← Chapters

ကျုပ်မှာ ၈၀၀ဘီလီယံပဲကျန်တော့တယ်လို့ထင်လိုက်တာ

Vol. 17 Ch. 245

ကျုပ်မှာ ၈၀၀ဘီလီယံပဲကျန်တော့တယ်လို့ထင်လိုက်တာ

Vol. 17 Ch. 245

ဤစကားကိုကြားလိုက်ရ‌‌သောအခါ သတင်းထောက်အားလုံး ကြက်သေသေသွားကြသည်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုသည်မှာ မည်မျှအစွမ်းထက်လိုက်သည့် အရှိန်အဝါမျိုးဖြစ်လေမလဲ။ အချမ်းသာဆုံးလူဟူ၍ ဖြစ်လာပြီဆိုလျှင် ဘယ်သူမဆို တစ်ကမ္ဘာလုံးသိသွားအောင် ပြသကြမည်မဟုတ်လော။

လူတိုင်းတွင် ဟန်ထုတ်လိုစိတ်ရှိကြသည်။ အထူးသဖြင့် ကျန်းမုန့်လောင်ကဲ့သို့ အသက်နှစ်ဆယ်စွန်းစွန်းသာရှိ‌သေးသော လူငယ်တစ်ဦးဆိုလျှင် ပို၍ပင်ဟိတ်ဟန်ထုတ်လိုစိတ် ရှိမည်မဟုတ်လား။

သို့သော် ကျန်းမုန့်လောင်မှာမူ ဤသတင်းကိုကြားရသည်မှာ စိတ်ရှုပ်စရာကောင်းသည်ဟု ဆိုလာ‌လေသည်။ မသိလျှင် ကမ္ဘာ့အချမ်းသာဆုံးဟူ‌သော ဂုဏ်ပုဒ်သည် သူ့အတွက်မူ ဝန်ထုပ်ဝန်ပိုးတစ်ခုသဖွယ် ဖြစ်နေသည့်အလားပင်။

ဘာတွေဖြစ်ပျက်နေတာလဲ။

"မစ္စတာကျန်း ကမ္ဘာ့အချမ်းသာဆုံးလူတစ်‌ယောက် ဖြစ်လာတာနဲ့ပတ်သက်ပြီး ဘယ်လိုအမြင်ရှိလဲဆိုတာ‌လေး မျှဝေပေးပါဦး"

"ဟုတ်ပါတယ် မစ္စတာကျန်း နည်းနည်းလောက်ပြောပေးပါဦး"

သတင်းထောက်များက ဇွတ်အတင်းမေးမြန်းနေကြ‌လေတော့သည်။

"ကျုပ်မှာ ဘာအမြင်ရှိရမှာလဲ"

ကျန်းမုန့်လောင်က လက်နှစ်ဖက်ကို ဖြန့်ကားလိုက်သည်။

"ငွေ‌ကြေးကို ကျုပ်စိတ်မဝင်စားဘူး။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ဖြစ် မဖြစ်ဖြစ် ကျုပ်မှာ ဒီငွေပမာဏ ဆက်ရှိ‌နေမှာပဲ။ ဒါက တကယ်တော့ အနှစ်မရှိတဲ့ ဂုဏ်ပုဒ်တစ်ခုသက်သက်ပါပဲ။ ဘာမှခံစား‌နေစရာမရှိဘူး"

"ဒင်! ကြီးမားလှတဲ့ နိုင်ငံတော်အဆင့်ကြွားလုံးမျိုး ထုတ်နိုင်ခဲ့တဲ့အတွက် စွမ်းအားအမှတ်၁၀၀ ရရှိပါတယ်"

"သောက်ကျိုးနည်း ငါ ကြွားလုံးထုတ်နေတာမဟုတ်ဘူး"

ဤစကားများသည် ကျန်းမုန့်လောင်၏ နှလုံးသားထဲကလာသော စကားများဖြစ်၏။ သူ့အတွက်မူ ဤဂုဏ်ပုဒ်သည် တကယ်အရေးမပါသလို ဝန်ထုပ်ဝန်ပိုးတစ်ခုပင် ဖြစ်‌နေနိုင်သည်။

သို့သော် စွမ်းအားအမှတ်၁၀၀ကို ရရှိလိုက်ခြင်းမှာမူ စိတ်ကျေနပ်ဖွယ်ရာ ကောင်းလှသည်။

"အခု အမှတ်၂၇၀ရှိသွားပြီလား"

စစ်ဆေးကြည့်လိုက်မှသာ သူ့တွင် စွမ်းအားအမှတ်၂၇၀ရှိနေပြီဖြစ်‌ကြောင်း တွေ့ရသည်။ ဖြစ်နိုင်သည်မှာ ယဲ့ရင် လက်စတုံးပစ်လိုက်သော ကံမကောင်းရှာသူများက သူတို့မသေခင် နောက်ဆုံးအချိန်တွင် သူ့အတွက် စွမ်းအားအမှတ်များ ပေးသွားခဲ့ခြင်းဖြစ်‌ပေမည်။ သို့သော် ထိုအချိန်တုန်းက သူသတိမထားမိခဲ့ပေ။

ဤအကြောင်းတွေးမိသည့်အခါ ကျန်းမုန့်လောင် မရယ်ဘဲမနေနိုင်တော့ချေ။

ကျန်းမုန့်လောင် ယခုလိုကြောင်တောင်တောင်ဖြစ်နေသည်ကို မြင်နေရသည့် သတင်းထောက်များခမျာ စကားပင် မပြောနိုင်ကြတော့ပေ။ သူတို့က ကျန်းမုန့်လောင်၏ ဟိတ်ဟန်ထုတ်နိုင်စွမ်းအဆင့်ကို ကောင်းစွာသိထားကြသည်။ ချင်းချိုးနိုင်ငံ၏ခေါင်းဆောင်ကို တိုက်ရိုက်ထုတ်လွှင့်မှုတွင် "အောင်နိုင်သူ"သီချင်း သီဆိုခိုင်းခြင်း၊ ဝမ်ယိဂီတကို "အနှိပ်ခန်းနှင့်ခြေဆေးမြို့တော်"အဖြစ် ပြောင်းလဲပစ်လိုက်ခြင်းတို့မှာ သူ့ဟိတ်ဟန်ထုတ်နိုင်စွမ်းကို မည်သူမျှ မယှဉ်နိုင်ကြောင်း သက်သေပြခဲ့သည်။ သူသည် အတုမရှိ‌သော ဟွာရှား၏နံပါတ်တစ် ကြွားလုံးထုတ်နိုင်သူတစ်ဦးဖြစ်၏။

သို့သော် ယနေ့တွင်မူ သူသည် အနည်းငယ်ပုံမှန်မဟုတ်သလို ပြုမူနေ၏။ စကားပြောပြီးသည်နှင့် ရုတ်တရက်ကြီး ထရယ်‌နေခြင်းမှာ အဘယ်ကြောင့်နည်း။ သို့သော် ဤသတင်းထောက်များသည် ထိုသို့သော အခြေအနေများအတွက် လေ့ကျင့်ထားသူများဖြစ်၏။ ပုံမှန်အားဖြင့်ဆိုလျှင် သူတို့က ဇာတ်ကောင်စရိုက်သွေဖည်သွားခြင်းမရှိပေ။ သို့သော် ကျန်းမုန့်လောင်၏တုံးအအရယ်သံကြောင့် အချို့သတင်းထောက်များပင် ရယ်ချင်စိတ်ကို ထိန်းမထားနိုင်ကြပေ။

"ကြည့်ရတာတော့ မစ္စတာကျန်းက သူပြောသလောက်လည်း စိတ်မဝင်စားတာမဟုတ်ဘူးထင်တယ်"

သတင်းထောက်တစ်ဦးက ရယ်မောလျက် ပြောသည်။

"လောလောဆယ် Forbesအဆင့်သတ်မှတ်ချက်မှာ ခင်ဗျားရဲ့ပိုင်ဆိုင်မှုအတိအကျကို ဖော်ပြထားခြင်းမရှိသေးပါဘူး။ နောက်ဆုံးရထားတဲ့ဒေတာအရဆိုရင် Forbesမှာ ဒုတိယနေရာ‌ရောက်နေတဲ့ မစ္စတာပိုလာဒီက အမေရိကန်ဒေါ်လာ၂၄၀ဘီလီယံကို ပိုင်ဆိုင်ထားပါတယ်။ မစ္စတာကျန်း ခင်ဗျားရဲ့ပိုင်ဆိုင်မှုပမာဏအတိအကျကို ဖော်ပြဖို့ဆန္ဒရှိပါသလား"

"အမ်..."

ကျန်းမုန့်လောင်လည်း ချက်ချင်းပင် မှင်တက်သွားရသည်။ ဤမေးခွန်းကို အကြိမ်ကြိမ်အမေးခံရပြီးဖြစ်သော်လည်း ကျန်းမုန့်လောင်ကတော့ ယခုထိတိုင် တိကျသောအဖြေတစ်ခုကို မပေးသေးပေ။

"မစ္စတာကျန်း ထုတ်ပြလို့မရတဲ့ကိစ္စတစ်ခုခုများရှိ‌နေလို့လား"

"မစ္စတာကျန်း ခင်ဗျားရဲ့ပိုင်ဆိုင်မှုအရင်းအမြစ်က မရှင်းလင်းလို့များ ထုတ်ဖော်ပြသလို့မရတာလား"

သတင်းထောက်များသည် သတင်းအစအနများကို လိုက်လံဖမ်းဆုပ်ရာ၌ ကျွမ်းကျင်ကြသည်။ လောလောဆယ်တွင် နာမည်ကြီးခေါင်းစဉ်ဖြစ်‌နေသည့်အတွက် ကျန်းမုန့်လောင်နှင့်ပတ်သက်သော မည်သည့်သတင်းမဆို ပေါက်ကွဲမှုဖြစ်စေနိုင်သည်။ ဤသတင်းထောက်များတွင် ကျင့်ဝတ်ဆိုသည့်အရာလည်း မရှိပေ။ လူအများ၏အာရုံကို ဆွဲဆောင်နိုင်မည်ဆိုလျှင် သူတို့ဟာ မည်သည့်နည်းလမ်းကိုမဆို အသုံးပြုကြသည်။

"ခင်ဗျားက ဘယ်ဖျော်ဖြေရေးကုမ္ပဏီကလဲ"

ကျန်းမုန့်လောင်က ထိုသတင်းထောက်ကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။

ထိုသတင်းထောက်ခမျာ ချက်ချင်းပင် နောက်ဆုတ်သွား‌လေသည်။ အကြောင်းမှာ ကျန်းမုန့်လောင်သည် အသာတကြည်အနိုင်ကျင့်ခံ‌နေမည့် လူစားမျိုးမဟုတ်‌သောကြောင့်ပင်။ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသော အခြေအနေမျိုးတွင် သူသည် တိုက်ရိုက်ပြန်လည်တိုက်ခိုက်တတ်သူသာ ဖြစ်၏။

"ဖုန်း‌ညောင်ဖျော်ဖြေရေး ဟုတ်တယ်မလား"

ကျန်းမုန့်လောင်က သတင်းထောက်၏ မိုက်ကရိုဖုန်းပေါ်ရှိ စာသားနှင့် အမှတ်တံဆိပ်ကို မြင်လိုက်သည်။

"ပြန်သွားပြီး ခင်ဗျားရဲ့သူ‌ဌေးကိုပြောလိုက်။ ကျုပ်ကို မဟုတ်မမှန်စွပ်စွဲတဲ့ လူတွေကို တရားဥပဒေအရ အရေးယူပိုင်ခွင့်ရှိတယ်လို့။ ကျုပ်ရှေ့နေရဲ့ထုတ်ပြန်စာကို မနက်ဖြန်ပို့လိုက်မယ်"

"မိုက်တယ်ဟေ့"

သတင်းထောက်များမှာ စိတ်ထဲတွင် တိတ်တိတ်‌လေးအံ့အားသင့်သွားကြသည်။ သတင်းထောက်များ၏ မေးခွန်း‌ပေါင်းများစွာအကြား တိုက်ရိုက်ထုတ်လွှင့်မှု လုပ်နေစဉ်အတွင်းမှာပင် ကျန်းမုန့်လောင်က သတင်းထောက်များကို တိုက်ရိုက်ရင်ဆိုင်ရဲပေသည်။

"ဟေ့ ကိုယ့်လူ"

ကျန်းမုန့်လောင်က နောက်ဘက်ရှိ ကင်မရာမန်းတစ်ဦးကိုလှမ်းခေါ်လိုက်သည်။

"ကျုပ် ခင်ဗျားကို ယွမ်တစ်သိန်းပေးမယ်။ ခဏနေရင် အဲ့ဒီဗီဒီယိုကို ကျုပ်ကို ကူးပေးနိုင်မလား။ သက်သေအထောက်အထားအဖြစ် ကျုပ် အဲ့ဒါကိုလိုအပ်လို့"

ထိုကင်မရာမန်းခမျာ သူ့ကင်မရာကို လွှတ်ချမိမတတ်ပင်။ သူ့တစ်နှစ်ဝင်ငွေမှာ ယွမ်တစ်သိန်းပင် မရှိ‌ချေ။ ထိုလူက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်‌နေသည်မှာ အံ့သြစရာတော့မရှိ။ ငွေကသာ အရာရာပင်။

"ဟားဟားဟား ငါတို့ရဲ့‌ဘော့စ်ကျန်းကတော့ ကြမ်းနေတုန်းပဲဟေ့"

တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရှု‌နေသည့် ပရိသတ်များက လက်ခုပ်လက်ဝါးတီး၍ အားပေး‌နေကြသည်။

ဤသတင်းထောက်များသည် သတင်းခေါင်းစဉ်များ ဖန်တီးရန်အတွက် အလွန်အရှက်မရှိသောအရာများကို မကြာခဏပြုလုပ်တတ်ကြသည်။ သို့သော် သူတို့၏ပုံရိပ်ကို ထိခိုက်မည်စိုးသောကြောင့် ဤသတင်းထောက်များကို တိုက်ရိုက်ရင်ဆိုင်သူက နည်းပါးလှသည်။ ကျန်းမုန့်လောင်သာလျှင် အစစ်အမှန်လုပ်နိုင်စွမ်းရှိသူဖြစ်၏။

"မစ္စတာကျန်း အွန်လိုင်းမှာ စာရင်းပြုစုထားတဲ့ အချက်အလက်‌တွေအရဆိုရင် ခင်ဗျားရဲ့ပိုင်ဆိုင်မှုတွေက အမေရိကန်ဒေါ်လာ၈၀၀ဘီလီယံလောက်ရှိတယ်လို့ သိရပါတယ်။ ဒီပမာဏက မှန်ပါသလား"

"ခွီး..."

ကျန်းမုန့်လောင်၏ဘေးတွင် ရပ်နေသော ဝမ်လင့်ခမျာ အော်မရယ်ဘဲ မနေနိုင်တော့ပေ။ ဒေါ်လာ၈၀၀ဘီလီယံတဲ့လား။ မနေ့ကတင် ကျန်းမုန့်လောင်လုယက်ခဲ့သော ငွေပမာဏမှာ ယူရို၁ထရီလီယံကျော်ဖြစ်‌လေရာ အမေရိကန်ဒေါ်လာအားဖြင့်‌ဆိုလျှင် ၁.၂ထရီလီယံဖြစ်၏။

"ဘာ"

ကျန်းမုန့်လောင်က ထိတ်လန့်သွားလေဟန် အမူအရာတစ်ခုကို ထုတ်ဖော်ပြသလာသည်။

သတင်းထောက်များက ရုတ်တရက်ဆိုသလို စိတ်လှုပ်ရှားသွားကြ‌လေသည်။ ကျန်းမုန့်လောင်၏အမူအရာကို ကြည့်ခြင်းအားဖြင့် သူ့ပိုင်ဆိုင်မှုအစစ်အမှန်ကို သူတို့မှန်းဆလိုက်နိုင်သည့်ပုံပင်။

တစ်စုံတစ်‌ယောက်က များပြားလှသော ဤပမာဏကိုဖော်ပြလာသည့်အခါ လူပေါင်းများစွာက မယုံကြည်နိုင်‌လောက်အောင်ဖြစ်သွားကြ၏။ အကြောင်းမှာ ချင်းချိုးငွေကြေး ဒေါ်လာ၇၀၀ထရီလီယံကျော်ရှိသည်ဟု ကျန်းမုန့်လောက်ကြွားဝါခဲ့စဉ်က ဓာတ်ပုံတစ်ပုံမျှသာရှိပြီး ဓာတ်ပုံဆိုသည်မှာလည်း အတုဖြစ်နိုင်သောကြောင့်ပင်။ များစွာသော ခန့်မှန်းချက်များတွင်မူ ဒေါ်လာ၃၀၀ဘီလီယံခန့်သာ ရှိမည်ဟု ဆိုကြသည်။

ကျန်းမုန့်လောင်၏ပိုင်ဆိုင်မှုများကိုသာ အတည်ပြုနိုင်ပါက ဧရာမသတင်းတစ်ပုဒ်ဖြစ်လာမည်မှာ အမှန်ပင်။

ကျန်းမုန့်လောင်က ချက်ချင်းပင် ဆွစ်ဘဏ်တွင်ရှိသော သူ့အကောင့်ကိုဖွင့်ကာ သုညများဖြင့်ပြည့်နှက်နေသော ဂဏန်းအစဉ်လိုက်ကြီးကို မြင်လိုက်ရသည့်အခါမှသာ စိတ်သက်သာရာရသွားဟန် သက်ပြင်းချလိုက်သည်။

"မစ္စတာကျန်း ဘာဖြစ်လို့လဲ"

သတင်းထောက်တစ်‌ယောက်က စူးစမ်းလိုဟန်‌လေသံဖြင့် မေးလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။ ခင်ဗျားတို့ကြောင့် လန့်သွားတာလေ။ ကျုပ်ရဲ့ပိုင်ဆိုင်မှုတွေက ဒေါ်လာ၈၀၀ဘီလီယံပဲ ကျန်တော့တာများလားလို့ ထင်လိုက်မိလို့"

"ဘာ"

သတင်းထောက်များမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရှုပ်ထွေးသွားကြသည်။

"သောက်ကျိုးနည်း... ဒီလူက တကယ့်ကို အကြွားသန်တာပဲ။ 'ဒေါ်လာ၈၀၀ဘီလီယံပဲကျန်တော့တယ်'လို့ထင်ပြီး လန့်သွားတယ်ဆိုပဲ"

"ငါ့စိတ်အစဉ်‌တော့ ပျက်စီးသွားရပြီ။ ဒေါ်လာ၈၀၀ဘီလီယံ‌မပြောနဲ့။ ဒေါ်လာ၈၀မီလီယံဆိုရင်တောင် ငါ နေမင်းကြီးနဲ့ ပခုံးချင်းယှဉ်ပြီး လျှောက်သွားနိုင်ပြီ"

"ငါ့နှာခေါင်းအောက်ကို ညှစ်လိုက်စမ်းပါ။ ငါ ခံနိုင်ရည်မရှိတော့ဘူး"

"သူ ဘာကိုဆိုလိုချင်တာလဲ။ သူ့ပိုင်ဆိုင်မှုတွေက အမေရိကန်ဒေါ်လာ၈၀၀ဘီလီယံထက် ပိုများတာလား"

"ခင်ဗျားတို့တွေ ဒီတွက်ချက်မှုကို ဘယ်လိုလုပ်ခဲ့ကြတာလဲ"

ကျန်းမုန့်လောင်က တခစ်ခစ်ရယ်လိုက်သည်။ သူကိုယ်တိုင်ပင် သူဘယ်လောက်ပိုင်ဆိုင်သလဲဆိုသည်ကို မသိပေ။ အခြားသူများက ဘယ်လိုတွက်ချက်နိုင်မည်တဲ့လဲ။

"မကြာသေးခင်တုန်းက ခင်ဗျားက ချင်းချိုးနိုင်ငံထဲက ချင်းချိုးငွေကြေး၇၀၀ထရီလီယံကျော်ကို ပိုင်ဆိုင်ထားတယ်လို့ ဆိုရှယ်မီဒီယာမှာ ကြွားခဲ့တယ်လေ။ အဲ့ဒါက အမေရိကန်ဒေါ်လာနဲ့တွက်ရင် ၆၇၀ဘီလီယံ‌လောက်ရှိတယ်။ ပြီးတော့ ထန်ရွှင်းဂီတနှင့် ဝမ်ယိဂီတတို့ကိုလည်း ပေါင်းစည်းခဲ့ပြီး ဒီနေ့ဆိုရင် အဲ့ဒီတန်ဖိုးက ဒေါ်လာ၈၂ဘီလီယံ‌လောက်ရှိ‌တယ်။ ပြီးတော့ Unicornနည်းပညာမှာလည်း အစုရှယ်ယာပါဝင်ထားတော့ အဲ့ဒီလုပ်ငန်းရဲ့ ကာလတန်ဖိုးက ဒေါ်လာ၁၀၀ဘီလီယံရှိပြီး ဝေးပေါ်က ဒေါ်လာ၁၀ဘီလီယံရှိတယ်။ ဒီတော့ ခင်ဗျားရဲ့ အစုရှယ်ယာရာခိုင်နှုန်းအရဆိုရင် ဒေါ်လာ၁၃၀ဘီလီယံလောက်ရှိတာပေါ့"

"အမှန်အတိုင်းပြောရရင် ကျုပ်မှာ ပိုက်ဆံဘယ်လောက်ရှိလဲဆိုတာ ကျုပ်ကိုယ်တိုင်တောင်မသိဘူး"

ကျန်းမုန့်လောင်က လက်နှစ်ဖက်ကိုဖြန့်လိုက်လေသည်။

"ကျန်တာတွေကို အသာထားဦး။ ချင်းချိုးငွေကြေး၇၀၀ထရီလီယံဆိုတာက ချင်းချိုးဘဏ်အကောင့်ထဲက လက်ကျန်ငွေသက်သက်ပဲရှိ‌သေးတာ။ ကျုပ်မှာ ချင်းချိုးမင်ရှန့်ဘဏ်နဲ့ ချင်းချိုးပြည်သူ့ဘဏ်တွေမှာပါ တခြားစုငွေအကောင့်တွေ ရှိသေးတယ်။ ဒါတောင် ချင်းချိုးနိုင်ငံတစ်နိုင်ငံတည်းမှာရှိတဲ့ စုငွေတွေပဲရှိသေးတာ"

ဤစကားကို ကြားလိုက်ရသည့်အခါ သတင်းထောက်များလည်း လုံးဝအံ့သြမှင်တက်သွားကြ‌လေသည်။ ဆိုလိုသည်မှာ သူ့ပိုင်ဆိုင်မှုများသည် ဒေါ်လာ၈၀၀ဘီလီယံထက် များစွာကျော်လွန်ပြီး အများစုမှာ ငွေသားစစ်စစ်အဖြစ် ရှိနေခြင်းပင်။

Forbesအဆင့်သတ်မှတ်ချက်ရှိ ဘယ်ဘီလျံနာ၏ပိုင်ဆိုင်မှုကများ ငွေသားသီးသန့်ရှိသလဲ။ အားလုံးနီးပါးက ရုပ်ဝတ္ထုပိုင်ဆိုင်မှုများသာ ဖြစ်နေကြသည်မဟုတ်လား။

"ကောင်းပြီ။ ခင်ဗျားတို့မှာ နောက်ထပ်မေးစရာမေးခွန်းတွေ မရှိတော့ဘူးမဟုတ်လား"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"မရှိရင်လည်း ကျုပ်ပြန်တော့မယ်။ ကျုပ် တော်တော်အလုပ်များ‌နေတာ။ ကျုပ်က ကျုပ်ရဲ့အစွမ်းအစကြောင့်ကျော်ကြားတာမျိုးပဲ ပိုဖြစ်စေချင်တာ။ ဘွဲ့လွန်နဲ့ ပါရဂူဘွဲ့အတွက် ပြင်ဆင်ရမှာမို့ သွားလိုက်ပါဦးမယ်"

ထိုသို့ပြောပြီးနောက် ကျန်းမုန့်လောင်က လူအုပ်ကြီးကိုတွန်းထိုး၍ ထွက်သွားလေတော့သည်။

**********

All Chapters