← Chapters

ကျွန်တော် နိုင်ငံတော်ကိုပြန်အပ်ဖို့ စီစဉ်ထားပါတယ်

Vol. 17 Ch. 246

ကျွန်တော် နိုင်ငံတော်ကိုပြန်အပ်ဖို့ စီစဉ်ထားပါတယ်

Vol. 17 Ch. 246

"သူက ဒီလိုပဲပြန်တော့မလို့လား"

ကျန်းမုန့်လောင်၏ကားက မောင်းထွက်သွားချိန်မှာ သတင်းထောက်များက တစ်ယောက်ကိုတစ်ယောက် စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေကြသည်။

သူ့ကို ယခုလေးတင်မှ ကမ္ဘာ့အချမ်းသာဆုံးလူအဖြစ် ကြေညာလိုက်ခြင်းဖြစ်၏။ ပုံမှန်ဆိုလျှင် သတင်းစာရှင်းလင်းပွဲတစ်ခု ကျင်းပပြီး သူ့အမြင်များကို ရှင်းပြကာ သူ့ကျော်ကြားမှုကို ကြွားဝါရမည်မဟုတ်လား။

သို့သော် ကျန်းမုန့်လောင်ကိုကြည့်ရသည်မှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဟူသော ဂုဏ်ပုဒ်ကို သိပ်အလေးမထားပုံရသည်။ သတင်းထောက်များကသာ ထိုကိစ္စနှင့်ပတ်သက်ပြီး သူ့ထက် ပိုစိတ်လှုပ်ရှားနေကြသလိုဖြစ်သွားသည်။

အမှန်စင်စစ်ချမ်းသာကြွယ်ဝသူများအဖို့တော့ ယခုလိုဂုဏ်ဒြပ်များသည် ဘာမှအဓိပ္ပာယ်မရှိသည့်အရာများ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ကျန်းမုန့်လောင်က သူ့အမြင်များကို ဖော်ပြသွားခြင်းမရှိသော်လည်း သူ၏စုစုပေါင်းပိုင်ဆိုင်မှုများကို ထုတ်ဖော်ပြသခဲ့ရုံဖြင့်ပင် တစ်နိုင်ငံလုံးကို အုတ်အော်သောင်းတင်းဖြစ်သွားစေရန် လုံလောက်ပေသည်။

သတင်းထောက်အများစုမှာ ရုပ်မြင်သံကြားဌာနများမှ ဖြစ်သော်လည်း ယခုလိုအင်တာနက်ခေတ်တွင် လူနည်းစုကသာ တီဗီကြည့်ကြတော့သည်။ ဆိုရှယ်မီဒီယာပလက်ဖောင်းများနှင့် တိုက်ရိုက်ထုတ်လွှင့်မှုများက ထိုရိုးရာသတင်းထုတ်လွှင့်ရေးချန်နယ်များကို အစားထိုးပစ်လိုက်သည်မှာ ကြာလှရှိချေပြီ။

သတင်းထောက်များက သူတို့ရိုက်ကူးထားသော ဗီဒီယိုများကို တည်းဖြတ်နေကြပြီး သူတို့ထဲရှိ လက်အမြန်ဆုံးလူကတော့ သူတို့ဖုန်းဖြင့် ရှာဖွေမှုအများဆုံးစာရင်းကို သိမ်းပိုက်ဖို့ အသင့်ပြင်နေကြပြီဖြစ်၏။

သို့သော် ကျန်းမုန့်လောင်၏ အင်တာဗျူးဗီဒီယိုကို လိုင်းပေါ်တင်လိုက်သည်နှင့်တစ်ပြိုင်နက် ပထမနေရာသို့ ထိုးတက်သွားလေသည်။

ဤသည်မှာ စနောက်နေခြင်းပင်။ သူ့နာမည်ကား ဝေးပေါ်အနှံ့ ပျံ့နှံ့နေချေသည်။ သူသာ အိမ်သာတက်နေသည့်ကိစ္စကို ဝေးပေါ်တွင် ပို့စ်တင်ရဲပါက ရှာဖွေမှုအများဆုံးစာရင်းသို့ ရောက်သွားလိမ့်မည်သာ။

"ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အသစ်စက်စက် ကျန်းမုန့်လောင်နှင့် ရှေ့တန်းမှ တွေ့ဆုံမေးမြန်းမှု"ဟု ခေါင်းစဉ်တပ်ထားသော ဗီဒီယိုတစ်ပုဒ်က အင်တာနက်တစ်ခွင်ကို လှုပ်ခတ်သွားစေခဲ့သည်။

"မစ္စတာကျန်းက သုံးရက်လောက် ဘာလို့ပျောက်သွားပါလိမ့်လို့တွေးနေတာ။ အကွက်အကြီးကြီးတစ်ခုရွှေ့ဖို့ ပြင်ဆင်နေတာကိုး"

"အမေရိကန်ဒေါ်လာ၈၀၀ဘီလီယံဆိုတာက လျှော့တွက်ထားတာပဲဖြစ်လောက်တယ်။ သူက လူရောဟုတ်သေးရဲ့လား။ နိုင်ငံတွေနဲ့ယှဉ်နိုင်လောက်တဲ့အထိ ချမ်းသာတယ်ဆိုတာ ဒါမျိုးလား"

"အမေရိကန်ဒေါ်လာ၈၀၀ဘီလီယံတင်မကဘူး။ ချင်းချိုးဘဏ်ဆိုတာက ချင်းချိုးနိုင်ငံထဲက သူ့ဘဏ်အကောင့်တစ်ခုပဲရှိသေးတာလို့ မစ္စတာကျန်းက ပြောထားတယ်။ သူကလျှော့ပြောထားပြီး ဘဏ်အကောင့်ငါးခုရှိတယ်ပဲ ဆိုပါစို့။ တခြားဘဏ်တွေထဲမှာရှိတဲ့ ပိုက်ဆံတွေက ချင်းချိုးငွေကြေးသုံးထရီလီယံ ဒါမှမဟုတ် လေးထရီလီယံလောက်ပဲရှိတယ်လို့ ယူဆရင်တောင် အမေရိကန်ဒေါ်လာနှစ်ထရီလီယံနီးပါးဖြစ်သွားပြီ"

"အပေါ်က ဆန်းစစ်ချက်က အဓိပ္ပာယ်ရှိတယ်။ ဒါပေမဲ့ မစ္စတာကျန်းပြောခဲ့တဲ့စကားကိုလည်း မမေ့နဲ့လေ။ သူက ချင်းချိုးနိုင်ငံမှာရှိတဲ့ပိုက်ဆံတွေကိုပဲ ပြောပြထားတာလေ။ အဲ့လိုနိုင်ငံငယ်လေးတစ်ခုမှာ ဘယ်သူကများ ပိုက်ဆံတွေအကုန်လုံးကို သွားအပ်ထားမှာလဲ။ သူတို့ရဲ့GDPက လတ်တလောနှစ်တွေအတွင်းမှာ တော်တော်ကောင်းနေပေမဲ့ တစ်ကမ္ဘာလုံးနဲ့ယှဉ်ကြည့်လိုက်ရင် ဘာမှမပြောပလောက်ဘူး။ မစ္စတာကျန်းက ချင်းချိုးနိုင်ငံမှာ စုငွေတွေရှိတယ်ဆိုရင် ဟွာရှား အမေရိကနဲ့ အင်္ဂလန်တို့မှာလည်း ရှိမှာပဲလေ"

"ဟုတ်တယ်။ ငါတို့နိုင်ငံရဲ့အမေရိကန်ဒေါ်လာသိမ်းဆည်းနှုန်းက ဘယ်လောက်ရှိလဲ။ ၂.၄ထရီလီယံမလား"

"သောက်ကျိုးနည်း… ချင်းချိုးနိုင်ငံမှာရှိတဲ့ သူ့ငွေသားတွေနဲ့တင် ဒီပမာဏကိုယှဉ်နိုင်တယ်မဟုတ်လား"

"မစ္စတာကျန်းရဲ့အမူအရာကို မင်းတို့မြင်လိုက်လား။ သူ့မှာ အမေရိကန်ဒေါ်လာ၈၀၀ဘီလီယံပဲရှိတယ်လို့ တစ်ယောက်ယောက်ပြောလိုက်တော့ သူ အံ့ဩသွားတယ်လေ။ သူ့အတွက်တော့ ပိုင်ဆိုင်မှုဒေါ်လာ၈၀၀ဘီလီယံဆိုတာက ဆင်းရဲတယ်လို့သတ်မှတ်ထားတာ ဖြစ်လောက်တယ်"

"နိုင်ငံတွေနဲ့ယှဉ်ပြိုင်နိုင်တဲ့ချမ်းသာကြွယ်ဝမှုပဲ။ တကယ့်ကို နိုင်ငံပေါင်းများစွာနဲ့ ယှဉ်ပြိုင်နိုင်တဲ့ချမ်းသာကြွယ်ဝမှုပဲ"

"မစ္စတာကျန်းရဲ့စုစုပေါင်းပိုင်ဆိုင်မှုကို မင်းတို့သိချင်လား။ ကြွားတာတော့မဟုတ်ပါဘူး။ မစ္စတာကျန်းကိုယ်တိုင်တောင် သူ့ပိုင်ဆိုင်မှုက ဘယ်လောက်ရှိလဲဆိုတာ မသိဘူးထင်တယ်"

"သူက တကယ့်ကို ဩဇာတိက္ကမရှိမှုရဲ့သာဓကပါပဲ"

...

ဤအင်တာဗျူးကား ဟွာရှားတင်သာမက နိုင်ငံတကာအထိပါ ပျံ့နှံ့သွားခဲ့သည်။ သူသည် ဟွာရှားတွင်သာ အချမ်းသာဆုံးမဟုတ်ပါဘဲ ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်နေသောကြောင့် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံတိုင်းနှင့် သက်ဆိုင်မှုရှိသည်။

"အမေရိကန်ဒေါ်လာ၈၀၀ဘီလီယံတဲ့လား။ အဲ့ဒါ မစ္စတာကျန်းကို စော်ကားလိုက်တာပဲ"

အမေရိကရှိ ဗီလာတစ်ခုအတွင်းတွင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဟောင်း ဘီလ်ဂိတ်ကလည်း ဤသတင်းကိုကြည့်နေချေသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်ကသာဆိုလျှင် ဘီလ်လည်း ဤပမာဏကို ယုံကြည်မိမည်ဖြစ်ပြီး ချဲ့ကားလွန်းသည်ဟုပင် ထင်မိလိမ့်မည်။ Forbesစာရင်းထဲရှိ ထိပ်ဆုံးငါးယောက် ပေါင်းလိုက်မှသာ ထိုပမာဏလောက် ရောက်နိုင်လောက်မည်မဟုတ်လား။

သို့သော် ထိုလေလံပွဲအပြီးတွင်မူ ဤပမာဏက ကျန်းမုန့်လောင်ကို စော်ကားမှုတစ်ခုဟုသာ ဘီလ် ခံစားမိတော့သည်။

တိကျသည့်တွက်ချက်မှုမပြုလုပ်ဘဲ ခန့်မှန်းချက်သက်သက်ဖြင့်သာ ကြည့်မည်ဆိုပါက ကျန်းမုန့်လောင်သည် ထိုလေလံပွဲတွင်ယူရို၁၅၀ဘီလီယံခန့် သုံးစွဲခဲ့သည့် ထိုပမာဏမှာ အကြမ်းအားဖြင့် အမေရိကန်ဒေါ်လာ၁၈၀ဘီလီယံရှိ၏။

အမေရိကန်ဒေါ်လာ၈၀၀ဘီလီယံနှင့် ယှဉ်လိုက်ပါက ၁၈၀ဘီလီယံဆိုသည်မှာ ဆွဲဆောင်မှုမရှိလှဟု မြင်ကောင်းမြင်နိုင်သည်။ သို့သော် သိထားရမည့်အချက်မှာ သာမန်လူတစ်ယောက်သာဆိုလျှင် မိမိပိုင်ဆိုင်မှု၏အများစုကို လေလံပွဲတစ်ခုတွင် ပစ္စည်းများဝယ်ယူရာ၌ သုံးပစ်မည်တဲ့လား။

ဘီလ်ဂိတ်ကိုပင် ဥပမာထားကြည့်ပါ။ သူ၏စုစုပေါင်းပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ၁၂၀ဘီလီယံဖြစ်ပြီး ယူရိုပြောင်းလိုက်ပါက ယူရို၁၀၀ဘီလီယံရှိသည်။ သို့သော် သူ့ပိုင်ဆိုင်မှုအများစုက ရုပ်ဝတ္ထုပိုင်ဆိုင်မှုများနှင့် ချုပ်နှောင်ထားပြီး ငွေသားပိုင်ဆိုင်မှုမှာမူ သိပ်မများလှပေ။

လေလံပွဲတစ်ခု တက်သည့်အခါမျိုးတွင် သူသည် ယူရို၁.၂ဘီလီယံကို ပြင်သွားတတ်သည်။ ဤသည်မှာ သူ့ပိုင်ဆိုင်မှု၏၁ရာခိုင်နှုန်းနီးပါးပင်။ ဘီလ်ဂိတ်သာမက အခြားလုပ်ငန်းရှင်အများစုလည်း သူတို့ပိုင်ဆိုင်မှု၏ ၀.၅ရာခိုင်နှုန်းမှ ၁ရာခိုင်နှုန်းအတွင်းကိုသာ ယူလာတတ်ကြသည်။

ပိုမြင့်သောအချိုးဖြင့် တွက်ချက်ကြည့်မည်ဆိုလျှင် အကယ်၍ ကျန်းမုန့်လောင်၏ယူရို၁၅၀ဘီလီယံက သူ့ပိုင်ဆိုင်မှု၏ ၁ရာခိုင်နှုန်းဖြစ်နေခဲ့ပါက သူ့စုစုပေါင်းပိုင်ဆိုင်မှုမှာ ယူရို၁၅ထရီလီယံခန့် ရှိနေလိမ့်မည်သာ။

ဘီလ်ဂိတ်ကိုယ်တိုင်ပင် ဤပမာဏကိုမြင်လိုက်ရချိန်မှာ အသက်ရှူရခက်ခဲသွားသည်။ နိုင်ငံပေါင်းများစွာ၏ နှစ်စဉ်ဝင်ငွေပင် ဤမျှမများပေ။

ထိုပမာဏမှာ အလွန်အမင်းချဲ့ကားထားသည်ဟု ထင်ရသော်လည်း သာမန်ဒေါ်လာ၈၀၀ဘီလီယံလောက်ဖြင့် မကန့်သတ်နိုင်သည်ကတော့ သေချာပေသည်။

...

"ချစ်မေမေရေ..ဒီဟွာရှားလူမျိုး ကျန်းမုန့်လောင်ရဲ့ပိုင်ဆိုင်မှုတန်ဖိုးက ဒေါ်လာ၈၀၀ဘီလီယံကျော်တယ်တဲ့။ သတင်းမှားတွေက ပိုပိုပြီးပေါက်ကရဆန်လာတာပဲ"

ဥရောပရှိ ရှေးဟောင်းရဲတိုက်တစ်ခုအတွင်းတွင် အင်္ဂလန်ဘုရင်မကြီးက ဤစာကိုဖတ်ရှုနေစဉ် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလာလေသည်။ ဘုရင်မကြီး၏ အရေးအကြောင်းများနှင့်ပြည့်နှက်နေသော မျက်နှာထက်တွင် ခပ်မဲ့မဲ့အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။

"ကျန်းမိသားစုရဲ့အမွေတွေကို မင်းတို့တွေနားလည်နိုင်မှာမဟုတ်ဘူး"

ဘုရင်မကြီးက ညင်သာစွာပြောလိုက်ပေသည်။

အင်္ဂလန်တစ်နိုင်ငံတည်းတွင်ပင် ကျန်းမိသားစုပိုင်နယ်မြေများထံမှ ‌နှစ်စဉ်ကောက်ခံရရှိသောအခွန်ငွေများမှာ အံ့မခန်းများပြားလှပြီး ယနေ့အချိန်အထိတိုင် ဆယ်စုနှစ်ပေါင်းများစွာကြာသည်အထိ ကောက်ခံနေခဲ့သည်။ ဤသည်မှာ တစ်နိုင်ငံတည်းကသာ ရှိသေးသည်။

ဥရောပတစ်တိုက်လုံးရှိ နိုင်ငံတိုင်းတွင် ကျန်းမုန့်လောင်ပိုင်ဆိုင်သော မြေများရှိသည်။ ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သည့် အခွန်ငွေများသည် ဘီလီယံရာဂဏန်း သို့မဟုတ် ထရီလီယံပေါင်းများစွာနှင့်ချီပြီး ရှိနိုင်လေသည်။ သို့ဖြစ်လေရာ အမေရိကန်ဒေါ်လာ၈၀၀ဘီလီယံမျှဖြင့် ရပ်နေမည်တဲ့လား။

…

"ဒင်! ကျောင်းအုပ်ကြီးက ကမ္ဘာ့အဆင့်ကြွားဝါမှုတစ်ခုကို လုပ်နိုင်ခဲ့ပါပြီ။ စွမ်းအားအမှတ်၂၀၀ရရှိပါတယ်"

ကျန်းမုန့်လောင်က ဝမ်းသာအားရ ရယ်လိုက်မိသည်။

"ငါအမှတ်တွေရပြီ"

ယခုချက်ချင်းပင် ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲသို့ ပြန်ဝင်ကာ ဆရာနှစ်ယောက်လောက်ကို လော့ဖွင့်ပြီး အထူးစွမ်းရည်တစ်ခုခုကိုသင်ယူဖို့ စိတ်လောနေသော်ငြား သူ့တွင် လုပ်စရာအလုပ်တစ်ခုရှိနေသေးသည်။

"ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေတာတောင် သတင်းစာရှင်းလင်းပွဲမလုပ်ဘဲ ဒီအဘိုးကြီးကို ဘာလို့ဖုန်းဆက်နေတာလဲ"

ဟန်ကျင်းယွီက ကျန်းမုန့်လောင်၏ဖုန်းကို စိတ်လှုပ်ရှားစွာ ပြန်ဖြေလာသည်။ ကျန်းမုန့်လောင်၏အဆင့်အတန်းက မည်သို့ပင်ဖြစ်နေပါစေ ထိုသူသည် သူ့တပည့်သာဖြစ်၏။

"ပါမောက္ခ ကျွန်တော့်ကိုမစပါနဲ့တော့။ အဲ့ဒါက အမည်ခံဂုဏ်ပုဒ်တစ်ခုသက်သက်ပါပဲ။ ကျွန်တော်က ပါမောက္ခကို အကူအညီတစ်ခုတောင်းဖို့ ဖုန်းဆက်လိုက်တာ"

ကျန်းမုန့်လောင်က ပြန်ပြောလိုက်သည်။

"အိုး.. မင်း ငါ့အကူအညီကို ထပ်လိုပြန်ပြီလား။ တစ်ယောက်ယောက်နဲ့ အွန်လိုင်းမှာ ထပ်စကားများပြန်ပြီလို့တော့ မပြောနဲ့နော်"

ဟန်ကျင်းယွီက ဆိုလိုက်သည်။

"ဒီတစ်ခေါက်ကရော ဘယ်ကျောင်းကလဲ။ စိတ်မပူနဲ့။ ပါမောက္ခတွေနဲ့ တော်ဝင်ပညာရှင်တွေက မင်းအတွက် အဆင်သင့်ရှိနေပြီးသား"

ကျန်းမုန့်လောင်ခမျာ ကူကယ်ရာမဲ့လေဟန် အပြုံးတစ်ပွင့်ကို ဆင်မြန်းလိုက်သည်။ ဟန်ကျင်းယွီက ဤပါမောက္ခများနှင့် တော်ဝင်ပညာရှင်များကို လူရမ်းကားများနှင့် လမ်းဘေးကလေကချေများနှယ် သုံးနှုန်းနေတာပါလိမ့်။

"ဒီလိုပါ။ ကျွန်တော် မကြာသေးခင်က ဥရောပကိုသွားခဲ့တယ်ဆိုတာ ဆရာလည်းသိမှာပါ"

"သိတာပေါ့ ကောင်စုတ်လေးရဲ့။ မင်းက တိုက်ရိုက်ထုတ်လွှင့်မှုတောင်လုပ်ပြီး ပြင်သစ်စစ်ဆေးရေးအရာရှိကို တိုင်ပတ်အကကပြခိုင်းခဲ့သေးတာကို။ အဲ့ဒါက ငါတို့ကျောင်းတော်မှာ နာမည်ကြီးနေတဲ့အတင်းအဖျင်းတစ်ခုပဲ"

ဟန်ကျင်းယွီက ဆိုလာလေသည်။

"သတင်းဆိုးတွေက ပျံ့တာမြန်လိုက်တာ"

ကျန်းမုန့်လောင်ကတော့ ခေါင်းတခါခါပင်။

"ကျွန်တော်က ဟွာရှားလူမျိုးတွေရဲ့ဂုဏ်သိက္ခာကို ကာကွယ်ထိန်းသိမ်းခဲ့ရုံပါပဲ။ သူတို့က ကျွန်တော့်ကို အတင်းဖိအားပေးခဲ့တာလေ"

ကျန်းမုန့်လောင်က လိုရင်းကိုတန်းသွားလိုက်သည်။

"ပါမောက္ခဟန်.. သမိုင်းနဲ့ရှေးဟောင်းသုတေသနပါမောက္ခတွေကိုများ သိလား။ ကျွန်တော်တို့ကျောင်းမှာ ဒီနယ်ပယ်တွေမရှိတော့ ပါမောက္ခကလည်း အဆက်အသွယ်ကောင်းတွေရှိတယ်ဆိုတော့ ကျွန်တော် ပါမောက္ခရဲ့အကူအညီတောင်းရုံပဲ တတ်နိုင်တယ်လေ"

"မင်း ဘာအတွက် သူတို့ကိုလိုအပ်တာလဲ"

ဟန်ကျင်းယွီက သိချင်စိတ်ဖြင့်မေးလိုက်သည်။

"ဒီတစ်ခေါက် ကျွန်တော် ဥရောပကို လေလံပွဲတစ်ခုသွားတက်တာလေ။ အဲ့ဒီကနေ အကြာကြီးပျောက်ဆုံးနေတဲ့ ဟွာရှားယဉ်ကျေးမှုအမွေအနှစ်တွေကို အများကြီးပြန်ဝယ်လာခဲ့လိုက်တယ်။ ပါမောက္ခသိပါတယ်။ ကျွန်တော်က ၂၁ရာစုရဲ့ ထူးချွန်တဲ့လူငယ်တစ်ယောက်၊ ပါတီရဲ့ဂုဏ်ယူရတဲ့အဖွဲ့ဝင်တစ်ယောက်လေ။ ဒီတော့ ဒီလိုအရေးကြီးတဲ့ပစ္စည်းတွေကို မယူလာဘဲမနေနိုင်ဘူးပေါ့"

"ဒါဆို မင်းရဲ့အစီအစဉ်က…"

"ကျွန်တော် ဒါတွေကို နိုင်ငံတော်ကို ပြန်အပ်ဖို့စီစဉ်ထားတယ်"

**********

All Chapters