

ဤဖြစ်ရပ်သည် ဟွာရှားတစ်နိုင်ငံလုံးနှင့် တစ်ကမ္ဘာလုံးတွင် အုတ်အော်သောင်းတင်းဖြစ်စေခဲ့သော်ငြား ကျန်းမုန့်လောင်ကတော့ ထိုကျွန်းပေါ်တွင် ရက်အနည်းငယ်နေထိုင်ခဲ့ပြီး ဤကိစ္စများကို ဂရုမစိုက်သောကြောင့် ယခုမှသာ သိရှိလိုက်ရခြင်းဖြစ်၏။

ဤသတင်းထောက်များ သူ့ကို ဤမျှအထိ အရူးအမူးဝိုင်းထားကြသည်မှာ မထူးဆန်းတော့ပေ။

အသက်နှစ်ဆယ်စွန်းစွန်းသာ ရှိသေးသော ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်၏ ပထမဆုံးအင်တာဗျူးက မည်မျှပေါက်လိမ့်လေမလဲ။

"တိတ်တိတ်နေပေးကြပါ"

ကျန်းမုန့်လောင်လည်း အတန်ငယ်ဆွံ့အသွားရသည်။ ရက်အနည်းငယ်အတွင်းမှာပင် သူပြန်လာလိုက်သည်နှင့် ဤမျှကြီးမားသော ဆူညံပွက်လောရိုက်မှုကြီးက သူ့ကိုစောင့်မျှော်နေသည်မှာ စင်စစ်ရှက်စရာကောင်းလှ၏။

"မစ္စတာကျန်း..ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာရတဲ့အတွက် ဘယ်လိုခံစားရလဲဆိုတာကို ပြောပြပေးလို့ရမလား"

ကျန်းမုန့်လောင်က သက်ပြင်းချလျက် ဘွင်းဘွင်းရှင်းရှင်းပြောကြားလိုက်လေသည်။

"ခင်ဗျားတို့သိလား။ ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်လာရတဲ့အတွက် ဘယ်လိုခံစားရလဲဆိုရင် ကျွန်တော် ရူးချင်တော့တာပဲ"

*********

All Chapters