မင်း ပြတိုက်တစ်ခုခုကိုများ ဝင်ဓားပြတိုက်လာတာလား
Vol. 17 Ch. 247
"ဒါတွေကို နိုင်ငံတော်ကိုပြန်အပ်မယ်ဟုတ်လား။ မင်း သေချာရဲ့လား"
ဟန်ကျင်းယွီက ပြောလိုက်လေသည်။ ကျန်းမုန့်လောင်၏လက်ထဲတွင် ဘာရှိနေသလဲဆိုသည်ကို သူ အတိအကျမသိသော်ငြား လေလံပွဲတစ်ခုတွင် ပေါ်လာခဲ့သည့်အရာတစ်ခု ဖြစ်နေမှတော့ အလွန်အဖိုးတန်သည့်အရာပင် ဖြစ်ရပေမည်။ အမေရိကန်ဒေါ်လာဘီလီယံမဟုတ်လျှင်တောင် သန်းပေါင်းများစွာတန်လောက်သည်။
"ဒါပေါ့"
ကျန်းမုန့်လောင်က တည်ကြည်စွာ ပြန်ပြောလာသည်။
"ကျွန်တော်က ဒီနှစ်မှ ဂုဏ်ယူရတဲ့ပါတီဝင်တစ်ယောက် ဖြစ်လာခဲ့တာလေ။ ကျွန်တော့်မှာ အခုလိုလုပ်နိုင်စွမ်းမျိုး ရှိနေမှတော့ နိုင်ငံတော်အတွက် တတ်နိုင်သလောက်ကြိုးစားလုပ်ကိုင်ပေးရမှာ ကျွန်တော့်တာဝန်ပဲလေ"
"ဒါပေမဲ့ မင်းအနေနဲ့ အဖိုးအတန်ဆုံးယဉ်ကျေးမှုအမွေအနှစ်တွေကို ရှာတွေ့လာခဲ့တယ်ဆိုရင်တောင် ငါတို့နိုင်ငံတော်ယဉ်ကျေးမှုအမွေအနှစ်ကာကွယ်ရေးဥပဒေအရ မင်း ဘာလျော်ကြေးမှ ရမှာမဟုတ်ဘူး။ အများဆုံးရှိလှ ဂုဏ်ပြုလွှာတစ်စောင်ပဲရမှာ"
ဟန်ကျင်းယွီသည် ကျန်းမုန့်လောင်တစ်ယောက် အမွေအနှစ်ပစ္စည်းများကို သိမ်းထားဖို့ မျှော်လင့်မိခြင်းမဟုတ်သော်ငြား မည်သို့ပင်ဖြစ်စေ သူသည် ထိုပစ္စည်းများကို ဝယ်ဖို့အတွက် ပိုက်ဆံအများကြီးသုံးစွဲခဲ့ရပေသည်။
ကျန်းမုန့်လောင်က ချက်ချင်းရယ်မောလိုက်လေသည်။
"ပါမောက္ခဟန် ဒီနိုင်ငံတော်ယဉ်ကျေးမှုအမွေအနှစ်တွေက ကျွန်တော်တို့ရဲ့သမိုင်းကို ပိုမိုနားလည်စေပြီး ဟွာရှားရဲ့ တောက်ပထွန်းပြောင်တဲ့ယဉ်ကျေးမှုကိုလည်း ပြသပေးတယ်လေ။ ဒီငွေနည်းနည်းလောက်လေးက ပြဿနာမရှိပါဘူး"
"ဒင် စွမ်းအားအမှတ်၅မှတ်ရလိုက်တဲ့အတွက် ကျောင်းအုပ်ကြီးကို ဂုဏ်ပြုပါတယ်"
"ဒီတစ်ခါတော့ ငါ တကယ်ဟိတ်ဟန်ထုတ်ပြတာမဟုတ်ဘူးနော်"
ကျန်းမုန့်လောင်ခမျာ အနည်းငယ်မွန်းကျပ်မိသည်။
"လူငယ်လေး ဒီလိုအသိတရားမျိုးရှိတယ်ဆိုတော့လည်း ငါ မင်းကိုကူညီပေးပါ့မယ်"
ဟန်ကျင်းယွီက ပြောလိုက်လေသည်။
ဟန်ကျင်းယွီက ကိစ္စများကို စီစဉ်နေရာချသည့်အလုပ်တွင် အလွန်ကျွမ်းကျင်သူဖြစ်၏။ ဤကိစ္စက ကျန်းမုန့်လောင်နှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ နိုင်ငံတော်နှင့်ပါ သက်ဆိုင်သောကိစ္စတစ်ရပ်ဖြစ်၏။ မိနစ်နှစ်ဆယ်မပြည့်သေးခင်မှာပင် ကျန်းမုန့်လောင်၏ဖုန်းက မြည်လာလေသည်။
"ပါမောက္ခဟန်.. ခင်ဗျား တအားမြန်လွန်းမနေဘူးလား"
ကျန်းမုန့်လောင်လည်း တအံ့တဩရေရွတ်လိုက်မိသည်။
"ဒီလိုအရေးကြီးကိစ္စတစ်ခုကို ငါက ဘယ်လိုလုပ်ပြီးနှောင့်နှေးရဲမှာလဲ"
ဟန်ကျင်းယွီကလည်း ပြန်ဖြေလာသည်။
"အိုး..ဒါနဲ့ ငါ့သမီးက ဟွာရှားကိုပြန်ရောက်တာမကြာသေးဘူး။ မင်း နွေဦးပွဲတော်အတွက် အိမ်ပြန်မှာလား။ မပြန်ဘူးဆိုရင် ငါ့အိမ်ကိုပဲ လာခဲ့လိုက်ပါလား။ အစားအသောက်၊ နေရာထိုင်ခင်းနဲ့ အပန်းဖြေဖို့ ငါတာဝန်ယူတယ်"
ကျန်းမုန့်လောင်၏နဖူးထက်တွင် အနက်ရောင်မျဉ်းကြောင်းအနည်းငယ် ပေါ်ပေါက်လာသည်။ ဟန်ကျင်းယွီ၏အတွေးက အလွန်ခေတ်လွန်နေပေသလား။ အစားအသောက်နှင့် နေရာထိုင်ခင်းကိုမူ သူနားလည်သည်။ သို့သော် "အပန်းဖြေစရာ"ဟူသည်မှာ ဘာအဓိပ္ပာယ်လေလဲ။ ဤသည်မှာ သူ့သမီးအတွက် ထောင်ချောက်ဆင်နေခြင်းလေလား။
"အဟွတ် အဟွတ်။ လောလောဆယ်အရေးကြီးတဲ့ကိစ္စကိုပဲ အာရုံစိုက်ရအောင်ပါ အဘိုးကြီးဟန်"
ကျန်းမုန့်လောင်လည်း ဖုန်းတစ်ဖက်မှ စိုးရိမ်သောကရောက်နေသော အသံတစ်သံကို ကြားလိုက်ရသည်။
"မုန့်လောင် ငါ မင်းအတွက် ဒီမှာ လူတစ်ယောက်ကိုခေါ်ထားပြီးပြီ။ အဘိုးကြီးက ညစာတောင်မစားရသေးဘူး။ ငါ့အိမ်ကို တန်းပြေးလာတာ။ အဲ့ဒီပစ္စည်းတွေကိုကြည့်ဖို့ မင်းအိမ်ကို ချက်ချင်းလာချင်နေတာတဲ့။ မင်း အခုအားလား"
"အားတာပေါ့"
ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်လေသည်။ ဤသက်ကြီးရွယ်အိုများသည် အမြဲတမ်း အလျင်စလိုဖြစ်နေတတ်ကြသည်။ သို့သော် သူ နားလည်ပါသည်။ ယဉ်ကျေးမှုအမွေအနှစ်နှင့် ရှေးဟောင်းသုတေသနလေ့လာမှုတွင် တစ်ဘဝလုံးကို မြှုပ်နှံထားသော ပညာရှင်များအတွက်တော့ နှစ်ပေါင်းရာချီ သို့မဟုတ် နှစ်ပေါင်းထောင်ချီပျောက်ဆုံးနေခဲ့သည့် တန်ဖိုးကြီးသမိုင်းဝင်ပစ္စည်းများကို ပြန်လည်ရှာတွေ့ခဲ့ပြီဟူသော သတင်းကို ကြားလိုက်ရလျှင် စိတ်လှုပ်ရှားသွားကြမည်မှာ ကျိန်းသေပေါက်ပင်။
သူတို့သည် အချစ်ရေးနှင့် မထိတွေ့ရသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သော လူတစ်ယောက်က မိန်းမလှလေးတစ်ယောက်ကို ရုတ်တရက်မြင်လိုက်ရသလို ဖြစ်နေသည်မဟုတ်ပါလား။
"ဒါဆိုလည်း လာခဲ့လိုက်ပါ"
ကျန်းမုန့်လောင်က သူ့လိပ်စာကို ဟန်ကျင်းယွီအား ပေးလိုက်သည်။
"ပါမောက္ခဟန်… ကျွန်တော် လာကြိုဖို့ လူလွှတ်ပေးရမလား"
"မလိုဘူး။ မလိုဘူး"
ဖုန်းတစ်ဖက်ရှိ ထိုလူက ဖုန်းကိုဆွဲလုလိုက်သည့်အသံကို ကျန်းမုန့်လောင် ကြားနေရသည်။
"ငါတို့ဘာသာ လာလို့ရပါတယ်။ လူငယ်လေး မြန်မြန်အဆင်သင့်ပြင်ထားနော်"
"ဟုတ်ကဲ့ပါ"
ကျန်းမုန့်လောင်လည်း ကူကယ်ရာမဲ့စွာပြုံးရင် ပြောလိုက်ရသည်။ ဖုန်းတစ်ဖက်ရှိ ထိုပုဂ္ဂိုလ်က အလွန်မယဉ်ကျေးလှသော်လည်း ကျန်းမုန့်လောင် နားလည်ပေးနိုင်ပါသည်။ ထို့ပြင် ထိုလူက လူကြီးဖြစ်သောကြောင့် ထိုမျှအသေးအဖွဲလေးကို သူ ဂရုမစိုက်တော့ပေ။
...
"မစ္စတာကျန်း ပါမောက္ခဟန်ရောက်လာပါပြီ"
နာရီဝက်အကြာတွင် ဟုန်းရီက ပါမောက္ခဟန်တို့ကို ဧည့်ခန်းထဲသို့ ဦးဆောင်ခေါ်ယူလာပြီး ပြောလေသည်။
ပါမောက္ခဟန်နှင့်အတူ ပါလာသူကား သူ့ထက် ဆယ်နှစ်ပိုကြီးဟန်တူပြီး ပညာရှင်တစ်ဦး၏ ရုပ်သွင်လက္ခဏာမျိုး ရှိလေသည်။ အထူးသဖြင့် သူ့မျက်လုံးထဲတွင် ဆွဲဆောင်မှုတစ်ခု ထုတ်လွှတ်နေပေသည်။
"မုန့်လောင် ငါမိတ်ဆက်ပေးပါရစေ။ ဒါက ပါမောက္ခချန်ရှင်းတဲ့။ ကျန်းနန်တက္ကသိုလ်က သမိုင်းဌာနမှူးလေ။ ပြီးတော့ ကျန်းနန်မြို့ သမိုင်းနဲ့ယဉ်ကျေးမှုပြတိုက်ရဲ့ဒါရိုက်တာဆိုလည်း ဟုတ်တယ်။ မင်းမှာ နိုင်ငံတော်ကိုအပ်ရမဲ့ ပစ္စည်းတစ်ခုခုရှိတယ်ဆိုရင် သူနဲ့ဆွေးနွေးကြည့်လို့ရတယ်"
ဟန်ကျင်းယွီက မိတ်ဆက်ပေးလိုက်သည်။
"ပါမောက္ခချန် တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်က ကျန်းမုန့်လောင်ပါ"
ကျန်းမုန့်လောင်က ပါမောက္ခချန်ရှင်းနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
"မုန့်လောင်.. အဲ့လိုခေါ်လို့ စိတ်မရှိဘူးမလား"
လူငယ်တစ်ယောက်နှင့် စကားပြောနေသည်ဆိုပါသော်ငြား ချန်ရှင်းခမျာ ကျန်းမုန့်လောင်က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကြောင်း သိထားသဖြင့် သာမန်အသက်နှစ်ဆယ်အရွယ်လူငယ်လေးတစ်ယောက်ဟု မမှတ်ယူရဲချေ။
"ရတာပေါ့။ စိတ်မရှိပါဘူး"
ကျန်းမုန့်လောင်ကလည်း ပြုံးပြုံးရယ်ရယ်ဖြင့် ပြောလိုက်သည်။
"ပါမောက္ခချန် ကျွန်တော့်မှာ ယဉ်ကျေးမှုအမွေအနှစ်တွေစုဆောင်းထားတာရှိတယ်။ အကုန်လုံးက ကျွန်တော်တို့နိုင်ငံက အချိန်အတော်ကြာအောင် ပျောက်ဆုံးနေတဲ့အမွေအနှစ်တွေပါ။ ခင်ဗျားရဲ့အဆက်အသွယ်တွေကတစ်ဆင့် ကျွန်တော် ဒါတွေကို နိုင်ငံတော်ဆီ ပြန်အပ်ချင်ပါတယ်"
"စုစည်းမှုတဲ့လား"
ချန်ရှင်း ကြက်သေသေသွားရသည်။ ကျန်းမုန့်လောင်တွင် နိုင်ငံတော်ကို ပြန်အပ်လိုသည့် ယဉ်ကျေးမှုအမွေအနှစ်တစ်ခုရှိသည်ဟု ဟန်းကျင်းယွီထံမှ ကြားထားသည်။ ယခင်ကလည်း ယခုလိုအဖြစ်မျိုး မကြားဖူးခြင်းမဟုတ်ပေ။ မျိုးချစ်စိတ်ထက်သန်သော စီးပွားရေးလုပ်ငန်းရှင်အများအပြားကလည်း ထိုသို့လုပ်ခဲ့ဖူးသည်။
သို့သော် ပုံမှန်ဆိုလျှင် သူတို့က ယဉ်ကျေးမှုအမွေအနှစ်တစ်ခုကိုသာ ပြန်အပ်ကြခြင်းပင်။ ဤသည်မှာလည်း အစစ်ဟုပင် အာမမခံနိုင်ပေ။ သို့သော် ကျန်းမုန့်လောင်ကတော့ စလာကတည်းက စုဆောင်းမှုတစ်ခုရှိသည်ဟု ဆိုလာပေသည်။ ဘယ်နှခုလောက်များရှိလောက်လေမလဲ။ အနည်းဆုံးဆိုလျှင် သုံးခုမှ ငါးခုအတွင်း ရှိလေမလား။
"ငါ.. ငါ တစ်ချက်လောက်ကြည့်ကြည့်လို့ရမလား"
ပါမောက္ခချန်က စိတ်လှုပ်ရှားနေသောလေသံဖြင့် မေးလိုက်သည်။
"ရတာပေါ့"
ကျန်းမုန့်လောင်ကလည်း ပြုံးပြုံးလေး ပြန်ဖြေလိုက်သည်။
"အောက်ထပ်ကိုသွားရအောင်။ ဒီနေရာက နည်းနည်းပြည့်ကျပ်နေတာပဲ"
"အောက်ထပ်လား"
ဟန်ကျင်းယွီနှင့် ချန်ရှင်းတို့နှစ်ယောက်စလုံး ပဟေဠိဖြစ်သွားရသည်။
တကယ်တမ်းတွင် သူတို့ ဤအဆောက်အအုံထဲကို ပထမဆုံးဝင်လာခဲ့တုန်းက အလွန်အံ့အားသင့်ခဲ့ရသည်။ ကျန်းမုန့်လောင်၏ကြွယ်ဝချမ်းသာမှုဖြင့်ဆိုလျှင် လုံးချင်းဗီလာတွင် နေနိုင်ပါလျက်နှင့် ယခုလိုတိုက်ခန်းတွင် ဘာကြောင့်နေနေရသလဲ။ ဤတိုက်ခန်းမှာ ကြီးမားလှသည်ဆိုသော်ငြား ကမ္ဘာ့အချမ်းသာဆုံးလူဟူသော သူ့ဂုဏ်ပုဒ်နှင့် မကိုက်ညီပေ။ အောက်ထပ်သို့ သွားရအောင်ဟု သူ ပြောလာပုံအရ ဤနေရာတွင် အလွှာများစွာရှိနေလေသလား။ ကျန်းမုန့်လောင်က ဗီလာများထက် တိုက်ခန်းများကိုသာ ပိုသဘောကျသည့် တစ်မူထူးသောလူတစ်ယောက်လေလား။
"မုန့်လောင်… မင်း အထပ်တွေအများကြီးဝယ်ထားတာလား"
ဟန်ကျင်းယွီက ဟာသလုပ်လိုက်သည်။
"ငါ့သမီးက နိုင်ငံခြားကနေ မကြာသေးခင်ကမှ ဘွဲ့ရထားတာဆိုတော့ ငါလည်း သူ့အတွက် တိုက်ခန်းတစ်လုံးဝယ်ပေးဖို့ စီစဉ်နေတာ။ ဒီနေရာက တော်တော်လေးကောင်းတဲ့ပုံပဲ။ ဒီအဆောက်အဦးမှာရှိတဲ့ တိုက်ခန်းတွေအကုန် ရောင်းထွက်သွားပြီလား"
"ကံဆိုးချင်တော့.."
ဟန်ကျင်းယွီ ဘာကိုအရိပ်အမြွက်ပြနေသလဲဆိုသည်ကို ကျန်းမုန့်လောင် ကောင်းကောင်းသိသည်။
"မစ္စတာဟန် "ဒီအဆောက်အဦးကြီးတစ်ခုလုံးကို ရောင်းလိုက်ပါပြီ"
"အဲ့လိုကိုး"
ဟန်ကျင်းယွီက အနည်းငယ်စိတ်ပျက်သွားဟန်ဖြင့် ပြောလာလေသည်။
"ဒီအဆောက်အအုံထဲမှာ တိုက်ခန်းပြန်ရောင်းချင်နေတဲ့လူတစ်ယောက်ယောက်များရှိလား"
"တောင်းပန်ပါတယ် မစ္စတာဟန်"
ကျန်းမုန့်လောင်က အပြုံးလေးနှင့် ပြောလိုက်လေသည်။
"ဒီရပ်ကွက်ထဲမှာ ပိုင်ရှင်ကတစ်ယောက်တည်းပဲရှိပါတယ်။ အဲ့ဒါ ကျွန်တော်ပါပဲ။ ဒီအဆောက်အအုံကြီးတစ်ခုလုံးက ကျွန်တော်ပိုင်တာလေ"
"ငါ မမေးခဲ့ဘူးလို့ပဲ သဘောထားလိုက်ရအောင်"
ဟန်ကျင်းယွီလည်း ရှက်သွားရလေသည်။ သိပ်မကြာခင်ကပင် ဤရပ်ကွက်က ကျန်းမုန့်လောင်၏အဆင့်အတန်းနှင့် မကိုက်ညီဘူးဟု သူတို့တွေးနေခဲ့မိသေးသည်။ သို့သော် သူသည် အဆောက်အဦးခုနစ်လုံး သို့မဟုတ် ရှစ်လုံးစလုံးကို ဝယ်ထားခြင်းဖြစ်နေပေသည်။ ဤအဆောက်အအုံများကို သန်းရာချီ သို့မဟုတ် ဘီလီယံနှင့်ချီ၍ မပေးရဘဲ မနေပေ။ ဤသည်မှာ လုံးချင်ဗီလာထက်ပင် ပိုများနေပြီမဟုတ်လား။
ကျန်းမုန့်လောင်က ပါမောက္ခဟန်ကျင်းယွီနှင့် ပါမောက္ခချန်ရှင်းတို့ကို အောက်ထပ်ရှိ ပစ္စည်းသိုလှောင်ခန်းထဲသို့ ခေါ်သွားလိုက်သည်။ ထိုနေရာသည် ပုံမှန်အားဖြင့် ပစ္စည်းအမျိုးအစားအစုံအလင်ကို သိမ်းဆည်းရန်အတွက် သုံးခဲ့ခြင်းပင်။ သို့သော် ဤပစ္စည်းများအတွက် အခန်းပြင်ဖို့ ထိုအရာများကို သူ ဖယ်ရှားရှင်းလင်းပစ်ခဲ့သည်။ အချိန်တိုအတွင်း သယ်ဆောင်၍မရသည့် လေယာဉ်တင်သင်္ဘောကလွဲလျှင် ဤတစ်ခေါက် ဥရောပမှ သူဝယ်လာခဲ့သော ပစ္စည်းများအားလုံး ဤနေရာတွင်ရှိ၏။
"ကြွပါ ပါမောက္ခတို့"
ကျန်းမုန့်လောင်က သိုလှောင်ခန်းတံခါးကို ဖွင့်ပေးလိုက်သည်။ အထဲတွင် အရွယ်အစားမျိုးစုံရှိသော သေတ္တာဘူးများ အရွယ်အစားမျိုးစုံကို အဆင့်ဆင့်ထပ်ထားလေရာ အနည်းငယ်ရှုပ်ပွနေလေတော့သည်။
"မုန့်လောင်… မင်းကိုဝေဖန်တာတော့မဟုတ်ပေမဲ့"
ပါမောက္ခချန်ရှင်းက စိတ်သောကရောက်ဟန်ဖြင့် ပြောလိုက်လေသည်။
"ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းတွေကို မင်း ဘယ်လိုလုပ်ပြီးတော့များ ဒီသောင်းပြောင်းထွေလာပစ္စည်းတွေနဲ့အတူ ရောထားရတာလဲ။ ဒါတွေက အရမ်းတန်ဖိုးကြီးတဲ့ပစ္စည်းတွေလေ။ ခြစ်မိတာတို့ တိုက်မိတာတို့ရှိရင်တောင်မှ နိုင်ငံတော်အတွက် ငါတို့ယဉ်ကျေးမှုအတွက် ဆုံးရှုံးမှုတစ်ခုဖြစ်သွားမှာ"
ချန်ရှင်းက ထို သေတ္တာဘူးအလုံးခုနစ်ဆယ်ရှစ်ဆယ်အနက် အများစုက သောင်ပြောင်းထွေလာပစ္စည်းများဖြင့် ပြည့်နှက်နေသည်ဟု ထင်လိုက်ခြင်းပင်။
"ပါမောက္ခချန် ခင်ဗျားအထင်လွဲနေပြီ"
ကျန်းမုန့်လောင်က ရှင်းပြလိုက်၏။
"ဒါတွေအကုန်လုံးက ကျွန်တော် ဥရောပကသယ်လာခဲ့တဲ့ ရတနာတွေပါ။ ဒီနေရာမှာ ဘာသောင်းပြောင်းထွေလာပစ္စည်းမှမရှိဘူး"
"ဒါတွေ…ဒါတွေအကုန်လုံးက ယဉ်ကျေးမှုအမွေအနှစ်တွေလား"
ချန်ရှင်းခမျာ မယုံကြည်နိုင်စွာဖြင့် မေးခွန်းထုတ်လိုက်သည်။
"ဟုတ်ပါတယ်။ စုစုပေါင်း ၈၈ခုရှိတယ်လေ"
ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ ဒီထဲက ဆယ်ခုကပဲ ဟွာရှားနိုင်ငံကပိုင်တာ။ ကျန်တာတွေကတော့ တခြားနိုင်ငံပိုင်တွေလေ"
"မင်း…"
ပါမောက္ခချန်ရှင်းခမျာ တဒင်္ဂမျှဆွံ့အသွားရလေသည်။
"မင်း သူများရဲ့ပြတိုက်တစ်ခုခုကို ဓားပြတိုက်လာတာလား"
************