← Chapters

ကျွန်တော် ငွေထပ်လှူသင့်လား

Vol. 17 Ch. 248

ကျွန်တော် ငွေထပ်လှူသင့်လား

Vol. 17 Ch. 248

"အဲ့ဒါက…"

ကျန်းမုန့်လောင်က အနည်းငယ်ရှက်တက်တက်ဖြင့် ပြောလိုက်သည်။

"ကျွန်တော် အလောတကြီးပြန်လာလိုက်ရတော့ ပစ္စည်းတွေကို တံဆိပ်မကပ်ဘဲ ရောထပ်ထားလိုက်မိတယ်။ အဲ့ဒါကြောင့် ဘယ်ဟာတွေက ဟွာရှားကမှန်း မသိတော့ဘူး"

"ပြဿနာမရှိပါဘူး။ Blind Boxဖွင့်တယ်လို့ပဲ သဘောထားလိုက်ကြတာပေါ့"

ချန်ရှင်းက အံ့အားသင့်နေရာမှ ပြန်လည်သက်သာလာသည်။ ယဉ်ကျေးမှုအမွေအနှစ်သေတ္တာများကို ဖွင့်ကြည့်ရခြင်းမှာ Blind Boxဖွင့်ရခြင်းထက် ပိုစိတ်လှုပ်ရှားဖို့ကောင်းလှသည်။ ကျန်းမုန့်လောင်က သူ့အတွက် ဘာစပရိုက်များ ယူလာခဲ့သလဲဆိုသည်ကို သူ သိချင်လှပြီဖြစ်၏။

ပထမဆုံးသေတ္တာဘူးထဲတွင် ရှည်လျားပြီး ရွှေရောင်လက်နေသော ပစ္စည်းတစ်ခုရှိပြီး ပစ္စည်းတစ်ခုလုံးကို ရွှေသွန်းထားပြီး ကြီးမားလှသော အနီရောင်စိန်တုံးကြီးကိုလည်း ထိပ်ဖျားတွင် မြှုပ်ထားသေးသည်။ ထိုအသွားတစ်လျှောက်တွင် နားလည်ရခက်သော စာသားများလည်း ထွင်းထုထားပြီး ထိုပစ္စည်းမှာ တစ်မီတာကျော်ရှည်လျားကာ အလေးချိန်လည်း စီးလှသည်။

"ဒါပဲ။ ဒါကိုကြည့်ရတာ…"

တိုက်ကြီးအသစ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သည့်အလား ပါမောက္ခချန်ရှင်းက စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ထိုရွှေရောင်ပစ္စည်းကိုကိုင်ရန် လက်လှမ်းလိုက်မိသော်ငြား သူ့ပရောဖက်ရှင်နယ်အသိက သူ့ကို ချက်ချင်းထိန်းချုပ်ထားလိုက်သည်။ သူသည် ဂရုတစိုက်ဖြင့် သူ့အိတ်ကပ်ထဲမှ လက်အိတ်တစ်စုံနှင့် မှန်ဘီလူးကို ထုတ်ယူ၍ အနီးကပ်စတင်စစ်ဆေးပါတော့သည်။

"ဒါက အီဂျစ်ဖာရိုဘုရင်ရဲ့အဆောင်အယောင်တောင်ဝှေးဖြစ်မယ်ထင်တယ်"

ချန်ရှင်းတစ်ယောက် သူ့စိတ်လှုပ်ရှားမှုကို အသည်းအသန်ဖိနှိပ်ထားရကြောင်း ကျန်းမုန့်လောင် ခံစားမိသည်။

ရှေးအီဂျစ်ပြည်တွင် အဆောင်အယောင်တောင်ဝှေးဟူသည် အဆင့်အတန်းနှင့်အာဏာ၏ ပြယုဂ်တစ်ခုဖြစ်၏။ ထိုအရာမှာ အရှင်ဘုရင်၏အဆောင်အယောင်တောင်ဝှေးပင်ဖြစ်စေ နတ်ဘုရား၏အဆောင်အယောင်တောင်ဝှေးပင်ဖြစ်စေ အမြင့်မြတ်ဆုံးသော ဂုဏ်သိက္ခာနှင့် အာဏာကို ကိုယ်စားပြုသော်ငြား အရာအားလုံးထဲတွင် တန်ဖိုးအရှိဆုံးအရာမှာ "ဖာရိုဘုရင်၏အဆောင်အယောင်တောင်ဝှေး"ပင်တည်း။ အီဂျစ်လူမျိုးများက ထိုအရာကို လူသားတို့ထံ အပ်နှင်းထားသည့် နတ်ဘုရား၏အမွေအနှစ်တစ်ခုဟု ယုံကြည်ထားကြသည်။

သို့သော် ဖာရိုဘုရင်၏အဆောင်အယောင်တောင်ဝှေးမှာ နှစ်ပေါင်းများစွာကြာအောင်‌ ပျောက်ဆုံးနေခဲ့ပြီး အီဂျစ်ပညာရှင်များက ပိရမစ်ပေါင်းများစွာနှင့် ဖာရိုဘုရင်များ၏ ဂူသင်္ချိုင်းများစွာကို တူးဖော်ရှာဖွေခဲ့သည့်တိုင် ထိုအဆောင်အယောင်တောင်ဝှေး၏တည်နေရာကိုမူ လုံးဝခြေရာခံနိုင်ခြင်းမရှိခဲ့ပေ။

ဟွာရှားသမိုင်းတစ်လျှောက် ရှေးအကျဆုံးယဉ်ကျေးမှုလေးခုထဲက တစ်ခုအပါအဝင်ဖြစ်သော ဤအဆောင်အယောင်တောင်ဝှေး၏ တန်ဖိုးမှာ ဧကရာဇ်ကျောက်စိမ်းတံဆိပ်ထက် နည်းနည်းမျှမလျော့ပေ။ နှစ်ခုစလုံးသည် သမိုင်းဝင်အဆင့်အတန်း အတူတူပင်။

"ဟုတ်ပါတယ် ပါမောက္ခချန်..ဒါက ဖာရိုဘုရင်ရဲ့အဆောင်အယောင်တောင်ဝှေးပါ"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"တကယ်တော့ ဖာရိုဘုရင်ရဲ့ဂူသင်္ချိုင်းကို မတူးဖော်ခင်တုန်းက ဂူဖောက်သူတွေက သင်္ချိုင်းဂူထဲကို အရင်ဝင်ရောက်သွားပြီး ဒီအဆောင်အယောင်တောင်ဝှေးအပါအဝင် ရတနာတွေအများကြီးကို ခိုးယူသွားခဲ့တာပါ"

"ဒဏ္ဍာရီတွေအရဆိုရင် သူ့ပိရမစ်ထဲမှာ ချန်ထားရစ်ခဲ့တဲ့ ဖာရိုဘုရင်ရဲ့ကျိန်စာက ဂူဖောက်သူတွေထွက်ပြေးပြီး သိပ်မကြာခင်မှာတင် သူတို့ကိုဒုက္ခပေးပြီး သေစေတဲ့အထိ ဖြစ်စေခဲ့တယ်လေ။ အဲဒီနောက်တော့ ဖာရိုဘုရင်ရဲ့အဆောင်အယောင်တောင်ဝှေးကလည်း အစအနတောင်မကျန်ဘဲ ပျောက်ကွယ်သွားတော့တာပေါ့"

ဤအသေးစိတ်များကို ကျန်းမုန့်လောင်အား အမ်မာက ပြောပြခဲ့ခြင်းဖြစ်၏။

"အံ့ဩဖို့ကောင်းလိုက်တာ။ နှစ်ပေါင်းတစ်ထောင်လောက် ပျောက်ဆုံးနေတဲ့ ရတနာတစ်ပါးက အခု ပြန်ပေါ်လာပြီပဲ"

ပါမောက္ခချန်က သူ့အားကျလေးစားမှုကို ထိန်းချုပ်မထားနိုင်ဘဲ ရေရွတ်လိုက်လေသည်။

"ဒါကိုရှာနိုင်ခဲ့တာ ယုံတောင်မယုံနိုင်ဘူး။ လေလံဈေးကဘယ်လောက်ရှိလဲ။ တော်တော်များလား"

"သိပ်ဈေးမကြီးပါဘူး။ ယူရို၁.၂ဘီလီယံတင်ပါ"

"၁.၂ဘီလီယံ…"

ပါမောက္ခနှစ်ယောက်စလုံး သွေးအန်မိမတတ်ဖြစ်သွားလေသည်။ ယူရို၁.၂ဘီလီယံက သိပ်ဈေးမကြီးဘူးတဲ့လား။ ဘယ်သူကများ ထိုသို့ပြောတတ်လို့လဲ။

ပထမဆုံး"Blind Box"က ချန်ရှင်းကို အံ့ဖွယ်ကောင်းလောက်အောင် အံ့အားသင့်စေခဲ့သဖြင့် အခြားသေတ္တာများထဲတွင် ဘာရှိသလဲဆိုသည်ကို ပို၍ပင်စိတ်ဝင်စားသွားရသည်။

"ဒါက… မာယန်လူသားရဲ့ခရစ္စတယ်ဦးခေါင်းခွံတစ်ခုပဲ"

ချန်ရှင်း တအံ့တဩရေရွတ်လိုက်ပြန်သည်။

မာယန်လူသားသည် ကမ္ဘာ့အဆန်းကြယ်ဆုံးယဉ်ကျေးမှုများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ကြီးကျယ်လှသော ယဉ်ကျေးမှုလေးခုထဲတွင် မပါဝင်သော်ငြား ဤတောရိုင်းယဉ်ကျေးမှုကား ကျောက်ခေတ်နှောင်းပိုင်းကာလအတွင်းတွင် နက္ခတ္တဗေဒ၊ သင်္ချာနှင့် အခြားနယ်ပယ်များတွင် ကြီးမားလှသော အောင်မြင်မှုများကို ရရှိခဲ့သည်။

မာယန်လူမျိုးများက မာယန်လူသား၏ခရစ္စတယ်ဦးခေါင်းခွံ၁၃ခုအပါအဝင် လျှို့ဝှက်နက်နဲသော ဒဏ္ဍာရီများစွာကို ချန်ထားရစ်ခဲ့ပြီး အလွန်စိတ်ကူးယဉ်ဆန်လှချေသည်။ ဤဦးခေါင်းခွံများမှာ စကားပြောနိုင်သည်။ သီချင်းလည်းဆိုတတ်သည်။ ထို့ပြင် လူသားများ၏မူလအစနှင့် သေဆုံးခြင်းဆိုင်ရာ အချက်အလက်များကိုလည်း သိမ်းဆည်းထားသည်ဟု ဆို၏။

ယခုအချိန်အထိဆိုလျှင် ခရစ္စတယ်ဦးခေါင်းခွံ၁၃ခုကို ဒဏ္ဍာရီသက်သက်ဟု ယူဆခဲ့သော်လည်း လွန်ခဲ့သည့်လေးနှစ်ခန့်က ပထမဆုံးသောခရစ္စတယ်ဦးခေါင်းခွံကို မာယန်လူမျိုးစုအပြိုအပျက်များကြားက ရှာဖွေတွေ့ရှိခဲ့သည်။ လူသားများ၏မူလအစနှင့် သေဆုံးခြင်းဆိုင်ရာ လျှို့ဝှက်ချက်များကိုမူ ရှာဖွေမတွေ့ရှိသေးသော်လည်း တိကျသော ခန္ဓာဗေဒဆိုင်ရာအသိပညာနှင့် အံ့ဩဖွယ်ကောင်းသော ဖြတ်တောက်မှုနည်းပညာတို့ကတော့ အံ့မခန်းပင်။

သို့သော် လေးနှစ်ကြာပြီးနောက် ရှေးဟောင်းသုတေသနပညာရှင်များက ကျန်ရှိနေသေးသော ဦးခေါင်းခွံ၁၂ခုကို ဆက်လက်ရှာဖွေခဲ့သည့်တိုင် ဘာသတင်းအစအနမှ မကြားခဲ့ရပေ။ သို့သော ဤနေရာတွင်မူ တစ်ခုပေါ်လာခဲ့သည်။

"ဒါကရော ဘယ်လောက်လဲ"

"အဆောင်အယောင်တောင်ဝှေးထက် ပိုဈေးပေါတယ်။ ယူရို၈၀၀မီလီယံတည်းပါ"

ကျန်းမုန့်လောင်က အမှုမထားဟန်ဖြင့် ပြောလိုက်သည်။

"ဈေးပေါတယ်တဲ့လား.."

ချန်ရှင်းက ရွှေရောင်ကျင်ခပ်သေတ္တာလေးတစ်ခုကို ဖွင့်ရင်း ခေါင်းတခါခါလုပ်နေပေသည်။

"ဒါကဘာလဲ။ တော်တော်လေးတာပဲ"

ချန်ရှင်းက သေတ္တာကိုဖွင့်လိုက်ချိန်ဝယ် ပြုံးထားသော်ငြား အတွင်းရှိ ပစ္စည်းကို မြင်မြင်ချင်းမှာပင် အံ့ဩမှင်တက်သွားရလေတော့သည်။ ထို့နောက် အိုမင်းရင့်ရော်နေသော သူ့မျက်လုံးထဲဝယ် မျက်ရည်များ ရစ်သိုင်းလာလေ၏။

"ဘုရားရေ..ဧကရာဇ်ကျောက်စိမ်းတံဆိပ်ပါလား။ ဒါ အိပ်မက်မက်နေတာများလား"

နှစ်ထောင်ပေါင်းများစွာ ပျောက်ဆုံးနေပါသော ဤနိုင်ငံ့ရတနာကို မြင်လိုက်ရသောအခါ ချန်ရှင်းခမျာ ချက်ချင်းစိတ်လှုပ်ရှားသွားရသည်။

သမိုင်းပါမောက္ခများအတွက်တော့ ပျောက်ဆုံးနေသော နိုင်ငံ့ရတနာများမှာ ရင်နာစေသောအရာများသာဖြစ်ပြီး ထိုပစ္စည်းများကို မြင်တွေ့လိုက်ရချိန်တွင် သူတို့ခံစားလိုက်ရသော ခံစားချက်မှာ ဖခင်အိုကြီးတစ်ယောက်က ပျောက်ဆုံးနေသော သူ့ကလေးကို ပြန်ရှာတွေ့လိုက်ရသည့်အလားပင်။ ထိုခံစားချက်ကား စကားများနှင့် ဖော်ပြ၍ပင်မရနိုင်သော အရာတစ်ခုပင်။

"ဒါက နဂါးကိုးကောင်ဓားပါ"

"လန်တင်းနိဒါန်းပဲ။ ဒါက တကယ်ကြီး လန်တင်းနိဒါန်းပဲ"

"မျိုးသုဉ်းတိရစ္ဆာန်ရဲ့နောက်ဆုံးဦးခေါင်းတွေ"

...

နိုင်ငံ့ရတနာရှစ်မျိုးတွင် တစ်ခုချင်းစီသည် ဟွာရှား၏ အဖိုးအတန်ဆုံးနှင့် သမိုင်းဝင်တန်ဖိုးအမြင့်ဆုံးအရာများ ဖြစ်ကြသည်။ အဆုံးတွင်မူ ချန်ရှင်းခမျာ ထိုအမွေအနှစ်ပစ္စည်းများကို ကောက်ပင်မကိုင်ရဲတော့ပေ။ ထိုအထဲမှ တစ်ခုခုကို သူ မတော်တဆပြုတ်ကျအောင် လုပ်မိမည်ကို စိုးရွံ့နေချေသည်။

"ဒီပစ္စည်းတွေက ပြတိုက်တစ်ခုမှာ ထားသင့်တာ။ အဲ့ဒါမှ ယန်နဲ့ဟွမ်းမျိုးဆက်တိုင်း လာကြည့်လို့ရမှာ"

ချန်ရှင်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။

သူက ရုတ်ခြည်းမတ်တတ်ထရပ်၍ ကျန်းမုန့်လောင်ကို အရိုအသေပေးလိုက်သည်။

"ပါမောက္ခချန် ခင်ဗျားဘာလုပ်တာလဲ"

ကျန်းမုန့်လောင်က ကပျာကယာဖြင့် မတ်တတ်ထရပ်၍ ပါမောက္ခချန်ကို ထူမလိုက်သည်။

"မုန့်လောင်…ဒီနိုင်ငံ့ရတနာတွေကို ဟွာရှားကိုပြန်ရောက်လာအောင် ယူလာခဲ့ပေးတဲ့အတွက် ငါတို့နိုင်ငံကိုယ်စား ငါက မင်းကိုကျေးဇူးတင်ပါတယ်"

"ပါမောက္ခချန်.. ဘာကိုဆိုလိုချင်တာလဲ။ ဒါတွေက မပြောပလောက်ပါဘူးဗျာ"

ကျန်းမုန့်လောင်က အလျင်အမြန်ပြန်ပြောလိုက်သည်။

"အစတုန်းက ကျွန်တော် လေလံပွဲသွားတက်တာက အမြင်ကျယ်ဖို့သက်သက်သွားခဲ့တာလေ။ ဖြစ်ချင်တော့ ဒီပစ္စည်းတွေကိုတွေ့လိုက်တာနဲ့ ကျွန်တော်လည်း စိတ်ကူးပေါက်လို့ဝယ်ပစ်ခဲ့တာ။ ခင်ဗျား ဒီလောက်အထိ စာဖွဲ့နေစရာမလိုပါဘူး"

"စိတ်ကူးပေါက်လို့ဝယ်တယ်တဲ့လား"

ချန်ရှင်းခမျာ ကျန်းမုန့်လောင်၏စကားကြောင့် အံ့ဩသွားရသည်။

ဤပစ္စည်းများထဲမှ တစ်ခုချင်းစီဟာ ယူရိုဘီလီယံနှင့်ချီ၍ တန်ဖိုးရှိပြီး ဤဟွာရှားအမွေအနှစ်များကို ပေါင်းလိုက်လျှင် ယူရိုဘီလီပေါင်းများစွာရှိပေလိမ့်မည်။ ဤသည်ကို စိတ်ကူးပေါက်၍ ဝယ်လိုက်သည်ဟု ဆိုနေခြင်းလား။

"မုန့်လောင်… အဲ့ဒီလေလံပွဲမှာ ပစ္စည်းဘယ်နှခုရောင်းခဲ့တာလဲ"

ပါမောက္ခဟန်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။ ကျန်းမုန့်လောင်က ရတာပေါင်း၈၀ကျော်ကို ယူလာသည်ဆိုပါက စုစုပေါင်းအရေအတွက်ဆိုလျှင် ပိုများလိမ့်မည်မဟုတ်လား။

"တစ်ရာကျော်လောက်ရှိမယ်ထင်တယ်"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ကျွန်တော်က ကြည့်ကောင်းမဲ့ပစ္စည်းတို့ လက်တွေ့အသုံးဝင်တဲ့ပစ္စည်းတို့ အရေးပါတဲ့ပစ္စည်းတွေလောက်ပဲ ဝယ်ခဲ့တာ"

"မင်း လေလံပွဲသွားတက်တယ်ဆိုတာရော သေချာရဲ့လား"

ချန်ရှင်းနှင့် ဟန်ကျင်းယွီတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ကျန်းမုန့်လောင်က ပစ္စည်းပေါင်းတစ်ရာကျော်အနက် အခု၉၀နီးပါးကို ဝယ်ယူခဲ့သည်ကို မဆိုထားနှင့်။ ဤလေလံပွဲမျိုးမှာ လူတိုင်းက သူတို့လိုချင်သည့် သီးသန့်ပစ္စည်းများအတွက် ကြိုတင်ပြင်ဆင်မှုလုပ်လာကြသော လေလံပွဲမျိုးဖြစ်သည်။

ကျန်းမုန့်လောင်အတွက်မူ ဈေးထဲတွင် ဈေးဝယ်ထွက်နေသည့်အလား သူ မျက်စိကျသမျှကို ဝယ်လာခဲ့ပေသည်။ ဈေးထဲတွင်ဆိုလျှင်ပင် ဈေးဆစ်၍ရနိုင်သေးသည်။ လေလံပွဲတွင် ဈေးဆစ်၍ရနိုင်ရဲ့လား။

"မုန့်လောင်… မင်း နိုင်ငံခြားခရီးထွက်သွားတာက လေလံပွဲတက်ဖို့ထက် ဈေးဝယ်သွားတာနဲ့ပိုတူတယ်လို့ ငါ ဘာလို့ခံစားမိနေတာပါလိမ့်။ မင်းက မြင်သမျှဝယ်ပစ်လိုက်တာပဲ"

ဟန်ကျင်းယွီက ကျွဲမြီးတိုနေဟန်ဖြင့် ပြောလိုက်လေသည်။

ကျန်းမုန့်လောင်လည်း ခဏမျှတွေးဆကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

"တကယ်တော့ ဒါက ဈေးဝယ်ထွက်နေတာနဲ့ တော်တော်တူတာပဲ"

...

ကျန်းမုန့်လောင်က အိမ်တွင်းအလုပ်သမားများကို ခေါ်ယူကာ ဤပစ္စည်းများကို သပ်သပ်ရပ်ရပ်စီခိုင်းလိုက်သည်။ ထို့နောက် ဟွာရှားပိုင်အမွေအနှစ်ရှစ်ခုကိုတော့ သပ်သပ်ရပ်ရပ်ထုပ်ပိုးကာ ဘေးဖယ်ထားခိုင်းလိုက်၏။

"မုန့်လောင်… ငါ ဒီအကြောင်းကို အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ဌာနကို အမြန်ဆုံးသတင်းပို့လိုက်မယ်"

ချန်ရှင်းက ပြောလိုက်သည်။

"ဒါပေမဲ့ ဒီပစ္စည်းတွေက အရမ်းအရေးကြီးပြီး အထူးသီးသန့်ခန်းမတစ်ခုလိုအပ်တဲ့အတွက် ကျန်းနန်မြို့က သမိုင်းဝင်ယဉ်ကျေးမှုပြတိုက်မှာ ထားဖို့ နေရာမရှိဘူးထင်တယ်။ မြို့တော်က ပြတိုက်မှာထိန်းသိမ်းထားဖို့ လျှောက်ထားရမလားပဲ"

"အာ..မြို့တော်ကိုပို့မှာလား"

ကျန်းမုန့်လောင် အနည်းငယ်အင်တင်တင်ဖြစ်သွားရသည်။ ဘာကွာခြားမှုမှ မရှိဘဲ ဟွာရှားနိုင်ငံတွင်းသာ ရှိသေးသည်ဆိုသော်ငြား ဤပစ္စည်းများသည် သူကိုယ်တိုင်ရှာဖွေရရှိခဲ့သည့်အရာများ ဖြစ်သဖြင့် ကျန်းနန်မြို့တွင်သာ ထားချင်ပေသည်။

တကယ်တမ်းတွင် ချန်ရှင်းလည်း ဤပစ္စည်းများကို ကျန်းနန်မြို့တွင်သာ ထားနိုင်ဖို့ မျှော်လင့်မိသည်။ သို့သော် ထိုသို့ဖြစ်လာပါက ခန်းမနေရာအတွက် ရန်ပုံငွေတောင်းခံရမည်ဖြစ်လေရာ လွယ်ကူသည့်ကိစ္စတစ်ခုတော့ မဟုတ်ချေ။

ချန်ရှင်းကလည်း အခက်အခဲများကို ကျန်းမုန့်လောင်အား ရှင်းပြလိုက်၏။

ကျန်းမုန့်လောင်က ခပ်ဖွဖွပြုံး၏။

"ဒီတော့ ရန်ပုံငွေက ပြဿနာဖြစ်နေတာမလား။ ကျွန်တော် ထပ်လှူမယ်ဆိုရင်ရော"

*********

All Chapters